21st JUL 2022 - Morning Daily News by Radio NUG

၂၀၂၂ ဇူလိုင်လ ၂၁ ရက်နေ့ မနက်ခင်းနောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ ကရင်နီပြည်ကို အမေ့ထီးရံပုံငွေ ခွဲဝေချထားပေးမယ်

📌 ၂။ အကြမ်းဖက် စစ်ခေါင်းဆောင်များရဲ့ လက်အောက်ခံ ကာကွယ်ရေးဝန်ကြီးဌာနက တိုင်ဦးပြီးဖျာခင်းထားတဲ့ ရန်ကုန်ကမြေဧကရာနဲ့ချီကို ထုတ်ရောင်းမယ်

📌 ၃။ နိုင်ငံတကာအဖွဲ့အစည်းများက အထောက်အပံ့အကူအညီများ ကျန်းမာရေး၊ပညာရေး၊ ဒီမိုကရေစီလှုပ်ရှားမှုအရေးတွေမှာ စတင်သုံးစွဲလို့ရနေပြီလို့ ကျန်းမာရေးဝန်ကြီးအသိပေး

📌 ၄။ ပြင်သစ်ရေနံကုမ္ပဏီတိုတယ် မြန်မာနိုင်ငံကအပြီးထွက်ခွာ

📌 ၅။ Suzuki ကားထုတ်လုပ်မှု မြန်မာနိုင်ငံတွင် ခေတ္တရပ်ဆိုင်းလိုက်

📌 ၆။ အာဏာသိမ်း စစ်အုပ်စုလက်ထက် ဒေါ်လာဈေး ကျပ် ၂၅၀၀ ဝန်းကျင်ထိ တက်နေဆဲ ဖြစ်သော်လည်း ပညာရှင်များနှုတ်ဆိတ်နေ

📌 ၇။ မြန်မာပြည်တွင် သုံးစွဲသူ ၁၅ သန်းမျှရှိသော အူရီဒူးဆက်သွယ်ရေးကုမ္ပဏီ ထွက်ခွာတော့မယ်

📌 ၈။ ဇူလိုင်လ (၁၁) ရက်နေ့အထိ မြန်မာနိုင်ငံအတွင်း ပြည်တွင်းနေရပ်စွန့်ခွာရွှေ့ပြောင်းရသူဦးရေ စုစုပေါင်းဟာ တစ်သန်းအထက်ရှိလာ

📌 ၉။ ကျောက်ထု PDFသို့ စကစတပ်သားတစ်ဦးလက်နက်နဲ့အတူအလင်းဝင်ခိုလှုံ၍ သိန်း၈၀ချီးမြှင့်

📌 ၁၀။ အရာတော်မြို့နယ်၊ စိန်သာကျေးရွာမှ ကိုပြည့်စုံဦးကို အကြမ်းဖက် စစ်တပ်ကဆိုင်ကယ်တားရာ မရပ်ပေးတဲ့အကြောင်းပြချက်နဲ့ပစ်သတ်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ကရင်နီပြည်ကို အမေ့ထီးရံပုံငွေ ခွဲဝေချထားပေးမယ်


ကရင်နီပြည်ကို အမေ့ထီးရံပုံငွေ ခွဲဝေချထားပေးမယ်ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်ကပြောပါတယ်။ ဇူလိုင် ၂၀ ရက် ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ နှင့် ကရင်နီပြည်အတိုင်ပင်ခံကောင်စီ (KSCC) တို့ ဒုတိယအကြိမ်မြောက် လစဉ်ပုံမှန် အစည်းအဝေး ကျင်းပရာမှာ ဝန်ကြီးကထည့်သွင်းပြောကြားပါတယ်။

 

"ရှေ့တပတ်အစည်းဝေးကချမှတ်ခဲ့သော လုပ်ငန်းစဥ်များပြီးမြောက်မှုများနှင့်ပက်သက်၍ လိုအပ်သည်များဆွေးနွေးလိုကြောင်း၊ ထီးရံပုံငွေနှင့်ပက်သက်၍ ခွဲဝေချထားနိုင်ရေး ဆွေးနွေးလိုကြောင်း၊ ပြည်နယ်များနှင့်စဥ်ဆက်မပြတ်ထိတွေ့မှုသည် အရေးကြီးကြောင်း၊ ပြည်နယ်အတိုင်ပင်ခံကောင်စီများနှင့် စဥ်ဆက်မပြတ်ဆွေးနွေးခြင်းဖြင့် ဖက်ဒရယ် ဒီမိုကရေစီ ပန်းတိုင်ကို လျှင်လျှင်မြန်မြန်ရောက်ရှိနိုင်ကြောင်းဝန်ကြီးကဆိုပါတယ်။


ထို့နောက် ကရင်နီပြည်အတိုင်ပင်ခံကောင်စီ (KSCC) မှ တာဝန်ရှိသူတစ်ဦးက အဖွင့်နှုတ်ခွန်းဆက်စကားပြောကြားရာတော်လှန်ရေးတစ်နှစ်ကျော်ကာလအတွင်းအခြေအနေများကို ပြန်လည်သုံးသပ်ပြီး စစ်ရေး၊ နိုင်ငံရေး ဆုံးရှုံးမှု နည်းစေရန် အစီအမံများရေးဆွဲ၍ မိမိတို့ပြည်နယ်အတွင်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကြားကာလ ဗဟိုကော်မတီ နှင့် ပူးပေါင်းလက်တွဲကာ စစ်အာဏာရှင်ကို အပြတ်ချေမှုန်းမည်ဖြစ်ကြောင်းထည့်သွင်းပြောကြားခဲ့ပါတယ်။


ဆက်လက်ပြီး ပထမအကြိမ် အစည်းအဝေးမှ ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ်များ အကောင်အထည်ဖော်နေမှုအခြေအနေ၊ နှစ်ဖက် သက်ဆိုင်ရာဌာနများအလိုက် ချိတ်ဆက်ပူးပေါင်း ဆောင်ရွက်နေမှုအခြေအနေများ၊ လူသားချင်းစာနာအကူအညီပေးနိုင်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ ဆက်သွယ်ရေး စသည့် ကဏ္ဍများ၊ ကာကွယ်ရေး နှင့် အုပ်ချုပ်ရေးကိစ္စရပ်များနှင့် ပတ်သက်၍ ဆက်လက်ဆွေးနွေးနိုင်ရေး၊ နှစ်ဖက်တာဝန်ရှိသူများကြား ဆက်သွယ်မှုပိုမိုအားကောင်းခိုင်မာရေး စသည်တို့ကို အကျယ်တဝန်းဆွေးနွေးခဲ့ကြပြီး၊ သဘောတူဆုံးဖြတ်ချက်များ နှင့် ရှေ့လုပ်ငန်းစဉ်များကို ချမှတ်နိုင်ခဲ့ကြပါတယ်။ အစည်းအဝေးသို့ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီမှ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယပြည်ထောင်စုဝန်ကြီးများ နှင့် အတွင်းဝန်များ၊ ကရင်နီပြည်အတိုင်ပင်ခံကောင်စီမှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၂။ အကြမ်းဖက် စစ်ခေါင်းဆောင်များရဲ့ လက်အောက်ခံ ကာကွယ်ရေးဝန်ကြီးဌာနက တိုင်ဦးပြီးဖျာခင်းထားတဲ့ ရန်ကုန်ကမြေဧကရာနဲ့ချီကို ထုတ်ရောင်းမယ်


အကြမ်းဖက် စစ်ခေါင်းဆောင်များရဲ့ လက်အောက်ခံ ကာကွယ်ရေးဝန်ကြီးဌာနက တိုင်ဦးပြီးဖျာခင်းထားတဲ့ ရန်ကုန်ကမြေဧကရာနဲ့ချီကို ထုတ်ရောင်းမယ်လို့ ဝန်ကြီးဦးတင်ထွန်းနိုင်ကပြောပါတယ်။ ဇူလိုင်လအတွင်း ပြည်သူများနဲ့တွေ့ဆုံပွဲမှာ စီမံကိန်း၊ဘဏ္ဍာရေးနဲ့ ရင်းနှီးမြုပ်နှံမှု ဝန်ကြီးဦးတင်ထွန်းနိုင်ကပြောကြားခဲ့ပါတယ်။


"မကြာခင်မှာ အကြမ်းဖက် စစ်ခေါင်းဆောင်များရဲ့ ပိုင်ဆိုင်မှုများနဲ့ သူတို့ရဲ့လက်အောက်ခံ ကာကွယ်ရေးဝန်ကြီးဌာနက တိုင်ဦးထားပြီးဖျာခင်းထားတဲ့မြေတွေရှိပါတယ်။အထူအားဖြင့်တော့ ရန်ကုန်မှာပဲ အဲဒီလိုမြေတွေရာနဲ့ချီရှိပါတယ်။ အဲဒါနဲ့ပတ်သက်ပြီးတော့ နောက်ထပ် စီမံကိန်းတွေဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပါတယ်"လို့ ဝန်ကြီးကဆိုပါတယ်။ လက်ရှိမှာ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ၁၄/အင်းလျားလမ်း ရန်ကုန်နေအိမ်ဟာ EOD မှ အစုရှယ်ယာရောင်းချရာ အမေရိကန်ဒေါ်လာ၈သန်းနီးပါးဖိုးရောင်းချထားပြီးဖြစ်ပါတယ်။


========================


📌📌 ၃။ နိုင်ငံတကာအဖွဲ့အစည်းများက အထောက်အပံ့အကူအညီများ ကျန်းမာရေး၊ပညာရေး၊ ဒီမိုကရေစီလှုပ်ရှားမှုအရေးတွေမှာ စတင်သုံးစွဲလို့ရနေပြီလို့ ကျန်းမာရေးဝန်ကြီးအသိပေး


နိုင်ငံတကာအဖွဲ့အစည်းများက အထောက်အပံ့အကူအညီများ ကျန်းမာရေး၊ပညာရေး၊ ဒီမိုကရေစီလှုပ်ရှားမှုအရေးတွေမှာ စတင်သုံးစွဲလို့ရနေပြီလို့ ကျန်းမာရေးဝန်ကြီးဒေါက်တာဇော်ဝေစိုးက ဇူလိုင်လအတွင်း ပြည်သူလူထုနဲ့တွေ့ဆုံရာမှာ ပြောကြားခဲ့ပါတယ်။


"ကျနော်တို့က နိုင်ငံတကာကို ထိတွေ့ဆက်ဆံသွားရောက်တာဟာ အသိအမှတ်ပြုခံရုံတင်မဟုတ်ပါဘူး။ ဘဏ္ဍာငွေရှာတာလည်းပါပါတယ်။အခုဆိုရင် နိုင်ငံတကာကနေ အထောက်အပံအကူအညီတွေရနေပြီဖြစ်ပါတယ်။စစ်ရေးအတွက် သုံးစွဲလို့မရပေမယ့် ကျန်းမာရေး၊ပညာရေး၊ ဒီမိုကရေစီလှုပ်ရှားမှုအရေးတွေမှာ စတင်သုံးစွဲလို့ရနေပြီဆိုတာ သတင်းကောင်းပေးပါတယ်"လို့ ဝန်ကြီးကဆိုပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရဟာ လက်ရှိမှာလည်း လူသားချင်းစာနာထောက်ထားမှုအကူအညီများ၊ စစ်ဘေးရှောင်များအတွက် ပံ့ပိုးမှုများပေးအပ်လျက်ရှိပါတယ်။


========================


📌📌 ၄။ ပြင်သစ်ရေနံကုမ္ပဏီတိုတယ် မြန်မာနိုင်ငံကအပြီးထွက်ခွာ


ပြင်သစ်ရေနံကုမ္ပဏီတိုတယ် မြန်မာနိုင်ငံကအပြီးထွက်ခွာသွားခဲ့ပြီဖြစ်ပါတယ်။ ဇူလိုင်၂၀ ရက်နေ့မှာတိုတယ်က ထုတ်ပြန်ကြေညာခဲ့တာပါ။ ထုတ်ပြန်ချက်အရ ပြင်သစ်ရေနံကုမ္ပဏီ Total Energies က ယင်းတို့ရဲ့ လုပ်ငန်းများနှင့်ဝန်ထမ်းများကို ထိုင်း PTTEP က လွှဲပြောင်းရယူလိုက်တယ်လို့ဆိုထားပါတယ်။


Total ကုမ္ပဏီဟာ၂၀၂၂ ခုနှစ်နှစ်ဆန်းပိုင်းကစကာ မြန်မာပြည်ကနေ ထွက်ခွာတောမယ်လို့ ထုတ်ပြန်ခဲ့တာဖြစ်ပြီးတော့ဇူလိုင်လ ၂၀ ရက်နေ့မှာတော့    မြန်မာနိုင်ငံမှ နုတ်ထွက်ကြောင်း ကြေညာခဲ့ပါတယ်။ ဒါ့အပြင် စစ်တပ်က နိုင်ငံတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများအပေါ် ရှုတ်ချတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


========================


📌📌 ၅။ Suzuki ကားထုတ်လုပ်မှု မြန်မာနိုင်ငံတွင် ခေတ္တရပ်ဆိုင်းလိုက်


Suzuki ကားထုတ်လုပ်မှု မြန်မာနိုင်ငံတွင် ခေတ္တရပ်ဆိုင်းလိုက်ပါတယ်။ ဇူလိုင်၂၀ ရက်နေ့ ညနေပိုင်းမှာ Suzuki (Myanmar) Motor Co.,Ltd/ ကထုတ်ပြန်ကြေညာပါတယ်။


"Suzuki အနေဖြင့် Customer များရဲ့ လိုအပ်ချက်ကိုဖြည့်ဆည်းပေးနိုင်ရန်အတွက် အကောင်းဆုံး ကြိုးစားဆောင်ရွက်လျက်ရှိပါတယ်။ သို့သော်လည်း လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေအရပ်ရပ်ကြောင့် တပ်ဆင်ထုတ်လုပ်မည့် ကားအစိတ်အပိုင်းများကို ပြည်ပမှတင်သွင်းရာတွင် နှောင့်နှေးမှုများဖြစ်ပေါ်နေပါတယ်။ ထို့ကြောင့် Suzuki (Myanmar) Motor Co.,Ltd. နှင့် Suzuki Thilawa Motor Co.,Ltd. တို့၏ ထုတ်လုပ်မှု လုပ်ငန်းများကို ခေတ္တရပ်ဆိုင်းထားရပါတယ်"လို့ ဖော်ပြပါတယ်။ အဆိုပါအကြောင်းအရာများကြောင့် အရောင်းပြခန်းများတွင် Customer များက စာရင်းသွင်းမှာယူထားတဲ့ ကားများကို လွှဲအပ်ရန်မှာ ကြန့်ကြာနေရပြီး ကားအပ်နိုင်မည့် အချိန်ကာလကို ခန့်မှန်းပြောကြားနိုင်ခြင်း မရှိဘူးလိူ့ထုတ်ပြန်ကြေညာထားပါတယ်။


========================


📌📌 ၆။ အာဏာသိမ်း စစ်အုပ်စုလက်ထက် ဒေါ်လာဈေး ကျပ် ၂၅၀၀ ဝန်းကျင်ထိ တက်နေဆဲ ဖြစ်သော်လည်း ပညာရှင်များနှုတ်ဆိတ်နေ


အာဏာသိမ်း စစ်အုပ်စုလက်ထက် ဒေါ်လာဈေး ကျပ် ၂၅၀၀ ဝန်းကျင်ထိ တက်နေဆဲ ဖြစ်သော်လည်း ပညာရှင်များနှုတ်ဆိတ်နေဆဲဖြစ်ပါတယ်။


"ခါတိုင်းဆို ဘာဘောဂဗေဒပညာရှင်တို့ ညာဘောဂဗေဒပညာရှင်တို့က ဒေါ်လာစျေးကမောက်ကမဖြစ်တာနဲ့ရှေ့ထွက်ပြောတယ်။အခုက အသက်တွေပဲကြီးကုန်လို့ မေ့နေတာလား။ကြောက်လို့မပြောရဲတာလားမသိဘူး။ ထွက်ပြောတဲ့လူမတွေ့သေးဘူး"လို့ ရန်ကုန်မြို့နေ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးကပြောပါတယ်။


ဇူလိုင် ၁၉ ရက်နေ့ညနေ (အပိတ်ဈေး) မှာ အမေရိကန်တစ်ဒေါ်လာကို ကျပ် ၂၃၀၀ ကနေ ကျပ် ၂၄၀၀ နဲ့ ဈေးပိတ်ခဲ့ပါတယ်။ ဇူလိုင်၂၀ရက်နေ့မှာတော့ တစ်ဒေါ်လာ ကျပ် ၂၄၅၀ အထိပေါက်စျေးမြင့်တက်ခဲ့ပါတယ်။ ဒေါ်လာစျေးမြင့်တက်မှုကို စကစရဲ့ဗဟိုဘဏ္ကထိန်းကျောင်းနိုင်ခြင်းမရှိသေးသလို ဗဟိုဘဏ် သတ်မှတ်ဈေး တစ်ဒေါ်လာ ၁၈၅၀ ကျပ်နဲ့ လည်း အရောင်းအဝယ်မရှိဘူးလို့စုံစမ်းသိရပါတယ်။


========================


📌📌 ၇။ မြန်မာပြည်တွင် သုံးစွဲသူ ၁၅ သန်းမျှရှိသော အူရီဒူးဆက်သွယ်ရေးကုမ္ပဏီ ထွက်ခွာတော့မယ်


မြန်မာပြည်တွင် သုံးစွဲသူ ၁၅ သန်းမျှရှိသော အူရီဒူးဆက်သွယ်ရေးကုမ္ပဏီ ထွက်ခွာတော့မယ်လို့သတင်းရရှိပါတယ်။ ဇူလိုင်၂၀ ရက်နေ့မှာ ကာတာဆက်သွယ်ရေးကုမ္ပဏီအူရီဒူးဟာ  မြန်မာပြည်မှထွက်ခွာရန် ပြင်ဆင်နေကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။


မြန်မာပြည်မှ ထွက်ခွာတော့မည့်အကြောင်းကို စကစရဲ့ဆက်သွယ်ရေးဝန်ကြီးဌာနသို့ အကြောင်းကြားထားတယ်လို့လည်းသိရပါတယ်။ အူရီဒူးမြန်မာကုမ္ပဏီကို မြန်မာ့စီးပွားရေးလုပ်ငန်းစုကြီးများဖြစ်သည့် Young ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းစု၊ စင်ကာပူအခြေစိုက် Campana လုပ်ငန်းစုနှင့် ရွှေသံလွင်ကုမ္ပဏီပိုင်စကိုင်းနက်လုပ်ငန်းတို့က ဝယ်ယူနိုင်တယ်လို့ရိုက်တာသတင်းဌာနကဖော်ပြပါတယ်။


========================


📌📌 ၈။ ဇူလိုင်လ (၁၁) ရက်နေ့အထိ မြန်မာနိုင်ငံအတွင်း ပြည်တွင်းနေရပ်စွန့်ခွာရွှေ့ပြောင်းရသူဦးရေ စုစုပေါင်းဟာ တစ်သန်းအထက်ရှိလာ


ဇူလိုင်လ (၁၁) ရက်နေ့အထိ မြန်မာနိုင်ငံအတွင်း ပြည်တွင်းနေရပ်စွန့်ခွာရွှေ့ပြောင်းရသူဦးရေ စုစုပေါင်းဟာ တစ်သန်းအထက်ရှိလာတယ်လို့ OCHA Myanmar ကဖော်ပြပါတယ်။ ဇူလိုင်၂၀ ရက်နေ့မှာ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံအရှေ့တောင်ပိုင်းမှာ တိုက်ပွဲတွေပြင်းထန်လျက်ရှိတာကြောင့် လုံခြုံရေးနဲ့လူသားချင်းစာနာမှုလိုအပ်ချက် အခြေအနေတွေ ဆက်လက်ဆိုးရွားလျက်ရှိပြီး အရပ်သားသေဆုံးမှုနဲ့ အိုးအိမ်စွန့်ခွာမှုတွေ ဆက်လက်ဖြစ်ပေါ်နေတယ်လို့ဆိုပါတယ်။ အချက်အလက်တွေအရ ဇူလိုင်လအစောပိုင်းကစတင်ပြီး ခန့်မှန်းခြေ အရပ်သားပြည်သူ  ၁၈,၃၇၀ ဦးဟာ နေအိမ်တွေကို စွန့်ခွာပြီးပိုမိုဘေးကင်းလုံခြုံတဲ့နေရာတွေကို ရွှေ့ပြောင်းခဲ့ရပါတယ်။ 


ဒီလိုရွှေ့ပြောင်းမှုအတွင်း ပဲခူးတိုင်းဒေသကြီး အရှေ့ပိုင်းမှာ ကျောက်ကြီးမြို့နယ်ရှိ ကျေးရွာ (၁၈) ရွာက အနည်းဆုံး ၁၂,၃၀၀ ဦး၊ တနင်္သာရီတိုင်းဒေသကြီးမှာ သရက်ချောင်းမြို့နယ်ရှိ ကျေးရွာ () ရွာက ,၀၀၀ ဦး၊ မွန်ပြည်နယ်မှာ သထုံမြို့နယ်က ,၅၀၀ ခန့်၊ ကရင်ပြည်နယ် ဖားအံမြို့နယ်မှာ  ၅၀၀ ဦး၊ ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်မှာ ၇၀ ဦးနဲ့ မိုးကောင်းမြို့နယ်မှာ ,၀၀၀ ဦးခန့် ပါဝင်ပါတယ်။ 


ကုလသမဂ္ဂရဲ့ နောက်ဆုံးကိန်းဂဏန်းတွေအရ ၂၀၂၁ ခုနှစ်၊ စစ်အာဏာသိမ်းယူမှုအပြီး ဖြစ်ပေါ်လာတဲ့ ပဋိပက္ခနဲ့မလုံခြုံမှုတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးရသူ ၇၈၃,၄၀၀ ဦးနဲ့ ယင်းမတိုင်မီပဋိပက္ခများကြောင့် အိုးအိမ်စွန့်ခွာရသူ ၃၄၆,၆၀၀ ဦး အပါအဝင် ဇူလိုင်လ (၁၁) ရက်နေ့အထိ မြန်မာနိုင်ငံအတွင်း ပြည်တွင်းနေရပ်စွန့်ခွာရွှေ့ပြောင်းရသူဦးရေ စုစုပေါင်းဟာ တစ်သန်းအထက် (,၁၃၀,၀၀၀) ရှိလာပါတယ်။


========================


📌📌 ၉။ ကျောက်ထု PDFသို့ စကစတပ်သားတစ်ဦးလက်နက်နဲ့အတူအလင်းဝင်ခိုလှုံ၍ သိန်း၈၀ချီးမြှင့်


ကျောက်ထု PDF သို့ စကစတပ်သားတစ်ဦး လင်နက်နဲ့အတူအလင်းဝင်ခိုလှုံလာ၍ သိန်း၈၀ချီးမြှင့်ပေးအပ်ခဲ့ပါတယ်။ ဇူလိုင်၂၀ ရက်နေ့မှာ စကစတပ်သားအကြောင်းကို ပြောပါတယ်။


"ဇူလိုင် ၁၈ရက်နေ့ တွင်မင်းတပ်မြို့ ခလရ -၂၇၄ တပ်ရင်းမှ ကိုယ်ပိုင်နံပါတ် ( / ၅၇၁၅၇၄ )တပ်သား ဦးဟိန်းမင်းနိုင် ဟာ MA-1 တစ်လက်/ ကျည်ပေါက် ၅ခု / ကျည် ၂၇၀ တောင့် နှင့်အတူ ကျောက်ထုPDF(YRPA) နဲ့ချိတ်ဆက်ပြီး CDM ပြုလုပ်လာပါတယ်"လိုဆိုပါတယ်။


၄င်းအား ကျောက်ထု PDF မှ ဆုကြေးငွေ ကျပ်သိန်း( ၈၀ )ချီးမြှင့်ပြီး လွတ်မြောက်နယ်မြေသို့ပို့ဆောင်ပေးခဲ့ပြီးဖြစ်ပါတယ်။ နောက်ထပ်ပြည်သူနှင့်အတူပူးပေါင်းလိုသူ CDM ပြုလုပ်လိုသူ စစ်သား/ ရဲသားများအနေဖြင့် ကျောက်ထု PDF (YRPA) သို့အချိန်မရွေး ဆက်သွယ်ချိတ်ဆက်နိုင်ပါတယ်လို့ဆိုပါတယ်။


========================


📌📌 ၁၀။ အရာတော်မြို့နယ်၊ စိန်သာကျေးရွာမှ ကိုပြည့်စုံဦးကို အကြမ်းဖက် စစ်တပ်ကဆိုင်ကယ်တားရာ မရပ်ပေးတဲ့အကြောင်းပြချက်နဲ့ပစ်သတ်


အရာတော်မြို့နယ်၊ စိန်သာကျေးရွာမှ ကိုပြည့်စုံဦးကို အကြမ်းဖက် စစ်တပ်ကဆိုင်ကယ်တားရာ မရပ်ပေးတဲ့အကြောင်းပြချက်နဲ့ပစ်သတ်ခဲ့ပါတယ်။ ဇူလိုင်၂၀ ရက်နေ့မှာ အရပ်သားများသေဆုံးတဲ့အချက်အလက်ကို AAPP ကဖော်ပြပါတယ်။


ဇူလိုင်လ ၁၈ ရက်နေ့မှာ စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့နယ်၊ စိန်သာကျေးရွာမှ ကိုပြည့်စုံဦးဟာ အရာတော်-ဝါးတောမလမ်းအတိုင်း ဆိုင်ကယ်မောင်းနှင်လာစဉ် ကျွဲခြံကျေးရွာအနီးအရောက်၌ အကြမ်းဖက်စစ်အုပ်စု၏ တပ်မှ စစ်ဆေးရန် တားဆီးရာ ရပ်တန့်မပေး၍ဆိုကာ ပစ်သတ်လိုက်ပါတယ်။ ကိုပြည့်စုံဦး ရုပ်လောင်းကို လမ်းဘေး ပစ်ထားခဲ့ကာ ဆိုင်ကယ်နှင့် ဖုန်းကို ယူဆောင်သွားပါတယ်။ ကိုပြည့်စုံဦးဟာ ကျေးရွာသို့ ပြန်လာစဉ် ပစ်သတ်ခံခဲ့ရခြင်းဖြစ်ပြီး ရင်ဘတ်နှင့် ပေါင်တို့ကို ထိမှန်ကာ နေရာတွင်ပင် သေဆုံးသွားခဲ့ရပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment