၂၀၂၂ သြဂုတ်လ ၂၅ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ တန်ပြန်ထိုးစစ်စတင်မယ်လို့ ကာကွယ်ရေးဝန်ကြီးအသိပေး
📌 ၂။ ကမ္ဘာပေါ်မှာ ဘယ်အကြမ်းဖက် စစ်တပ်ကမှ သက်ဆိုးရှည်ခဲ့တယ်ဆိုတာ မရှိဘူးလို့ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးပြောကြားလိုက်
📌 ၃။ မြန်မာနိုင်ငံတွင်းအခြေအနေများနှင့်စပ်လျဉ်းပြီး အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံးသို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ အကြံပြုချက်ကိုလည်း အားပေးထောက်ခံသွားမယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဂျေ ဘလင်ကန်ဆို
📌 ၄။ ဩစတြေးလျနိုင်ငံရောက် မြန်မာနိုင်ငံသားများကြုံတွေ့နေရသော နိုင်ငံကူးလက်မှတ် သက်တမ်းတိုးခြင်းအခက်အခဲကို အစိုးရအဆင့် ဖြေရှင်းပေးနိုင်ဖို့ NUG အစိုးရက ကြိုးစားနေတယ်လို့ဆို
📌 ၅။ ဖောင်းပြင်မြို့နယ်အတွင်းရှိရွာများကို စစ်ကောင်စီတပ်က ကုန်တင်ရေယာဥ်နှင့်စစ်ရေယာဥ်တို့မှလက်နက်ကြီးများဖြင့်ရမ်းသန်းပစ်ခတ်
📌 ၆။ ပုသိမ် မုံရွာလမ်း မြောက်ယမားတံတားနှင့် ရဲတပ်ရင်း ၂၈ ကြား မိုင်းကွင်းထဲဝင်လာပြီးမိုင်းဖြုတ်ဖို့ကြိုးစားတဲ့ရဲများ မိုင်းခွဲခံရကာ ယနေ့မနက်သုံးဦးသေဆုံး
📌 ၇။ ဒေါ်အောင်ဆန်းစုကြည်ရဲ့သားငယ် ကိုထိန်လင်းရဲ့သစ်ထွင်းပန်းချီ ဆန်ရေ ပရော့ဂျက်မှရရှိသောမဲလက်မှတ်ရောင်းချရငွေ အားလုံးကို တော်လှန်ရေးနဲ့ဘေးဒဏ်သင့်ပြည်သူတွေအတွက် လှူဒါန်းသွားမယ်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ တန်ပြန်ထိုးစစ်စတင်မယ်လို့ ကာကွယ်ရေးဝန်ကြီးအသိပေး
အကြမ်းဖက် စစ်တပ်ကို တန်ပြန်ထိုးစစ်စတင်မယ်လို့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က သြဂုတ်လအတွင်းမှာ အသိပေးဆိုခဲ့ပါတယ်။ မဟာဗျူဟာခံစစ်(ပျောက်ကြားစစ်)ကနေ တန်ပြန်ထိုးစစ်ဆင်နိုင်ရေး လိုအပ်ချက်တွေ အမြန်ဆုံး ဖြည့်ဆည်းနိုင်ဖို့ NUG နဲ့ မဟာမိတ်တွေ အတူတကွ ကြိုးစားနေကြတယ်"လို့ဝန်ကြီးကဆိုပါတယ်။ လက်ရှိမှာ ကာကွယ်ရေးဝန်ကြီးဌာနဟာ ပြည်သူ့ကာကွယ်ရေးတပ်ရင်း တပ်ဖွဲ့များကို အမိန့်ပေးကွပ်ကဲရေးစနစ်ကိုတည်ထောင်နေပြီးတော့ လက်နက်တပ်ဆင်ရေးကိုအရှိန်အဟုန်နဲ့ဆောင်ရွက်နေပါတယ်။
========================
📌📌 ၂။ ကမ္ဘာပေါ်မှာ ဘယ်အကြမ်းဖက် စစ်တပ်ကမှ သက်ဆိုးရှည်ခဲ့တယ်ဆိုတာ မရှိဘူးလို့ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးပြောကြားလိုက်
ကမ္ဘာပေါ်မှာ ဘယ်အကြမ်းဖက် စစ်တပ်ကမှ သက်ဆိုးရှည်ခဲ့တယ်ဆိုတာ မရှိဘူးလို့ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက သြဂုတ်လ အတွင်းနိုင်ငံတကာအကြမ်းဖက်စနစ်၏ သားကောင်းများ အောက်မေ့ဖွယ်အထိမ်းအမှတ်နေ့ မှာ ပြောကြားခဲ့ပါတယ်။
"အကြမ်းဖက် စစ်တပ်ရဲ့လက်နက် အားကိုးအကြမ်းဖက် ရက်စက်မှုတွေကြောင့်သာလျှင်ဒီနေ့တရားသော စစ်ကို ဆင်နွှဲနေရခြင်းဖြစ်ပါတယ်။ကျနော်တို့ရဲ့တရားသော စစ်အောင်နိုင်ရမှာဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ ဘယ်အကြမ်းဖက် စစ်တပ်ကမှ သက်ဆိုးရှည်ခဲ့တယ်ဆိုတာ မရှိပါဘူး။ ဘယ်တရားသော စ်မှ မအောင်နိုင်ဘူးဆိုတာလည်းမရှိခဲ့ပါဘူး"လို့ ဝန်ကြီးကဆိုပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ စစ်တပ်က နိုင်ငံတော်အာဏာကို မတရားသိမ်းယူခဲ့ပါတယ်။
========================
📌📌 ၃။ မြန်မာနိုင်ငံတွင်းအခြေအနေများနှင့်စပ်လျဉ်းပြီး အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံးသို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ အကြံပြုချက်ကိုလည်း အားပေးထောက်ခံသွားမယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဂျေ ဘလင်ကန်ဆို
သြဂုတ်လ၂၄ ရက်မှာ မြန်မာနိုင်ငံတွင် လူမျိုးတုန်းသတ်ဖြတ်မှု ငါးနှစ်ပြည့်ခြင်းကိုအမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဂျေ ဘလင်ကန်ကအခုလိုပြောခဲ့ပါတယ်။
"လွန်ခဲ့သော ငါးနှစ်က မြန်မာစစ်တပ်သည် ရိုဟင်ဂျာလူမျိုးများအပေါ် ရက်စက်ကြမ်းကြုတ်တဲ့ စစ်ဆင်ရေးတစ်ခုကို ဆောင်ရွက်ခဲ့ပါတယ်။ ကျေးရွာများကို ဖျက်ဆီးခြင်း၊ အဓမ္မပြုကျင့်ခြင်း၊ နှိပ်စက်ကလူခြင်းနှင့် အကြီးစားအကြမ်းဖက်မှုများကို ကျူးလွန်ခြင်းတို့ဖြင့် ထောင်ပေါင်းများစွားသော ရိုဟင်ဂျာ အမျိုးသား၊ အမျိုးသမီးများနှင့် ကလေးငယ်များစွာကို သတ်ဖြတ်ခဲ့ပါတယ်။ ရိုဟင်ဂျာလူမျိုး ၇၄၀,၀၀၀ ကျော်ခန့်ဟာ မိမိတို့အိုးအိမ်ကိုစွန့်ခွာထွက်ပြေးခဲ့ကြရပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်းသို့ ပြောင်းရွှေ့ခိုလှုံခဲ့ကြရပါတယ်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ လုပ်ပိုင်ခွင့်အာဏာအရ နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးတိုးမြှင့်ဆောင်ရွက်ရန်လိုအပ်ချက်နှင့်အညီ စစ်တပ်၏ လုပ်ရပ်များအပေါ် တရားမျှတမှုနှင့် တာဝန်ယူမှု တာဝန်ခံမှုရှိစေရန်ဆောင်ရွက်ခြင်းကိုလည်း မိမိတို့ အားပေးထောက်ခံပါတယ်။ အလားတူစွာ မြန်မာနိုင်ငံတွင်းအခြေအနေများနှင့်စပ်လျဉ်းပြီး အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံးသို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ အကြံပြုချက်ကိုလည်း မိမိတို့ အားပေးထောက်ခံသွားပါမယ်"လို့ဆိုထားပါတယ်။
အမေရိကန်ပြည်ထောင်စုဟာ သတ်ဖြတ်ခံခဲ့ရသူများနှင့် အသက်ရှင်ကျန်ရစ်သည့်သူများအားလုံးနှင့် တစ်သားတည်းရှိပြီး ရိုဟင်ဂျာလူမျိုးများနှင့် မြန်မာပြည်သူများအတွက်တရားမျှတမှု ရှာဖွေရေးနှင့် တာဝန်ယူမှု တာဝန်ခံမှုရှိစေရေး အတွက် မိမိတို့၏ သံန္နိဋ္ဌာန်ကို ထပ်လောင်းအတည်ပြုပါတယ်လို့ ထုတ်ပြန်ဖော်ပြပါတယ်။
========================
📌📌 ၄။ ဩစတြေးလျနိုင်ငံရောက် မြန်မာနိုင်ငံသားများကြုံတွေ့နေရသော နိုင်ငံကူးလက်မှတ် သက်တမ်းတိုးခြင်းအခက်အခဲကို အစိုးရအဆင့် ဖြေရှင်းပေးနိုင်ဖို့ NUG အစိုးရက ကြိုးစားနေတယ်လို့ဆို
ဩစတြေးလျနိုင်ငံရောက် မြန်မာနိုင်ငံသားများကြုံတွေ့နေရသော နိုင်ငံကူးလက်မှတ် သက်တမ်းတိုးခြင်းအခက်အခဲကို အစိုးရအဆင့် ဖြေရှင်းပေးနိုင်ဖို့ NUG အစိုးရက ကြိုးစားနေတယ်လို့ဆိုပါတယ်။ သြဂုတ်လအတွင်းမှာ ဩစတြေးလျနိုင်ငံ NUG မြန်မာကိုယ်စားလှယ် ဦးထွန်းအောင်ဆွေက လူမှုကွန်ရက်မှာ အသိပေးဆိုထားပါတယ်။
"ဩစီရောက် မြန်မာပြည်သားတွေအကြားမှာ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးခြင်းဟာ အခက်အခဲကြီးတခု ဖြစ်လာနေပါတယ်။ တလရ နဲ့ ကင်းကင်းနေသူတွေကတော့ စစ်ကောင်စီ သစ္စာခံရုံးမှာ အခက်အခဲမရှိ သက်တမ်းတိုးနိုင်ပေမယ့် တလရ မှာ တနည်းတဖုံ ပါဝင်ပတ်သက် နေသူတွေအတွက် သက်တမ်းတိုးရာမှာ ဖြည့်စွက်ပေးရမယ့် မိသားစု အချက်အလက်တွေကြောင့် မြန်မာပြည်က သူတို့မိသားစုတွေအတွက် စိုးရိမ်မကင်း ဖြစ်ရပါတယ်။ ဒါကြောင့် သက်တမ်း မတိုးပဲ နေကြရာကနေ သူတို့ ပတ်စပို့တွေ သက်တမ်း ကုန်သွားကြရပါတယ်။ NUG ရုံးအနေနဲ့ တဦးခြင်းရဲ့ အခက်အခဲကို ကူညီဖြေရှင်းပေးနေပေမယ် အစိုးရက ဒီအနေအထားကို လွှမ်းခြုံသုံးသပ်ပြီး အစိုးရအဆင့် ဖြေရှင်းပေးနိုင်ဖို့ ကြိုးစားဆောင်ရွက် နေပါတယ်"လို့ ဆိုထားပါတယ်။
သက်တမ်းတိုးဖို့ခက်ခဲနေတဲ့ မြန်မာနိုင်ငံသားများကိုဩစီ အစိုးရက မြန်မာပြည်မပြန်ပဲ နေခွင့်ရအောင် ဗီဇာ အမျိုးမျိုးနဲ့ ခွင့်ပြုပေမယ့် သက်တမ်းကုန်သွားတဲ့ ပတ်စပို့ကြောင့် အလုပ်အကိုင် ရှာဖွေရတာ၊ ဘဏ်စာရင်း ဖွင့်တာ ၊ယာဉ်မောင်းလိုင်စင် စတဲ့ အရေးကြီး စာရွက်စာတမ်း ပြုလုပ်ရတာတွေမှာ အခက်အခဲ ကြုံတွေ့နေရတာဖြစ်ပါတယ်။
========================
📌📌 ၅။ ဖောင်းပြင်မြို့နယ်အတွင်းရှိရွာများကို စစ်ကောင်စီတပ်က ကုန်တင်ရေယာဥ်နှင့်စစ်ရေယာဥ်တို့မှလက်နက်ကြီးများဖြင့်ရမ်းသန်းပစ်ခတ်
ဖောင်းပြင်မြို့နယ်အတွင်းရှိရွာများကို စစ်ကောင်စီတပ်က ကကုန်တင်ရေယာဥ်နှင့်စစ်ရေယာဥ်တို့မှလက်နက်ကြီးများဖြင့်ရမ်းသန်းပစ်ခတ်ခဲ့ပါတယ်။ သြဂုတ် (၂၁) ရက် ခန္တီးဘက်မှစုန်ဆင်းလာသောစစ်ကောင်စီတပ်၏ကုန်တင်ယဥ် (၆) စင်းအုပ်စုဟာ ဖောင်းပြင်မြို့နယ်အတွင်းဖြတ်သန်းလာရာမြစ်ကမ်းဘေးကျေးရွာများကို ၆၀ မမ၊ RPG7 ၊ ၄ဝမမ လက်နက်ကြီးများ၊ စက်သေနပ်များနှင့်ရမ်းသန်းပစ်ခတ်သွားခဲ့တယ်လို့ ဖောင်းပြင် PDF ကဆိုပါတယ်။
ထို့နောက်ညနေ ၃:၁၀ နာရီတွင်မောက်စဖာရွာကိုပစ်ခတ်ရာ လက်နက်ကြီးကျရောက်ပေါက်ကွဲ၍ အသက် ၁၀ နှစ်အရွယ်ကလေးငယ်တစ်ဦးဒဏ်ရာရခဲ့ပါတယ်။ ဒါ့အပြင် ကရားအုပ်စုမြို့မရွာ၊သာစည်ရွာ၊ကရားရွာတို့ကိုဆက်လက်ပစ်ခတ်သွားခဲ့ပါတယ်။ ၎င်းရေယာဥ်များတွင် ခန္တီးထောင်မှအကျဥ်းသားများ၊ ပျူစောထီးများ နှင့် စစ်ကောင်စီတပ်သား စုစုပေါင်းအင်အား ၁၀၀ ကျော်ပါတယ်လို့ သတင်းရရှိပါတယ်။
========================
📌📌 ၆။ ပုသိမ် မုံရွာလမ်း မြောက်ယမားတံတားနှင့် ရဲတပ်ရင်း ၂၈ ကြား မိုင်းကွင်းထဲဝင်လာပြီးမိုင်းဖြုတ်ဖို့ကြိုးစားတဲ့ရဲများ မိုင်းခွဲခံရကာ ယနေ့မနက်သုံးဦးသေဆုံး
သြဂုတ်လ၂၅ ရက် နံနက် ၈:၅၅ မိနစ်အချိန်မှာ ရဲများကို မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ Regional Friend Fighters(RFF) ကအခုလိုအတည်ပြုဆိုပါတယ်။
"နံနက် ၈:၅၅ မိနစ်အချိန်ကြေးနီသယ်ရန် ကားများကိုလုံခြုံရေးယူပေးဖို့ ထွက်လာတယ်လို့ ယူဆလို့ရသောတပ်ကျိုးကုန်းနှင့် ရဲတပ်ရင်း၂၈ မှထွက်လာသည့် ရဲ ၈ ဦးဟာ ပုသိမ်မုံရွာလမ်း မြောက်ယမားတံတားနှင့် ရဲတပ်ရင်း ၂၈ ကြား မိုင်းကွင်းထဲသို့ဝင်ကာ မိုင်းများကိုဖြုတ်မည်အပြုမှာ မိုင်းဆွဲတိုက်ခိုက်ရာ ရဲ (၃) ဦးနေရာတွင် သေဆုံးခဲ့ပါတယ်"လို့ ဆိုပါတယ်။
စစ်ဆင်ရေးကို Regional Friend Fighters နှင့် Yinmarbin Fighter Brotherhood Guerrilla Army တို့ဆောင်ရွက်ခဲ့ပါတယ်။ ကျန်ရှိရဲ ၅ ဦးမှာ ဒဏ်ရာများစွာရရှိသွားပါတယ်။
========================
📌📌 ၇။ ဒေါ်အောင်ဆန်းစုကြည်ရဲ့သားငယ် ကိုထိန်လင်းရဲ့သစ်ထွင်းပန်းချီ ဆန်ရေ ပရော့ဂျက်မှရရှိသောမဲလက်မှတ်ရောင်းချရငွေ အားလုံးကို တော်လှန်ရေးနဲ့ဘေးဒဏ်သင့်ပြည်သူတွေအတွက် လှူဒါန်းသွားမယ်
ဒေါ်အောင်ဆန်းစုကြည်ရဲ့သားငယ် ကိုထိန်လင်းရဲ့သစ်ထွင်းပန်းချီ ဆန်ရေ ပရော့ဂျက်မှရရှိသောမဲလက်မှတ်ရောင်းချရငွေ အားလုံးကို တော်လှန်ရေးနဲ့ဘေးဒဏ်သင့်ပြည်သူတွေအတွက် လှူဒါန်းသွားမယ်လို့သတင်းရရှိပါတယ်။ သြဂုတ်လ၂၅ ရက်နေ့မှာ တော်လှန်ရေးရန်ပုံငွေရှာဖွေသူ မပန်ဆယ်လိုက ဆိုထားပါတယ်။
"ဆန်ရေပရော့ဂျက်လေး စတင်ပါပြီ။မတရားအာဏာလုဖြစ်စဉ်မှာ မတရားဖမ်းဆီးချုပ်နှောင်ခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် လူထုခေါင်းဆောင် အမေဒေါ်အောင်ဆန်းစုကြည်ရဲ့သား ကိုထိန်လင်း ကိုယ်တိုင် ဖန်တီးထားတဲ့ သစ်ထွင်းပန်းချီကားလေးရဲ့ လက်မှတ်တွေကို စတင်ရောင်းချတော့မှာ ဖြစ်ပါတယ်။ မဲလက်မှတ်တစ်စောင်ကို USD 100 နဲ့ အောက်ပါ Link ထဲက သက်ဆိုင်ရာနိုင်ငံအလိုက် Fundraiser တွေဆီမှာ စတင်ဝယ်ယူရရှိနိုင်ပါပြီ။ မဲလက်မှတ်ရောင်းချရငွေ အားလုံးကို မတရားမှုကို တော်လှန်ဖို့နဲ့ ဘေးဒဏ်သင့်ပြည်သူတွေအတွက် အပြည့်အဝ ပြန်လည်လှူဒါန်းသွားမှာ ဖြစ်ပါတယ်"လို့ဆိုပါတယ်။ ဆန်ရေ အမည်ရှိ သစ်ထွင်းပန်းချီရဲ့ ကံထူးသူကို ကိုထိန်လင်းကိုယ်တိုင် Live နဲ့ မဲနှိုက်ပေးသွားမှာ ဖြစ်ပါတယ်။
အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းကပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment