၂၀၂၂ သြဂုတ်လ ၂၇ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် တိုးချဲ့ ပအဖ များတွေ့ဆုံ
📌 ၂။ ကျပ်သိန်းပေါင်း နှစ်သောင်းကျော်ရရှိအောင် ဝိုင်းဝန်းကူညီထောက်ပံ့ပေးတဲ့ မမများနှင့်ပွဲကမယ် စီမံကိန်းအဖွဲ့သားများကို ကာကွယ်ရေးဝန်ကြီးမှတ်တမ်းတင်ဂုဏ်ပြုလွှာပေးအပ်
📌 ၃။ ပြည်သူချစ်ပြီး အစွမ်းထက်တဲ့ပြည်နယ်ရဲအဖွဲ့ဖြစ်ပါစေကြောင်း ကရင်နီပြည်ရဲအဖွဲ့ကို ပြည်ထဲရေး ဒုဝန်ကြီး ခူးထဲဘူး ဆုမွန်ကောင်းတောင်း
📌 ၄။ အာဏာရှင်လက်အောက်ရှိ ရဲတပ်ဖွဲ့များ အာဏာရှင်စနစ် ဖက်တွယ်ရန် လုပ်ဆောင်ပေးနေတယ်လို့ဒုဝန်ကြီး ခွန်းဘီထူးဆို
📌 ၅။ ရန်ကုန်မြို့ ရှစ်မိုင်ရှိ မရမ်းကုန်းမြို့နယ်တရားရုံးလက်ပစ်မိုင်းအပစ်ခံရ၍ ရဲနှစ်ဦးထိခိုက်
📌 ၆။ Federal Wings ဒရုန်းတပ်ဖွဲ့ ဟာ Drone Project နဲ့ Sniper Project တွေအားလုံးအတွက် အမေရိကန်ဒေါ်လာ (၁) သန်းကျော် သုံးစွဲကုန်ကျခဲ့ပြီးဖြစ်ကာ ဗုံးသီးများလိုအပ်နေ
📌 ၇။ ပခုက္ကူ - မြိုင်လမ်းတွင် PKU N PDF နှင့် Royal Defence Force PKU တို့မှ ပူးပေါင်း စစ်ဆေးရေးပြုလုပ်နေစဥ် စစ်တပ်ထုတ်ကုန်ဘီယာများသယ်ဆောင်လာတာကိုစစ်ဆေးတွေ့ရှိလို့ဖျက်ဆီး
📌 ၈။ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းအစပ်မှာ ၄ ရက်တာတိုက်ပွဲတွင်း စကစဘက်က ၁၃ ဦးသေဆုံး
📌 ၉။ ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်း ဒေသတွေမှာ ဇူလိုင်လအတွင်းလေကြောင်းတိုက်ခိုက်မှု ၁၉ ကြိမ်ထက်မနည်း ရှိခဲ့
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် တိုးချဲ့ ပအဖ များတွေ့ဆုံ
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် တိုးချဲ့ ပအဖ များတွေ့ဆုံခဲ့ကြပါတယ်။ သြဂုတ်လ ၂၆ ရက် မှာ တိုးချဲ့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များနဲ့တွေ့ဆုံရာမှာ ဒေသအတွင်းအကြောင်းရာများကိုဆွေးနွေးခဲ့ကြပါတယ်။ ဆွေးနွေးပွဲအစည်းအဝေး (၄/၂၀၂၂) ကို ဩဂုတ်လ ၂၆ ရက်နေ့၊ နံနက် ၉ နာရီအချိန်တွင် ကျင်းပခဲ့ရာ အစည်းအဝေးကို လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးသူရထွန်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။
ထို့နောက် တိုးချဲ့ပအဖဒေသများအတွင်း လျှပ်စစ်၊ ဆက်သွယ်ရေး၊ အခွန်ကောက်ခံမှု၊ ကျန်းမာရေး၊ ပညာရေး၊ တရားစီရင်ရေး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအပါအဝင် ကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်ထားရှိမှုများကို ဌာနဆိုင်ရာများမှ ရှင်းလင်းဆွေးနွေးခဲ့ပြီး၊ တိုးချဲ့ ပအဖများမှ မြေပြင်ကြုံတွေ့နေရသည့် အခက်အခဲများနှင့်သိရှိလိုသည်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြပါတယ်။
========================
📌📌 ၂။ ကျပ်သိန်းပေါင်း နှစ်သောင်းကျော်ရရှိအောင် ဝိုင်းဝန်းကူညီထောက်ပံ့ပေးတဲ့ မမများနှင့်ပွဲကမယ် စီမံကိန်းအဖွဲ့သားများကို ကာကွယ်ရေးဝန်ကြီးမှတ်တမ်းတင်ဂုဏ်ပြုလွှာ ပေးအပ်
ကျပ်သိန်းပေါင်း နှစ်သောင်းကျော်ရရှိအောင် ဝိုင်းဝန်းကူညီထောက်ပံ့ပေးတဲ့ မမများနှင့်ပွဲကမယ် စီမံကိန်းအဖွဲ့သားများကို ကာကွယ်ရေးဝန်ကြီးမှတ်တမ်းတင်ဂုဏ်ပြုလွှာ ပေးအပ်ခဲ့ပါတယ်။ သြဂုတ်လ၂၆ ရက်မှာ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ဂုဏ်ပြုလွှာပေးအပ်ခဲ့တာပါ။
"ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် စစ်အာဏာရှင်စနစ်ကျဆုံးရေးနှင့်ဖက်ဒရယ်ဒီမိုကရေစီစနစ်ဖြစ်ထွန်း ပေါ်ပေါက်လာရေးတို့အတွက် ရည်ရွယ်ကာ စစ်ကိုင်းတိုင်းအတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ရင်းတပ်ဖွဲ့များအတွက် ပြည်သူ့တော်လှန်ရေးရန်ပုံငွေ 2,750,000,000 (ကျပ်သိန်းပေါင်း နှစ်သောင်း ခုနှစ်ထောင့် ငါးရာတိတိ) ရရှိရန် အဖက်ဖက်မှ ဝိုင်းဝန်းကူညီထောက်ပံ့ပေးပါသော မမများနှင့်ပွဲကမယ် စီမံကိန်းအဖွဲ့သားများကို ကျေးဇူးအထူးတင်ရှိပါကြောင်း မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါတယ်"လို့ ဆိုထားပါတယ်။ လက်ရှိမှာ နွေတော်လှန်ရေးအတွက် စစ်ရေးအသုံးပြုရန် အမေရိကန်ဒေါ်လာ သန်းငါးဆယ်မှသန်းတစ်ရာကြားလိုအပ်ချက်ရှိတယ်လို့သတင်းရရှိပါတယ်။
========================
📌📌 ၃။ ပြည်သူချစ်ပြီး အစွမ်းထက်တဲ့ပြည်နယ်ရဲအဖွဲ့ဖြစ်ပါစေကြောင်း ကရင်နီပြည်ရဲအဖွဲ့ကို ပြည်ထဲရေး ဒုဝန်ကြီး ခူးထဲဘူး ဆုမွန်ကောင်းတောင်း
ပြည်သူချစ်ပြီး အစွမ်းထက်တဲ့ပြည်နယ်ရဲအဖွဲ့ဖြစ်ပါစေကြောင်း ကရင်နီပြည်ရဲအဖွဲ့ကို ပြည်ထဲရေး ဒုဝန်ကြီး ခူးထဲဘူး ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနပြည်ထောင်စု ဒုတိယဝန်ကြီး ခူးထဲဘူး မှ ကရင်နီပြည်ရဲ တစ်နှစ်ပြည့် နှစ်ပတ်လည် အထိမ်းအမှတ် အတွက် ပေးပို့တဲ့သဝဏ်လွှာမှာဆိုပါတယ်။
"ကရင်နီပြည်သူလူထုက လိုအပ်တဲ့ တရားဥပဒေစိုးမိုးမှုများ၊လုံခြုံရေးနှင့်အခြား ဝန်ဆောင်မှု လုပ်ငန်းများကို ဆောင်ရွက်ပေးပြီး အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ပေးရုံသာမက တနိုင်ငံလုံးလိုအပ်တဲ့ ငြိမ်းချမ်းရေးပြန်လည်ရရှိရေးအတွက် အမျိုးသားရေးတာဝန်များကို ဆက်လက်ထမ်းဆောင်ရင်း သာတူညီမျှရှိသော ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေးကို အကျိုးပြုနိုင်တဲ့ပြည်သူချစ်ပြီး အစွမ်းထက်တဲ့ ပြည်နယ်ရဲအဖွဲ့ဖြစ်ပါစေကြောင်း ဆန္ဒဆုမွန်ပြုလိုက်ရပါတယ်"လို့ဆိုထားပါတယ်။ ကရင်နီပြည်ရဲအဖွဲ့တွင် အမျိုးသမီး၂၇ ရာခိုင်နှုန်းပါဝင်ကာ အမှုပေါင်း ၂၃၅ မှုကိုဖမ်းဆီးအရေးယူနိုင်ခဲ့ပါတယ်။
========================
📌📌 ၄။ အာဏာရှင်လက်အောက်ရှိ ရဲတပ်ဖွဲ့များ အာဏာရှင်စနစ် ဖက်တွယ်ရန် လုပ်ဆောင်ပေးနေတယ်လို့ဒုဝန်ကြီး ခွန်းဘီထူးဆို
အာဏာရှင်လက်အောက်ရှိ ရဲတပ်ဖွဲ့များ အာဏာရှင်စနစ် ဖက်တွယ်ရန် လုပ်ဆောင်ပေးနေတယ်လို့ဒုဝန်ကြီး ခွန်းဘီထူးကဆိုလိုက်ပါတယ်။ ကရင်နီပြည်ရဲ (KSP) ဖွဲ့စည်းခြင်း တစ်နှစ်ပြည့်အထိမ်းအမှတ်နေ့သို့ ပေးပို့သည့် သဝဏ်လွှာမှာသယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စု ဒုတိယဝန်ကြီး ခွန်းဘီထူး မှ ဆိုထားပါတယ်။
"မည်သည့် ဝန်ထမ်းနှင့်ဌာနများမဆို ကောင်းမွန်တဲ့ စနစ်အောက်တွင်မရပ်တည်ပါက ပြည်သူလူထုများအား အစေခံသည့် နိုင်ငံဝန်ထမ်းကောင်းများမဟုတ်ပေ။ပြည်သူလူထုနဲ့နိုင်ငံဝန်ထမ်းများဟာ စနစ်ကိုဖန်တီးသူများဖြစ်သကဲ့သို့ စနစ်ကောင်းမွန်စွာလည်ပတ်ရေးအတွက် ရပ်တည်ရမှာဖြစ်ပါတယ်။ လက်ရှိအာဏာရှင်အောက်ရှိ ရဲတပ်ဖွဲ့များဟာ အာဏာရှင်စနစ်ဖက်တွယ်ရန် လုပ်ဆောင်ပေးနေပါတယ်"လို့ ဆိုပါတယ်။ လက်ရှိမှာ စကစလက်အောက်ခံရဲတပ်ဖွဲ့များဟာ စခန်းတွင်းမှ စခန်းပြင်သို့မထွက်ရဲဘဲအရေးကြောင်းရှိပါက အင်အားနဲ့သာသွားလာလှုပ်ရှားနေကြပါတယ်။
========================
📌📌 ၅။ ရန်ကုန်မြို့ ရှစ်မိုင်ရှိ မရမ်းကုန်းမြို့နယ်တရားရုံးလက်ပစ်မိုင်းအပစ်ခံရ၍ ရဲနှစ်ဦးထိခိုက်
ရန်ကုန်မြို့ ရှစ်မိုင်ရှိ မရမ်းကုန်းမြို့နယ်တရားရုံးလက်ပစ်မိုင်းအပစ်ခံရ၍ ရဲနှစ်ဦးထိခိုက်ခဲ့ပါတယ်။ မရမ်းကုန်းမြို့နယ် ရှစ်မိုင်ရှိ တရားရုံး၌ ယနေ့ သြဂုတ်လ ၂၆ရက်မနက် ဆယ့်တစ် နာရီခွဲ ဝန်းကျင်လောက်တွင် လက်ပစ်မိုင်းဖြင့် ပစ်ခတ်တိုက်ခိုက်ခံရတယ်လို့ မရမ်းကုန်း လူငယ်အဖွဲ့ကဆိုပါတယ်။ တိုက်ခိုက်မှုကြောင့်စကစ တပ်ဖွဲ့ဝင်နှစ်ဦးဖြစ်သည့် ရဲနှစ်ကောင်ထိခိုက်ခဲ့တယ်လို့သတင်းရရှိပါတယ်။
ထို့ပြင် လှေကားအနီးရှိ အမျိုးသားတစ်ဦးနှင့်အမျိုးသမီးတစ်ဦးလည်းထိခိုက်ခဲ့သော်လည်း အခြေအနေမှာမစိုးရိမ်ရကြောင်း သတင်းရရှိပါတယ်။ သို့ရာတွင် ရဲများဘေး၌ ကပ်ခွဲရန် အခွင့်ရေးရခဲ့ပါသော်လည်း ပြည်သူများ ရှိနေသောကြောင့် အရပ်ဝတ် စစ်ကောင်စီဝင်နှင့် ရဲများ အနီးနားတွင်သာ ဖောက်ခွဲနိုင်ခဲ့ပြီး ရဲဘော်များအားလုံးလည်း အန္တရာယ်ကင်းရှင်းစွာ ဆုတ်ခွာနိုင်ခဲ့ပါတယ်။ ဤ mission အားGeneration-Y Guerilla (GYG) အဖွဲ့ကဆောင်ရွက်ခဲ့ကြောင်းသိရှိရပါတယ်။
========================
📌📌 ၆။ Federal Wings ဒရုန်းတပ်ဖွဲ့ ဟာ Drone Project နဲ့ Sniper Project တွေအားလုံးအတွက် အမေရိကန်ဒေါ်လာ (၁) သန်းကျော် သုံးစွဲကုန်ကျခဲ့ပြီးဖြစ်ကာ ဗုံးသီးများလိုအပ်နေ
Federal Wings ဒရုန်းတပ်ဖွဲ့ ဟာ Drone Project နဲ့ Sniper Project တွေအားလုံးအတွက် အမေရိကန်ဒေါ်လာ (၁) သန်းကျော် သုံးစွဲကုန်ကျခဲ့ပြီးဖြစ်ကာဗုံးသီးများလိုအပ်နေတယ်လို့ဆိုပါတယ်။ သြဂုတ်လ၂၆ ရက်မှာ Federal Wings ဒရုန်းတပ်ဖွဲ့ကတရားဝင်ထုတ်ဖော်ပြောပါတယ်။
"Federal Wings ဟာ Drone Project နဲ့ Sniper Project တွေအားလုံးအတွက် အမေရိကန်ဒေါ်လာ (၁) သန်းကျော် သုံးစွဲကုန်ကျခဲ့ပြီးဖြစ်ပါတယ်။ Drone တပ်ဖွဲ့တွေ ဖြန့်ကျက်ပြီးဖြစ်သလို တိုက်ခိုက်မှုအကြိမ်ရေရာချီပြီး ပြုလုပ်နိုင်ခဲ့ပါတယ်"လို့ဆိုပါတယ်။ လက်ရှိမှာ Federal Wings Drone တပ်ဖွဲ့တွေ ဟာ ဗုံးသီးလိုအပ်ချက်တို့ဖြသ်ပေါ်နေတယ်လို့ဆိုပါတယ်။
"Drone တစ်စင်းကို တစ်ရက် (၆၀) မမ (၄) လုံးနဲ့ (၂) ခေါက်ပဲကြဲမယ်ဆိုရင် အစင်း (၅၀) နဲ့ပဲတွက်ဆရင်တောင်မှ တစ်ရက်ကို အလုံး (၄၀၀) သုံးရပါမယ်။ ဒီပုံစံနဲ့ တစ်လကို (၁၅) ရက်ပဲကြဲရင်တောင်မှ တစ်လကို အလုံးရေ (၆၀၀၀) လိုအပ်ပါလိမ့်မယ်။ ဒါက ပျမ်းမျှအနည်းဆုံးတွက်ချက်ထားမှုပဲရှိပါသေးတယ်။ ၆၀ မမ ရဲ့တန်ဖိုးနဲ့ချိန်ဆကြည့်ရင် တစ်လကို ဘယ်လောက်အထိကုန်ကျမယ်ဆိုတာ တွက်ဆကြည့်နိုင်ပါတယ်"လို့ Federal Wings ကဆိုပါတယ်။
========================
📌📌 ၇။ ပခုက္ကူ - မြိုင်လမ်းတွင် PKU N PDF နှင့် Royal Defence Force PKU တို့မှ ပူးပေါင်း စစ်ဆေးရေးပြုလုပ်နေစဥ် စစ်တပ်ထုတ်ကုန်ဘီယာများသယ်ဆောင်လာတာကိုစစ်ဆေးတွေ့ရှိလို့ဖျက်ဆီး
ပခုက္ကူ - မြိုင်လမ်းတွင် PKU N PDF နှင့် Royal Defence Force PKU တို့မှ ပူးပေါင်း စစ်ဆေးရေးပြုလုပ်နေစဥ် စစ်တပ်ထုတ်ကုန်ဘီယာများသယ်ဆောင်လာတာကိုစစ်ဆေးတွေ့ရှိလို့ဖျက်ဆီးခဲ့ပါတယ်။ သြဂုတ်လ ၂၆ ရက် မနက်ပိုင်းနဲ့ညနေပိုင်းမှာ စစ်ဆေးတွေ့ရှိတာလို့ PKU N PDF ကဆိုပါတယ်။
"ပခုက္ကူ - မြိုင်လမ်းမှာကျွန်တော်တို့ PKU N PDF နှင့် Royal Defence Force PKU တို့မှ ပူးပေါင်း စစ်ဆေးရေးပြုလုပ်နေစဥ် စစ်တပ်ထုတ်ကုန်ဖြစ်သော ABC Beer များကို သယ်ဆောင်လာသော Light Truck တစ်စီးပေါ်မှ ဖာ(20) နှင့် ညနေပိုင်းတွင်လည်း Dyna ကားတစ်စီးမှ ABC (1)ဖာ တင်ဆောင်လာသည်ကို ကျွန်တော်တို့အဖွဲ့မှ စစ်ဆေးတွေ့ရှိရသဖြင့် ၎င်းနေရာတွင် သယ်ဆောင်လာသည့်ကားဖြင့် တက်ကြိတ်ဖျက်ဆီးခဲ့ပါတယ်"လို့ဆိုပါတယ်။
PKU N PDF နှင့် Royal Defence Force PKU တို့မှ စစ်တပ်ထုတ်ကုန်များနှင့် ပတ်သက်၍ လုံးဝ(လုံးဝ) မသယ်ဆောင်ကြရန်နှင့် အသုံးမပြုကြရန် မိဘပြည်သူများအား အသိပေးအပ်ပါတယ်လို့ဖော်ပြထားပါတယ်။ နောက်နောင်တွင်လည်း စစ်တပ်ထုတ်ကုန်များအားသယ်ဆောင်လာခြင်း၊ သုံးစွဲခြင်းများ တွေ့ရှိပါက ဖျက်ဆီးခြင်းနှင့်အတူ အရေးယူခြင်းများ လုပ်ဆောင်သွားမယ်လို့ဆိုပါတယ်။
========================
📌📌 ၈။ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းအစပ်မှာ ၄ ရက်တာတိုက်ပွဲတွင်း စကစဘက်က ၁၃ ဦးသေဆုံး
စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းအစပ်မှာ ၄ ရက်တာတိုက်ပွဲတွင်း စကစဘက်က ၁၃ ဦးသေဆုံးခဲ့ပါတယ်။ သြဂုတ်လ၂၆ ရက်မှာ စစ်ရေးသတင်းကို ပြည်သူ့တော်လှန်ရေး တပ်မတော် PRA မှဗိုလ်ဂျပန်က ကဆိုပါတယ်။
"စစ်ကိုင်းတိုင်း နှင့် မကွေးတိုင်း အစပ်တွင်သြဂုတ်လ ၂၀ ရက် နေ့မှ သြဂုတ်လ ၂၃ ရက်နေ့အထိ (၄) ရက်တာတိုက်ပွဲတွင် စကစဘက်မှ (၁၃) ကောင် သေပြီး၊ (၁၅) ကောင် မသေမရှင်ဖြစ်တယ်"လို့ဆိုပါတယ်။ တိုက်ပွဲတွင်း PRA တပ်မတော်မှ (၄) ဦး တိုင်းပြည်အတွက် အသက်လှူဒါန်းခဲ့ပြီး (၅) ဦးဒါဏ်ရာ ပြင်းထန်စွာရရှိခဲ့ပါတယ်။ လက်ရှိအချိန်ထိ တိုက်ပွဲ ပြင်းထန်လျက်ရှိနေသေးတယ်လို့ဆိုပါတယ်။
========================
📌📌 ၉။ ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်း ဒေသတွေမှာ ဇူလိုင်လအတွင်းလေကြောင်းတိုက်ခိုက်မှု ၁၉ ကြိမ်ထက်မနည်း ရှိခဲ့
ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်း ဒေသတွေမှာ ဇူလိုင်လအတွင်းလေကြောင်းတိုက်ခိုက်မှု ၁၉ ကြိမ်ထက်မနည်း ရှိခဲ့ပါတယ်။ သြဂုတ်လအတွင်းမှာ ISP Myanmar ကထုတ်ပြန်ဖော်ပြပါတယ်။
ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်း ဒေသတွေမှာ ဇူလိုင်လအတွင်း စစ်ကောင်စီနဲ့ KIA၊ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေအကြား တိုက်ပွဲဖြစ်ပွားမှု ၃၇ ကြိမ်ထက်မနည်း ရှိခဲ့ပြီး စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကလည်း ၁၉ ကြိမ်ထက်မနည်း ရှိခဲ့ပါတယ်။ လို့ဆိုပါတယ်။ စကစတပ်များဟာ ကချင်ပြည်နယ်ကို လေကြောင်းတိုက်ခိုက်မှုများရှိလာပြီးနောက် စစ်ဘေးရှောင် ဦးရေကလည်းတိုးလာခဲ့ပါတယ်။
အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment