၂၀၂၂ သြဂုတ်လ ၈ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ နွေဦးတော်လှန်ရေးဟာ ရှစ်လေးလုံးအရေးတော်ပုံ တော်လှန်ရေးရဲ့ မပြီးပြတ်သေးတဲ့တော်လှန်ရေး ဖြစ်တယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလပြော
📌 ၂။ ပြည်သူအပေါ် ရက်စက်ကြမ်းကြုတ်တဲ့ အာဏာရှင်တွေဟာ ဘယ်တော့မှ နိဂုံးမလှတာ သမိုင်းကသက်သေခံတယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းပြောကြားလိုက်
📌 ၃။ နယူးယော့မှာ ကျင်းပပြုလုပ်တဲ့ ၂၀၂၂ တိုက်ပွဲဝင် ခွပ်ဒေါင်းအလံတင် ရှစ်လေးလုံး အခမ်းအနားနဲ့ တော်လှန်သင်္ကြန် စျေးရောင်းပွဲကိုပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင် တက်ရောက်
📌 ၄။ ရှစ်လေးလုံးအမည်နဲ့ EOD ရှယ်ယာ ၈၈ စောင်ကို လူငယ်အမျိုးသမီးတစ်ဦးဝယ်ယူ
📌 ၅။ ဒီပဲယင်းမြို့နယ် ကိုင်းကံရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ထွက်ခွာသွားပြီးနောက် ရုပ်အလောင်းခုနစ်လောင်းတွေ့ရှိ
📌 ၆။ နဂါးညီနောင်တပ်ဖွဲ့မှ ငွေကျပ် ၁၂၅ သိန်းတန် တာဝေးပစ်ရိုင်ဖယ်စနိုက်ဘာတစ်လက် ဝယ်ယူနိုင်ခဲ့
📌 ၇။ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့တွင် ၃၄ နှစ်မြောက် ၈ လေးလုံးအထိမ်းအမှတ် မြန်မာ့ စစ်အာဏာရှင် စနစ် ဆန့်ကျင်ရေးနှင့် ဒီမိုကရေစီ ရရှိရေး အတွက် ဆန္ဒပြချီတက်
📌 ၈။ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယား ဘေးဧရိယာဘာကလေမြို့တော်ခမ်းမရှေ့မှာ ရှစ်လေးလုံး (၃၄) နှစ်မြောက်နှစ်ပါတ်လည်နေ့နဲ့ ခွပ်ဒေါင်းအလံတင်အခမ်းအနား ကျင်းပ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ နွေဦးတော်လှန်ရေးဟာ ရှစ်လေးလုံးအရေးတော်ပုံ တော်လှန်ရေးရဲ့ မပြီးပြတ်သေးတဲ့တော်လှန်ရေး ဖြစ်တယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလပြော
သြဂုတ်လ ၈ ရက်နေ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကျင်းပတဲ့ ရှစ်လေးလုံးနှစ်ပတ်လည်နေ့အခမ်းအနားမှာ ယာယီသမ္မတဒူဝါလရှီးလကအခုလိုဆိုလိုက်ပါတယ်။
"ယခုကျွန်ုပ်တို့ဆင်နွှဲနေတဲ့ နွေဦးတော်လှန်ရေးပင်လျှင် ၁၉၈၈ ခုနှစ် ရှစ်လေးလုံးအရေးတော်ပုံ တော်လှန်ရေးရဲ့ မပြီးပြတ်သေးတဲ့တော်လှန်ရေး ဖြစ်တယ်လို့ဆိုနိုင်ပါတယ်။ ၈၈ မျိုးဆက်တော်လှန်ရေးကို Generation Z တော်လှန်ရေးလူငယ်တွေနဲ့ ပြည်သူလူထုအားလုံးဆက်လက်ပူးပေါင်းဆင်နွှဲပြီးအာဏာရှင်ကို အပြီးပြတ်ချေမှုန်းဖို့ဖြစ်ပါတယ်"လို့ ဆိုပါတယ်။
ဒါ့အပြင် ယခုနွေဦတော်လှန်ရေးဟာ ရှစ်လေးလုံးအရေးတော်ပုံ တော်လှန်ရေးထက် ပိုမိုနက်ရှိုင်းသော တရား မျှတ လွတ်လပ်ခြင်းနဲ့ကိုယ်ပိုင်ပြဌာန်းခွင့်၊ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကိုအာမခံတဲ့ ပြည်ထောင်စု မြန်မာနိုင်ငံတော်အသစ်ကိုတည်ထောင်မှာဖြစ်တယ်လို့ ယာယီသမ္မတ ကထပ်လောင်းပြောပါတယ်။
========================
📌📌 ၂။ ပြည်သူအပေါ် ရက်စက်ကြမ်းကြုတ်တဲ့ အာဏာရှင်တွေဟာ ဘယ်တော့မှ နိဂုံးမလှတာ သမိုင်းကသက်သေခံတယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းပြောကြားလိုက်
သြဂုတ်လ ၈ ရက်နေ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကျင်းပတဲ့ ရှစ်လေးလုံးနှစ်ပတ်လည်နေ့အခမ်းအနားမှာ ပြည်ထောင်စုဝန်ကြီးချုပ်ကမန်းဝင်းခိုင်သန်းက အခုလိုပြောပါတယ်။
"အကြမ်းဖက် စစ်တပ်ဟာ တော်လှန်ရေးအဆက်ဆက် အာဏာရှင်လူတစ်စုကောင်းစားရေးအတွက် မောင်ဖုန်းမော်၊မဝင်းမော်ဦးမှသည် မမြသွဲ့သွဲ့ခိုင် မကြယ်စင်အထိ ပြည်သူလူထုကို ရမ်းကားသတ်ဖြတ်ပြီး အကြောက်တရားနဲ့ ထိန်းချုပ်ဖို့ကြိုးစားပေမယ့် ဒီကြိုးပမ်းမှုတွေဟာ ဘယ်မျိုးဆက်မှာမှ အရာမထင်တာကို တွေ့မြင်ရမှာဖြစ်ပါတယ်။စစ်အာဏာရှင်တွေကတော့ ပေါ်ပေါက်ခဲ့တဲ့အာဏာရှင်တော်လှန်ရေးတွေမှာ သူတို့နိုင်ခဲ့တယ်လို့ ထင်ကောင်းထင်နိုင်ပါတယ်။တကယ်တော့သူတို့မအောင်မြင်ခဲ့လို့သာ မျိုးဆက်ပေါင်းများစွာ လက်ဆင့်ကမ်းပြီး ပိုမိုပြီး စုစည်းအင်အားကောင်းတဲ့ လူထုတော်လှန်ရေးနဲ့ကြုံတွေ့နေရတာဖြစ်ပါတယ်။ပြည်သူအပေါ် ရက်စက်ကြမ်းကြုတ်တဲ့ အာဏာရှင်တွေဟာ ဘယ်တော့မှ နိဂုံးမလှတာ သမိုင်းကသက်သေခံပါတယ်"လို့ဆိုပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အကြမ်းဖက် စစ်တပ်ဟာ လူပေါင်းတစ်သောင်းကျော် ဖမ်းဆီးချုပ်နှောင်ခဲ့ပြီး လူပေါင်းနှစ်ထောင်ကျော်ညှင်းပန်းသတ်ဖြတ်ခဲ့ပါတယ်။
========================
📌📌 ၃။ နယူးယော့မှာ ကျင်းပပြုလုပ်တဲ့ ၂၀၂၂ တိုက်ပွဲဝင် ခွပ်ဒေါင်းအလံတင် ရှစ်လေးလုံး အခမ်းအနားနဲ့ တော်လှန်သင်္ကြန် စျေးရောင်းပွဲကိုပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင် တက်ရောက်
အမေရိကန်နိုင်ငံ နယူးယော့ပြည်နယ် Buffalo မြို့ မှာ ကျင်းပပြုလုပ်တဲ့ ၂၀၂၂ တိုက်ပွဲဝင် ခွပ်ဒေါင်းအလံတင် ရှစ်လေးလုံး အခမ်းအနားနဲ့ တော်လှန်သင်္ကြန် စျေးရောင်းပွဲကိုပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်တက်ရောက်ခဲ့ပါတယ်။ သြဂုတ်လ ၈ ရက်နေ့ ဒီကနေ့ဟာ ရှစ်လေးလုံးအရေးတော်ပုံနှစ်ပတ်လည်နေ့လည်းဖြစ်ပါတယ်။
"နယူးယော့ပြည်နယ် Buffalo မြို့ မှာ ကျင်းပပြုလုပ်တဲ့ ၂၀၂၂ တိုက်ပွဲဝင် ခွပ်ဒေါင်းအလံတင် ရှစ်လေးလုံး အခမ်းအနားနဲ့ တော်လှန်သင်္ကြန် စျေးရောင်းပွဲ ကိုတက်ရောက်ခဲ့ပါတယ်။ ဒီပွဲကိုအမေရိကနဲ့ ကနေဒါနိုင်ငံကိုရောက်ရှိနေကြတဲ့ မြန်မာပြည်သားတွေ တက်ရောက်ခဲ့ကြပါတယ်။ အမိမြန်မာပြည်တွင် စစ်အာဏာရှင်စနစ်အမြန်ဆုံးပြုတ်ကျရေးနဲ့ ဖယ်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်ထူထောင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြဖို့ တက်ရောက်လာသူအားလုံးကအဓိဌာန်ပြုခဲ့ကြပါတယ်"လို့ ပြည်ထောင်စုဝန်ကြီးဦးထင်လင်းအောင်ကဆိုပါတယ်။ ယနေ့ကျရောက်တဲ့ ရှစ်လေးလုံးနှစ်ပတ်လည်နေ့အခမ်းအနားကို နိုင်ငံတကာရောက် ဒီမိုကရေးတက်ကြွလှုပ်ရှားသူများက လူထုလှုပ်ရှားမှုနဲ့အတူကျင်းပခဲ့ကြပါတယ်။
========================
📌📌 ၄။ ရှစ်လေးလုံးအမည်နဲ့ EOD ရှယ်ယာ ၈၈ စောင်ကို လူငယ်အမျိုးသမီးတစ်ဦးဝယ်ယူ
သြဂုတ်လ ၈ ရက်နေ့မှာ EOD ကရှယ်ယာရောင်းချရတဲ့အခြေအနေနဲ့ပတ်သက်ပြီးအခုလိုပြောပြပါတယ်။
"၈၈၈၈ စိတ်ဓာတ်ကို မီးရှူးတိုင်လို လက်ဆင့်ကမ်း သယ်ယူခဲ့ကြ။ တိုက်ဆိုင်မှု မဟုတ်ဘဲ ၈ ရက် ၈ လ ရဲ့ မနက် ၈ နာရီ (စင်္ကာပူ အချိန်) မှာ EOD ရှယ်ယာတစ်ခု တက်လာပါတယ်။ ရှယ်ယာ ၈၈ စောင်။ ဝယ်တဲ့သူ နာမည်က 8888 တဲ့။ ဘာကို ဂုဏ်ပြုသလဲ၊ ဘယ်စိတ်ဓာတ်ကို လက်ဆင့်ကမ်း သယ်ဆောင်လာလဲ၊ ရှင်းပြစရာ မလိုအောင် ထင်ရှားလှပါတယ်။ ဝယ်သူ မိန်းကလေးကို သေချာမသိ EOD ရဲ့ မူအရလည်း ဝယ်သူရဲ့ ကိုယ်ရေးအချက်အလက် အပြည့်အစုံ နဲ့ နာမည်ရင်းကို EOD team ရော Agent ရောက မသိပါ။ ဒါပေမယ့် သူ့အမေနဲ့ တိုင်ပင်ပြီး ဝယ်ကြောင်း မက်ဆေ့ပို့လာလို့ သူဟာ GenZ သို့ GenY ဖြစ်ပြီး၊ သူ့အမေက GenX ဆိုတာ ခန့်မှန်း နိုင်ပါတယ်" လို့ ဆိုပါတယ်။ မင်းအောင်လှိုင်ရဲ့ ပိုင်ဆိုင်မှုတွေထဲက ရန်ကုန်မြို့ ၆ မိုင်ခွဲရှိ မြေနဲ့ အိမ်ကို ဒေါ်လာသန်း ၂၀ ကျော်တန်သော်လည်း ဒေါ်လာ ၇ သန်းနဲ့သာ EOD ကရောင်းချပေးနေတာဖြစ်ပါတယ်။
========================
📌📌 ၅။ ဒီပဲယင်းမြို့နယ် ကိုင်းကံရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ထွက်ခွာသွားပြီးနောက် ရုပ်အလောင်းခုနစ်လောင်းတွေ့ရှိ
သြဂုတ်လ ၇ ရက်နေ့မှာ ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့ကအခုလိုထုတ်ပြန်ပြောဆိုထားပါတယ်။
"အကြမ်းဖက် စစ်တပ်များ မီးရှို့ဖျက်ဆီးမှုကြောင့်စစ်ကိုင်းတိုင်း၊ဒီပဲယင်းမြို့နယ် ကိုင်းကံကျေးရွာရှိ နေအိမ် -၁၄၅ အိမ်နှင့် ဆန်စပါး ကောက်ပဲသီးနှံ စက်ပစ္စည်းမျိုးစုံအပါအဝင် ပြည်သူပိုင်ဆိုင်သမျှ မီးလောင်ပြာကျခဲ့ရပါတယ်။Dead Body (၇) ဦးတွေ့ရှိရပြီး မည်သူတွေဖြစ်တယ်ဆိုတာဆက်လက်အတည်ပြုပေးပါမယ်ခင်ဗျာ"လို့ဆိုပါတယ်။
လက်ရှိမှာလျှော်ဖြူ ကိုင်းကံ စတဲ့ကျေးရွာများမှ အဖမ်းဆီးခံရပြည်သူများ ပြန်လည်မလွတ်မြောက်သေးပဲ လူသားဒိုင်းပြုလုပ်ခံနေရပါတယ်။ သြဂုတ်လ ၆ ရက်နေ့မနက်မှာအကြမ်းဖက်စစ်တပ်မှ အကြောင်းမဲ့သက်သက် မီးရှို့ဖျက်ဆီးခဲ့မှုကြောင့် ကိုင်းကံရွာ ရွာလုံးကျွတ်နီးပါး မီးလောင်ဆုံးရှုံးခဲ့ရပါတယ်။ ကိုင်းကံရွာက အိမ်ခြေ ၂၀၀ ခန့်ရှိပြီး စစ်တပ်မီးရှို့မှုကြောင့် အိမ်ခြေ ၁၅၀ ကျော် မီးလောင်ဆုံးရှုံးခဲ့ရပါတယ်။
========================
📌📌 ၆။ နဂါးညီနောင်တပ်ဖွဲ့မှ ငွေကျပ် ၁၂၅ သိန်းတန် တာဝေးပစ်ရိုင်ဖယ်စနိုက်ဘာတစ်လက် ဝယ်ယူနိုင်ခဲ့
သြဂုတ်လ ၈ ရက်နေ့မှာ နဂါးညီနောင်တပ်ဖွဲ့ကအသိပေးဖော်ပြခဲ့ပါတယ်။
"မိဘပြည်သူများ၏ ကူညီထောက်ပံ့မူ့ဖြင့် ကျနော်တို့ နဂါးညီနောင်တပ်ဖွဲ့သည် ထိရောက်မူ့ရှိပြီး တိုက်ပွဲမှာအလွန်အသုံးဝင်တဲ့ ကာဘိုင်အမျိုးအစား တာဝေးပစ်ရိုင်ဖယ်စနိုက်ဘာတစ်လက် ဝယ်ယူနိုင်ခဲ့ပါတယ်"လို့ ဆိုပါတယ်။ တန်ဖိုးအားဖြင့် မြန်မာကျပ်ငွေ (၁၂၅ )သိန်းကျပ် ကျသင့်ပြီး နွေဦးအားမာန် page နှင့်အတူဆောင်ရွက်ခဲ့တဲ့ "ပေါက်ရင်ယူ မပေါက်ရင်လှူ"ကမ်ပိန်းမှ ရရှိငွေ၊ ပြည်သူများ၏ ထောက်ပံ့မှုများ စုပေါင်းကာဝယ်ယူခဲ့ခြင်းဖြစ်ပါတယ်။
========================
📌📌 ၇။ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့တွင် ၃၄ နှစ်မြောက် ၈ လေးလုံးအထိမ်းအမှတ် မြန်မာ့ စစ်အာဏာရှင် စနစ် ဆန့်ကျင်ရေးနှင့် ဒီမိုကရေစီ ရရှိရေး အတွက် ဆန္ဒပြချီတက်
အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့တွင် ၃၄နှစ်မြောက် ၈လေးလုံးအထိမ်းအမှတ် မြန်မာ့ စစ်အာဏာရှင် စနစ် ဆန့်ကျင်ရေးနှင့် ဒီမိုကရေစီ ရရှိရေး အတွက် ဆန္ဒပြချီတက်ခဲ့ကြပါတယ်။ သြဂုတ်လ ၈ ရက်နေ့ ရှစ်လေးလုံးနှစ်ပတ်လည်ပြည့်အခမ်းအနားမှာဦးရေရာနဲ့ချီတက်ရောက်ခဲ့ကြတာပါ။
နယူးယောက်မြို့ရှိ Brooklyn တံတားပေါ်တွင်ဖြတ်သန်းကာချီတက်ခဲ့ကြသော အဆိုပါဆန္ဒပြပွဲသို့ နယူးယောက်ဒေသခံ မြန်မာပြည်ဖွားတိုင်းရင်းသားများနှင့်အတူ ပြည်နယ်အသီးသီးမှ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။ ဒေသစံတော်ချိန် ညနေ ၄ နာရီမှ ညနေ ၇ နာရီအထိကျင်းပကာ ၈၈ မျိုးဆက်များ Gen z လူငယ်များနှင့် ဦးဆောင်ကျင်းပသော NYCBC မှ တာဝန်ရှိပုဂ္ဂိုလ်များမှ အမှတ်တရစကားများပြောကြားခဲ့ပါတယ်။
========================
📌📌 ၈။ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယား ဘေးဧရိယာဘာကလေမြို့တော်ခမ်းမရှေ့မှာ ရှစ်လေးလုံး (၃၄) နှစ်မြောက်နှစ်ပါတ်လည်နေ့နဲ့ ခွပ်ဒေါင်းအလံတင်အခမ်းအနား ကျင်းပ
အမေရိကန်နိုင်ငံကယ်လီဖိုးနီးယား ဘေးဧရိယာ ဘာကလေမြို့တော်ခမ်းမရှေ့ရှစ်လေးလုံး (၃၄) နှစ်မြောက်နှစ်ပါတ်လည်နေ့နဲ့ ခွပ်ဒေါင်းအလံတင်အခမ်းအနား ကျင်းပခဲ့ပါတယ်။ သြဂုတ်လ ၈ ရက်ဘာကလေမြို့တော်ခမ်းမရှေ့မှာကျင်းပရာ ဆန်ဖရန် အင်အားစုများ စုဝေး တက်ရောက်ခဲ့ကြပါတယ်။
အခမ်းအနားမှာ လူဦးရေ ရာနဲ့ချီတက်ရောက်ပြီးခွပ်ဒေါင်းအလံတင်အခမ်းအနား ကျင်းပခဲ့ပါတယ်။ ထို့နောက် ကုလသမဂ္ဂ မြန်မာကိုယ်စားလှယ်အဖြစ် သံအမတ်ကြီးဦးကျော်မိုးထွန်းဆက်လက် တာဝန်ယူနိုင်ရေး၊ စစ်ကာင်စီ၏ စွမ်းအင်လုပ်ငန်းဝင်ငွေများ ပိတ်ဆို့နိုင်ရေး၊ စစ်ကောင်စီအသိုင်းအဝိုင်းကိုsocial purnishment ဝိုင်းလုပ်ကြရေးကို တိုးမြှင့် ကြိုးပမ်းကြရန် တိုက်တွန်း နှိုးဆော်ကြပါတယ်။
အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းကပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment