၂၀၂၂ စက်တင်ဘာလ ၂၂ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အကြံပေးပုဂ္ဂိုလ် မစ္စတာ ဒဲရစ်ချိုလတ်နဲ့ အမျိုးသားညီညွတ်ရေး အစိုးရ ပြည်ထောင်စုဝန်ကြီးများ တွေ့ဆုံ၍ မြန်မာအရေးဆွေးနွေး
📌 ၂။ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ရှိ စာသင်ကျောင်းအား အကြမ်းဖက်စစ်တပ်က လေကြောင်းဖြင့် တိုက်ခိုက်ခဲ့မှုနှင့် စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်က နိုင်ငံတကာအစည်းအဝေးများမှာတင်ပြဆွေးနွေး
📌 ၃။ နွေဦးတော်လှန်ရေးအောင်ပွဲနီးနေပြီဖြစ်၍ CDM များတောင့်ခံထားကြရန် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးပြောကြား
📌 ၄။ UN Credentials Campaign လူထုထောက်ခံပွဲကို Toronto မြို့မှာ စက်တင်ဘာ ၂၅ ရက်ကျင်းပရင်းနဲ့ စုပေါင်းရန်ပုံငွေရှာဖွေပါ ပါဝင်မယ်
📌 ၅။ မြန်မာနိုင်ငံမှာ စစ်ခေါင်းဆောင်တွေက ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူတွေနဲ့ လူနည်းစု တိုင်းရင်းသားတွေအပေါ် တုန်လှုပ်စရာ ကောင်းလောက်တဲ့ ရက်စက်မှုမျိုးတွေ ကျူးလွန်နေတယ်လို့ကုလသမဂ္ဂမှာ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်ထုတ်ဖော်ပြောဆို
📌 ၆။ စက်တင်ဘာ ၂၀ ရက်နေ့က ဂျာမနီနိုင်ငံ,ဘွန်းမြို့ UN ရုံးရှေ့မှာ သံအမတ်ကြီးဦးကျာ်မိုးထွန်းကိုထောက်ခံပွဲအား မြန်မာပြည်သူများက ကျင်းပခဲ့ကြပါတယ်။
📌 ၇။ စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် သာဂရရွာနဲ့ ဂွေးကုန်းရွာကို အကြမ်းဖက် စစ်တပ်က ယနေ့မနက် မီးရှို့ဖျက်ဆီး
📌 ၈။ လက်နက်ယူဆောင်၍ CDM ပြုလုပ်လာသော တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင်များအား ဆုငွေ သိန်း (၃၀) မှ သိန်း (၅၀) အထိ ဂုဏ်ပြုချီးမြှင့်သွားမယ်လို့ Myingyan Black Tiger က ဖိတ်ခေါ်ကမ်းလှမ်း
📌 ၉။ အချက်အလက် မှန်ကန်ပြီး Level 2 အထိ မြှင့်ထားတဲ့ K-Pay အကောင့်များလည်း စစ်ကောင်စီရဲ့ ဗဟိုဘဏ် အမိန့်နဲ့ပိတ်ခံထားရပြီး ပြည်သူ့ငွေများကို ပေါ်တင်ဓားမြတိုက်ယူနေတယ်လို့ဆို
📌 ၁၀။ Click2 donate ကလစ်တဲ့လူဦးရေ သုံးထောင့်နှစ်ရာကျော်တိုးလာကာ အရင်ကထက် ၈ သိန်းနဲ့ ၁၅ သိန်းကြားဝင်ငွေတိုးလာတယ်လို့အသိပေး
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အကြံပေးပုဂ္ဂိုလ် မစ္စတာ ဒဲရစ်ချိုလတ်နဲ့ အမျိုးသားညီညွတ်ရေး အစိုးရ ပြည်ထောင်စုဝန်ကြီးများ တွေ့ဆုံ၍ မြန်မာအရေးဆွေးနွေး
စက်တင်ဘာ ၂၁ ရက်မှာပြည်ထောင်စု လွှတ်တော်ကိုယ်စားပြု ကော်မတီ (CRPH) ဥက္ကဌ ဦးအောင်ကြည်ညွှန့်၊ လူ့အခွင့်အရေး ဆိုင်ရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း၊ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နဲ့ နည်းပညာဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမိုးဇော်ဦး၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန အကြံပေးပုဂ္ဂိုလ် ဦးအောင်ကျော်မိုးတို့သည် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အကြံပေးပုဂ္ဂိုလ် မစ္စတာ ဒဲရစ်ချိုလတ်နဲ့ တွေ့ဆုံခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။
‘အမေရိကန်အစိုးရအနေနဲ့ ဆက်လက်ပြီး စီးပွားရေးပိတ်ဆို့မှုလုပ်ငန်းများ လုပ်ဆောင်သင့်သည့် အကြောင်းအရာများ တရားမျှတမှုနဲ့ တရားဥပဒေဖော်ဆောင်ရေးဆိုင်ရာ အကြောင်းအရာကိစ္စများ၊ လူသားချင်းစာနာမှု အကူအညီ နည်းပညာ ဆက်သွယ်ရေးနဲ့ အတက်ပညာပိုင်းဆိုင်ရာ အကူအညီ၊ စွမ်းရည်ပိုင်းဆိုင်ရာ ထောက်ပံ့အကူအညီ များ ဒါနဲ့ပတ်သက်လို့လည်း အမြင်သဘောထားများ ဖလှယ်ဆွေးနွေးခဲ့တယ်’ လို့ လူ့အခွင့်အရေး ဆိုင်ရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းကပြောပါတယ်။
ဒါအပြင် အာဆီယံရဲ့ မူ ၅ ချက်နဲ့ ပတ်သက်ပြီးတော့ အာဆီယံနိုင်ငံတွေသာ လုပ်ဆောင်ခြင်း မကဘဲနဲ့ မြန်မာ့အရေးကို စိတ်ဝင်စားတဲ့ မိတ်ဆွေနိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်နိုင်မယ့်အကြောင်း၊ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်တဲ့ အကြောင်း၊ အကြမ်းဖက်စစ်ကောင်စီ ကျင်းပပြုလုပ်ရန် စီစဉ်နေတဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး မည်သည့်အချက်နဲ့ မျှသဘောတူညီနိုင်ခြင်းမရှိကြောင်း၊ အဲဒီအပေါ် မှတ်ချက်ပြု ထုတ်ပြန်ထားပြီးဖြစ်ကြောင်းနဲ့ နိုင်ငံတကာအနေနဲ့လည်း ရွေးကောက်ပွဲ ကျင်းပဖို့ ပြင်ဆင်နေမှုကို အသိအမှတ်မပြုဘဲ လုပ်ဆောင်သင့်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ဘက်က တင်ပြဆွေးနွေးခဲ့ပါတယ်။
အမေရိကန်အစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အကြံပေးပုဂ္ဂိုလ် မစ္စတာ ဒဲရစ်ချိုလတ်က ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး စစ်မှန်ပြီး မျှတတဲ့ ရွေးကောက်ပွဲဖြစ်မယ်လို့ ယုံကြည်ခြင်းမရှိသည့်အပြင် ရွေးကောက်ပွဲကို အသိအမှတ်ပြုဖို့အတွက် လုပ်ဆောင်မည်မဟုတ်ကြောင်း ပြန်လည်ဆွေးနွေးခဲ့ပါတယ်။
========================
📌📌 ၂။ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ရှိ စာသင်ကျောင်းအား အကြမ်းဖက်စစ်တပ်က လေကြောင်းဖြင့် တိုက်ခိုက်ခဲ့မှုနှင့် စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်က နိုင်ငံတကာအစည်းအဝေးများမှာတင်ပြဆွေးနွေး
စက်တင်ဘာ ၂၂ ရက်မှာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH က အခုလိုအသိပေးဖော်ပြခဲ့ပါတယ်။ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်နေ့တွင် စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်း ကိုယ်ထူကိုယ်ထ စာသင်ကျောင်းအား အကြမ်းဖက်စစ်တပ်က ဟယ်လီကော်ပတာ ရဟတ်ယာဉ်အသုံးပြု၍ လူမဆန်စွာ တိုက်ခိုက်ခဲ့မှုနှင့် စပ်လျဉ်း၍ နိုင်ငံတကာ အစိုးရများနှင့် လွှတ်တော်များက ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေးနှင့် ကန့်ကွက်ရှုတ်ချခြင်းအပါအဝင် ဖြစ်နိုင်သမျှ အရေးယူဆောင်ရွက်မှုများပြုလုပ်ပေးနိုင်ရေး ကမ္ဘာ့ကုလသမဂ္ဂ၊ အာဆီယံ၊ နိုင်ငံတကာပါလီမန်များအဖွဲ့၊ အာဆီယံပါလီမန်များအဖွဲ့များသို့ အကြောင်းကြားစာပေးပို့ခဲ့ပါတယ်။
ယင်းဖြစ်စဉ် ဖြစ်ပွားသည့် နေ့မှစ၍ လူ့အခွင့်အရေး၊ ကလေးသူငယ် အခွင့်အရေးအဖွဲ့များနှင့် ဆက်သွယ်ဆောင်ရွက်ခဲ့ပြီး ယခုသတင်းပတ်အတွင်း နယူးယောက်မြို့သို့ ရောက်ရှိနေသည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့တွင် ပါဝင်သည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်ကလည်း ၎င်း၏ အစည်းအဝေးများတွင် ယင်းလူမဆန်သော စစ်ရာဇဝတ်မှုအား ဦးစားပေး၍ ထည့်သွင်းဆွေးနွေးခဲ့ပါတယ်လို့ဖော်ပြပါတယ်။
အကြမ်းဖက် စစ်ကောင်စီ၏ လူမဆန်သော လေကြောင်းတိုက်ခိုက်မှုကြောင့် ကျောင်းသား/ကျောင်းသူ အနည်းဆုံး (၆) ဦး သေဆုံးခဲ့ပြီး အများအပြား ပြင်းထန်စွာထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။ ထို့ပြင် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ပြီးနောက် မြေပြင်စစ်ကြောင်းမှ စာသင်ကျောင်းရှိ ဒဏ်ရာရရှိသူများအပါအဝင် ကျောင်းသား/ ကျောင်းသူများ၊ ဆရာ/ဆရာမများ (၂၀) ဦးခန့်အား ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့သတင်းရရှိပါတယ်။
အကြမ်းဖက်စစ်တပ်၏ အာဏာသိမ်းရန် ကြိုးပမ်းမှုနောက် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များက လူနေအိမ်များ၊ စစ်ဘေးရှောင်စခန်းများသို့ ဗုံးကြဲတိုက်ခိုက်ခြင်း၊ သေနတ်ဖြင့် ပစ်သတ်ခြင်းများကြောင့် ကလေးသူငယ် (၃၅၀) ဦးခန့် သေဆုံးခဲ့ရပြီး (၁၅၀၀) ဦးခန့်မှာ မတရားဖမ်းဆီးခံထားရလျက်ရှိတယ်လို့ ဆိုပါတယ်။
========================
📌📌 ၃။ နွေဦးတော်လှန်ရေးအောင်ပွဲနီးနေပြီဖြစ်၍ CDM များတောင့်ခံထားကြရန် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးပြောကြား
စက်တင်ဘာလအတွင်း CDM များနဲ့ပတ်သက်၍ ပြောကြားရာတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက အခုလိုဆိုပါတယ်။
"အရင်ဆုံးတော့ CDM တွေတောင့်ခံထားဖို့လိုမယ်။ကျနော်တို့ရဲ့ အောင်ပွဲဟာ နီးနေပြီ။ ကျနော်တို့ရဲ့ အနာဂါတ်၊ ကျနော်တို့ရဲ့တိုင်းပြည် တည်ဆောင်နိုင်မဲ့ အချိန်ရောက်တော့မယ်လို့ ကျနော်ပြောချင်တယ်"လို့ဆိုပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းရာတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး CDM လှုပ်ရှားမှုကို ပညာရေးနဲ့ ကျန်းမာရေးဝန်ထမ်း သိန်းနဲ့ချီကပါဝင်ခဲ့ပါတယ်။
========================
📌📌 ၄။ UN Credentials Campaign လူထုထောက်ခံပွဲကို Toronto မြို့မှာ စက်တင်ဘာ ၂၅ ရက်ကျင်းပရင်းနဲ့ စုပေါင်းရန်ပုံငွေရှာဖွေပါ ပါဝင်မယ်
UN Credentials Campaign လူထုထောက်ခံပွဲကို Toronto မြို့မှာ စက်တင်ဘာ၂၅ ရက်ကျင်းပရင်းနဲ့ စုပေါင်းရန်ပုံငွေရှာဖွေခြင်းပါ ပါဝင်မယ်လို့သတင်းရရှိပါတယ်။ စက်တင်ဘာ၂၂ ရက်မှာ MEF Canada က အသိပေးဖော်ပြပါတယ်။
"UN Credentials Campaign လူထုထောက်ခံပွဲ တို့ကို အားပေးတက်ရောက်ရင်းစိတ်ခွန်အားပေးမဲ့ တော်လှန်ရေးသီချင်းများ၊ မြန်မာ/ တိုင်းရင်းသား ရိုးရာအကများကြည့်ရှုခံစားဖို့ဖိတ်ခေါ်တယ်"လို့ဆိုထားပါတယ်။
မြန်မာပြည်ဖွားတိုင်းရင်းသားများစုပေါင်းရန်ပုံငွေရှာဖွေပွဲ အခမ်းအနားမှာ သတင်းအချက်အလက်နဲ့ဆက်သွယ်ရေးနည်းပညာ ဝန်ကြီး ဦးထင်လင်းအောင် ပါဝင်တက်ရောက်ကာ ရင်းနှီးစွာတွေ့ဆုံ စကားပြောသွားမှာဖြစ်ပါတယ်။ တော်လှန်ရေးရန်ပုံငွေပွဲ အခမ်းအနားမှာ အစားအစာများနဲ့ဖျော်ဖြေရေးအစီအစဥ်များအပြင် PRF ထောက်ပို့ အဖွဲ့သစ်များလက်ခံခြင်း၊ EOD ရှယ်ယာနဲ့ နွေဦးထီအပါအဝင် ငွေတိုက်စာချုပ်များပါ ထိရောက်စွာရောင်းချပေးသွားမှာဖြစ်ပါတယ်။
========================
📌📌 ၅။ မြန်မာနိုင်ငံမှာ စစ်ခေါင်းဆောင်တွေက ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူတွေနဲ့ လူနည်းစု တိုင်းရင်းသားတွေအပေါ် တုန်လှုပ်စရာ ကောင်းလောက်တဲ့ ရက်စက်မှုမျိုးတွေ ကျူးလွန်နေတယ်လို့ကုလသမဂ္ဂမှာ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်ထုတ်ဖော်ပြောဆို
အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ မိန့်ခွန်းတက်ရောက်ပြောကြားရာမှာအခုလိုထည့်သွင်းပြောဆိုခဲ့ပါတယ်။
"မျက်မှောက်ခေတ် ၂၀၂၂ ခုနှစ်လို ကာလမျိုးမှာတောင် ကမ္ဘာကြီးရဲ့ အစိတ်အပိုင်းတိုင်းမှာ အခြေခံ လွတ်လပ်ခွင့်တွေက အန္တရာယ် ကျရောက်နေပါပြီ။ တရုတ်နိုင်ငံ၊ ရှင်းကျန်းဒေသက လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကုလသမဂ္ဂနဲ့ အမေရိကန် အဆင့်မြင့် ကော်မရှင်တွေရဲ့ အစီရင်ခံစာတွေမှာ အသေးစိတ် ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံမှာ စစ်ခေါင်းဆောင်တွေက ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူတွေနဲ့ လူနည်းစု တိုင်းရင်းသားတွေအပေါ် တုန်လှုပ်စရာ ကောင်းလောက်တဲ့ ရက်စက်မှုမျိုးတွေ ကျူးလွန်နေတယ်"လို့ဆိုပါတယ်။
ပြည်သူတွေအပေါ် ရက်ရက်စက်စက် ကျူးလွန်နေတာတွေ အပါအဝင် ကမ္ဘာအနှံ့က လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို မျက်ကွယ်ပြု မထားကြဖို့ အမေရိကန်သမ္မတကတိုက်တွန်းခဲ့ပါတယ်။
========================
📌📌 ၆။ စက်တင်ဘာ ၂၀ ရက်နေ့က ဂျာမနီနိုင်ငံ,ဘွန်းမြို့ UN ရုံးရှေ့မှာ သံအမတ်ကြီးဦးကျာ်မိုးထွန်းကိုထောက်ခံပွဲအား မြန်မာပြည်သူများက ကျင်းပခဲ့ကြပါတယ်။
စက်တင်ဘာ ၂၀ ရက်နေ့က ဂျာမနီနိုင်ငံ,ဘွန်းမြို့ UN ရုံးရှေ့မှာ သံအမတ်ကြီးဦးကျာ်မိုးထွန်းကိုထောက်ခံပွဲအား မြန်မာပြည်သူများက ကျင်းပခဲ့ကြပါတယ်။ ထိုသို့ ဆန္ဒထုတ်ဖော် ထောက်ခံခဲ့ကြတဲ့အကြောင်းကို ဂျာမဏီနိုင်ငံက CRPH NUG Support Team Germany မှ သိင်္ဂီလွင်ဖွိုက်စ် က အခုလို Radio NUG ကို သတင်းပေးပို့ထားပါတယ်။
"စက်တင်ဘာလ ၂၀ ရက်မှာ ဂျာမနီရောက် မြန်မာပြည်ဖွား ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူတွေ မြန်မာ့အရေးထောက်ခံအားပေးတဲ့ ဂျာမာန်နိုင်ငံသားတွေ စုစည်းပြီး သံအမတ်ကြီးဦးကျော်မိုးထွန်းကို တရားဝင်ကိုယ်စားလှယ်အဖြစ် ခန့်ထားရေးအတွက် ဘွန်းမြို့က UNရုံးရှေ့မှာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ဒါ့အပြင် ပါဝင်ခဲ့ကြသူတွေရဲ့ လက်မှတ်တွေကိုစုစည်းပြီး United Nation Regional Information Centre ဘွန်းမြို့ကို လိပ်မူလို့ အိတ်ဖွင့်တိုက်တွန်းနှိုးဆော်စာပေးအပ်ခဲ့ကြပါတယ်။ နိုင်ငံတကာအနေနဲ့ မြန်မာ့ဒီမိုကရေစီအရေးအပေါ် ဒီထက်လက်တွေ့ကျတဲ့ လုပ်ရပ်တွေနဲ့ ထောက်ပံ့ကူညီရမှာဖြစ်ပြီး ကျွန်မတို့ ပြည်ပရောက်နိုင်ငံရေးအင်အားစုတွေကလည်း နိုင်ငံတကာအဖွဲ့အစည်းတွေကို ဆက်လက်ဖိအားပေးတိုက်တွန်းသွားမှာဖြစ်ပါတယ်။အရေးတော်ပုံ မုချအောင်ရမည်။"
ဒီသတင်းကိုတော့ ဂျာမနီနိုင်ငံ၊ဘွန်းမြို့မှပေးပို့ခဲ့တာဖြစ်ပါတယ်။
========================
📌📌 ၇။ စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် သာဂရရွာနဲ့ ဂွေးကုန်းရွာကို အကြမ်းဖက် စစ်တပ်က ယနေ့မနက် မီးရှို့ဖျက်ဆီး
စက်တင်ဘာ ၂၂ ရက် မနက် ၇ နာရီကျော်မှာ စစ်ကိုင်းတိုင်း သာဂရရွာကို မီးရှို့ထဲ့တာဖြစ်ပြီး ၉ နာရီ ၄၀ အချိန် ဂွေးကုန်းရွာကို မီးရှို့ခဲ့တာခို့ ဒေသခံ သတင်းအရင်းအမြစ်များထံက သတင်းရရှိပါတယ်။
"သာဂရ ရွာ ယာယီတပ်စွဲထားသော အကြမ်းဖက် စကစတပ်များ သာဂရရွာကို ယနေ့မနက်မီးရှို့ခဲ့ပါတယ်။သာဂရ တာဝါတိုင်နား တစ်ဖွဲ့ သံလမ်းဘေးမှာ တစ်ဖွဲ့ ( ၂ ) ဖွဲ့ခွဲတက်ပြီး အရှေ့ဘက်သို့ ဆက်လက်ဦးတည်ရာကနေ ဂွေးကုန်းရွာထဲ ဝင်ပြီးထပ်မံ မီးရှို့ခဲ့တယ်"လို့ဆိုပါတယ်။
အကြမ်းဖက် စစ်တပ်ဟာ ခင်ဦးနယ်ထဲ သတင်းရရှိ၍ စစ်ကြောင်းထိုး မီးရှိူ့နေကာ အရပ်သားများကို ပစ်မှတ်ထားတိုက်ခိုက်နေတယ်လို့သတင်းရရှိပါတယ်။
========================
📌📌 ၈။ လက်နက်ယူဆောင်၍ CDM ပြုလုပ်လာသော တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင်များအား ဆုငွေ သိန်း (၃၀) မှ သိန်း (၅၀) အထိ ဂုဏ်ပြုချီးမြှင့်သွားမယ်လို့ Myingyan Black Tiger က ဖိတ်ခေါ်ကမ်းလှမ်း
စက်တင်ဘာ ၂၂ ရက်မှာ Myingyan Black Tiger ကအခုလိုအသိပေးဆိုလိုက်ပါတယ်။
"မြန်မာနိုင်ငံမှာ အာဏာသိမ်း စစ်ခေါင်းဆောင်၏ လက်အောက်၌ အကြောင်းအမျိုးမျိုးကြောင့် တာဝန်ထမ်းဆောင်လျှက်ရှိသော တပ်မတော်သားများနှင့် ပြည်သူ့ရဲတပ်သားများအနေဖြင့် အမှန်တရားကို ရှေးပြုပြီး ပြည်သူလူထုအပေါ် သစ္စာပြု၍ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အဖွဲ့များထံသို့ အမြန်ဆုံး အလင်းဝင်ရန် အသိပေးနှိုးဆော်အပ်ပါတယ်"လို့ ဆိုပါတယ်။
Myingyan Black Tiger (MBT) အနေဖြင့်လည်း ပြည်သူထံ အလင်းဝင်၍ CDM ပြုလုပ်လာသော တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင်များအား နွေးထွေးစွာ ကြိုဆိုသွားမယ်လို့ဆိုပြီး လက်နက်ယူဆောင်၍ CDM ပြုလုပ်လာသော တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင်များအား ဆုငွေ သိန်း (၃၀) မှ သိန်း (၅၀) အထိ ဂုဏ်ပြုချီးမြှင့်သွားမယ်လို့ဆိုပါတယ်။
========================
📌📌 ၉။ အချက်အလက် မှန်ကန်ပြီး Level 2 အထိ မြှင့်ထားတဲ့ K-Pay အကောင့်များလည်း စစ်ကောင်စီရဲ့ ဗဟိုဘဏ် အမိန့်နဲ့ပိတ်ခံထားရပြီး ပြည်သူ့ငွေများကို ပေါ်တင်ဓားမြတိုက်ယူနေတယ်လို့ဆို
စက်တင်ဘာ ၂၃ ရက်နေ့တွင် မေးမြန်းစုံစမ်းခဲ့ရာ ရန်ကုန်မြို့ရှိ K pay အကောင့်ပိတ်ခံရသူ အများအပြားရှိပြီး အကောင့်ထဲရှိ ငွေသားများပါ နစ်နာဆုံးရှုံးနိုင်ဖွယ်ရှိတယ်လို့ ပြောပါတယ်။
"သူတို့ ထုတ်ပြန်သလို အချက်အလက်အပြည့်အစုံထည့် အဆင့်မြှင့်ပါဆိုလို့မြှင့်လိုက်တယ်။ဒါကိုတောင် ပြန်လည်းစစ်ကြည့်ရော ပိတ်ချပစ်လိုက်တယ်။တော်တော်လေးကို ယုတ်မာရိုင်းစိုင်းတယ်လို့ပြောရမယ်။ ကျမတို့ပြည်သူတွေရဲ့ ငွေတွေကိုပေါ်တင်ဓားမြတိုက်ယူနေတာပဲ"လို့ ဆိုပါတယ်။
ဖုန်းနံပါတ်၊ မှတ်ပုံတင်၊ နာမည် စတဲ့ အချက်အလက်အမှန်နဲ့ မှတ်ပုံတင်ထားပြီး Level 2 အထိအဆင့်မြင့်ရန် သတိပေးချက်များထွက်ပေါ်လာပြီးနောက် ယခုကဲ့သို့ K payအကောင့်များကို ပိတ်ပစ်လိုက်ကာ အကောင့်ထဲရှိငွေသားများ ပြန်လည်ထုတ်ယူမရဖြစ်နေကြတာဖြစ်ပါတယ်။
========================
📌📌 ၁၀။ Click2 donate ကလစ်တဲ့လူဦးရေ သုံးထောင့်နှစ်ရာကျော်တိုးလာကာ အရင်ကထက် ၈ သိန်းနဲ့ ၁၅ သိန်းကြားဝင်ငွေတိုးလာတယ်လို့အသိပေး
စက်တင်ဘာ ၂၂ ရက်မှာ Click2donate ကကလစ်တဲ့လူဦးရေတိုးလာတဲ့အကြောင်းကို ဆိုထားပါတယ်။
"မနေ့ကပို့စ်လေးမှာ လူပေါင်း ဆယ်နှစ်သိန်းကျော် ပိုစ်ကိုမြင်သွားခဲ့ပါတယ်ခင်ဗျာ ကလစ်တဲ့လူဦးရေကတော့ သုံးထောင့်နှစ်ရာကျော်တိုးလာပါတယ်။ပိုက်ဆံရငွေကလဲ အရင်ထက် ၈ သိန်း နဲ့ ၁၅ သိန်းကြားတိုးလာပါတယ်။ ကလစ်လုပ်တယ်ဆိုတာ အင်မတန်လုံခြုံတဲ့ ထောက်ပိုလုပ်ငန်းလေးပါ။ဝိုင်ဖိုင်ရှိသူတိုင်း ပါဝင်နိုင်မယ့် လွယ်ကူရိုးရှင်းတဲ့ အလုပ်လေးပါ"လို့ ဆိုပါတယ်။
Click2donate ဟာ ပြည်သူလူထုများ နေ့စဥ်ပုံမှန်ကလစ်၍ ရရှိဝင်ငွေများမှ တော်လှန်ရေးအင်အားစုများကိုထောက်ပို့တဲ့လုပ်ငန်းလည်းဖြစ်ပါတယ်။ လူတသိန်းနေ့စဉ်ကလစ်ပါက တလကိုသိန်းတစ်သောင်းကျော် ထောက်ပံ့နိုင်မှာလည်းဖြစ်ပါတယ်။
အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment