၂၀၂၂ နိုဝင်ဘာလ ၁၄ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ အာရှလစ်ဘရယ်နှင့် ဒီမိုကရက်များကောင်စီ (CALD) ၏ အထွေထွေညီလာခံမှာပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာ တက်ရောက်မိန့်ခွန်းပြောကြား
📌 ၂။ မြို့ပြတော်လှန်ရေးသမားလူငယ်တွေရဲ့ လုံခြုံရေးနဲ့ ထောက်ပံ့ကူညီမှုကို ပြုလုပ်ပေးကြရန်ပြည်သူလူထုကိုအမျိုးသမီး၊လူငယ်နဲ့ ကလေးသူငယ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး တိုက်တွန်းပြောကြား
📌 ၃။ ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ မြို့နယ်များမှာ ဆန် တစ်အိတ်လျှင် ၃၅,၀၀၀ ကျပ်မှ ၈၅,၀၀၀ ကျပ်အထိဖြစ်လာ
📌 ၄။ ကြားကာလဖက်ဒရယ်သူနာပြုနှင့်သားဖွားကောင်စီက သူနာပြုနှင့်သားဖွားလိုင်စင်များထုတ်ပေးနေ
📌 ၅။ ဒေါင်းလုလင် - LPDF မှ စကစကိုတိုက်ထုတ်ရန် ရှော့ဒုံးများကို နေ့စဉ်နှင့်အမျှဆက်လက်ထုတ်လုပ်နေတယ်လို့အသိပေး
📌 ၆။ ဂျပန်နိုင်ငံ စုဂမိုဘူတာရှေတွင် ကောက်ခံရရှိသောအလှူငွေများကို ကရင်နီစစ်ဘေးရှောင်များအတွက် အနွေးထည်နဲ့စောင်များ ပေးပို့မယ်
📌 ၇။ တောင်ပိုင်းကယ်လိဖိုးနီယားမိသားစုရဲ့နိုဝင်ဘာလ မြန်မာ့အရေးရန်ပုံငွေပွဲစျေးတန်းကျင်းပမယ်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ အာရှလစ်ဘရယ်နှင့် ဒီမိုကရက်များကောင်စီ (CALD) ၏ အထွေထွေညီလာခံမှာပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာ တက်ရောက်မိန့်ခွန်းပြောကြား
နိုဝင်ဘာ ၁၃ ရက်နေ့မှာ အာရှလစ်ဘရယ်နှင့် ဒီမိုကရက်များကောင်စီ (CALD) ၏ (၁၄) ကြိမ်မြောက် အထွေထွေညီလာခံတွင် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာက တက်ရောက်မိန့်ခွန်းပြောကြားခဲ့ပါတယ်။
"အာရှလစ်ဘရယ်နှင့် ဒီမိုကရက်များကောင်စီ (CALD) ၏ (၁၄)ကြိမ်မြောက် အထွေထွေညီလာခံတွင် မိန့်ခွန်းပြောခွင့်ရသည့်အတွက် ဂုဏ်ယူမိပါတယ်။မြန်မာနိုင်ငံရှိ ပြည်သူ ၅၄ သန်းကို လူမျိုးတုံးသတ်ဖြတ်မှု ဆက်လက်ပြုလုပ်ရန် မြန်မာနိုင်ငံရှိ စစ်ဗိုလ်ချုပ်များ လက်နက်ဖြင့် ပစ်ခတ်ခဲ့ပါတယ်။ မဟုတ်မမှန် လုပ်ကြံသတင်းများကို ဆန့်ကျင်သည့် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုနှင့် ညွန့်ပေါင်းအဖွဲ့ကို မျှော်လင့်ပါတယ်"လို့ ဝန်ကြီးကဆိုထားပါတယ်။ လက်ရှိမှာ အကြမ်းဖက် စစ်တပ်ဟာ အရပ်သားများကို နှိပ်စက်သတ်ဖြတ်ထားပြီး ၄င်းသတင်းများကို ဖုံးကွယ် လိမ်လည်ထားပါတယ်။
========================
📌📌 ၂။ မြို့ပြတော်လှန်ရေးသမားလူငယ်တွေရဲ့ လုံခြုံရေးနဲ့ ထောက်ပံ့ကူညီမှုကို ပြုလုပ်ပေးကြရန်ပြည်သူလူထုကိုအမျိုးသမီး၊လူငယ်နဲ့ ကလေးသူငယ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး တိုက်တွန်းပြောကြား
မြို့ပြတော်လှန်ရေးသမားလူငယ်တွေရဲ့ လုံခြုံရေးနဲ့ ထောက်ပံ့ကူညီမှုကို ပြုလုပ်ပေးကြရန်ပြည်သူလူထုကို နိုဝင်ဘာ၁၃ရက်နေ့မှာ အမျိုးသမီး၊လူငယ်နဲ့ ကလေးသူငယ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်အိသဉ္ဇာမောင်က တိုက်တွန်းပြောကြားလိုက်ပါတယ်။
"မြို့ပြက လူငယ်တွေရဲ့ တော်လှန်ရေး အိုင်ဒီယာနဲ့ သတ္တိကို အင်မတန် ချီးကြူးဂုဏ်ပြုရပါတယ်။ထို့အတူ မြို့ပြတော်လှန်ရေး လူငယ်များရဲ့ လုံခြုံရေးနဲ့ ထောက်ပံ့ကူညီမှုများအတွက် မိဘပြည်သူများအနေနဲ့ အထူးပါဝင်ပူးပေါင်း ကူညီပေးဖို့အတွက် ကျမအနေနဲ့ အထူး မေတ္တာရပ်ခံပါတယ်။ ဒီ မြို့ပြတော်လှန်ရေးသမားလူငယ်တွေက အန္တရာယ်အရှိဆုံးနေရာကနေ တော်လှန်ရေး သွေးမအေးဖို့ ပါဝင်ပေးကြနေရတာပါ။ ထိုလူငယ်တွေကို ကူညီပေးပါ၊ ထောက်ပံ့ပေးပါလို့မေတ္တာရပ်ခံပါတယ်"လို့ဆိုပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်အာဏာသိမ်းချိန်မှစတင်၍ ယနေ့အချိန်အထိ စစ်အာဏာရှင် ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုများဟာ မြို့ကြီးများမှာရှိနေဆဲ ဖြစ်ပါတယ်။
========================
📌📌 ၃။ ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ မြို့နယ်များမှာ ဆန် တစ်အိတ်လျှင် ၃၅,၀၀၀ ကျပ်မှ ၈၅,၀၀၀ ကျပ်အထိဖြစ်လာ
အကြမ်းဖက် စစ်တပ်က ပိတ်ဆို့ထားတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ မြို့နယ်များမှာ ဆန် တစ်အိတ် ၃၅၀၀၀ ကျပ်မှ ၈၅၀၀၀ ကျပ်အထိ ဈေးနှုန်းမြင့်တက်လာကြောင်းကို နိုဝင်ဘာ၁၄ရက်နေ့မှာ NUG လူ့အခွင့်ရေးရာဝန်ကြီးဌာန အကြံပေး ဦးအောင်ကျော်မိုးက အတည်ပြုဆိုပါတယ်။
"လူသားချင်းစာနာထောက်ထားမှုအကူအညီ အပါအဝင် ကုန်ပစ္စည်းစီးဆင်းမှုကွင်းဆက်တစ်ခုလုံးကို စစ်တပ်က ပိတ်ဆို့ထားတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ မြို့နယ်များမှာ ကုန်စျေးနှုန်း၂၀၀ ရာခိုင်နှုန်းကျော် တက်လာပါတဉ်။ ဥပမာ ဆန် တစ်အိတ် ၅၀ ကီလိုဂရမ် ကို ၃၅၀၀၀ ကျပ်ကနေ ယခု ၈၅၀၀၀ ကျပ်ဖြစ်လာပါတယ်။ ရခိုင်ပြည်နယ်ရှိ အရပ်သားပြည်သူများက အကူအညီ အထောက်အပံ့များစွာ လိုအပ်လျက်ရှိပါတယ်"လို့ဆိုပါတယ်။
ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက် စစ်တပ်ရဲ့ မြေပြင် ဝေဟင် စစ်ဆင်ရေးကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ အရပ်သား သိန်းနဲ့ချီရှိလာပါတယ်။ ဒါ့အပြင် စစ်ဘေးရှောင်စခန်းများသို့ လူသားချင်းစာနာတဲ့အကူအညီ အထောက်အပံ့များပေးပို့ရန်အတွက် သွားရောက်မယ့်အဖွဲ့အစည်းများကိုလည်း အကြမ်းဖက် စစ်တပ်က ကန့်သတ်ပိတ်ပင်ထားပါတယ်။
========================
📌📌 ၄။ ကြားကာလဖက်ဒရယ်သူနာပြုနှင့်သားဖွားကောင်စီက သူနာပြုနှင့်သားဖွားလိုင်စင်များထုတ်ပေးနေ
ကြားကာလဖက်ဒရယ်သူနာပြုနှင့်သားဖွားကောင်စီက သူနာပြုနှင့်သားဖွားလိုင်စင်များထုတ်ပေးနေတယ်လို့သတင်းရရှိပါတယ်။ နိုဝင်ဘာ ၁၃ ရက်နေ့မှာ ကြားကာလဖက်ဒရယ်သူနာပြုနှင့်သားဖွားကောင်စီကအသိပေးဆိုပါတယ်။
"ကြားကာလဖက်ဒရယ်သူနာပြုနှင့်သားဖွားကောင်စီ သို့ လိုင်စင်လျှောက်ထားလာသော သူနာပြု၊သားဖွားများအနက် အချက်အလက်များကို စီစစ်ပြီး ပြည့်စုံမှုရှိသူများအား သူနာပြုနှင့်သားဖွားလိုင်စင်များကို Email ဖြင့် ပေးပို့လျက်ရှိပါတယ်"လို့ ဆိုပါတယ်။
သို့ဖြစ်ပါ၍သူနာပြု ဆရာ/ဆရာမ များမှ Email များကို စစ်ဆေးကြည့်ပါရန်နှင့် အသေးစိတ်သိရှိလိုပါက IFNMC telegram account - @fnmcmyanmar သို့ ဆက်သွယ်မေးမြန်းနိုင်တယ်လို့သတင်းရရှိပါတယ်။
========================
📌📌 ၅။ ဒေါင်းလုလင် - LPDF မှ စကစကိုတိုက်ထုတ်ရန် ရှော့ဒုံးများကို နေ့စဉ်နှင့်အမျှဆက်လက်ထုတ်လုပ်နေတယ်လို့အသိပေး
ဒေါင်းလုလင် - LPDF မှ စကစကိုတိုက်ထုတ်ရန် ရှော့ဒုံးများကို နေ့စဉ်နှင့်အမျှဆက်လက်ထုတ်လုပ်နေတယ်လို့ နိုဝင်ဘာ ၁၄ ရက်နေ့မှာ ဒေါင်းလုလင် - LPDF မှ ရှော့ဒုံးများနဲ့ပတ်သက်လို့ဆိုပါတယ်။
" ဒေါင်းလုလင် - LPDF သည် မိဘများပြည်သူများ၏ထောက်ပို့ငွေများကိုအလေအလွင့်မရှိ သုံးစွဲလျှက်ရှိပါတယ်။ ကျွန်တော်တို့ရဲဘော်များကလည်း စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ရန် နေ့စဉ်ရက်ဆက်ကြိုးပမ်းနေကြပါတယ်။ဒေါင်းလုလင် - LPDF မှ စကစကိုတိုက်ထုတ်ရန် ရှော့ဒုံးများကို နေ့စဉ်နှင့်အမျှဆက်လက်ထုတ်လုပ်နေပါတယ်"လို့ဆိုပါတယ်။ ဒေါင်းလုလင် -LPDF ဟာ စစ်အုပ်စုကို ခုခံတွန်းလှန်နေတဲ့ တော်လှန်ရေးအင်အားစုလည်းဖြစ်ပါတယ်။
========================
📌📌 ၆။ ဂျပန်နိုင်ငံ စုဂမိုဘူတာရှေတွင် ကောက်ခံရရှိသောအလှူငွေများကို ကရင်နီစစ်ဘေးရှောင်များအတွက် အနွေးထည်နဲ့စောင်များ ပေးပို့မယ်
ဂျပန်နိုင်ငံ စုဂမိုဘူတာရှေ့တွင် ကောက်ခံရရှိသောအလှူငွေ ယန်း ၅၀၀၀၀ ကို ကရင်နီစစ်ဘေးရှောင်များအတွက် အနွေးထည်နဲ့စောင်များ ပေးပို့မယ်လို့ နိုဝင်ဘာ ၁၄ ရက်နေ့မှာ GenY For Revolution - Japan ကအသိပေးဆိုပါတယ်။
နိုဝင်ဘာ ၁၃ ရက်စုဂမိုဘူတာရှေ့တွင် ၂ နာရီနီးပါးအလှူခံခဲ့ရာ အလှူခံငွေ ¥၅၀,၀၀၀ ကောက်ခံရရှိခဲ့ပါတယ်။ ကောက်ခံရရှိငွေကို ကရင်နီစစ်ဘေးရှောင်များအတွက် အနွေးထည်များ၊ စောင်များ ပေးပို့လှုဒါန်းသွားပါမယ်"လို့ဆိုပါတယ်။ မိုးထဲ လေထဲလာရောက်ကူညီကျသော volunteers, GenY အဖွဲ့ဝင်များအချိုရည်ပေးသော အလှူရှင်နှင့် RTM အဖွဲ့ကိုလည်းကျေးဇူးတင်ရှိတယ်လို့ဆိုထားပါတယ်။
========================
📌📌 ၇။ တောင်ပိုင်းကယ်လိဖိုးနီယားမိသားစုရဲ့နိုဝင်ဘာလ မြန်မာ့အရေးရန်ပုံငွေပွဲစျေးတန်းကျင်းပမယ်
အမေရိကန်နိုင်ငံ တောင်ပိုင်းကယ်လိဖိုးနီယားမိသားစုရဲ့ နိုဝင်ဘာလ မြန်မာ့အရေးရန်ပုံငွေပွဲစျေးတန်းကျင်းပမယ်လို့ နိုဝင်ဘာ ၁၄ ရက်နေ့မှာ LA NUG Supporters ကအသိပေးဖော်ပြပါတယ်။
"တောင်ပိုင်းကယ်လိဖိုးနီယားမိသားစုရဲ့နိုဝင်ဘာလ မြန်မာ့အရေးရန်ပုံငွေပွဲစျေးတန်းကိုနိုဝင်ဘာ၂၀ ရက်နေ့ ကျင်းပပါမယ်။ LA နဲ့ အနီးတဝိုက်က ချစ်ခင်ရသူ အပေါင်းကို လှိုက်လှဲစွာ ဖိတ်ခေါ်အပ်ပါတယ်။ အချိန်တို ၂ ပါတ် ဖိတ်ခေါ်မှု အတွင်း ပါဝင်အားဖြည့်သူ ၄၈ ဦး တို့ရဲ့ စေတနာ၊ ချက်ပြုတ် ကြော်လှော်စွမ်းအားတွေနဲ့၊ အစားအစာ၊ အသုံးအဆောင် ပစ္စည်း ၇၇ မျိုး နဲ့၊ ပြည်တွင်း က သားချင်းများထံ မေတ္တာတွေ၊ စာနာမှုတွေ အတူ ပို့ဆောင်ပေးကြရအောင်" လို့ဆိုထားပါတယ်။ ဒါ့အပြင် ကျဆုံးသူရဲကောင်းများ ကိုကျေးဇူးတင် ဂုဏ်ပြုတဲ့ ငွေတိုက်စာချုပ်တွေဝယ်ယူအားပေးနိုင်ပြီး(PRF membership)အဖြစ်လည်း ထောက်ပို့ ကူညီလို့ရမှာဖြစ်ပါတယ်။
အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUGသတင်းထောက် မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment