၂၀၂၂ နိုဝင်ဘာလ ၁၄ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ စစ်တပ်အာဏာသိမ်းယူခဲ့ပြီးနောက်သဘာဝသယံဇာတများအား လက်လွတ်စပယ် ထုတ်ယူသုံးစွဲမှု အလွန်များပြားလာပြီး သဘာဝပတ်ဝန်းကျင်ကို သိသိသာသာ ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်လာခဲ့တယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလပြောကြား
📌 ၂။ အာဏာရှင်ဆန့်ကျင်ရေးစာတန်းများ ရေးဆွဲထားသော ထမီ၊ ပုဆိုးများဝတ်ဆင်ကာ ဆန္ဒပြခဲ့တဲ့ လူငယ်များသတ္တိကို လေးစားဖို့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ပြောကြား
📌 ၃။ အထူးအုပ်ချုပ်ရေးဒေသကနေ တိုးချဲ့မှုများကို ဆောင်ရွက်နေပြီဖြစ်၍ သက်ဆိုင်ရာလုံခြုံရေး တာဝန်ယူဆောင်ရွက်နေသူများ လုံခြုံအထူးဂရုပြုရန် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးပြောကြား
📌 ၄။ စစ်ကောင်စီ၏အကြမ်းဖက် မှုလုပ်ရပ်များအား မှတ်တမ်းအထောက်အထားများနှင့် တကွ ပေးပို့အကြောင်းကြားနိုင်တယ်လို့ တရားရေးဝန်ကြီးဌာနထုတ်ပြန်
📌 ၅။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာဟိန္ဒူအစည်းအရုံး (Myanmar Hindu Union) တို့တွေ့ဆုံ
📌 ၆။ ပညာရေးကော်မတီရန်ကုန်တိုင်းလွှတ်တော် ကိုယ်စားပြုကော်မတီ (CRYH) ၏ ချိတ်ဆက် ကူညီထောက်ပံ့ပေးမှုနဲ့ကျန်းမာရေးအရေးပေါ် အကူအညီလိုအပ်နေသော CDM ပညာရေးဝန်ထမ်း ဆရာဆရာမ(၁၀)ဦးကို တစ်ဦးလျှင် တစ်သိန်းကျပ်နှုန်းဖြင့်ထောက်ပံ့ချီးမြှင့်
📌 ၇။ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) မှ အပတ်စဥ် (၅) အတွက် သင်တန်းသားသစ်များခေါ်ယူ
📌 ၈။ ထိုင်းနိုင်ငံ၊ တာခ့်ခရိုင် ကယ်ဖယ်ဖစ်တွင် အထောက်ထားမဲ့ မြန်မာအလုပ်သမားများ ကားတိမ်းမှောက်သေဆုံးမှုအတွက် အာမခံအကျိုးခံစားခွင့် ဘတ် (၂) သန်းကျော် အပြည့်အဝ ရရှိအောင် ကူညီဆောင်ရွက်ပေးနိုင်ခဲ့
📌 ၉။ တက္ကဆက်ပြည်နယ်အနှံ့မှလာရောက်အားပေးတဲ့ မိုးခါးရေရုပ်ရှင်ပြပွဲမှ စုစုပေါင်း ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၉၅၀၀ ကျော်ရရှိ
📌 ၁၀။ သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့မှာ နိုဝင်ဘာလ ၂၀ ရက်နေ့မှာစစ်ကိုင်းတိုင်း အတွက် ရံပုံငွေ ဈေးရောင်းပွဲတော် ကျင်းပမယ်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ စစ်တပ်အာဏာသိမ်းယူခဲ့ပြီးနောက်သဘာဝသယံဇာတများအား လက်လွတ်စပယ် ထုတ်ယူသုံးစွဲမှု အလွန်များပြားလာပြီး သဘာဝပတ်ဝန်းကျင်ကို သိသိသာသာ ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်လာခဲ့တယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလပြောကြား
စစ်တပ်အာဏာသိမ်းယူခဲ့ပြီးနောက်သဘာဝသယံဇာတများအား လက်လွတ်စပယ် ထုတ်ယူသုံးစွဲမှု အလွန်များပြားလာပြီး သဘာဝပတ်ဝန်းကျင်ကို သိသိသာသာ ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်လာခဲ့တယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလပြောကြားလိုက်ပါတယ်။
အီဂျစ်နိုင်ငံ၊ Sharm El-Sheikh မြို့တွင် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၆) ရက်နေ့မှ (၁၈) ရက်နေ့အထိ ကျင်းပလျက်ရှိသည့် ကုလသမဂ္ဂရာသီဥတုပြောင်းလဲမှုဆိုင်ရာမူဘောင်ကွန်ဗင်းရှင်း (UNFCCC) အဖွဲ့ဝင်နိုင်ငံများ၏ (၂၇) ကြိမ်မြောက် အစည်းအဝေး (COP27) သို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလမှပေးပို့တဲ့ သဝဏ်လွှာထဲမှာဆိုထားပါတယ်။
"မြန်မာနိုင်ငံသည် သဘာဝသယံဇာတများ ပေါကြွယ်ဝသည့် နိုင်ငံဖြစ်သော်လည်း ဖွံ့ဖြိုးတိုးတက်မှု အနည်းဆုံးနိုင်ငံဖြစ်သည့်အပြင် ရာသီဥတုပြောင်းလဲမှုနှင့် ဂေဟစနစ် ပျက်စီးမှုများကို ကာကွယ်ထိန်းချုပ်နိုင်စွမ်း အကန့်အသတ်သာ ရှိသည့်အတွက် သဘာဝသယံဇာတများ ထိခိုက်ပျက်စီးဆုံးရှုံးမှု အမြင့်မားဆုံး နိုင်ငံများထဲတွင် ပါဝင်နေပါကြောင်း၊ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့ စစ်ကောင်စီ၏ အဓမ္မအာဏာသိမ်းယူခဲ့သည့် အချိန်မှစပြီး တရားဥပဒေစိုးမိုးမှု မရှိသည့်အတွက် သဘာဝသယံဇာတများအား လက်လွတ်စပယ် ထုတ်ယူသုံးစွဲမှုမှာ အလွန်များပြားလာပြီး သဘာဝပတ်ဝန်းကျင်ကို သိသိသာသာ ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်လာခဲ့ရ ကြောင်း"ယာယီ သမ္မတ ကဆိုပါတယ်။
ဒါ့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအနေဖြင့် UNFCCC ကွန်ဗင်းရှင်းသို့ တင်ပြခဲ့သော “အမျိုးသားအဆင့် ရာသီဥတုပြောင်းလဲမှု လျှော့ချရေးနှင့် လိုက်လျောညီထွေ ရှိစေရေးဆိုင်ရာ အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ် (Nationally Determined Contributions – NDC)” ကို အကောင်အထည်ဖော်နိုင်ရန် စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိတယ်လို့လည်း ယာယီ သမ္မတ ကဆိုထားပါတယ်။
========================
📌📌 ၂။ အာဏာရှင်ဆန့်ကျင်ရေးစာတန်းများ ရေးဆွဲထားသော ထမီ၊ ပုဆိုးများဝတ်ဆင်ကာ ဆန္ဒပြခဲ့တဲ့ လူငယ်များသတ္တိကို လေးစားဖို့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ပြောကြား
အာဏာရှင်ဆန့်ကျင်ရေးစာတန်းများ ရေးဆွဲထားသော ထမီ၊ ပုဆိုးများဝတ်ဆင်ကာ ဆန္ဒပြခဲ့တဲ့ လူငယ်များသတ္တိကို လေးစားဖို့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ပြောကြားလိုက်ပါတယ်။ နိုဝင်ဘာ ၁၃ ရက် Twitter မှာ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ကရေးသားပြောဆိုခဲ့ပါတယ်။
"ရန်ကုန်မြို့တွင် လုံခြုံရေး တင်းတင်းကျပ်ကျပ် ချထားစဉ်အတွင်း “အာဏာရှင်စနစ် ဆန့်ကျင်ရေး ကြွေးကြော်သံများ” ရေးခြယ်ထားသော မြန်မာလုံချည်ကြီး၀တ်ဆင်ကာ လူထုဆန္ဒပြပွဲများ ပြုလုပ်ခဲ့ပါတယ်။ သူတို့ရဲ့ သတ္တိကို လေးစားပါ"လို့ ဆိုပါတယ်။
နိုဝင်ဘာ ၁၃ ရက် ရန်ကုန်မြို့ရှိ နေရာအနှံ့အပြားတွင် အာဏာရှင်ဆန့်ကျင်ရေးစာတန်းများ ရေးဆွဲထားသော ထမီ၊ ပုဆိုးများဝတ်ဆင်ကာ ဆန္ဒပြလှုံ့ဆော်မှုကို လူငယ်များက ဦးဆောင်လှုပ်ရှားခဲ့ပါတယ်။ ဤလှုပ်ရှားမှုကို Yangon Revolution Force - YRF ၏ Soft Strike Community မှ လူငယ်ရဲဘော်များ အသက်စွန့် ကြိုးပမ်းခဲ့ကြခြင်းပင်ဖြစ်ပါတယ်။
========================
📌📌 ၃။ အထူးအုပ်ချုပ်ရေးဒေသကနေ တိုးချဲ့မှုများကို ဆောင်ရွက်နေပြီဖြစ်၍ သက်ဆိုင်ရာလုံခြုံရေး တာဝန်ယူဆောင်ရွက်နေသူများ လုံခြုံအထူးဂရုပြုရန် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးပြောကြား
အထူးအုပ်ချုပ်ရေးဒေသကနေ တိုးချဲ့မှုများကို ဆောင်ရွက်နေပြီဖြစ်၍ သက်ဆိုင်ရာလုံခြုံရေး တာဝန်ယူဆောင်ရွက်နေသူများ လုံခြုံအထူးဂရုပြုရန် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးပြောကြားလိုက်ပါတယ်။
နိုဝင်ဘာလ ၁၃ ရက်အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ နှင့် အထူးအုပ်ချုပ်ရေးဒေသ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေးမှာ လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကဆိုခဲ့ပါတယ်။
"အထူးအုပ်ချုပ်ရေးဒေသကနေ တိုးချဲ့မှုများကို ဆောင်ရွက်နေပြီဖြစ်၍ သက်ဆိုင်ရာလုံခြုံရေး တာဝန်ယူဆောင်ရွက်နေသူများ အနေဖြင့် လုံခြုံအထူးဂရုပြုရန်လိုအပ်ပြီး ကြိုးစားဆောင်ရွက်လျက် ရှိသည်ကိုလည်း သိရကြောင်း၊ မြေပြင်ရှိ ဆောင်ရွက်နေသူများအားလုံးတွေ့ဆုံပွဲဖြစ်၍ မြေပြင်ရှိ အခက်အခဲများကို ဆွေးနွေးပြောကြားရန်နှင့် သက်ဆိုင်ရာဝန်ကြီးဌာနများမှလည်း သတင်းအချက်အလက်များကို ဖြေရှင်းဆောင်ရွက်သွားရန်ဖြစ်ကြောင်း၊ တော်လှန်ရေးအရှိန်မြင့်လာသည်နှင့်အမျှ အထူးသတိပြု၍ အဘက်ဘက်က ဆောင်ရွက်ကြရန်ဖြစ်ပါကြောင်း"ဝန်ကြီးကဆိုခဲ့ပါတယ်။ ထို့နောက်တက်ရောက်လာကြသော ဒုဝန်ကြီးများမှ အမှာစကားများပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီးအထူးအုပ်ချုပ်ရေးဒေသအတွင်း ဘဏ္ဍာရေး၊ လျှပ်စစ်၊ ဆက်သွယ်ရေး၊ အခွန် ကောက်ခံမှု၊ ကာကွယ်ရေး၊ ကျန်းမာရေး၊ ပညာရေး၊ တရားစီရင်ရေး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအပါအဝင် ကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်ထားရှိမှုများကို ဌာနဆိုင်ရာများမှ ရှင်းလင်း ဆွေးနွေးခဲ့ပြီး အထူးအုပ်ချုပ်ရေးဒေသ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များမှ မြေပြင်ကြုံတွေ့နေရသည့် အခက်အခဲများနှင့် သိရှိလိုသည်များကို အပြန်အလှန် ဆွေးနွေးခဲ့ကြပါတယ်။
အစည်းအဝေးကို အထူးအုပ်ချုပ်ရေးဒေသမှ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင်များ၊ အဖွဲ့ဝင် များနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြား ရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ တက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၄။ စစ်ကောင်စီ၏အကြမ်းဖက် မှုလုပ်ရပ်များအား မှတ်တမ်းအထောက်အထားများနှင့် တကွ ပေးပို့အကြောင်းကြားနိုင်တယ်လို့ တရားရေးဝန်ကြီးဌာနထုတ်ပြန်
စစ်ကောင်စီ၏အကြမ်းဖက် မှုလုပ်ရပ်များအား မှတ်တမ်းအထောက်အထားများနှင့် တကွ ပေးပို့အကြောင်းကြားနိုင်တယ်လို့ NUGတရားရေးဝန်ကြီးဌာနထုတ်ပြန်လိုက်ပါတယ်။ နိုဝင်ဘာလ (၁၃) ရက်တရားရေးဝန်ကြီးဌာနတရားဥပဒေစိုးမိုးရေးနှင့်အသွင်ကူးပြောင်းရေးကာလတရားမျှတမှုဆိုင်ရာဦးစီးဌာနကအတိအလင်းကြေညာခဲ့ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ တရားရေးဝန်ကြီးဌာန၊ တရားဥပဒေစိုးမိုးရေးနှင့် အသွင်ကူးပြောင်းရေး ကာလတရားမျှတမှုဆိုင်ရာဦးစီးဌာနအနေဖြင့် ကြားကာလအတွင်း တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုဆိုင်ရာ လုပ်ငန်းစဉ်များကို ကြိုးပမ်းအားထုတ် ဆောင်ရွက်လျက်ရှိပါတယ်။
ဦးစီးဌာန၏လုပ်ငန်းစဉ်များဖြစ်သော စစ်ကောင်စီ၏အကြမ်းဖက်မှုများစစ်တမ်းကောက်ယူခြင်း၊ စစ်ဘက် ဆိုင်ရာဥပဒေ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆိုင်ရာဥပဒေများ၊ စစ်ဘက်ဆိုင်ရာအမှုများနှင့်စပ်လျဉ်းသည့် လုပ်ငန်း စဉ်တွင်ပူးပေါင်းထောက်ကူခြင်း၊ ဥပဒေအသိပညာပေးခြင်း၊ တရားဥပဒေစိုးမိုးရေးလုပ်ငန်းစဉ်များနှင့် ပြည်သူတို့၏ နစ်နာမှုများအား အကာအကွယ်ပေးခြင်း၊ ပြန်လည်ကုစားပေးခြင်းတို့ကို ဖော်ဆောင်ကြရမှာဖြစ်ပါတယ်။
ပြည်သူများအနေဖြင့် မိမိတို့နယ်မြေဒေသများအတွင်း ဖြစ်ပွားလျက်ရှိသော စစ်ကောင်စီ၏အကြမ်းဖက် မှုလုပ်ရပ်များအားလည်းကောင်း၊ လက်နက်ကိုင်အစုအဖွဲ့များ၏ မတော်မတရားပြုကျင့်မှုများအားလည်းကောင်း၊ ထိခိုက်နစ်နာမှုများ၊ ဆုံးရှုံးမှုများအားလည်းကောင်း၊ ဖြစ်စဉ်အကျိုးအကြောင်း မှတ်တမ်းအထောက်အထားများနှင့် တကွ ယုံကြည်စိတ်ချစွာဖြင့် ပေးပို့အကြောင်းကြားခြင်းဖြင့် ပူးပေါင်းပါဝင်ပေးကြစေလိုပါတယ်လို့ဖော်ပြပါတယ်။
ပေးပို့သူများ၏ သတင်းအချက်အလက်လုံခြုံမှုကို အထူးအလေးထား ဆောင်ရွက်သွားကြမည်ဖြစ်ပြီး ဆက်သွယ်ပေးပို့ရန် အီးမေးလ်လိပ်စာမှာ roltjd@moj.nugmyanmar.org၊၊ tintunthein@moj.nugmyanmar.org Signal, Telegram, Viber: +66 94 882 0642တို့ဖြစ်ပါတယ်။
========================
📌📌 ၅။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာဟိန္ဒူအစည်းအရုံး (Myanmar Hindu Union) တို့တွေ့ဆုံ
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာဟိန္ဒူအစည်းအရုံး (Myanmar Hindu Union) တို့တွေ့ဆုံခဲ့တယ်လို့သတင်းရရှိပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနဟာ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက် စစ်အာဏာရှင်ဆန့်ကျင်ရေးဆောင်ရွက်လျက်ရှိသော မြန်မာဟိန္ဒူအစည်းအရုံး (MHU) နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
ဆွေးနွေးပွဲမှာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန (MOC) မှ ပြည်ထောင်စုဝန်ကြီး ဒေါ်ခင်မမမျိုး၊ အတွင်းဝန်များနှင့် ဌာနအသီးသီးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များ ရှင်းလင်းပြောကြားခဲ့ပါတယ်။
ဆက်လက်၍ မြန်မာဟိန္ဒူအစည်းအရုံး (MHU) ၏တာဝန်ရှိသူများနှင့် နိုင်ငံအသီးသီးမှတက်ရောက်လာသော အစည်းအရုံးအဖွဲ့ဝင်များက ဝန်ကြီးဌာန၏ ဆောင်ရွက်ချက်များအပေါ် အကြံပြုဆွေးနွေးခဲ့ကြပါတယ်။ တော်လှန်ရေးအောင်မြင်မှုအတွက် MOC ၏ စီးပွားရေးကဏ္ဍအတွက် အကောင်အထည်ဖော်ဆောင်ရွက်မှုများတွင် ဆက်လက်အားဖြည့်ကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း တင်ပြဆွေးနွေးခဲ့ကြတယ်လို့သတင်းရရှိပါတယ်။
========================
📌📌 ၆။ ပညာရေးကော်မတီရန်ကုန်တိုင်းလွှတ်တော် ကိုယ်စားပြုကော်မတီ (CRYH) ၏ ချိတ်ဆက် ကူညီထောက်ပံ့ပေးမှုနဲ့ကျန်းမာရေးအရေးပေါ် အကူအညီလိုအပ်နေသော CDM ပညာရေးဝန်ထမ်း ဆရာဆရာမ(၁၀)ဦးကို တစ်ဦးလျှင် တစ်သိန်းကျပ်နှုန်းဖြင့်ထောက်ပံ့ချီးမြှင့်
ပညာရေးကော်မတီရန်ကုန်တိုင်းလွှတ်တော် ကိုယ်စားပြုကော်မတီ (CRYH) ၏ ချိတ်ဆက် ကူညီထောက်ပံ့ပေးမှုနဲ့ကျန်းမာရေးအရေးပေါ် အကူအညီလိုအပ်နေသော CDM ပညာရေးဝန်ထမ်း ဆရာဆရာမ (၁၀) ဦးကို တစ်ဦးလျှင် တစ်သိန်းကျပ်နှုန်းဖြင့်ထောက်ပံ့ချီးမြှင့်ခဲ့ပါတယ်။ နိုဝင်ဘာ ၁၃ ရက်နေ့မှာ CDM ပညာရေးဝန်ထမ်းတစ်ဦးကအတည်ပြုဆိုထားပါတယ်။
"ရန်ကုန်တိုင်းတွင်းရှိမြို့နယ်များမှ ကျန်းမာရေးအရေးပေါ် အကူအညီလိုအပ်နေသော CDM ပညာရေးဝန်ထမ်း ဆရာဆရာမ (၁၀) ဦးကို တစ်ဦးလျှင် တစ်သိန်းကျပ်နှုန်းဖြင့် ၁၀၀၀ ၀၀၀ (ဆယ်သိန်းကျပ်တိတိ) ကို မြို့နယ်ပညာရေးဘုတ်အဖွဲ့များမှ တဆင့် ထောက်ပံ့ချီးမြှင့် ပေးနိုင်ခဲ့ပါတယ်"လို့ဆိုပါတယ်။
လွန်ခဲ့တဲ့ အောက်တိုဘာလကလည်း CRYH ၏ ချိတ်ဆက်ကူညီပေးမှုဖြင့် ရန်ကုန်တိုင်းတွင်းရှိ ဖမ်းဆီးခံရတဲ့ အမျိုးသမီးပညာရေး CDM ဝန်ထမ်း (၆) ဦးအတွက် တစ်ဦးလျှင် ငါးသောင်းနှုန်းဖြင့် ၃၀၀၀၀၀ (သုံးသိန်းကျပ်) မြို့နယ်ပညာရေးဘုတ်အဖွဲ့များမှ တဆင့် ထောက်ပံ့ကူညီနိုင်ခဲ့ပါတယ်။
========================
📌📌 ၇။ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) မှ အပတ်စဥ် (၅) အတွက် သင်တန်းသားသစ်များခေါ်ယူ
ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) မှ အပတ်စဥ် (၅) အတွက် သင်တန်းသားသစ်များခေါ်ယူနေပြီဖြစ်ပါတယ်။ နိုဝင်ဘာ ၁၃ ရက်နေ့မှာ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) မှတရားဝင်အသိပေးကြေညာခဲ့ပါတယ်။ "အပတ်စဥ်(၅)အတွက် သင်တန်းသားများခေါ်ယူနေပါပြီ။ Page Messenger မှာ စုံစမ်းမေးမြန်းနိုင်ပါတယ်"လို့ဆိုထားပါတယ်။
ကာကွယ်ရေးဝန်ကြီးဌာန (MOD)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နှင့် ဗမာပြည်သူ့လွတ်မြောက်ရေး တပ်တော် (BPLA) တို့ကြား သက်ဆိုင်ရာဒေသများတွင် စစ်ရေးအရ ပူးပေါင်းဆောင်ရွက်သွားကြရန်နှင့် နိုင်ငံရေးအရ အပြန်အလှန်လေးစားမှု၊ အသိအမှတ်ပြုမှုတို့ဖြင့် အတူတကွ လက်တွဲဆောင်ရွက်သွားကြရန် အောက်တိုဘာလ (၂၆) ရက်နေ့သဘောတူညီခဲ့ကြပါတယ်။
========================
📌📌 ၈။ ထိုင်းနိုင်ငံ၊ တာခ့်ခရိုင် ကယ်ဖယ်ဖစ်တွင် အထောက်ထားမဲ့ မြန်မာအလုပ်သမားများ ကားတိမ်းမှောက်သေဆုံးမှုအတွက် အာမခံအကျိုးခံစားခွင့် ဘတ် (၂) သန်းကျော် အပြည့်အဝ ရရှိအောင် ကူညီဆောင်ရွက်ပေးနိုင်ခဲ့
ထိုင်းနိုင်ငံ၊ တာခ့်ခရိုင် ကယ်ဖယ်ဖစ်တွင် အထောက်ထားမဲ့ မြန်မာအလုပ်သမားများ ကားတိမ်းမှောက်သေဆုံးမှုအတွက် အာမခံအကျိုးခံစားခွင့် ဘတ် (၂) သန်းကျော် အပြည့်အဝ ရရှိအောင် ကူညီဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။ နိုဝင်ဘာ ၁၃ ရက်နေ့မှာ အလုပ်သမားဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
ထိုင်းနိုင်ငံ၊ တာခ့်ခရိုင် ကယ်ဖယ်ဖစ်တွင် အထောက်ထားမဲ့ မြန်မာအလုပ်သမားများ တင်ဆောင်လာသည့် ကားတိမ်းမှောက်သဖြင့် ၁၁.၁၁.၂၀၂၁ ရက်နေ့တွင် အလုပ်သမား (၃) ဦး သေဆုံးခဲ့သည့် ကိစ္စနှင့် စပ်လျဥ်း၍ ကျန်ရစ်သူမိသားစုများအား အာမခံ အကျိုးခံစားခွင့်များ အပြည့်အဝရရှိစေရန် အတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနသည် ကိုရဲမင်း တာဝန်ခံဦးဆောင်သည့် AAC မဟာမိတ်အဖွဲ့ အား တာဝန်ပေးအပ်ခဲ့ရာ ၃.၁၁.၂၀၂၂ ရက်နေ့တွင် သေဆုံးသူ အထောက်ထားမဲ့အလုပ်သမား (၂) ဦး ၏ အာမခံ အကျိုး ခံစားခွင့် တစ်ဦးလျှင် ဘတ် ၁ဝ၅၀၀၀၀ နှုန်းဖြင့် စုစုပေါင်း ဘတ် ၂၁၀၀၀၀၀ ကို ကိုရဲမင်း တာဝန်ခံဦးဆောင်သည့် AAC မဟာမိတ်အဖွဲ့မှ ကျန်ရစ်သူ မိသားစုများထံသို့ ပေးအပ်ပြီးဖြစ်ကြောင်းနှင့် ကျန်ရှိသူ တစ်ဦး၏ အာမခံအကျိုးခံစားခွင့်နှင့် ပတ်သက်ပြီး ဆက်လက်ဆောင်ရွက်လျက်ရှိတယ်လို့ဖော်ပြပါတယ်။
စစ်အာဏာသိမ်းရန်ကြိုးပမ်းမှု၏ အကျိုးဆက်အရ ဖြစ်ပေါ်လာသောဖိနှိပ်မှုများ၊ အလုပ်အကိုင်ရှားပါးမှုများ၊ မိသားစု စားဝတ်နေရေးအခက်ခဲများ၊ ကုန်ဈေးနှုန်း ကြီးလာမှုနှင့် ငွေကြေးဖောင်းပွမှုများကြောင့် ထိုင်းနိုင်ငံသို့ အလုပ်အကိုင်ရှာဖွေလုပ်ကိုင်ရန် အမျိုးမျိုးသော လမ်းကြောင်းများဖြင့် သွားရောက်ခဲ့သည့် အထောက်ထားမဲ့ မြန်မာအလုပ်သမားများ ကားတိမ်းမှောက် သေဆုံးသည့်အတွက် အာမခံ အကျိုးခံစားခွင့်များရရှိအောင် ပူးပေါင်းဆောင်ရွက်ပေးသည့် သက်ဆိုင်ရာ ထိုင်းနိုင်ငံ အစိုးရဌာနများ၊ ပုဂ္ဂလိက ကားအာမခံကုမ္မဏီ၊ ကိုရဲမင်း တာဝန်ခံဦးဆောင်သော AAC မဟာမိတ်အဖွဲ့နှင့် ပူပေါင်းဆောင်ရွက်ပေးသူများအား အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနမှ မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါတယ်လို့ဆိုပါတယ်။
========================
📌📌 ၉။ တက္ကဆက်ပြည်နယ်အနှံ့မှလာရောက်အားပေးတဲ့ မိုးခါးရေရုပ်ရှင်ပြပွဲမှ စုစုပေါင်း ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၉၅၀၀ ကျော်ရရှိ
အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်အနှံ့မှလာရောက်အားပေးတဲ့ မိုးခါးရေရုပ်ရှင်ပြပွဲမှ စုစုပေါင်း ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၉၅၀၀ ကျော်ရရှိခဲ့ပါတယ်။ နိုဝင်ဘာ ၁၂ ရက်နေ့ မသောက်မိသောမိုးခါးရေ ရုပ်ရှင် အောင်မြင်စွာပြသပြီးစီးခဲ့တယ်လို့သတင်းရရှိပါတယ်။ တက်ရောက်အားပေးကြည့်သူ တစ်ရာကျော်ရှိ၊ တက္ကဆက်ပြည်နယ်အနှံ့မှလာရောက်အားပေးကြကာ ရိုးရာအစားအသောက်များ calendar Hoodie နှင့် တီရှပ်များရောင်ချပေးခဲ့ပါတယ်။
ရုပ်ရှင် ၂ ပွဲပြသရာဒါရိုက်တာ ကိုပေါက် zoom မှတက်ရောက် နှုတ်ဆက်စကားပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ဒါရိုက်တာကိုပေါက်ဆွဲထားသော”ဆင်စွယ်အပြည့်နဲ့ပင်လယ်” ပန်းချီကားလေလံပစ်ရာအမေရိကန်ဒေါ်လာ ၁၀၀၀ရရှိခဲ့ပြီးတော့စုစုပေါင်း ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၉၅၀၀ ကျော်ရရှိခဲ့ပါတယ်။
========================
📌📌 ၁၀။ သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့မှာ နိုဝင်ဘာလ ၂၀ ရက်နေ့မှာစစ်ကိုင်းတိုင်း အတွက် ရံပုံငွေ ဈေးရောင်းပွဲတော် ကျင်းပမယ်
သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့မှာ နိုဝင်ဘာလ ၂၀ ရက်နေ့မှာစစ်ကိုင်းတိုင်း အတွက် ရံပုံငွေ ဈေးရောင်းပွဲတော် ကျင်းပမယ်လို့သတင်းရရှိပါတယ်။ စစ်ကိုင်းတိုင်းအတွင်းမှာလိုအပ်နေတဲ့နေရာတွေကိုထောက်ပံ့နိုင်ဖို့ ရံပုံငွေ ဈေးရောင်းပွဲတခုကို နိုဝင်ဘာလ ၂၀ရက် တနင်္ဂနွေနေ့မှာ ကျင်းပမှာဖြစ်ပါတယ်။ ၄င်းနေ့မှာမနက် ၉ နာရီကနေ မွန်းလွဲ ၁၂ နာရီခွဲအထိ ကျင်းပမှာဖြစ်ပြီးတော့ ဆစ်ဒနီရှိ ပြည်ထောင်စုဖွားများ လာရောက်အားပေးကြဖို့ ဖိတ်ကြားထားပါတယ်။
အကြမ်းဖက်စစ်အုပ်စုကို အမြစ်ပြတ်ချေမှုန်းဖို့ တော်လှန်တိုက်ပွဲဆင်နွဲနေရာ ဒေသတွေမှာ စစ်ကိုင်းတိုင်းသည်လည်း အဓိက ကျတဲ့ဒေသတစ်ခုအဖြစ်ပါဝင်ပြီးတော့ စစ်ကောင်စီကလည်း စစ်ကိုင်းတိုင်း အတွင်း ဝင်ရောက်တိုက်ခိုက်မှုတွေ၊ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးမှုတွေကို အရှိန်မြှင့်ပြီး လုပ်ဆောင်လာနေတာဖြစ်ပါတယ်။
အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUGသတင်းထောက် မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment