15th NOV 2022 - Evening Daily News by Radio NUG


၂၀၂၂ နိုဝင်ဘာလ ၁၅ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ မြန်မာ့အရေးဖြေရှင်းရာမှာ  အာဆီယံနှင့်အတူ လက်တွဲပူးပေါင်းလိုတယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလပြောကြား

📌 ၂။ နွေဦးတော်လှန်ရေး မအောင်မြင်စရာ လုံးဝမရှိဘူးလို့ လူ့အခွင့်ရေးရာဝန်ကြီးပြောကြားလိုက်

📌 ၃။ နိုင်ငံတကာနဲ့ ပြည်သူကိုလှည့်ဖျားဖို့ စစ်ကောင်စီရဲ့အစီအစဥ်မအောင်တော့တဲ့အဖြေပေါ်နေပြီလို့ဆို

📌 ၄။ သေဒဏ်ချမှတ် ထားတဲ့အမှု (၁၂၆) ခုရှိပြီး (၄၂) ခု ကိုမျက်ကွယ်သေဒဏ်ချမှတ်ထားတယ်လို့ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလသမဂ္ဂမှာပြောကြား

📌 ၅။ ပုဏ္ဏားကျွန်းအခြေစိုက် ၅၅၀ တပ်ရင်းက ပစ်ခတ်တဲ့လက်နက်ကြီးကျည်ကြောင့် နွားလွှတ်ပြီးပြန်လာတဲ့ အရပ်သားနှစ်ဦးစလုံးသေဆုံး

📌 ၆။ Myanmar Nway-Oo University မြန်မာ့နွေဦးတက္ကသိုလ်မှ အဝေးသင်အတန်းတွေကိုပါ ဖွင့်လှစ် သင်ကြားပေးသွားဖို့ လုပ်ဆောင်နေ

📌 ၇။ တစ်နိုင်ငံလုံးမှာ အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးတဲ့ နေအိမ်နဲ့ အဆောက်အအုံပေါင်း လေးသောင်းပြည့်တော့မယ်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ မြန်မာ့အရေးဖြေရှင်းရာမှာ  အာဆီယံနှင့်အတူ လက်တွဲပူးပေါင်းလိုတယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလပြောကြား


မြန်မာ့အရေးဖြေရှင်းရာမှာ  အာဆီယံနှင့်အတူ လက်တွဲပူးပေါင်းလိုတယ်လို့ယာယီသမ္မတ ဒူဝါလရှီးလက နိုဝင်ဘာ (၁၅) ရက်အမျိုးသားညီညွတ်ရေးအစိုးရ၏ (၇၄) ကြိမ်မြောက် အစိုးရအဖွဲ့ အစည်းအဝေးတွင်  ပြောကြားခဲ့ပါတယ်။


"ပြီးခဲ့တဲ့ အာဆီယံ ထိပ်သီးအစည်းအဝေးက ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရ အတွက်ရော၊ မြန်မာ့နွေဦးတော်လှန်ရေးအတွက်ပါ အပြု သဘောဆောင်တဲ့ ရလဒ် တချို့ ထွက်လာ တယ်ဆိုတာ တွေ့ရပါတယ်။ ဒါဟာ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ဝင်တွေရဲ့ အားထုတ်မှုတွေ ပါဝင်သလို၊ ကျွန်တော်တို့ မြန်မာနိုင်ငံသူ နိုင်ငံသားအားလုံးရဲ့ နိုင်ငံရေးစိတ်ဇော ထက်သန်ပြင်းပြမှု တွေကြောင့်လည်း ပါဝင်တယ်လို့ ကျွန်တော့်အနေနဲ့ နားလည်ပါတယ်။ မြန်မာ့အရေးဖြေရှင်းရာတွင် ကျွန်တော်တို့ အစိုးရအနေဖြင့်လည်း မြန်မာပြည်သူလူထုများ၏ နိုင်ငံရေးသဘောဆန္ဒအပေါ် အလေးထားပြီး အာဆီယံနှင့်အတူ လက်တွဲပူးပေါင်းလိုကြောင်း ထပ်မံပြောကြားပါရစေ"လို့ဆိုပါတယ်။


ဒါ့အပြင် အာဆီယံရဲ့ (၁၁) နိုင်ငံမြောက် အဖွဲ့ဝင်နိုင်ငံဖြစ်ဖို့ သဘောတူညီချက်ရလာတဲ့ အရှေ့တီမောနိုင်ငံ အတွက်လည်း အမျိုးသားညီညွတ်ရေးအစိုးရက ကြိုဆိုအသိအမှတ်ပြုရလိမ့်မယ်လို့ ယာယီသမ္မတ ကထပ်လောင်းပြောကြားခဲ့ပါတယ်။


========================


📌📌 ၂။ နွေဦးတော်လှန်ရေး မအောင်မြင်စရာ လုံးဝမရှိဘူးလို့ လူ့အခွင့်ရေးရာဝန်ကြီးပြောကြားလိုက်


နွေဦးတော်လှန်ရေး မအောင်မြင်စရာ လုံးဝမရှိဘူးလို့ လူ့အခွင့်ရေးရာဝန်ကြီးဦးအောင်မျိုးမင်းက နိုဝင်ဘာလအတွင်းမှာ စစ်အာဏာရှင် ဆန့်ကျင်ရေး လူငယ်သပိတ်နဲ့ပတ်သက်လို့  မှတ်ချက်ပေးပြောကြားခဲ့ပါတယ်။


"၈၈- ၉၀ လောက်က လေ့လာခဲ့တဲ့ Gene Sharpရဲ့ Political Defiance နည်းလမ်းတွေထည်းမှာမပါခဲ့တဲ့ စိတ်ကူးတွေနဲ့ လူငယ်တွေကို ချီးကျူးပါတယ်။စိတ်ဓါတ်တွေ ခိုင်မာသလို စိတ်ကူးတွေက ကွန့်မြူးနေတဲ့ ပြည်သူတွေရဲ့တော်လှန်ရေး၊မအောင်စရာလုံးဝမရှိ"လို့ဆိုပါတယ်။


၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ရက်နေ့ စစ်အာဏာသိမ်းမှုမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုနဲ့အတူ နွေဦးတော်လှန်ရေးဟာ ပေါ်ပေါက်ခဲ့ပါတယ်။


========================


📌📌 ၃။ နိုင်ငံတကာနဲ့ ပြည်သူကိုလှည့်ဖျားဖို့ စစ်ကောင်စီရဲ့အစီအစဥ်မအောင်တော့တဲ့အဖြေပေါ်နေပြီလို့ဆို


နိုင်ငံတကာနဲ့ ပြည်သူကိုလှည့်ဖျားဖို့ စစ်ကောင်စီရဲ့အစီအစဥ်မအောင်တော့တဲ့အဖြေပေါ်နေပြီလို့ကာကွယ်ရေးဝန်ကြီးဌာန အတွင်းဝန် ဦးနိုင်ထူးအောင်က နိုဝင်ဘာ၁၄ရက်‘’ ပြည်သူတွေပါဝင်တိုက်နေတဲ့ အဆုံးအဖြတ်ခေါ်မယ့် တွန်းလှန်စစ်ပွဲ ‘’ ဆွေးနွေးပွဲမှာ ဆိုလိုက်တာဖြစ်ပါတယ်။


"စစ်ကောင်စီကို တော်လှန်ပြီး ဖက်ဒရယ် ဒီမိုကရေစီ တည်ထောင်ရေးမှာ စစ်ရေးကအစိတ်အပိုင်းတစ်ခုဖြစ်လာပါတယ်။ လတ်တလောမှာ စစ်ရေးကအရေးပါနေပါတယ်။နောက်တစ်ချက်က စစ်ကောင်စီရဲ့ နိုင်ငံတကာကိုလှည့်ဖျားဖို့ ပြည်သူကိုဖျားယောင်းဖို့ ကလည်း မအောင်မြင်တော့ဘူးဆိုတဲ့ အဖြေပေါ်သွားတဲ့အဆင့်ကိုရောက်နေပါပြီ"လို့ဆိုပါတယ်။ 


လက်ရှိမှာ စစ်ကောင်စီရဲ့ အကြမ်းဖက် ခေါင်းဆောင်များဟာ အာဆီယံ အစည်းအဝေးနဲ့ဆက်စပ်အစည်းအဝေးများကို တက်ရောက်ခွင့်မရဘူးလို့သိရပါတယ်။


========================


📌📌 ၄။ သေဒဏ်ချမှတ် ထားတဲ့အမှု (၁၂၆) ခုရှိပြီး (၄၂) ခု ကိုမျက်ကွယ်သေဒဏ်ချမှတ်ထားတယ်လို့ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလသမဂ္ဂမှာပြောကြား


တရားမဝင်စစ်အာဏာသိမ်းမှုနောက်ပိုင်း စစ်တပ်လက်အောက်ခံ တရားရုံးများမှ သေဒဏ်ချမှတ် ထားတဲ့အမှု (၁၂၆) ခုရှိပြီး (၄၂) ခု ကိုမျက်ကွယ်သေဒဏ်ချမှတ်ထားတယ်လို့ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက (၇၇) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ တတိတယကော်မတီ၌ တင်သွင်းသည့် သေဒဏ်ပြစ်ဒဏ်ချမှတ်မှုကို တရားဝင်ဆိုင်းငံ့ခြင်း “Moratorium on the use of the Death Penalty” ဆိုင်ရာ အဆိုမူကြမ်းအား ထောက်ခံမဲပေးခြင်းနှင့်ပတ်သက်၍ မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။


"တရားမဝင်စစ်အာဏာသိမ်းမှုနောက်ပိုင်းစစ်တပ်၏ ဥပဒေမဲ့သတ်ဖြစ်ခြင်းအောက်၌ သေဒဏ်ချမှတ်ခြင်းခံရန် စောင့်ဆိုင်းနေရသူ (၈၄) ဦး ရှိကြောင်း"လည်းဆိုပါတယ်။ ဒါ့အပြင် မြန်မာစစ်တပ်ဟာ  လူ့အခွင့်အရေးကျင့်သုံးသည့် လူတစ်ဦးချင်းစီအား ပစ်မှတ်ထားတိုက်ခိုက်သည့် ခွဲခြားဆက်ဆံသည့် ဥပဒေများကို အခြေခံ၍ သေဒဏ်ပြစ်ဒဏ်ချမှတ်မှုကို ကျင့်သုံးနေတယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းမှ ဆိုခဲ့ပါတယ်။


========================


📌📌 ၅။ ပုဏ္ဏားကျွန်းအခြေစိုက် ၅၅၀ တပ်ရင်းက ပစ်ခတ်တဲ့လက်နက်ကြီးကျည်ကြောင့် နွားလွှတ်ပြီးပြန်လာတဲ့ အရပ်သားနှစ်ဦးစလုံးသေဆုံး


ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းအခြေစိုက် ၅၅၀ တပ်ရင်းက ပစ်ခတ်တဲ့လက်နက်ကြီးကျည်ကြောင့်နွားလွှတ်ပြီးပြန်လာတဲ့ အရပ်သားနှစ်ဦးစလုံးသေဆုံးခဲ့ကြောင်း နိုဝင်ဘာ၁၄ရက်မှာ ထိခိုက်သေဆုံးစာရင်းကို AAPP ကဖော်ပြပါတယ်။ ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ဒီပါရုံကျေးရွာမှ ကိုအေးစိုးသိန်းနှင့် ဦးကျားချေတို့သည် ရွာပြင်၌ နွားလွှတ်ပြီးပြန်လာစဥ် ပုဏ္ဏားကျွန်းအခြေစိုက် ၅၅၀ တပ်ရင်းက ပစ်ခတ်သည့် လက်နက်ကြီးကျည်တစ်လုံး ၎င်းတို့အနီး ကျရောက်ပေါက်ကွဲသောကြောင့် ကိုအေးစိုးသိန်းမှာ ငယ်ထိပ်ပွင့်ကာ နေရာတွင်ပင် သေဆုံးခဲ့ပါတယ်။


ဦးကျားချေမှာ ညှပ်ရိုးကျိုး၍ ဘယ်ဘက်ပေါင် ပြတ်ထွက်သွားပြီး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သောကြောင့် ၎င်းအား ဆေးရုံသို့ ပို့ဆောင်ခဲ့သော်လည်း လမ်းခုလတ်တွင် သေဆုံးခဲ့ကြောင်း သတင်းရရှိပါတယ်။ စစ်အာဏာသိမ်းပြီးနောက် နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ (၂၄၅၁) ဦး ရှိခဲ့ပြီဖြစ်ပါတယ်။


========================


📌📌 ၆။ Myanmar Nway-Oo University မြန်မာ့နွေဦးတက္ကသိုလ်မှ အဝေးသင်အတန်းတွေကိုပါ ဖွင့်လှစ် သင်ကြားပေးသွားဖို့ လုပ်ဆောင်နေ


Myanmar Nway-Oo University မြန်မာ့နွေဦးတက္ကသိုလ်မှ အဝေးသင်အတန်းတွေကိုပါ ဖွင့်လှစ် သင်ကြားပေးသွားဖို့ လုပ်ဆောင်နေတယ်လို့နိုဝင်ဘာလအတွင်းမှာ Myanmar Nway-Oo University မြန်မာ့နွေဦးတက္ကသိုလ်မှအသိပေးဆိုပါတယ်။


"နောက်ဆုံးနှစ်တင်မကဘဲ ကျန်ရှိနေတဲ့ အတန်းတွေ၊ အဝေးသင်အတန်းတွေကိုပါ ဖွင့်လှစ် သင်ကြားပေးသွားဖို့ လုပ်ဆောင်နေပါတယ်။ ယခုက ပထမဆုံးအနေနဲ့ နည်းပညာရဲ့ လက်ခံနိုင်မှုအကန့်အသတ်တွေကြောင့် နောက်ဆုံးနှစ်ကို စမ်းသပ်ပြီးစဖွင့်တာဖြစ်ပါတယ် နောင်မှာ ကျန်ရှိနေတဲ့အတန်းတွေ အဝေးသင်အတန်းတွေကိုဆက်လက်ဖွင့်လှစ်သွားဖို့ MNOU ကအပြင်းအထန် ကြိုးစားလျက်ရှိသလို တက္ကသိုလ်ဝင်တန်းအောင် (သို့ ) အခြေခံပညာပြီးမြောက်ထားပြီးသား သူတွေအတွက် Core curriculum courses တွေ နဲ့ ပညာဗဟုသုတ သက်မွေးပညာတွေ လေ့လာဆည်းပူးလိုသူ ပြည်သူတိုင်းအတွက် Short courses တွေကိုပါ ဆက်ဖွင့်သွားမှာပါ"လို့ဆိုပါတယ်။


Myanmar Nway-Oo University မြန်မာ့နွေဦးတက္ကသိုလ် (MNOU)ပထမအသုတ်အဖြစ် MES တွင်ကျောင်းအပ်နှံထားသော  နေ့သင်တန်း၊ နောက်ဆုံးနှစ် ကျောင်းသား၊ ကျောင်းသူများ ၂၂-၁၁-၂၀၂၂ ရက်နေ့ အင်္ဂါနေ့ မှ စတင်၍ LMS (Moodle) Platform တွင် မိမိတို့၏ သက်ဆိုင်ရာ ဘာသာရပ် သင်ခန်းစာ များကို စတင်လေ့လာနိုင်မှာဖြစ်ပါတယ်။


========================


📌📌 ၇။ တစ်နိုင်ငံလုံးမှာ အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးတဲ့ နေအိမ်နဲ့ အဆောက်အအုံပေါင်း လေးသောင်းပြည့်တော့မယ်


တစ်နိုင်ငံလုံးမှာ အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးတဲ့ နေအိမ်နဲ့ အဆောက်အအုံပေါင်း လေးသောင်းပြည့်တော့မယ်လို့နိုဝင်ဘာလအတွင်းမှာ ISP Myanmar ကသတင်းထုတ်ပြန်ခဲ့ပါတယ်။ စစ်အာဏာသိမ်းမှုအလွန် ယခုနှစ် အောက်တိုဘာ ၃၁ ရက်အထိ နိုင်ငံတစ်ဝန်း မြို့နယ်ပေါင်း ၈၁ ခုက နေအိမ်၊ အဆောက်အအုံ ၃၈,၅၆၈ လုံးထက်မနည်း မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရပါတယ်။


ထိုအထဲမှာမှစစ်ကိုင်းတိုင်း၊‌ ရွှေဘိုမြို့နယ်နဲ့ မကွေးတိုင်း၊ မြိုင်မြို့နယ်တို့မှာ နေအိမ်၊ အဆောက်အအုံ ,၅၉၉ လုံးထက်မနည်း မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရပြီး အများဆုံး ဖြစ်ခဲ့ပါတယ်။ အကြမ်းဖက် စစ်တပ်ဟာ အရပ်သားနေအိမ်များကို ပစ်မှတ်ထားတိုက်ခိုက်ကာ ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးမှုကို စစ်ကိုင်းတိုင်းနဲ့မကွေးတိုင်းတို့မှာ အများဆုံးကျူးလွန်ခဲ့ပါတယ်။


အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment