၂၀၂၂ နိုဝင်ဘာလ ၂၂ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ အကြမ်းဖက်စစ်အုပ်စုတစ်ခုလုံးကို အမြစ်ပြတ် ချေမှုန်းနိုင်ဖို့အတွက် မဟာမိတ်စစ်ရေးတပ် ပေါင်းစုနဲ့ တွန်းလှန်ဖြိုဖျက်ဖို့ လိုအပ်တယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြား
📌 ၂။ အကြမ်းဖက်စစ်အုပ်စုရဲ့ မတရားဖမ်းဆီးချုပ် နှောင်ခြင်း ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားအချို့ ပြန်လည်လွတ်မြောက်လာတဲ့အတွက် ကာယကံရှင်များနဲ့ မိသားစုများ အတွက် ဝမ်းမြောက်ကြောင်း ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းပြောကြား
📌 ၃။ မြန်မာနိုင်ငံရဲ့ ပိုင်ရှင်ဟာ ပြည်သူလူထုတစ်ရပ်လုံးဖြစ်၍ မြန်မာနိုင်ငံရဲ့အရေးကိစ္စတိုင်းမှာပါဝင်ဖို့ ပြည်ထဲရေးဝန်ကြီးပြောကြား
📌 ၄။ စစ်ဖြစ်ရာဒေသများမှာ အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုတွေကို Mobile Team၂၅၀ ကျော်နဲ့ဆောင်ရွက်
📌 ၅။ MLM စတိုင်ဖြင့် လူအထင်ကြီးအောင် application တခုရေးပြီး လိမ်လည်မှုများရှိနေပြီဖြစ်၍ လက်ဆုပ်လက်ကိုင်ပြနိုင်သည့် အရာများတွင်သာ ရင်းနှီးမြုပ်နှံရန် ဒုဝန်ကြီး ဦးမော်ထွန်းအောင်တိုက်တွန်း
📌 ၆။ ကသာမြို့နယ် မိုးတားကျေးရွာမှထွက်ခွာလာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ယနေ့မနက် KIA နဲ့ပူးပေါင်းတပ်များ မိုင်းဆွဲ တိုက်ခိုက်
📌 ၇။ ကန့်ဘလူနယ် ကျောက်တိုင်ကျေးရွာကို မီးရှို့ဖျက်ဆီး
📌 ၈။ အမေရိကန်နိုင်ငံ၊ Jacksonville မြို့မှာ မိုးခါးရေ ရုပ်ရှင်ပြပွဲမှ ရရှိသော အမေရိကန်ဒေါ်လာ၁၇၀၀၀ ကျော်ကိုကာကွယ်ရေးဝန်ကြီးဌာနမှတဆင့် အရေးပေါ်လိုအပ်သောနေရာများကို ပေးပို့ လှူဒါန်းမယ်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ အကြမ်းဖက်စစ်အုပ်စုတစ်ခုလုံးကို အမြစ်ပြတ် ချေမှုန်းနိုင်ဖို့အတွက် မဟာမိတ်စစ်ရေးတပ် ပေါင်းစုနဲ့ တွန်းလှန်ဖြိုဖျက်ဖို့ လိုအပ်တယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြား
အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ၇၅ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းအဝေးကို ဒီနေ့မနက် ၁၀ နာရီမှာပြုလုပ် ခဲ့ကြ ပါတယ်။ အစည်းအဝေးကို ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း အပါအဝင် ပြည်ထောင်စုဝန်ကြီးတွေ၊ ဒုဝန်ကြီးတွေ တက်ရောက်ခဲ့ကြပါတယ်။
အစည်းအဝေးမှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလက “စီးပွားရေးအရ ခေါင်းပုံဖြတ် အမြတ်ထုတ် မှုတွေကို မြန်မာစစ်အုပ်စုနဲ့ စစ်တပ်အသိုင်းအဝိုင်း အဓိက လုပ်ဆောင်တယ်။ ခရိုနီလူတန်းစားဆိုတာလည်း စစ်အုပ်ချုပ်ရေး ကာလတွေမှာပဲ ပေါ်ထွက်လာတာ ဖြစ်ပါတယ်။ မြန်မာပြည်မှာ နိုင်ငံရေးမလွတ်လပ်မှုတွေအပြင် စီးပွားရေးတန်းတူညီမျှမှု မရှိတာတွေက အမြောက်အမြား ဖြစ်ထွန်းခဲ့ပါတယ်။ အခု ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကလည်း မြန်မာစစ်တပ်ဟာ တိုင်းပြည်မှာရှိတဲ့ စီးပွားရေးအရင်းအမြစ် အသီးသီးကို နှစ်ပေါင်းများစွာ ဂုတ်သွေးစုပ် ခြယ်လှယ်ဖို့ ဖြစ်တယ် ဆိုတာ ထင်ရှားပါတယ်။ ဒါကို ကျွန်တော်တို့ အားလုံး သိနားလည်ပြီးသားဖြစ်မယ်လို့ ယုံကြည်ပါတယ်။ ” လို့ ပြောကြားခဲ့ပါတယ်။
ဒါအပြင် နိုင်ငံအတွင်း ဓနဥစ္စာခွဲဝေမှု မညီမျှတာက အထွေထွေသော စီးပွားရေးအကျပ်အတည်းတွေကို ဖန်တီး တယ်ဆိုတာနဲ့ မြန်မာ့နွေဦးတော်လှန်ရေးအတွင်းမှာ နိုင်ငံရေးအရ ခေါင်းပုံဖြတ် အမြတ်ထုတ်တာတွေကိုလည်း တွန်းလှန်ဖြိုဖျက်ဖို့အတွက် ယာယီသမ္မတက တိုက်တွန်းထားပါတယ်။
ဆက်လက်ပြီးတော့လည်း “ဒီနေရာကနေ အထူးတိုက်တွန်းချင်တာ တစ်ခု ရှိပါတယ်။ အဲဒါကတော့ လက်ရှိ မြန်မာ့နွေဦးတော်လှန်ရေးမှာ အကြမ်းဖက် စစ်အုပ်စုတစ်ခုလုံးကို အလျင်အမြန် ချေမှုန်း သုတ်သင်နိုင်ရေးသာ ဖြစ်ပါတယ်။ အကြမ်းဖက်စစ်အုပ်စုတစ်ခုလုံးကို အမြစ်ပြတ် ချေမှုန်းနိုင်ဖို့အတွက် မဟာမိတ်စစ်ရေးတပ် ပေါင်းစုနဲ့ တွန်းလှန်ဖြိုဖျက်ဖို့ လိုအပ် နေပါတယ်။ ” လို့ ယာယီသမ္မတက ပြောကြားလိုက်ပါတယ်။
အကြမ်းဖက်စစ်တပ်ကို အလျင်အမြန် မသုတ်သင် မချေမှုန်းနိုင်သရွေ့ ပြည်သူတွေက နေစဉ် ဒုက္ခကြုံတွေ့နေ ရမှာ ဖြစ်တယ်ဆို တာနဲ့ တော်လှန်ရေးအစိုးရ တစ်ရပ်အနေနဲ့ လူထုရဲ့ ရှေ့မှာ မားမားမတ်မတ် ရပ်တည်နေတဲ့ အစိုးရ ဖြစ်သလို တည်ဆောက်ရေး အတွက် လူထုအားကိုးရတဲ့ အစိုးရဖြစ်ဖို့အတွက်လည်း ကြိုးစားနေတယ်လို့ ယာယီသမ္မတကြီးက ပြောကြားလိုက်ပါတယ်။
========================
📌📌 ၂။ အကြမ်းဖက်စစ်အုပ်စုရဲ့ မတရားဖမ်းဆီးချုပ် နှောင်ခြင်း ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားအချို့ ပြန်လည်လွတ်မြောက်လာတဲ့အတွက် ကာယကံရှင်များနဲ့ မိသားစုများ အတွက် ဝမ်းမြောက်ကြောင်း ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းပြောကြား
အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ၇၅ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းအဝေးကို နိုဝင်ဘာ ၂၂နေ့၊မနက် ၁၀ နာရီမှာပြုလုပ် ခဲ့ပါတယ်။အဲ့ဒီအစည်းအဝေးမှာ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက “ဒီတစ်ပတ်အတွင်းမှာတော့ အကြမ်းဖက်စစ်အုပ်စုရဲ့ မတရားဖမ်းဆီးချုပ် နှောင်ခြင်း ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားအချို့ ပြန်လည်လွတ်မြောက်လာတဲ့အတွက် ကာယကံရှင်များနဲ့ မိသားစုများ အတွက် ဝမ်းမြောက်ကြောင်း ဦးစွာပြောကြားလိုပါတယ်။
တဆက်တည်းမှာ အကြောင်းမဲ့ ထောင်ထဲမှာ ဖမ်းဆီးချုပ်နှောင်ခံနေ ရတဲ့ ကျွန်တော်တို့ရဲ့သမ္မတကြီးနဲ့ နိုင်ငံတော်အတိုင်ပင်ခံအပါအဝင် အားလုံးသော နိုင်ငံရေးအကျဉ်းသားတွေ အမြန်ဆုံး လွတ်မြောက်နိုင်အောင်လည်း ကျွန်တော်တို့ ကိုယ်တိုင်ဆက်လက်ကြိုးပမ်း အားထုတ်သွားရမှာ ဖြစ်သလို ဒီမိုကရေစီနဲ့ လူ့အခွင့် အရေးကို လေးစားတန်ဖိုးထားကြပြီး မြန်မာပြည်သူလူထုနဲ့အတူ ရပ်တည်ပေးခဲ့ကြတဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကိုလည်း ဒီတော်လှန်ရေးမှာ ဆက်လက်ပြီး အမှန်တရားဘက်က ရပ်တည်တွန်းအားပေးဖို့ တိုက်တွန်းလိုပါတယ်” လို့ ပြောကြားလိုက် ပါတယ်။
ဒါအပြင် အမြင်မတူတာတွေ၊ လူမျိုးအလိုက်၊ ဒေသအလိုက် ရည်မှန်းချက်မတူတာတွေရှိနိုင်ပေမယ့် အကြမ်း ဖက်စစ်ကောင်စီကို အမြစ်ဖြတ် သုတ်သင်ချင်တဲ့ တူညီတဲ့ ဆန္ဒတစ်ခုက တော်လှန်ရေးအတွက် အကောင်ဆုံး အင်အားတစ်ခု ဖြစ်စေတယ်လို့လည်း ဝန်ကြီးချုပ်က ပြောထားပါတယ်။
ဆက်လက်ပြီးတော့လည်း “တော်လှန်ရေးဦးဆောင်အဖွဲ့တွေဖြစ်တဲ့ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ၊ ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြုကော်မတီ၊ အမျိုးသားညီညွတ်ရေး အစိုးရတို့ အနေနဲ့ ကဏ္ဍတိုင်းအတွက် စဉ်ဆက်မပြတ် ချိတ်ဆက် ဆောင်ရွက်မှုတွေ ရှိနေဖို့ အင်မတန် အရေးကြီးပါတယ်။ ဒါ့အပြင် တိုင်းနဲ့ပြည်နယ်အသီးသီးမှာ ရှိနေတဲ့ တိုင်းနဲ့ပြည်နယ် လွှတ်တော် ကိုယ်စားပြုကော်မတီများ၏ အင်အား၊ သပိတ်အသီးသီးရဲ့ အင်အားတွေ၊ CDM တွေရဲ့ အင်အားတွေ အားလုံးကို ကဏ္ဍတိုင်းမှာ စုစုစည်းစည်းနဲ့ ချိတ်ဆက် လုပ်ဆောင်နိုင်ဖို့လည်း အရေးကြီးပါတယ်။” လို့ ပြည်ထောင်စုဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။
========================
📌📌 ၃။ မြန်မာနိုင်ငံရဲ့ ပိုင်ရှင်ဟာ ပြည်သူလူထုတစ်ရပ်လုံးဖြစ်၍ မြန်မာနိုင်ငံရဲ့အရေးကိစ္စတိုင်းမှာပါဝင်ဖို့ ပြည်ထဲရေးဝန်ကြီးပြောကြား
နိုဝင်ဘာ ၂၁ ရက် ကျင်းပတဲ့"အုပ်ချုပ်ရေးကဏ္ဍ လူထုတွေ့ဆုံဆွေးနွေးပွဲ"မှာမြန်မာနိုင်ငံရဲ့ ပိုင်ရှင်ဟာ ပြည်သူလူထုတစ်ရပ်လုံးဖြစ်၍ မြန်မာနိုင်ငံရဲ့အရေးကိစ္စတိုင်းမှာပါဝင်ဖို့ကို ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်က ပြောကြားခဲ့ပါတယ်။
"ပြည်သူဟာ ဒီနိုင်ငံရဲ့ ပိုင်ရှင်ဖြစ်တယ်။ ဒီနိုင်ငံရဲ့ အရေးကိစ္စတွေတိုင်းမှာ ကြိုက်ရင်ကြိုက်တယ်။မကြိုက်ရင်မကြိုက်ဘူးဆိုတာကို ပြောရမယ်။ဒါတော်လှန်ရေးမှမဟုတ်ပါဘူး။ အုပ်ချုပ်လာတဲ့ အစိုးရရှိလာပြီဆိုရင် ရွေးထားတဲ့အစိုးရကိုတောက်လျှောက်တည့်မတ်ပေးရမယ်"လို့ဝန်ကြီးကဆိုပါတယ်။
အမျိုးသား ညီညွတ်ရေးအစိုးရဟာ ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များနဲ့ဖွဲ့စည်းထားသော CRPH အပါအဝင် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ တို့မှ တဆင့်ပေါ်ပေါက်ခဲ့ခြင်းဖြစ်ပါတယ်။
========================
📌📌 ၄။ စစ်ဖြစ်ရာဒေသများမှာ အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုတွေကို Mobile Team၂၅၀ ကျော်နဲ့ဆောင်ရွက်
စစ်ဖြစ်ရာဒေသများမှာ အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုတွေကို Mobile Team၂၅၀ ကျော်နဲ့ဆောင်ရွက်နေတယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးကဆိုပါတယ်။ နိုဝင်ဘာလအတွင်း တွေ့ဆုံမေးမြန်းခြင်းအစီအစဥ်တစ်ခုမှာ ကျန်းမာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးကပြောကြားခဲ့ပါတယ်။
"စစ်ဖြစ်နေတဲ့နေရာတွေ တိုက်ပွဲ ဖြစ်နေတဲ့နေရာတွေအတွက် အရေးပေါ် ကျန်းမာရေးစောင့်ရှောက်မှုတွေကိုလုပ်နေတယ်။mobileteamအားလုံး ၂၅၀ ကျော်ရှိတယ်။ ရွှေ့ပြောင်းလို့ရတဲ့ရှေ့တန်းဆေးရုံ ၁၆၇ ရုံရှိတယ်။အခြေစိုက်ဆေးရုံပေါင်းက ၅၂ ရုံရှိတယ်။ထပ်ပြီးလည်းအသစ်ဆောက်နေတယ်"လို့ဝန်ကြီးကဆိုပါတယ်။
လက်ရှိမှာ အမျိုးသားညီညွတ်ရေးအစိုးရ ကျန်းမာရေးဝန်ကြီးဌာနနဲ့ကာကွယ်ရေးဝန်ကြီးဌာနတို့ပူးပေါင်းကာ PDF ရဲဘော်များကို ရှေးဦးသူနာပြုစုနည်းသင်တန်း၊ အရေးပေါ် ကျန်းမာရေးစောင့်မှုသင်တန်းတို့ကို သင်ကြားပို့ချလေ့ကျင့်ပေးလျက်ရှိပါတယ်။
========================
📌📌 ၅။ MLM စတိုင်ဖြင့် လူအထင်ကြီးအောင် application တခုရေးပြီး လိမ်လည်မှုများရှိနေပြီဖြစ်၍ လက်ဆုပ်လက်ကိုင်ပြနိုင်သည့် အရာများတွင်သာ ရင်းနှီးမြုပ်နှံရန် ဒုဝန်ကြီး ဦးမော်ထွန်းအောင်တိုက်တွန်း
MLM စတိုင်ဖြင့် လူအထင်ကြီးအောင် application တခုရေးပြီး လိမ်လည်မှုများရှိနေပြီဖြစ်၍ လက်ဆုပ်လက်ကိုင်ပြနိုင်သည့် အရာများတွင်သာ ရင်းနှီးမြုပ်နှံရန် NUG လျှပ်စစ်နှင့်စွမ်းအင် ဒုဝန်ကြီး ဦးမော်ထွန်းအောင်က နိုဝင်ဘာ၂၂ ရက်မှာ ငွေကြေးလိမ်လည်မှုများနဲ့ပတ်သက်လို့ တိုက်တွန်းပြောကြားခဲ့ပါတယ်။
"လက်ရှိမြန်ပြည်မှာ ခေတ်စားသည်က MLM စတိုင်ဖြင့် လူအထင်ကြီးအောင် application တခုရေးပြီး တရားဝင် လုပ်ဆောင် ဥပဒေဘောင် အတွင်းမှ လုပ်သယောင် ဟန်ဆောင်ပြီး အမြတ်များများပေးမည့် ရင်းနှီးမြှပ်နှံသည့်ကုမ္ပဏီထောင်ကျတော့တယ်။မြန်မာပြည်က လူတွေပဲညံ့လို့ လိမ်ခံရသည်တော့မဟုတ်။ ကမ္ဘာနှင့်ချီ လိမ်လည်မှုက ပျောက်ရခက်လှပါတယ်။ရင်းနှီးမြှပ်နှံလိုပါက စပါးပေး၊ နှမ်းပေး၊ ပွဲရုံ ကဲ့သို့သော မြင်ရသည့် အလုံးအထည်ရှိသော၊ လက်ဆုပ်လက်ကိုင်ပြနိုင်သည့် အရာများတွင်မြှပ်နှံကာ မိမိစီးပွါးတိုးအောင် တလက်ကိုင် အခွင့်အလမ်းများကိုအာရုံစိုက်သင့်ပါတယ်"လို့ဆိုပါတယ်။ လက်ရှိမှာအမျိုးသားညီညွတ်ရေးအစိုးရက တရားဝင်အာမခံချက်ရှိသော အိမ်ရာစီမံကိန်းများနဲ့ EODရှယ်ယာများကိုရောင်းချပေးလျက်ရှိပြီး အထူးငွေတိုက်စာချုပ်များကိုပါ ဝယ်ယူနိုင်ပြီဖြစ်ပါတယ်။
========================
📌📌 ၆။ ကသာမြို့နယ် မိုးတားကျေးရွာမှထွက်ခွာလာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ယနေ့မနက် KIA နဲ့ပူးပေါင်းတပ်များ မိုင်းဆွဲ တိုက်ခိုက်
စစ်ကိုင်းတိုင်း ကသာမြို့နယ် မိုးတားကျေးရွာမှထွက်ခွာလာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို နိုဝင်ဘာ၂၂ ရက် နံနက် ၆ နာရီမှာ KIA နဲ့ပူးပေါင်းတပ်များ မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်းကို ကသာ ပကဖက အတည်ပြုဆိုပါတယ်။
"မိုးတားကျေးရွာမှထွက်ခွာလာသောစကစတပ်များအားKIAတပ်မဟာ၂စစ်ကြောင်း+ကသာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မိုးတားတိုက်နယ်ပကဖတို့မှမိုင်းဆွဲတိုက်ခိုက်ပြီးပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်"လို့ဆိုပါတယ်။ အဆိုပါတိုက်ပွဲမှာ စကစတပ်များ ထိလိုက်သေဆုံးမှုတို့ရှိနိုင်ပြီး ပူးပေါင်းတပ်များ အထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြပါတယ်။
========================
📌📌 ၇။ ကန့်ဘလူနယ် ကျောက်တိုင်ကျေးရွာကို မီးရှို့ဖျက်ဆီး
နိုဝင်ဘာ ၂၂ ရက် မနက်ပိုင်းမှာ စစ်ကိုင်းတိုင်း "ကန့်ဘလူနယ် ကာဘိုးကိုရောက်ရှိနေသော ၁၀၀ခန့်ပါတဲ့စကစတပ်စစ်ကြောင်းဟာ ကျောက်တိုင်ကျေးရွာအား လက်နက်ကြီးငယ်ရမ်းသမ်းပစ်ခတ်ဝင်ရောက်၍ မီးရှို့ဖျက်ဆီးခဲ့ပါတယ်"လို့ခင်ဦး RDAF အဖွဲ့ကအတည်ပြုဆိုပါတယ်။
ခင်ဦးနယ် အနောက်မြောက်ခြမ်း DY-1 မူးဘောင် အနီးရှိ ကျေးရွာများ အနေဖြင့်လည်း စစ်ကြောင်းအခြေအနေကြောင့် ကြိုတင်သတိထားပြင်ဆင်ရန် အသိပေးနှိုးဆော်ထားပါတယ်။
========================
📌📌 ၈။ အမေရိကန်နိုင်ငံ၊ Jacksonville မြို့မှာ မိုးခါးရေ ရုပ်ရှင်ပြပွဲမှ ရရှိသော အမေရိကန်ဒေါ်လာ၁၇၀၀၀ ကျော်ကိုကာကွယ်ရေးဝန်ကြီးဌာနမှတဆင့် အရေးပေါ်လိုအပ်သောနေရာများကို ပေးပို့ လှူဒါန်းမယ်
အမေရိကန်နိုင်ငံ၊ Jacksonville မြို့မှာ မိုးခါးရေ ရုပ်ရှင်ပြပွဲမှ ရရှိသော အမေရိကန်ဒေါ်လာ ၁၇၀၀၀ ကျော်ကိုကာကွယ်ရေးဝန်ကြီးဌာနမှတဆင့် အရေးပေါ်လိုအပ်သောနေရာများကို ပေးပို့ လှူဒါန်းမယ်လို့ နိုဝင်ဘာနောက်ဆုံးပတ်မှာ Jacksonville Myanmar Association အဖွဲ့မှအသိပေးဖော်ပြပါတယ်။
နိုဝင်ဘာ ၂၀ ရက် ညနေအမေရိကန်နိုင်ငံ၊ Jacksonville မြို့ Ramallah-American Club တွင် ဒါရိုက်တာ ကိုပေါက် ရိုက်ကူးထားသည့် " မသောက်မိသော မိုးခါးရေ" ဇာတ်ကား ပြသခဲ့ရာ စုစုပေါင်းရန်ပုံငွေအမေရိကန်ဒေါ်လာ ၁၇၀၀၀ ကျော် ရရှိခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ ရုပ်ရှင်ပြသငွေများ၊ ရရှိထားသော ရန်ပုံငွေ၊ အလှူငွေများကို မြန်မာနိုင်ငံအနှံ့ အရေးပေါ်လိုအပ်နေတဲ့နေရာများသို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ( MOD) မှတဆင့် ညှိနှိုင်းပြီး အမြန်ဆုံး ပေးအပ်လှူဒါန်းသွားမယ်လို့ဆိုပါတယ်။
အခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းထောက်မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment