22nd NOV 2022 - Morning Daily News by Radio NUG


၂၀၂၂ နိုဝင်ဘာလ ၂၂ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ PDF ရဲဘော်လူငယ်များကို ပြည်သူလူထုနဲ့ သူငယ်ချင်းမိတ်ဆွေ အပေါင်းအသင်းများက အမြဲတမ်း အသိအမှတ်ပြုနေဖို့လိုတယ်လို့ ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ် သတင်းစကားပါး

📌 ၂။ ပြည်သူတွေရဲ့ ကောက်ရိုးမီးမဟုတ်တဲ့ သွေးမအေးတဲ့စည်းလုံးညီညွတ်မှုတွေကြောင့် အာဏာရှင်တွေ ထင်တိုင်းမပေါက် လိုရာမရောက်ဘဲ ဖြစ်နေပြီလို့ ဝန်ကြီး ဦးတင်ထွန်းနိုင်ပြောကြား

📌 ၃။ အမျိုးသားညီညွတ်ရေးအစိုးရက အောက်တိုဘာလအတွင်း လူသားချင်းစာနာမှု အကူအညီအတွက် ငွေကျပ် (၃၆၉.၈၈) သန်းကို ပံ့ပိုးပေးနိုင်ခဲ့

📌 ၄။ အလုပ်သမားသမဂ္ဂများလွတ်လပ်စွာ ဖွဲ့စည်းဆောင်ရွက်နိုင်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရအလုပ်သမားဝန်ကြီးဌာနကအသိပေးကြေညာ

📌 ၅။ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်မယ်ဆိုရင် စုံလင်ကွဲပြားမှုတွေကို လက်ခံနိုင်ရမယ်လို့ဆို

📌 ၆။ မြန်မာစစ်တပ်ရဲ့ ဝင်ငွေ ဖြတ်တောက်၊ တားဆီးနိုင်ရန် စီးပွားရေးပိတ်ဆို့မှုများပြုလုပ်ပေးဖို့ တောင်ကိုရီယားအစိုးရကို မြန်မာနိုင်ငံဆိုင်ရာ ကုလလူ့အခွင့်အရေးကိုယ်စားလှယ် မစ္စတာ သောမတ်စ် အန်ဒရူးတိုက်တွန်းပြောကြား

📌 ၇။ ရှေ့တန်းမှာကျဆုံးတဲ့အကြမ်းဖက် စစ်တပ်ရဲ့အရာရှိ အပွင့်အခက်များပါတဲ့ လည်ပတ်ကို  "Buddy ချီတက် ခွေးတပ်ပျက်" Campaign အဖြစ်ရံပုံငွေလက်မှတ်များရောင်းချမယ်

📌 ၈။ တော်လှန်ရေးအတွက် ရန်ပုံငွေအဖြစ် NYCBC က စီစဉ်ဆောင်ရွက်တဲ့ “Car Raffle Ticket “ ငါးပုံမှာလေးပုံရောင်းချပြီးစီး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ PDF ရဲဘော်လူငယ်များကို ပြည်သူလူထုနဲ့ သူငယ်ချင်းမိတ်ဆွေ အပေါင်းအသင်းများက အမြဲတမ်း အသိအမှတ်ပြုနေဖို့လိုတယ်လို့ ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ် သတင်းစကားပါး


PDF ရဲဘော်လူငယ်များကို ပြည်သူလူထုနဲ့ သူငယ်ချင်းမိတ်ဆွေ အပေါင်းအသင်းများက အမြဲတမ်း အသိအမှတ်ပြုနေဖို့လိုတယ်လို့ ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ် သတင်းစကားပါးဆိုလိုက်ပါတယ်။ နိုဝင်ဘာ ၂၁ ရက် ကျင်းပတဲ့"အုပ်ချုပ်ရေးကဏ္႑ လူထုတွေ့ဆုံဆွေးနွေးပွဲ"မွာ ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်ကပြောပါတယ်။


"PDF ရဲဘော်တွေ၊ ပကဖတွေ၊ ပလဖတွေထဲမှာ ကိုယ့်ရဲ့ အသိမိတ်ဆွေ ရဲဘော်တွေရှိနေရင် မိမိရဲ့ တစ်လ၊တစ်လ ကိုယ့်ကူညီမှုက တော်လှန်ရေးအတွက် များစွာအထောက်အပံ့ဖြစ်စေတယ်။ဒီလူငယ်တွေ အမြဲတမ်းအသိအမှတ်ပြုခံနေရဖို့လိုတယ်။သူတို့ရဲ့ ပေးဆပ်မှု၊ သူတို့ရဲ့ စွန့်စားမှုတွေကို  ကျနော်တို့  အသိအမှတ်ပြုနေကြမလဲ။ဒါသိပ်အရေးကြီးတယ်"လို့ဝန်ကြီးကဆိုပါတယ်။


လက်ရှိမှာ ပြည်သူ့ကာကွယ်ရေးတပ်ရင်း တပ်ဖွဲ့ပေါင်း ၃၀၀နီးပါးရှိကာ မြို့နယ်ပကဖအဖွဲ့ပေါင်း ၂၅၀ ကျော်၊ LDFနဲ့ လူငယ် မြို့ပြ ပြောက်ကျားအဖွဲ့ ၄၀၁ ဖွဲ့ရှိနေပါတယ်။ "ပြည်သူတွေနဲ့ မိမိ မိတ်ဆွေ ၊သူငယ်ချင်း အပေါင်းအသင်းတွေရဲ့ အသိအမှတ်ပြုမှုတွေက PDF တွေအတွက် အားဖြစ်စေတယ်။ PDF တွေ အင်အားဖြစ်ရင် တိုက်ပွဲတိုင်းအောင်ဖို့က သေချာတယ်"လို့ ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်ကထပ်လောင်းဆိုပါတယ်။


========================


📌📌 ၂။ ပြည်သူတွေရဲ့ ကောက်ရိုးမီးမဟုတ်တဲ့ သွေးမအေးတဲ့စည်းလုံးညီညွတ်မှုတွေကြောင့် အာဏာရှင်တွေ ထင်တိုင်းမပေါက် လိုရာမရောက်ဘဲ ဖြစ်နေပြီလို့ ဝန်ကြီး ဦးတင်ထွန်းနိုင်ပြောကြား


ပြည်သူတွေရဲ့ ကောက်ရိုးမီးမဟုတ်တဲ့ သွေးမအေးတဲ့စည်းလုံးညီညွတ်မှုတွေကြောင့် အာဏာရှင်တွေ ထင်တိုင်းမပေါက် လိုရာမရောက်ဘဲ ဖြစ်နေပြီလို့စီမံကိန်း၊ဘဏ္ဍာရေးနဲ့ ရင်းနှီးမြုပ်နှံ့မှုဝန်ကြီး ဦးတင်ထွန်းနိုင်ကအသိပေးပြောပါတယ်။ နိုဝင်ဘာလအတွင်းကျင်းပတဲ့ "စီးပွားရေးစစ်မျက်နှာတိုက်ပွဲ" ဆိုင်ရာ လူထုတွေ့ဆုံဆွေးနွေးပွဲ "မှာ ဝန်ကြီး ဦးတင်ထွန်းနိုင်ကဆိုပါတယ်။


"ခေတ်အဆက်ဆက် အာဏာရှင်ဆိုသူတွေရဲ့ စိတ်ထဲမှာ ခိုင်ခိုင်မာမာ စွဲကိုင်ထားတဲ့အချက်တွေရှိပါတယ်။အကြောက်တရားနဲ့ ရက်ရက်စက်စက်ဖိနှိပ် ဖြိုခွဲလိုက်ရင် ပြိုကွဲ ချုပ်ငြိမ်းသွားမယ်ဆိုတဲ့အချက်တွေပဲ ဖြစ်ပါတယ်။သို့သော် လက်တွေ့ ကျနော်တို့ပြည်သူတွေရဲ့ ကောက်ရိုးမီးမဟုတ်တဲ့ သွေးမအေးတဲ့စည်းလုံးညီညွတ်မှုတွေကြောင့် အာဏာရှင်တွေ ထင်တိုင်းမပေါက် လိုရာမရောက်ဘဲ အဘက်ဘက်မှာ အထိနာ မအောင်မြင်ဖြစ်နေတာကိုကျနော်တို့တွေ့ရတယ်"လို့ဝန်ကြီးကဆိုပါတယ်။ ၂၀၂၁ ခု နှစ်ဖေဖော်ဝါရီ ရက် စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာရှင် ဆန့်ကျင်ရေးလူထုလှုပ်ရှားမှုနဲ့အတူ နွေဦးတော်လှန်ရေးဟာ ပေါ်ပေါက်ခဲ့ပါတယ်။


========================


📌📌 ၃။ အမျိုးသားညီညွတ်ရေးအစိုးရက အောက်တိုဘာလအတွင်း လူသားချင်းစာနာမှု အကူအညီအတွက် ငွေကျပ် (၃၆၉.၈၈) သန်းကို ပံ့ပိုးပေးနိုင်ခဲ့


အမျိုးသားညီညွတ်ရေးအစိုးရက အောက်တိုဘာလအတွင်း လူသားချင်းစာနာမှု အကူအညီအတွက် ငွေကျပ် (၃၆၉.၈၈) သန်းကို ပံ့ပိုးပေးနိုင်ခဲ့ပါတယ်။ နိုဝင်ဘာ၂၁ရက်မှာ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာနကအသိပေးဖော်ပြပါတယ်။ "အမျိုးသားညီညွတ်ရေးအစိုးရက ၂၀၂၂ ခုနှစ် အောက်တိုဘာလအတွင်း လူသားချင်းစာနာမှု အကူအညီအတွက် ငွေကျပ် (၃၆၉.၈၈) သန်းကို ပံ့ပိုးပေးနိုင်ခဲ့ပါတယ်"လို့ဆိုပါတယ်။


အာဏာသိမ်းအကြမ်းဖက် စစ်တပ်၏ မီးရှို့ဖျက်စီးမှုဒဏ်များကိုခံနေကြရသော ပြည်သူများ၊ ထိုးစစ်ဆင် တိုက်ခိုက်မှုများကြောင့် ဘေးလွတ်မည့်ဟုထင်သော နေရာများသို့ ထွက်ပြေးခိုလှုံနေကြရသည့် ပြည်သူများ၊ တော်လှန်ရေး၌ပါဝင်ရင်း ထိခိုက်ဒဏ်ရာရရှိသူများနှင့် အသက်ဆုံးရှုံးရသူများ၏ မိသားစုဝင်များ၊ အကူအညီ လိုအပ်နေသော မသန်စွမ်းပြည်သူများအပါအဝင် ထိခိုက်လွယ်အုပ်စုများ၊ နိုင်ငံရေးအကျဥ်းသားများနှင့် အကြောင်းကိစ္စအမျိုးမျိုးကြောင့် လူသားချင်းစာနာမှုအကူအညီလိုအပ်သူများကို အမျိုးသားညီညွတ်ရေးအစိုးရက ပံ့ပိုးကူညီပေးလျက်ရှိပါတယ်။


========================


📌📌 ၄။ အလုပ်သမားသမဂ္ဂများလွတ်လပ်စွာ ဖွဲ့စည်းဆောင်ရွက်နိုင်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရအလုပ်သမားဝန်ကြီးဌာနကအသိပေးကြေညာ


အလုပ်သမားသမဂ္ဂများလွတ်လပ်စွာ ဖွဲ့စည်းဆောင်ရွက်နိုင်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရအလုပ်သမားဝန်ကြီးဌာနကအသိပေးကြေညာလိုက်ပါတယ်။ နိုဝင်ဘာလ ၂၁ ရက်နေ့မှာ အလုပ်သမားဝန်ကြီးဌာနကကြေညာချက်အမှတ် (၁၃/၂၀၂၂)နဲ့ထုတ်ပြန်ခဲ့ပါတယ်။


 ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ ရက်နေ့တွင် စစ်ကောင်စီက တရားဝင်အစိုးရထံမှ အာဏာကို မတရားလုယူရန် ကြိုးပမ်းချိန်မှစ၍ မြန်မာနိုင်ငံတစ်ဝှမ်းရှိ ပြည်သူတို့၏ အခွင့်အရေးများကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေပြီး အလုပ်သမားခေါင်းဆောင်များနှင့် သမဂ္ဂအဖွဲ့ဝင်များကို မတရားဖမ်းဆီးခြင်း၊ ထောင်ချခြင်း၊ အလုပ်သမားသမဂ္ဂများဖွဲ့စည်းခွင့် မရအောင်နည်းမျိုးစုံနှင့် တားဆီးခြင်း၊ ဖွဲ့စည်းထားသည့်အလုပ်သမားသမဂ္ဂများကိုတရားမဝင်ကြောင်း ကြေညာခြင်းစသည့် ဖိနှိပ်မှုမျိုးစုံကိုအစွမ်းကုန်ဆောင်ရွက်လျက်ရှိရာ အ‌ခြေခံအလုပ်သမား အခွင့်အရေးတစ်ရပ်ဖြစ်သည့်  အလုပ်သမားသမဂ္ဂများ လွတ်လပ်စွာဖွဲ့စည်း၍ လှုပ်ရှားဆောင်ရွက်ခွင့် ဆုံးရှုံးနေသည့် အခြေအနေ ဖြစ်ပါတယ်လို့ဆိုပါတယ်။


ဤအခြေအနေတွင် အချို့သောအလုပ်သမားရေးရာအရပ်ဖက်အဖွဲ့အစည်းများ၊ အလုပ်သမား အဖွဲ့ချုပ်များ၊ အလုပ်သမားခေါင်းဆောင်များသည် အကြမ်းဖက်စစ်ကောင်စီနှင့် ပတ်သက်မှုမရှိဘဲ စစ်ကောင်စီ၏ဖမ်းဆီးနှိပ်စက်မှုခံရနိုင်သည့် အန္တရာယ်ကြားမှပင် အလုပ်သမားများဘက်မှ ရပ်တည် ဆောင်ရွက်ပေးနေကြသော်လည်း အချို့သော အလုပ်သမားရေးရာ အရပ်ဖက် အဖွဲ့အစည်းများ၊ အလုပ်သမားအဖွဲ့ချုပ်များသည် အကြမ်းဖက်စစ်ကောင်စီနှင့် ပူးပေါင်းပြီး အကြမ်းဖက်စစ်ကောင်စီ၏ လက်အောက်တွင် အလုပ်သမားအခွင့်အရေးများ (အထူးသဖြင့် လွတ်လပ်စွာအသင်းအဖွဲ့ဖွဲ့စည်းခြင်း နှင့်စည်းရုံးခွင့်) ကို ရရှိနေသယောင် ပြုမူဆောင်ရွက်လျက် ရှိနေသည်ကို ဝမ်းနည်းစွာ မြင်တွေ့နေရ ပါတယ်လို့ဖော်ပြပါတယ်။


သို့ဖြစ်ပါ၍ အလုပ်သမားထုကြီး၏ အခြေခံအခွင့်အရေး တစ်ရပ် ဆုံးရှုံးမှုမရှိစေရန်အတွက်  မည်သို့သော မှတ်ပုံတင်မှုမျိုးကိုမျှ ဆောင်ရွက်ရန်မလိုဘဲ အလုပ်သမားသမဂ္ဂများကို လွတ်လပ်စွာ ဖွဲ့စည်းဆောင်ရွက်ခွင့်ပြုကြောင်းနှင့် အလုပ်သမားအရေး ဆောင်ရွက်နေသော အလုပ်သမားရေးရာ အဖွဲ့အစည်းများ၊ အလုပ်သမားသမဂ္ဂများ၊ အလုပ်သမားအဖွဲ့ချုပ်များအနေဖြင့် အလုပ်သမားထုအပါ အဝင် ပြည်သူတစ်ရပ်လုံးကိုရက်စက်စွာပြုမူဆောင်ရွက်နေကာ တိုင်းပြည်အာဏာကို မတရားရယူရန် ကြိုပမ်းနေသော အကြမ်းဖက်စစ်ကောင်စီနှင့်မည်သို့သော ပူးပေါင်းဆောင်ရွက်မှုမျိုးကိုမျှ လုံးဝ(လုံးဝ) မပြုလုပ်ရန်လေးနက်စွာ သတိပေးလိုက်တာ်လို့ဖော်ပြပါရှိပါတယ်။


========================


📌📌 ၅။ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်မယ်ဆိုရင် စုံလင်ကွဲပြားမှုတွေကို လက်ခံနိုင်ရမယ်လို့ဆို


စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်မယ်ဆိုရင် စုံလင်ကွဲပြားမှုတွေကို  လက်ခံနိုင်ရမယ်လို့လူ့အခွင့်ရေးဆိုင်ရာဒုဝန်ကြီး ခွန်ဗဟန်းထန်ကဆိုပါတယ်။ နိုဝင်ဘာ၂၁ ရက်မှာ လူ့အခွင့်ရေးဆိုင်ရာ ဒုဝန်ကြီး ခွန်ဗဟန်းထန်က ဆိုပါတယ်။


"ဘာသာစကားနဲ့ မျိုးနွယ်စုတွေ စုံလင်ကွဲပြားတဲ့ ကျနော်တို့နိုင်ငံမှာ မတူညီတဲ့ လူမျိုးတွေအကြား၊ မျိုးနွယ်စုတွေအကြား၊ ဒေသတွေအကြားမှာ ဘုံရည်မှန်းချက်တွေအတွက် ညီညွတ်မှုတည်ဆောက်နိုင်မှသာ တန်းတူညီမျှတဲ့ ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်နိုင်မှာဖြစ်ပါတယ်။ဒါကြောင့် စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်မယ်ဆိုရင် စုံလင်ကွဲပြားမှုတွေကို လက်ခံနိုင်ရမှာဖြစ်ပြီး      ညီညွတ်ရေးကို အခြေခံကာ တန်းတူညီမျှမှု၊ သာတူညီမျှမှု အပြန်အလှန်လေးစားအသိအမှတ်ပြုမှု တွေနဲ့ တည်ဆောက်ရမှာဖြစ်တယ်လို့ သုံးသပ်မိပါတယ်"လို့ဆိုပါတယ်။


လက်ရှိ အမျိုးသားညီညွတ်ရေးအစိုးရဟာ ဖက်ဒရယ်စနစ်ကို အခြေခံကာ လျှောက်လှမ်းနေပြီး တိုင်းရင်းသားတော်လှန်ရေးအင်အားစုများကိုလည်း ဖိတ်ခေါ်ဆွေးနွေးမှုများမပြတ်ဆောင်ရွက်နေပါတယ်။


========================


📌📌 ၆။ မြန်မာစစ်တပ်ရဲ့ ဝင်ငွေ ဖြတ်တောက်၊ တားဆီးနိုင်ရန် စီးပွားရေးပိတ်ဆို့မှုများပြုလုပ်ပေးဖို့ တောင်ကိုရီယားအစိုးရကို မြန်မာနိုင်ငံဆိုင်ရာ ကုလလူ့အခွင့်အရေးကိုယ်စားလှယ် မစ္စတာ သောမတ်စ် အန်ဒရူးတိုက်တွန်းပြောကြား


မြန်မာစစ်တပ်ရဲ့ ဝင်ငွေ ဖြတ်တောက်၊ တားဆီးနိုင်ရန် စီးပွားရေးပိတ်ဆို့မှုများပြုလုပ်ပေးဖို့ တောင်ကိုရီယားအစိုးရကို မြန်မာနိုင်ငံဆိုင်ရာ ကုလလူ့အခွင့်အရေးကိုယ်စားလှယ် မစ္စတာ သောမတ်စ် အန်ဒရူးတိုက်တွန်းပြောကြားခဲ့ပါတယ်။ နိုဝင်ဘာလ ၂၁ ရက်နေ့ မနက်တွင် တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ Press Center ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ မစ္စတာ သောမတ်စ် အန်ဒရူးကဆိုခဲ့ပါတယ်။


"တောင်ကိုရီးယားအစိုးရအနေဖြင့် မြန်မာစစ်တပ်၏ ဝင်ငွေအား ဖြတ်တောက်၊ တားဆီးနိုင်ရန် စီးပွားရေးပိတ်ဆို့မှုများကို ပြုလုပ်ပေးရန်၊တောင်ကိုရီးယားရောက် မြန်မာများအတွက်ဗီဇာမရှိသူများ အပါအဝင် မြန်မာနိုင်ငံသား အားလုံးကို လူသားချင်း စာနာသည့် နေထိုင်ခွင့်အားပေး၍ တရားဝင်နေထိုင်နိုင်အောင် စီမံပေးရန်"တို့ဆိုခဲ့ပါတယ်။


မြန်မာ့ဒီမိုကရေစီရေးအတွက် တောင်ကိုရီးယားနိုင်ငံသို့ ၆ရက်တာ ခရီးရောက်ရှိခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလလူ့အခွင့်အရေးကိုယ်စားလှယ် မစ္စတာ သောမတ်စ် အန်ဒရူးစ်က သူ၏ ခရီးစဉ်အတွင်း ကိုရီးယားအစိုးရ၊ လွှတ်တော်အမတ်များ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ NUG ကိုရီးယားကိုယ်စားလှယ်နှင့် ကိုရီးယားရောက်မြန်မာနိုင်ငံသားများ စသည်တို့နှင့် တွေ့ဆုံဆွေးနွေးကြားနာခဲ့ပါတယ်။


========================


📌📌 ၇။ ရှေ့တန်းမှာကျဆုံးတဲ့အကြမ်းဖက် စစ်တပ်ရဲ့အရာရှိ အပွင့်အခက်များပါတဲ့ လည်ပတ်ကို  "Buddy ချီတက် ခွေးတပ်ပျက်" Campaign အဖြစ်ရံပုံငွေလက်မှတ်များရောင်းချမယ်


ရှေ့တန်းမှာကျဆုံးတဲ့အကြမ်းဖက် စစ်တပ်ရဲ့အရာရှိ အပွင့်အခက်များပါတဲ့ လည်ပတ်ကို  "Buddy ချီတက် ခွေးတပ်ပျက်" Campaign အဖြစ်ရံပုံငွေလက်မှတ်များရောင်းချမယ်လို့သတင်းရရှိပါတယ်။ နိုဝင်ဘာလ ၂၅ ရက်နေ့ကနေ ဒီဇင်ဘာ ၁၆ ရက်အထိ We Love Myanmar Family (WLMF) ကဦးဆောင်ပြီး Buddy ခွေးလေးရဲ့လည်ပတ်ကို ကမ်ပိန်းအဖြစ် ရံပုံငွေလက်မှတ်များရောင်းချမှာဖြစ်ပါတယ်။


ရရှိလာတဲ့ ရံပုံငွေများကို MOD အတွက် ၃၀ ရာခိုင်နှုန်း၊ Karenni အတွက် ၇၀ ရာခိုင်နှုန်း ပြန်လည်ပေးလှူသွားမှာဖြစ်တယ်လို့သတင်းရရှိပါတယ်။ ရံပုံငွေလက်မှတ်များကို မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံပေါင်း ၂၀ မှာ ဝယ်ယူအားပေးနိုင်မှာလည်းဖြစ်ပါတယ်။


========================


📌📌 ၈။ တော်လှန်ရေးအတွက် ရန်ပုံငွေအဖြစ် NYCBC က စီစဉ်ဆောင်ရွက်တဲ့ “Car Raffle Ticket “ ငါးပုံမှာလေးပုံရောင်းချပြီးစီး


တော်လှန်ရေးအတွက် ရန်ပုံငွေအဖြစ် NYCBC က စီစဉ်ဆောင်ရွက်တဲ့ “Car Raffle Ticket “ ငါးပုံမှာလေးပုံရောင်းချပြီးစီးပြီလို့သတင်းရရှိပါတယ်။ နိုဝင်ဘာာလအတွင်းမှာ ကားမဲလက်မှတ်နဲ့ပတ်သက်လို့ NYCBC ကအသိပေးဆိုပါတယ်။


"NYCBC က စီစဉ်ဆောင်ရွက်တဲ့ “Car Raffle Ticket “တွေကို ရောင်းချပေးနေတာ၊အခုဆိုရင် ငါးပုံမှာ လေးပုံ ရောင်းချပြီးသွားပါပြီ ၊ဒါကြောင့် 2023 BMW X2 လည်း စီးဖို့အခွင့်အလမ်းလည်းရှိ၊တစ်ဖက်တစ်လမ်းက PDF  တွေကိုလည်း ကူညီပံ့ပိုးရင်းပေါ့ လက်မှတ်လေးတွေ မဝယ်ရသေးဘူးဆိုရင်၊တစောင် $100 နဲ့ အမြန်ဝယ်လိုက်ကြရအောင်"လို့ဆိုထားပါတယ်။ ကံစမ်းမဲ ဆုနေရာမှာ2023 BMW X2 ကားအပြင်၊ နောက်ထပ်ဆုမဲ၈မဲ ကိုလည်းထည့်သွင်းထားတယ်လို့ New York City Burmese Community(NYCBC)ကဖော်ပြပါတယ်။


အခုတင်ပြပေးခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment