23rd NOV 2022 - Morning Daily News by Radio NUG

၂၀၂၂ နိုဝင်ဘာလ ၂၃ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -


📌 ၁။ လက်ရှိ မြန်မာ့နွေဦးတော်လှန်ရေးမှာ အကြမ်းဖက်စစ်အုပ်စုတစ်ခုလုံးကို အလျင်အမြန် ချေမှုန်း သုတ်သင်နိုင်ရေး ယာယီသမ္မတ ဒူဝါလရှီးလတိုက်တွန်း

📌 ၂။ အင်ဒိုနီးရှားနိုင်ငံမှာ  လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် ထိခိုက်နစ်နာခဲ့ရသူပြည်သူများအတွက် ဝမ်းနည်းကြေကွဲရတယ်လို့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ဆို

📌 ၃။ မြန်မာ့နွေဦးတော်လှန်ရေးဟာ အလွှာစုံ၊ လူမျိုးစုံ ပူးပေါင်းပါဝင်ကြတာဖြစ်တဲ့အတွက် "ဥာဏ်နဲ့ယှဥ်တဲ့တော်လှန်ရေး" လို့ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ပြောကြားလိုက်

📌 ၄။ မြန်မာပြည်က ကလေးငယ်တွေဟာ အရွယ်နဲ့မလိုက်အောင် လေကြောင်းအန္တရာယ်ကို ကြောက်နေရတယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးဆို

📌 ၅။ သံတမန်ရေးရာ အဆင့်မြှင့်တင်အသိအမှတ်ပြုရေး နော်ဝေနိုင်ငံရေး ပါတီများမှ ပါလီမန်အမတ်များနှင့် တွေ့ဆုံဆွေးနွေးခဲ့

📌 ၆။ လွှတ်တော်လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်ရေး ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် ချင်းပြည်နယ်လွှတ်တော်ကိုယ်စားပြု ကော်မတီတို့ တွေ့ဆုံဆွေးနွေး

📌 ၇။ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော် ကိုယ်စားပြုကော်မတီ က ရေးရာကော်မတီ ခုကို ရွေးကောက်ခံ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များနဲ့ ထပ်မံတိုးချဲ့ဖွဲ့စည်း

📌 ၈။တူမီးတစ်ပေါက် အာဏာရူးအပျောက်ကမ်ပိန်း NUGPay ကစတင်

📌 ၉။ ခင်ဦးမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၄၇ ရွာမှ လူနေအိမ် ၁၈၅၆ လုံးကို အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးထားပြီးဖြစ်တယ်လို့ဆို


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ လက်ရှိ မြန်မာ့နွေဦးတော်လှန်ရေးမှာ အကြမ်းဖက်စစ်အုပ်စုတစ်ခုလုံးကို အလျင်အမြန် ချေမှုန်း သုတ်သင်နိုင်ရေး ယာယီသမ္မတ ဒူဝါလရှီးလတိုက်တွန်း


လက်ရှိ မြန်မာ့နွေဦးတော်လှန်ရေးမှာ အကြမ်းဖက်စစ်အုပ်စုတစ်ခုလုံးကို အလျင်အမြန် ချေမှုန်း သုတ်သင်နိုင်ရေး ယာယီသမ္မတ ဒူဝါလရှီးလတိုက်တွန်းပြောကြားလိုက်ပါတယ်။ နိုဝင်ဘာ ၂၂ ရက် ကျင်းပတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၏ (၇၅) ကြိမ်မြောက် အစိုးရအဖွဲ့ အစည်းအဝေးမှာ ယာယီသမ္မတကဆိုပါတယ်။


"လက်နက်ကိုင်ပဋိပက္ခ ရှည်ကြာလာတာနဲ့အမျှ တိုင်းပြည်နဲ့ လူထုဟာ ဆိုးသထက် ဆိုးရွားလာဖို့ပဲ ရှိပါတယ်။ ဒါ့ကြောင့် ကျွန်တော်က ဒီနေရာကနေ အထူးတိုက်တွန်းချင်တာ တစ်ခုရှိပါတယ်။ အဲဒါကတော့ လက်ရှိ မြန်မာ့နွေဦးတော်လှန်ရေးမှာ အကြမ်းဖက်စစ်အုပ်စုတစ်ခုလုံးကို အလျင်အမြန် ချေမှုန်း သုတ်သင်နိုင်ရေးသာ ဖြစ်ပါတယ်။ "လို့ ယာယီသမ္မတ ကပြောပါတယ်။


ဒါ့အပြင် လူထုရဲ့ နေ့စဉ်စားဝတ်နေရေးနဲ့ အလုပ်အကိုင်အခွင့် အလမ်းတွေကို သွယ် ဝိုက်သောနည်းနဲ့သော်လည်းကောင်း၊ တိုက်ရိုက်အားဖြင့်သော်လည်းကောင်း ကြိုးပမ်းအားထုတ်ရမှာတွေရှိတယ်လို့ ယာယီသမ္မတ ကထပ်လောင်းပြောပါတယ်။


========================


📌📌 ၂။ အင်ဒိုနီးရှားနိုင်ငံမှာ  လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် ထိခိုက်နစ်နာခဲ့ရသူပြည်သူများအတွက် ဝမ်းနည်းကြေကွဲရတယ်လို့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ဆို


အင်ဒိုနီးရှားနိုင်ငံမှာ  လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် ထိခိုက်နစ်နာခဲ့ရသူပြည်သူများအတွက် ဝမ်းနည်းကြေကွဲရတယ်လို့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကဆိုလိုက်ပါတယ်။ နိုဝင်ဘာ၂၂ ရက် Twitter မှာ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကဆိုထားပါတယ်။


"အနောက်ဂျာဗားတွင် လှုပ်ခတ်ခဲ့သော ငလျင်အကြောင်း ကြားသိရသည့်အတွက် အလွန်စိတ်မကောင်းဖြစ်မိပါတယ်။ NUGအစိုးရဟာ အင်ဒိုနီးရှားပြည်သူများနှင့်အတူ ရပ်တည်ပြီး ထိခိုက်နစ်နာခဲ့ရသူများ၏ မိသားစုများထံ အလေးအနက် ဝမ်းနည်းကြောင်း ပေးပို့အပ်ပါတယ်"လို့ဆိုထားပါတယ်။


အင်ဒိုနီးရှားနိုင်ငံ အနောက်ဂျာဗားပြည်နယ်မှာ နိုဝင်ဘာ ၂၁ ရက်နေ့ကပြင်းအား . ရှိသော မြေငလျင်လှုပ်ခတ်ခဲ့ပြီး လူပေါင်း၁၆၂ဦးသေဆုံးကြောင်း သတင်းရရှိပါတယ်။


========================


📌📌 ၃။ မြန်မာ့နွေဦးတော်လှန်ရေးဟာ အလွှာစုံ၊ လူမျိုးစုံ ပူးပေါင်းပါဝင်ကြတာဖြစ်တဲ့အတွက် "ဥာဏ်နဲ့ယှဥ်တဲ့တော်လှန်ရေး" လို့ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ပြောကြားလိုက်


မြန်မာ့နွေဦးတော်လှန်ရေးဟာ အလွှာစုံ၊ လူမျိုးစုံ ပူးပေါင်းပါဝင်ကြတာဖြစ်တဲ့အတွက် "ဥာဏ်နဲ့ယှဥ်တဲ့တော်လှန်ရေး" လို့ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ပြောကြားလိုက်ပါတယ်။ နိုဝင်ဘာ ၂၂ ရက် ခေါ်သံအွန်လိုင်းမဂ္ဂဇင်းသို့အမှာစကားပြောကြားရာမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။


"မြန်မာ့နွေဦးတော်လှန်ရေးဟာ အလွှာစုံ၊ လူမျိုးစုံ၊လူတန်းစားစုံ၊ ကျွမ်းကျင်မှုအစုံ၊ အသိပညာ၊ အတတ်ပညာစုံ ပူးပေါင်းပါဝင်ကြတာဖြစ်တဲ့အတွက် "ဥာဏ်နဲ့ယှဥ်တဲ့တော်လှန်ရေး" လို့ ဆိုရမယ်"လို့ဝန်ကြီးကဆိုပါတယ်။ လက်ရှိမှာ နွေဦးတော်လှန်ရေးတွင် CDMဆရာဝန်၊ CDM ကျောင်းဆရာ၊ ကျောင်းသားများလည်း ပူးပေါင်းပါဝင်ပြီးတော့ ကျရာတာဝန်များမှာ တာဝန်ထမ်းဆောင်ပေးလျက်ရှိနေပါတယ်။


========================


📌📌 ၄။ မြန်မာပြည်က ကလေးငယ်တွေဟာ အရွယ်နဲ့မလိုက်အောင် လေကြောင်းအန္တရာယ်ကို ကြောက်နေရတယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးဆို


မြန်မာပြည်က ကလေးငယ်တွေဟာ အရွယ်နဲ့မလိုက်အောင် လေကြောင်းအန္တရာယ်ကို ကြောက်နေရတယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးကဆိုလိုက်ပါတယ်။ နိုဝင်ဘာ ၂၂ ရက်မှာ လေကြောင်းသတိပေး ရုပ်သံနဲ့ပတ်သက်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဇော်ဝေစိုးက မှတ်ချက်ပေးပြောကြားခဲ့ပါတယ်။


"မြန်မာပြည်မှာ လေယာဉ်ပျံတွေလာရင် ကလေးတွေက ထွက်ကြည့်ကြတာ၊ ပျော်ကြတာတွေဖြစ်ရမဲ့အစားလေယာဉ်သံကြားပြီဆိုရင် ဒီအရွယ်လေးတွေကအစ ဗုံးကျဲမှာကို .. လေကြောင်းအန္တရာယ်ကို ကြောက်နေရပြီ၊ လေယာဉ်နဲ့ ပစ်ခတ်တိုက်ခိုက်ဗုံးကြဲလာရင် ဘယ်လိုနေရမလဲဆိုတာ လေ့ကျင့်နေရပြီ"လို့ဝန်ကြီးကဆိုပါတယ်။


စစ်ကောင်စီ၏ လူမဆန်သော သတ်ဖြတ် ဖမ်းဆီးမှုများ၊ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ကြောင့် ကလေးသူငယ် ပေါင်း (၂၄၂) ဦးကျော် သေကြေပျက်စီးခဲ့ရပြီး ကလေး ထောင်ပေါင်းများစွာ ထိခိုက် နှစ်နာမှုများရှိနေတယ်လို့လည်းအမျိုးသမီး လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်။


========================


📌📌 ၅။ သံတမန်ရေးရာ အဆင့်မြှင့်တင်အသိအမှတ်ပြုရေး နော်ဝေနိုင်ငံရေး ပါတီများမှ ပါလီမန်အမတ်များနှင့် တွေ့ဆုံဆွေးနွေးခဲ့


CRPH NUCC NUG တို့အား သံတမန်ရေးရာ အဆင့်မြှင့်တင်အသိအမှတ်ပြုရေး နော်ဝေနိုင်ငံရေး ပါတီများမှ ပါလီမန်အမတ်များနှင့် တွေ့ဆုံဆွေးနွေးခဲ့တယ်လို့သတင်းရရှိပါတယ်။ နိုဝင်ဘာလ ၂၂ ရက်နေ့မှာ နော်ဝေနိုင်ငံ အနေဖြင့် NUG ကို သံတမန်ရေးရာအဆင့်မြှင့်တင် ဆက်ဆံမှုပြုရန်အပါအဝင်အခြား ကိစ္စရပ်များကို ဆွေးနွေးခဲ့တယ်လို့ လူ့အခွင့်ရေးရာဝန်ကြီးဌာနက သတင်းထုတ်ပြန်ဖော်ပြပါတယ်။


အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ နော်ဝေဘက်မှ နော်ဝေလွှတ်တော်အမတ် Mr. Ola Elvestuen ဦးဆောင်သော လွှတ်တော် ကိုယ်စားလှယ်များ၊ University of Oslo မှ ပါမောက္ခ Kristain Stokke နော်ဝေနိုင်ငံရေးပါတီများမှ ပါလီမန်အမတ်များ တက်ရောက်ခဲ့ကြပါတယ်။


မြန်မာနိုင်ငံဘက်က CRPH ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်၊ မြန်မာအလုပ်သမားတပ်ပေါင်းစု၊ NUCC မှ ဦးမောင်မောင်၊ ဦးတိုးကျော်လှိုင်၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) မှ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအောင်မျိုးမင်း၊ လူသားချင်း စာနာထောက် ထားရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ အမျိုးသမီး၊ လူငယ်နှင့်ကလေး သူငယ်ရေးရာ ပြည်ထောင်စုဝန်ကြီး နော်စူစန်နာလှလှစိုး၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှဒုဝန်ကြီး ဦးမိုးဇော်ဦး၊ နော်ဝေနိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ် ဦးမောင်မောင်မြင့်တို့တက်ရောက်ခဲ့ကြပါတယ်။


တွေ့ဆုံဆွေးနွေးပွဲတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးအောင်မျိုးမင်းက မြန်မာနိုင်ငံတွင် ရင်ဆိုင်ကြုံတွေ့နေရသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ စိန်ခေါ်မှုများနှင့် အခက်အခဲများ၊ အာဏာသိမ်း စစ်ကောင်စီကို ICC နှင့် ICJ တို့တွင် တရားစွဲဆိုထားမှုနှင့် ပတ်သက်သည့် ဖြစ်ပေါ်တိုးတက်မှုများစသည်တို့ကိုတင်ပြခဲ့ကြပါတယ်။


နော်ဝေနိုင်ငံပါလီမန် အဖွဲ့ကလည်း နော်ဝေနိုင်ငံအနေဖြင့် မြန်မာပြည်သူများ၏ ဒီမိုကရေစီကြိုးပမ်းမှုကို အမြဲ မပြတ် အားပေးလျက်ရှိကြောင်း၊ မြန်မာနိုင်ငံတွင် ဒီမိုကရေစီပြန်လည်ရှင်သန်ရေးနှင့် အနာဂတ် ဖက်ဒရယ် ပြည်ထောင်စု တည်ထောင်ရေးအတွက် အားပေးထောက်ခံကူညီမှုများလုပ်ဆောင်ရန် အမြဲမပြတ် ပြင်ဆင်လျက် ရှိကြောင်းတို့ကို ပြောကြားခဲ့ကြတယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၆။ လွှတ်တော်လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်ရေး ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် ချင်းပြည်နယ်လွှတ်တော်ကိုယ်စားပြု ကော်မတီတို့ တွေ့ဆုံဆွေးနွေး


လွှတ်တော်လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်ရေး ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် ချင်းပြည်နယ်လွှတ်တော်ကိုယ်စားပြု ကော်မတီတို့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ နိုဝင်ဘာလ ၂၁ ရက် နေ့ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် ချင်းပြည်နယ်လွှတ်တော်ကိုယ်စားပြု ကော်မတီတို့လွှတ်တော်ဆိုင်ရာလုပ်ငန်းများနှင့်စပ်လျဥ်း၍ တွေ့ဆုံဆွေးနွေးမှုအား ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့်ကျင်းပခဲ့ပါတယ်။


 အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်က အဖွင့်အမှာစကား ပြောကြားပြီးနောက် ချင်းလွှတ်တော် ကိုယ်စားပြု ကော်မတီ၊ ဥက္ကဋ္ဌ ဦးပါထန် က လွှတ်တော်ဆိုင်ရာလုပ်ငန်းများအတွက် ပိုမိုချိတ်ဆက်လုပ် ဆောင်နိုင်စေရန် ရှေ့ဆက်၍ ပူးပေါင်းဆောင်ရွက်လိုသည့်လုပ်ငန်းများအပါအဝင် ချင်းပြည်နယ်ရှိ အုပ်ချုပ်ရေး၊ ကာကွယ်ရေးနှင့်စပ်လျဥ်းသည့် မြေပြင်အခြေအနေများ၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ လိုအပ်နေသော အကူအညီများ၊ ရင်ဆိုင်ကြုံတွေ့နေရသော စိန်ခေါ်မှုများအား ရှင်းလင်းတင်ပြဆွေးနွေးခဲ့ပါတယ်။


အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးများနှင့် အဖွဲ့ဝင်များ၊ ချင်းပြည်နယ်လွှတ်တော်ကိုယ်စားပြုကော်မတီ၊ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ တက် ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၇။ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော် ကိုယ်စားပြုကော်မတီ က ရေးရာကော်မတီ ခုကို ရွေးကောက်ခံ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များနဲ့ ထပ်မံတိုးချဲ့ဖွဲ့စည်း


စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော် ကိုယ်စားပြုကော်မတီ က ရေးရာကော်မတီ ခုကို ရွေးကောက်ခံ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များနဲ့ ထပ်မံတိုးချဲ့ဖွဲ့စည်းလိုက်ပါတယ်။ နိုဝင်ဘာ ၂၂ ရက်မှာ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော် ကိုယ်စားပြုကော်မတီ ကသတင်းထုတ်ပြန်ခဲ့ပါတယ်။


တိုးချဲ့ဖွဲ့စည်းလိုက်သော ရေးရာကော်မတီ၄ခု မှာ လူသားချင်း စာနာ ထောက်ထားကူညီရေးနှင့်လူထုဆက်ဆံရေးကော်မတီ၊ လုံခြုံရေးနဲ့ ကာကွယ်ရေးဆိုင်ရာကော်မတီ၊ ဖက်ဒရယ် ရေးရာ သုတေသနကော်မတီ၊ ပညာရေးနဲ့ကျန်းမာရေးဆိုင်ရာကော်မတီတို့ဖြစ်ပါတယ်။ အဆိုပါကော်မတီ၄ခုကိုဖွဲ့စည်းရခြင်းမှာ လက်ရှိတော်လှန်ရေးကာလနဲ့တော်လှန်ရေးအလွန်ကာလများမှာ လူထုနဲ့တိုင်းပြာ်အတွက် ထိရောက်စွာ ပံ့ပိုးကူညီသွားရန်တို့ဖြစ်ပါတယ်။


========================


📌📌 ၈။တူမီးတစ်ပေါက် အာဏာရူးအပျောက်ကမ်ပိန်း NUGPay ကစတင်


တူမီးတစ်ပေါက် အာဏာရူးအပျောက်ကမ်ပိန်း NUGPay ကစတင်လိုက်တယ်လို့သတင်းရရှိပါတယ်။ နိုဝင်ဘာ ၂၂ ရက်မှာ NUG Pay ကအသိပေးဖော်ပြပါတယ်။ "စတုတ္ထအကြိမ်မြောက် NUGPay နှင့် ပြည်သူများ၏ For Our People လှုပ်ရှားမှုတွင် ချင်းတောင်တန်း၌ စစ်မီးငြိမ်း၍ အာဏာရှင်အမြစ်ဖြတ်နိုင်ရန် ဝန်းရံသွားပါမယ်"လို့ဆိုပါတယ်။


နိုဝင်ဘာ ၂၁ ရက်နေ့မှ ဒီဇင်ဘာ၁ရက်နေ့အထိ ချင်းပြည်နယ်အတွက် လှူဒါန်းမှုများအား  လက်ခံသွားမှာ ဖြစ်ပြီး တိုက်ပွဲဒေသများအရောက် ပေးပို့သွားမှာ ဖြစ်ပါတယ်။ NUG Payဟာ စစ်ကောင်စီလက်အောက်က လွတ်ကင်းတဲ့တစ်ခုတည်းသော ဘဏ္ဍာရေးစနစ်ဖြစ်ပြီးတော့ သုံးစွဲသူသောင်းနဲ့ချီရှိနေပါတယ်။


========================


📌📌 ၉။ ခင်ဦးမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၄၇ ရွာမှ လူနေအိမ် ၁၈၅၆ လုံးကို အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးထားပြီးဖြစ်တယ်လို့ဆို


ခင်ဦးမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၄၇ ရွာမှ လူနေအိမ် ၁၈၅၆ လုံးကို အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးထားပြီးဖြစ်တယ်လို့ဆိုပါတယ်။ နိုဝင်ဘာလအတွင်းမှာ ခင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က စာရင်းပြုစုထုတ်ပြန်ချက်အရသတင်းရရှိပါတယ်။


"ခင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ပြုစုထားသော စာရင်းအရ နိုဝင်ဘာ ၁၈ ရက်အထိ စာရင်းများအရ စစ်ကောင်စီတပ်က ခင်ဦးမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၄၇ ရွာမှ လူနေအိမ် ၁၈၅၆ လုံးကို မီးရှို့ဖျက်ဆီးထားပြီး ဖြစ်ပါတယ်"လို့ဖော်ပြပါတယ်။ စစ်တပ် အာဏာသိမ်းပြီး နှစ်နှစ်နီပါးကာလအတွင်း ခင်ဦးမြို့နယ်မှ တိုက်ပွဲများတွင် ဒေသခံနှင့် တော်လှန်ရေးအဖွဲ့ဝင် ၂၁၈ဦး သေဆုံးကာ ဖမ်းဆီးခံရသူ ၁၄၃ ဦး ရှိကြောင်း ခင်ဦးမြို့နယ်ပကဖအဖွဲ့၏ မှတ်တမ်းများအရ သိရပါတယ်။


အခုတင်ပြပေးခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment