25th NOV 2022 - Morning Daily News by Radio NUG


၂၀၂၂ နိုဝင်ဘာလ ၂၅ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ စိုးမိုးနယ်မြေများတွင် တိုက်ပွဲကာလနှင့် ဆီလျော်သော ကြားကာလ အုပ်ချုပ်ရေးအကောင်အထည်ဖော်ရေး အစီအစဉ်များချမှတ်ဖို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းပြောကြား

📌 ၂။ ဩစတေးလျနိုင်ငံ၊ ဆစ်ဒနီမြို့မှာ ကျင်းပမယ့် ရန်ပုံငွေဈေးရောင်းပွဲလူ့အခွင့်ရေးဆိုင်ရာဝန်ကြီးတက်ရောက်မယ်

📌 ၃။ စစ်အာဏာရှင်ရဲ့ နောက်ထပ်ဗျူဟာက တစ်နိုင်ငံလုံး နိုင်ငံရေး မဟာမိတ်ဖွဲ့စည်းခြင်းကို တားဆီးနှောင့်ယှက်ဖို့ပဲဖြစ်တယ်လို့ သြစတြေးလျ NUG ကိုယ်စားလှယ်ပြောကြား

📌 ၄။တရားမ၀င်၊အတုအယောင် ရွေးကောက်ပွဲကို လူထုအားနဲ့တိုက်ဖျက်ကြ"ဘန်နာကိုင်စွဲကာ လူထုလှုပ်ရှားမှုသပိတ်လုပ်ဆောင်

📌 ၅။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကို ငွေကျပ် ငါးထောင် ထောက်ပံ့တယ်လို့ဆိုပြီးတော့ ထောင် ၁၀ နှစ် ချ

📌 ၆။ အောက်တို ဘာလ တစ်လအတွင်း စကစတပ်က နိုင်ငံအနှံ မြို့နယ်ပေါင်း ၁၅ ခုမှာ လေကြောင်းတိုက်ခိုက်မှု ၅၇ ကြိမ်ထက်မနည်း ရှိခဲ့

📌 ၇။ ထီးလင်းမြို့နယ်မှာ နှစ်လကျော်ကြာ လှည့်လည်စစ်ကြောင်းထိုးနေတဲ့စကစတပ်များက ကျေးရွာ (၁၁) ရွာမှ အိမ်ခြေပေါင်း (၁၆၈) လုံးအထိ မီးရှို့ဖျက်ဆီးခဲ့

📌 ၈။ စစ်ကိုင်းမြို့နယ် အုန်းတောရွာအမြှောက်တပ်ဂိတ်အား (၄၀)မမဖြင့် အနီးကပ်တိုက်ခိုက်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ စိုးမိုးနယ်မြေများတွင် တိုက်ပွဲကာလနှင့် ဆီလျော်သော ကြားကာလ အုပ်ချုပ်ရေးအကောင်အထည်ဖော်ရေး အစီအစဉ်များချမှတ်ဖို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းပြောကြား


စိုးမိုးနယ်မြေများတွင် တိုက်ပွဲကာလနှင့် ဆီလျော်သော ကြားကာလ အုပ်ချုပ်ရေးအကောင်အထည်ဖော်ရေး အစီအစဉ်များချမှတ်ဖို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက နိုဝင်ဘာလ ၂၄ ရက်မှာ ကျင်းပတဲ့ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအစည်းအဝေး မှာ ထည့်သွင်းပြောကြားလိုက်ပါတယ်။


"တော်လှန်ရေးအရှိန်ရလာသည်နှင့်အမျှ ကော်မတီ၏ အခန်းကဏ္ဍသည်လည်း အရေးကြီးကြောင်း၊ ယခုလုပ်ဆောင်နေသော တိုင်းဒေသကြီးအုပ်ချုပ်ရေးအစီအမံများအပြင် ထပ်တိုးလုပ်ဆောင်ရမည့် ကိစ္စများစွာ ရှိနေသေးကြောင်း၊ စိုးမိုးနယ်မြေများတွင် တိုက်ပွဲကာလနှင့် ဆီလျော်သော ကြားကာလ အုပ်ချုပ်ရေးအ‌ကောင်အထည်ဖော်ရေး အစီအစဉ်များချမှတ်ဖို့ လိုအပ်ကြောင်း၊ ကြားကာလ ဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီ စတင်အကောင်အထည်ဖော်ကတည်းက စိုးမိုးထိန်းချုပ်နယ်မြေများ စီမံကတည်းက ဒီမဟာဗျုဟာကို အကောင်အထည်ဖော်နေတာဖြစ်ကြောင်း၊  ကြားကာလ အုပ်ချုပ်ရေးဖြစ်တာကြောင့် စစ်ရေး၊ အုပ်ချုပ်ရေး တွဲပြီးဆောင်ရွက်ရမှာဖြစ်ကြောင်း"ဝန်ကြီးချုပ်ကဆိုပါတယ်။


ဆက်လက်ပြီး တက်ရောက်လာကြသော ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီအဖွဲ့ဝင်များမှ (၃၇/၂၀၂၂) တွင်ချမှတ်ထားသော ဆုံးဖြတ်ချက်များ၊ရှေ့လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ပြီးစီးမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိနေသည့် လုပ်ငန်းစဉ်များကို ချပြရှင်းလင်းပြီး ဝန်ကြီးဌာနအလိုက် ဆောင်ရွက်ထားရှိသည့်ကိစ္စရပ်များအပေါ်  တက်ရောက်လာသော တာဝန်ရှိသူများမှ အကျယ်တဝင့် ဆွေးနွေးခဲ့ကြပါတယ်။


အစည်းအဝေးသို့ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီ ဥက္ကဌ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း ဦးဆောင်၍ ဒုတိယဥက္ကဌ () ၊ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်အပါအဝင် ဗဟိုကော်မတီအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးများ၊ဒုတိယပြည်ထောင်စုဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၂။ ဩစတေးလျနိုင်ငံ၊ ဆစ်ဒနီမြို့မှာ ကျင်းပမယ့် ရန်ပုံငွေဈေးရောင်းပွဲလူ့အခွင့်ရေးဆိုင်ရာဝန်ကြီးတက်ရောက်မယ်


ဩစတေးလျနိုင်ငံ၊ ဆစ်ဒနီမြို့မှာ ကျင်းပမယ့် ရန်ပုံငွေဈေးရောင်းပွဲလူ့အခွင့်ရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းတက်ရောက်မယ်လို့သတင်းရရှိပါတယ်။ မွန်ပြည်နယ်၊ ရေးခရိုင်နှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့နယ် တို့တွင် နွေဦးတော်လှန်ရေးအတွက် လိုအပ်သည့်နေရာများတွင် လူသားချင်းစာနာထောက်ထားမှုအကူညီများ အထောက်အကူပြုနိုင်ရန် ရည်ရွယ်၍ ရန်ပုံငွေဈေးရောင်းပွဲကြီးကို ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့မှာ ကျင်းပမှာဖြစ်ပါတယ်။


အဆိုပါ ရန်ပုံငွေဈေးရောင်းပွဲတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက Online မှတဆင့် Live လွှင့်၍ ကျေးဇူးတင်အမှာစကား ပြောကြားသွားမည်ဖြစ်ပြီး တက်ရောက်လာသူများမှ ပြည်ထောင်စုဝန်ကြီးအား မေးမြန်းလိုသည်များ ရှိပါက တိုက်ရိုက်မေးမြန်းနိုင်သော အမေးအဖြေကဏ္ဍလည်း ပါဝင်မယ်လို့ သတင်းရရှိပါတယ်။


ရန်ပုံငွေဈေးရောင်းပွဲတွင် ဆိုင်ခန်းပေါင်း ၃၀ ကျော် ဖွင့်လှစ်ရောင်းချသွားကြမည်ဖြစ်ပြီး မြန်မာရိုးရာ ထမင်းဟင်းများ၊ အချိုပွဲများ၊ သရေစာမုန့်များကို အမျိုးအစား စုံလင်များပြားလှစွာ ရောင်းချပေးသွား မှာဖြစ်ပါတယ်။


========================


📌📌 ၃။ စစ်အာဏာရှင်ရဲ့ နောက်ထပ်ဗျူဟာက တစ်နိုင်ငံလုံး နိုင်ငံရေး မဟာမိတ်ဖွဲ့စည်းခြင်းကို တားဆီးနှောင့်ယှက်ဖို့ပဲဖြစ်တယ်လို့ သြစတြေးလျ NUG ကိုယ်စားလှယ်ပြောကြား


စစ်အာဏာရှင်ရဲ့ နောက်ထပ်ဗျူဟာက တစ် နိုင်ငံလုံး နိုင်ငံရေး မဟာမိတ်ဖွဲ့စည်းခြင်းကို တားဆီးနှောင့်ယှက်ဖို့ပဲဖြစ်တယ်လို့ သြစတြေးလျ NUG ကိုယ်စားလှယ်ဦးထွန်းအောင်ဆွေက ပြောကြားပါတယ်။ နိုဝင်ဘာ ၂၄ ရက်မှာ  သြစတြေးလျ NUG ကိုယ်စားလှယ်ဦးထွန်းအောင်ဆွေကသုံးသပ်ဆိုပါတယ်။


"ဗျူဟာတခုက မြန်မာနိုင်ငံအနှံ့အပြားက စစ်အာဏာရှင်တွေ လက်လွှတ်လိုက်ရတဲ့ နယ်မြေဒေသတွေက အရပ်သားလူထုကို ဆက်ပြီး သိမ်းကျုံးတိုက်ခိုက်နေမှာ ဖြစ်တယ်။ ဒီတိုက်ခိုက်မှုတွေဟာ ပျောက်ကျားတပ်တွေကို ဦးတည်တာမဟုတ်ဘဲ အရပ်သားတွေကို အဓိကပစ်မှတ်ထားတာပဲ ဖြစ်တယ်။စစ်အာဏာရှင်ရဲ့ ဗျူဟာရဲ့ နောက်ထပ်သော့ချက်က တစ်နိုင်ငံလုံး နိုင်ငံရေး မဟာမိတ်ဖွဲ့စည်းခြင်းကို တားဆီးနှောင့်ယှက်ဖို့ပဲ ဖြစ်တယ်"လို့ဆိုပါတယ်။


၂၀၂၁ ခုနှစ် စက်တင်ဘာ ရက်မှာ ပြည်သူ့ခုခံတွန်းလှန်စစ်ကိုစတင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရကကြေညာခဲ့ပါတယ်။ လက်ရှိမှာ ပြည်သူ့ခုခံတွန်းလှန်စစ်ကို မဟာဗျူဟာများရေးဆွဲပြီး အရှိန်မြှင့်လျက်ရှိတယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနကလည်းထုတ်ပြန်ထားပါတယ်။


========================


📌📌 ၄။တရားမ၀င်၊အတုအယောင် ရွေးကောက်ပွဲကို လူထုအားနဲ့တိုက်ဖျက်ကြ"ဘန်နာကိုင်စွဲကာ လူထုလှုပ်ရှားမှုသပိတ်လုပ်ဆောင်


"တရားမ၀င်၊အတုအယောင် ရွေးကောက်ပွဲကို လူထုအားနဲ့တိုက်ဖျက်ကြ"ဘန်နာကိုင်စွဲကာ လူထုလှုပ်ရှားမှုသပိတ်လုပ်ဆောင်ခဲ့ပါတယ်။ နိုဝင်ဘာ ၂၄ ရက် မှာ မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီမှ"တရားမ၀င်၊အတုအယောင် ရွေးကောက်ပွဲကို လူထုအားနဲ့တိုက်ဖျက်ကြ" ခေါင်းစဉ်ဖြင့်ချောင်းဦးမြို့နယ်လူငယ်အင်အားစုသပိတ်စစ်ကြောင်း မှ အဖွဲ့၀င်တို့နဲ့ ပူးပေါင်းချီတက် ခဲ့ကြပါတယ်။


"ဖက်ဆစ်တပ်ဟာအဓမ္မအာဏာသိမ်းယူခဲ့တာ ()နှစ်ပါးကြာမြင့်ခဲ့ပါပြီဖြစ်သော် လည်း ပြည်သူလူထုတော်လှန်ရေးမှာ ကောက်ရိုးမီးလိုငြိမ်းသွားခြင်းမရှိ ယနေ့ထက်တိုင် နေရာအနှံ လမ်းမအထက်က‌တော်လှန်လူထုများကို မြင်တွေ့ရပါတယ်"လို့ သပိတ်ကော်မတီကဆိုပါတယ်။


အဆိုပါလူထုလှုပ်ရှားမှုသပိတ်တွင်မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ နှင့်ချောင်းဦးမြို့နယ်လူငယ်အင်အားစု သပိတ်စစ်ကြောင်းတို့မှ အဖွဲ့၀င်များပူးပေါင်းကာ စစ်ကောင်စီလုပ်မည့်ရွေးကောက်ပွဲများတွင် သွားရောက်မဲပေးခြင်းမပြုရန် တိုက်တွန်းနှိုးဆော် ခဲ့ကြပါတယ်။


========================


📌📌 ၅။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကို ငွေကျပ် ငါးထောင် ထောက်ပံ့တယ်လို့ဆိုပြီးတော့ ထောင် ၁၀ နှစ် ချ


ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကို ငွေကျပ် ငါးထောင် ထောက်ပံ့တယ်လို့ဆိုပြီးတော့ ခန္တီးမြို့တွင်နေထိုင်သော  မအေးသီရိအား ထောင်ဒဏ် ၁၀ နှစ် ချမှတ်လိုက်ပါတယ်။ စစ်ကိုင်းတိုင်း၊ ခန္တီးမြို့တွင်နေထိုင်သော  မအေးသီရိ () ဖူးဖူးသည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကို ငွေကျပ် ငါးထောင် ထောက်ပံ့သည်ဟု စွပ်စွဲခြင်းခံရကာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀ () ဖြင့် နိုဝင်ဘာလ ၂၂ ရက်နေ့တွင် ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခြင်းခံခဲ့ရတယ်လို့ AAPPကဖော်ပြအသိပေးဆိုပါတယ်။


မအေးသီရိသည် ခန္တီးမြို့ရှိ ၎င်း၏နေအိမ်၌ ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် ဖမ်းဆီးခြင်းခံခဲ့ရပြီး ခန္တီးခရိုင်ရဲစခန်းအချုပ်၌ ကိုးလကျော်ကြာ ထိန်းသိမ်းခြင်းခံခဲ့ရပြီးနောက် အမိန့်ချမှတ်ခံခဲ့ရခြင်းဖြစ်ပါတယ်။ မအေးသီရိဟာ ကျန်းမာရေး ကောင်းမွန်ခြင်းမရှိဘဲ ဖမ်းဆီးခြင်းခံထားရချိန်၌ မကြာခဏ သတိလစ်ကြောင်း သတင်းရရှိပါတယ်။


========================


📌📌 ၆။ အောက်တို ဘာလ တစ်လအတွင်း စကစတပ်က နိုင်ငံအနှံ မြို့နယ်ပေါင်း ၁၅ ခုမှာ လေကြောင်းတိုက်ခိုက်မှု ၅၇ ကြိမ်ထက်မနည်း ရှိခဲ့


အောက်တို ဘာလ တစ်လအတွင်း စကစတပ်က နိုင်ငံအနှံ မြို့နယ်ပေါင်း ၁၅ ခုမှာ လေကြောင်းတိုက်ခိုက်မှု ၅၇ ကြိမ်ထက်မနည်း ရှိခဲ့တယ်လို့ နိုဝင်ဘာလနောက်ဆုံးပတ်မှာ ISP Myanmar က အချက်အလက်များကိုအသိပေးထုတ်ပြန်ခဲ့ပါတယ်။


"စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေက အခုအချိန်အထိ ဆက်လက်မြင့်တက်နေပါတယ်။ အခုနှစ် အောက်တို ဘာလ တစ်လအတွင်း နိုင်ငံအနှံ မြို့နယ်ပေါင်း ၁၅ ခုမှာ လေကြောင်းတိုက်ခိုက်ခံရမှု ၅၇ ကြိမ်ထက်မနည်း ရှိခဲ့ပါတယ်။ စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်မှာ လေကြောင်းတိုက်ခိုက်မှု ၁၂ ကြိမ်ထက်မနည်း ရှိခဲ့ပြီး အများဆုံး ဖြစ်ခဲ့ပါတယ်"လို့ဆိုပါတယ်။


ဒီလို လေကြောင်းတိုက်ခိုက်ခံရမှုတွေကြောင့် အရပ်သားသေဆုံးမှုက ၃၇ ဦးထက်မနည်း ရှိခဲ့ပြီးတော့ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ အနန့်ပါဖြစ်ရပ်မှာလည်း အရပ်သားတွေ အပါအဝင် သေဆုံးသူ ၇၀ ဦးထက်မနည်း ရှိခဲ့ပါတယ်။


========================


📌📌 ၇။ ထီးလင်းမြို့နယ်မှာ နှစ်လကျော်ကြာ လှည့်လည်စစ်ကြောင်းထိုးနေတဲ့စကစတပ်များက ကျေးရွာ (၁၁) ရွာမှ အိမ်ခြေပေါင်း (၁၆၈) လုံးအထိ မီးရှို့ဖျက်ဆီးခဲ့


ထီးလင်းမြို့နယ်မှာ နှစ်လကျော်ကြာ လှည့်လည်စစ်ကြောင်းထိုးနေတဲ့စကစတပ်များက ကျေးရွာ (၁၁) ရွာမှ အိမ်ခြေပေါင်း (၁၆၈) လုံးအထိ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ နိုဝင်ဘာ ၂၄ ရက်မှာ ယောတော်လှန်ရေးတပ်-YRA(ထီးလင်း)က အသိပေးဆိုပါတယ်။


"ထီးလင်းမြို့နယ်တွင်းသို့ ဝင်ရောက်လာသော ခလရ(၅၀)လက်အောက်ခံ စကစတပ် + ပျူစစ်ကြောင်းဟာ နိုဝင်ဘာ ၂၄ ရက် ဝါးရင်းချိုင်ကျေးရွာအား မီးတင်ရှို့ခဲ့ပါတယ်။ ယောတော်လှန်ရေးတပ်-YRA(ထီးလင်း)နှင့်ဒေသခံကာကွယ်ရေးတပ်ဖွဲ့များမှ နယ်မြေရှင်းလင်းရေးဝင်ရောက်၍ မီးငြိမ်းသတ်ခဲ့ကြရာ ဝါးရင်းချိုင်ကျေးရွာရှိ အိမ်ခြေစုစုပေါင်း (၆၁) လုံးအနက်မှ အိမ်ခြေ (၃၄) လုံးမီးလောင်ကျွမ်းခဲ့ကြောင်း တွေ့ရှိရပါတယ်"လို့ဆိုပါတယ်။


အဆိုပါ မီးရှို့စစ်ကြောင်းဟာ ထီးလင်းမြို့နယ်၌ နှစ်လကျော်ကြာ လှည့်လည်စစ်ကြောင်းထိုးနေတဲ့ ကာလအတွင်းတွင် စုစုပေါင်းကျေးရွာ (၁၁) ရွာမှ အိမ်ခြေပေါင်း (၁၆၈) လုံးအထိ မီးရှို့ခဲ့ကြပြီးဖြစ်ပါတယ်။


========================


📌📌 ၈။ စစ်ကိုင်းမြို့နယ် အုန်းတောရွာအမြှောက်တပ်ဂိတ်အား (၄၀)မမဖြင့် အနီးကပ်တိုက်ခိုက်


စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ် အုန်းတောရွာအမြှောက်တပ်ဂိတ်အား (၄၀)မမဖြင့် အနီးကပ်တိုက်ခိုက်ခဲ့ပါတယ်။ နိုဝင်ဘာ ၂၄ ရက် နံနက် (၁၀) နာရီ (၅၀) မိနစ်အချိန်ခန့်တွင် အုန်းတောရွာအမြှောက်တပ်ကိုပစ်ခတ်တိုက်ခိုက်တယ်လို့ People's Army To Fight Dictatorship တပ်ဖွဲ့ကအတည်ပြုဆိုပါတယ်။


" နိုဝင်ဘာလ၂၄ ရက်နံနက် (၁၀) နာရီ (၅၀) မိနစ်အချိန်ခန့်တွင်အုန်းတောရွာအမြှောက်တပ် (လက်နက်ကြီးတပ်ဂိတ်)အား (၄၀)မမဖြင့် အနီးကပ်တိုက်ခိုက်ခဲ့ပါတယ်"လို့ဆိုပါတယ်။ လတ်တလောမှာ စကစတပ်များထိခိုက်ကျဆုံးမှုကိုအတည်ပြုနေဆဲ ဖြစ်ပြီးတော့တော်လှန်ရေးရဲဘော်များမှာအထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်။


ထိုတိုက်ခိုက်မှု့ကိုPeople's Army To Fight Dictatorship(PAFD) တပ်ခွဲ DK PDF(MMU) People's knight Defense Force Myinmu (PKDF-MMU)  TAUNGTHA People Defense Force (TTAPDF) Phonex (SGG) D.B.B.F-MMU မဟာမိတ်အဖွဲ့များပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ်။


အခုတင်ပြပေးခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment