26th NOV 2022 - Morning Daily News by Radio NUG


၂၀၂၂ နိုဝင်ဘာလ ၂၆ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ မလေးရှားနိုင်ငံနှင့် ပိုမိုနီးကပ်သော ဆက်ဆံရေးကို တည်ဆောက်ရန် မျှော်လင့်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်ပြောကြား

📌 ၂။ ပြည်ထဲရေးဝန်ကြီးထံတော်လှန်ထောက်ပို့ တောင်ပိုင်းသို့ကံစမ်းမဲလက်မှတ်များ ရောင်းရ ငွေ ဘတ်တစ်သန်းပေးအပ်ခဲ့

📌 ၃။ တော်လှန်ရေး ကာလအတွင်း အရပ်သားထိခိုက်မှုလျော့နည်းရေးနှင့် စားနပ်ရိက္ခာဖူလှုံရေးကို ဦးစားပေး ဆောင်ရွက်လျက်ရှိတယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးဆို

📌 ၄။တူမီးမြေမှ အာဝုမောင်းထုတ်ပွဲ" သိန်း ၃၀၀၀ အွန်လိုင်း ကံစမ်းမဲလက်မှတ် အစီအစဥ် နိုဝင်ဘာ၂၇ ရက် NUG ပြည်ထောင်စုဝန်ကြီးများတက်ရောက်မယ်

📌 ၅။ မြန်မာအမျိုးသားလေကြောင်းမှ ညွှန်ကြားရေးမှူးချုပ်နဲ့မန်နေဂျာများကို NUG အလုပ်သမားဝန်ကြီးအမိန့်နဲ့ ဝန်ထမ်းအဖြစ်ကထုတ်ပယ်

📌 ၆။ BUDDY ချီတက်စစ်တပ်ပျက်ကမ်ပိန်းကိုနိုဝင်ဘာလ ၂၅ ရက်မှစတင်

📌 ၇။ အိမ်ခြေ၁၀၀ ကျော် မီးလောင်ပျက်စီးခဲ့သော ခင်ဦးမြို့နယ် မုံလှရွာ ပြည်သူများအတွက် အဝတ်အထည် နှင့် စောင်များ အရေးပေါ်လိုအပ်နေ

📌 ၈။ မြိုင်မြို့နယ် တွင်းမ၊ ကိုင်းတောမ လမ်းဘေးတွင် ကင်းပုန်းဝပ်နေတဲ့ စကစတပ်နဲ့ပျူများကို ဒရုန်းနဲ့ဗုံးသီးချတိုက်ခိုက်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ မလေးရှားနိုင်ငံနှင့် ပိုမိုနီးကပ်သော ဆက်ဆံရေးကို တည်ဆောက်ရန် မျှော်လင့်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်ပြောကြား


မလေးရှားနိုင်ငံနှင့် ပိုမိုနီးကပ်သော ဆက်ဆံရေးကို တည်ဆောက်ရန် မျှော်လင့်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်ပြောကြားလိုက်ပါတယ်။ နိုဝင်ဘာ ၂၅ ရက်မှာ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က Twitter မှာရေးသားဆိုလိုက်ပါတယ်။


"အမျိုးသားညီညွတ်ရေးအစိုးရဟာ မလေးရှားပြည်သူများနှင့် ၀န်ကြီးချုပ် Anwar Ibrahim ခေါင်းဆောင်မှုတွင် မလေးရှားနိုင်ငံနှင့် ပိုမိုနီးကပ်သော ဆက်ဆံရေးကို တည်ဆောက်ရန် မျှော်လင့်ပါတယ်"လို့ဆိုပါတယ်။ မလေးရှားနိုင်ငံဟာ အာဆီယံမှာ မြန်မာအရေးကိုတက်ကြွစွာပါဝင်ဆောင်ရွက်လျက်ရှိပြီးတော့ အမျိုးသားညီညွတ်ရေးအစိုးရနဲ့လည်း ရင်းနှီးတဲ့ဆက်ဆံရေးရှိနေဆဲပဲ ဖြစ်ပါတယ်။


========================


📌📌 ၂။ ပြည်ထဲရေးဝန်ကြီးထံတော်လှန်ထောက်ပို့ တောင်ပိုင်းသို့ကံစမ်းမဲလက်မှတ်များ ရောင်းရ ငွေ ဘတ်တစ်သန်းပေးအပ်ခဲ့


ပြည်ထဲရေးဝန်ကြီးထံတော်လှန်ထောက်ပို့ တောင်ပိုင်းသို့ကံစမ်းမဲလက်မှတ်များ ရောင်းရ ငွေ ဘတ်တစ်သန်းပေးအပ်ခဲ့တယ်လို့သတင်းရရှိပါတယ်။ နိုဝင်ဘာ ၂၅ ရက်မှာ တော်လှန်ထောက်ပို့ တောင်ပိုင်းသို့ အဖွဲ့သားများက ကံစမ်းမဲလက်မှတ်များ ရောင်းရ ငွေကိုပေးအပ်ခဲ့တယ်လို့ဆိုပါတယ်။ ဦးစွာပထမ ပြည်ထောင်စုဝန်ကြီး  ဦးလွင်ကိုလတ် မှ အဖွင့်အမှာစကားပြောကြားပြီးနွေဦးတော်လှန်ရေးအခြေအနေနှင့် လက်ရှိ ဆောင်ရွက်ချက်များ၊ ပြင်ဆင်ထားမှု အခြေအနေများအား ရှင်းလင်းပြောကြားခဲ့ပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန (MOHAI) ကို ဦးတည်သည့် ထိုင်းရောက်မြန်မာလုပ်သားများ ကူညီစောင့်ရှောက်ရေးကော်မတီ (AAC) အဖွဲ့နှင့် Myanmar Global Support Foundation (MGSF) တို့ ပူးပေါင်းစီစဉ်ကျင်းပသောတော်လှန်ထောက်ပို့ တောင်ပိုင်းသို့ကံစမ်းမဲလက်မှတ်များ ရောင်းချပွဲ မှ ရရှိလာသော ဘတ်ငွေ (၁၀၀၀၀၀၀) တစ်သန်း ပေးအပ်လှူဒါန်းခဲ့တာဖြစ်ပါတယ်။ ထို့နောက် တော်လှန်ထောက်ပို့ တောင်းပိုင်းသို့  သက်ဆိုင်ရာ နယ်မြေကိုယ်စားလှယ်များ မြို့နယ် အလိုက် လိုအပ်ချက်များအား တင်ပြဆွေးနွေးခဲ့ပြီးအလှူရှင်များ၏   မေးမြန်းချက်များအား သက်ဆိုင်ရာ နယ်မြေကိုယ်စားလှယ်များမှ ရှင်းလင်းပြောကြားခဲ့ပါတယ်။


========================


📌📌 ၃။ တော်လှန်ရေး ကာလအတွင်း အရပ်သားထိခိုက်မှုလျော့နည်းရေးနှင့် စားနပ်ရိက္ခာဖူလှုံရေးကို ဦးစားပေး ဆောင်ရွက်လျက်ရှိတယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးဆို


တော်လှန်ရေး ကာလအတွင်း အရပ်သားထိခိုက်မှုလျော့နည်းရေးနှင့် စားနပ်ရိက္ခာဖူလှုံရေးကို ဦးစားပေး ဆောင်ရွက်လျက်ရှိတယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကပြောပါတယ်။ နိုဝင်ဘာလ ၂၅ ရက်အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် တိုးချဲ့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံရာမှာ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကဆိုပါတယ်။


"အုပ်ချုပ်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အတူတကွ လက်တွဲပြီး မူဝါဒများနှင့်အညီ ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊တော်လှန်ရေး၌ ပြည်သူလူထု ပါဝင်မှုသည် အင်မတန်မှ အရေးကြီးကြောင်း၊ အုပ်ချုပ်မှုဖော်ဆောင်နိုင်မှု၊ ထိန်းချုပ်နိုင်မှုသည် ဒေသတွင်း ပအဖ၊ ပကဖ၊ ပလဖ များ၏ လုပ်ဆောင်ချက်များနှင့် NUG အစိုးရ၏ လုပ်ဆောင်နိုင်မှုကို ပြသနိုင်ခြင်းဖြစ်ကြောင်း၊ တော်လှန်ရေး ကာလအတွင်း အရပ်သားထိခိုက်မှုလျော့နည်းရေးနှင့် စားနပ်ရိက္ခာဖူလှုံရေးကို ဦးစားပေး ဆောင်ရွက်လျက်ရှိကြောင်း"ဝန်ကြီးကဆိုပါတယ်။


ထို့နောက် ဝန်ကြီးဌာနများမှ ဆောင်ရွက်နေသော လုပ်ငန်းများနှင့် ပတ်သက်၍  ရှင်းလင်းတင်ပြခဲ့ပြီးနောက် တိုးချဲ့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များမှ မြေပြင်ကြုံတွေ့နေရသည့် အခက်အခဲများနှင့်သိရှိလိုသည်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြပါတယ်။ တွေ့ဆုံပွဲသို့ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အဖွဲ့ဝင်များ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အတွင်းဝန်များနှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊  တိုးချဲ့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၄။တူမီးမြေမှ အာဝုမောင်းထုတ်ပွဲ" သိန်း ၃၀၀၀ အွန်လိုင်း ကံစမ်းမဲလက်မှတ် အစီအစဥ် နိုဝင်ဘာ၂၇ ရက် NUG ပြည်ထောင်စုဝန်ကြီးများတက်ရောက်မယ်


တူမီးမြေမှ အာဝုမောင်းထုတ်ပွဲ"သိန်း ၃၀၀၀ အွန်လိုင်း ကံစမ်းမဲလက်မှတ် အစီအစဥ် နိုဝင်ဘာ ၂၇ ရက် NUG ပြည်ထောင်စုဝန်ကြီးများတက်ရောက်မယ်လို့သတင်းရရှိပါတယ်။ အဆိုပါအခမ်းအနားကို NUG ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသော ပညာရေးနဲ့ကျန်းမာရေးဝန်ကြီးဒေါက်တာဇော်ဝေစိုး၊ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဒေါက်တာဆာဆာတို့ တက်ရောက် စကားပြောကြားမှာဖြစ်ပါတယ်။


ချင်းပြည်နယ်မြို့နယ်အားလုံးတွင်  စစ်ရေးအရ မဟာဗျူဟာကျသော အိန္ဒိယမြန်မာ ကုန်သွယ်ရေး လမ်းမကြီးလည်းဖြစ်သည့် တီးတိန် ဖလမ်း သိုင်းငင်လမ်းမကြီးကို အခြေပြုကာကွယ် စုစည်းထားသည့် CDF CDM-SIYIN တော်လှန်ရေးအဖွဲ့ အတွက်  လိုအပ်သည်များဝယ်ယူရန် ကမ်ပိန်း သိန်း ၃၀၀၀   အွန်လိုင်း ကံစမ်းမဲလက်မှတ် အစီအစဥ်တွင် ဝယ်ယူအားဖြည့်ပေးကြရန်လည်း နှိုးဆော်ထားပါတယ်။ တော်လှန်ရေး အမြန် အောင်နိုင်ဖို့ ပြည်သူများအနေနဲ့ ပါဝင်အားဖြည့်ခြင်း လှူဒါန်းနိုင်သလို/ ကံစမ်းမဲလက်မှတ်များကိုလည်း ဝယ်ယူနိုင်ပြီဖြစ်ကာ https://siyin-aid.org/ မှာဝင်ရောက်ဝယ်ယူနိုင်ပါတယ်။


========================


📌📌 ၅။ မြန်မာအမျိုးသားလေကြောင်းမှ ညွှန်ကြားရေးမှူးချုပ်နဲ့မန်နေဂျာများကို NUG အလုပ်သမားဝန်ကြီးအမိန့်နဲ့ ဝန်ထမ်းအဖြစ်ကထုတ်ပယ်


မြန်မာအမျိုးသားလေကြောင်းမှ ညွှန်ကြားရေးမှူးချုပ်နဲ့မန်နေဂျာများကို NUG အလုပ်သမားဝန်ကြီးအမိန့်နဲ့ ဝန်ထမ်းအဖြစ်ကထုတ်ပယ်လိုက်ပါတယ်။ နိုဝင်ဘာ ၂၅ ရက်နေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရ အလုပ်သမားဝန်ကြီးဌာနက အသိပေးကြေညာခဲ့ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် အမိန့်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင်ပါဝင် ခဲ့ကြသည့် ဝန်ကြီးဌာနအသီးသီးမှ နိုင်ငံ့ဝန်ထမ်းသူရဲကောင်းများ၏ လူမှုဖူလုံရေး၊ လုံခြုံဘေးကင်း ရေးနှင့် ဖိအားကင်းစင်ရေးတို့အတွက် အလေးထားဆောင်ရွက်လျက်ရှိတယ်လို့ဆိုပါတယ်။


သို့ဖြစ်၍ တရားမဝင်အာဏာသိမ်းစစ်ကောင်စီ၏ လက်အောက်တွင် ဆက်လက်တာဝန် ထမ်းဆောင်နေပြီး CDM ဝန်ထမ်းများအားဖိအားပေးခြင်း၊ ခြိမ်းခြောက်ခြင်း၊ ရာထူးမှထုတ်ပယ်ခြင်း၊ ဝန်ထမ်းအဖြစ်မှ ထုတ်ပစ်ခြင်း၊ တရားစွဲဆိုခြင်းစသည့် အမျိုးမျိုးသောဖိနှိပ်မှုများကို ကျူးလွန်နေသော ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာအမျိုးသားလေကြောင်းမှ  ညွှန်ကြားရေးမှူးချုပ်အပါအဝင်မန်နေဂျာ ၁၁ဦးတို့အား အမည်ပျက်စာရင်းသွင်းလိုက်ပြီး ဝန်ထမ်းအဖြစ်မှထုတ်ပစ် (Dismiss) လိုက်တယ်လို့ဖော်ပြပါရှိပါတယ်။


========================


📌📌 ၆။ BUDDY ချီတက်စစ်တပ်ပျက်ကမ်ပိန်းကိုနိုဝင်ဘာလ ၂၅ ရက်မှစတင်


BUDDY ချီတက်စစ်တပ်ပျက်ကမ်ပိန်းကိုနိုဝင်ဘာလ ၂၅ ရက်မှစတင်လိုက်ပြီ ဖြစ်ကြောင်းသတင်းရရှိပါတယ်။ နိုဝင်ဘာ ၂၅ ရက်မှာ university of medicine2 student committee ကအသိပေးဆိုပါတယ်။


"ကရင်နီကိုလွယ်မယ်ထင်ပြီး ကားတန်းကြီးနဲ့ရိက္ခာပို့ခဲ့တဲ့ စကစ ရဲ့ ဒုဗိုလ်မှူးကြီးအဆင့်ရှိ တပ်ရင်းမှူး မပြန်လမ်းကိုသွားခဲ့ရပြီဖြစ်ပါတယ်။၄င်းရဲ့ ရာထူးအဆောင်အယောင်ဖြစ်တဲ့ အပွင့်အခက် တွေကို ရဲဘော် “ Buddy “ ရဲ့ လည်ပတ်မှာ ဆင်မြန်းထားတာ ပြည်သူများသိရှိပြီးဖြစ်ပါတယ်။ အပွင့်အခက်တွေဆင်မြန်းထားတဲ့ လည်ပတ်လေးကို ရန်ပုံငွေကံစမ်းမဲ ရောင်းချပြီး တော်လှန်ရေးရန်ပုံငွေ ရှာဖွေမယ့်ကမ်ပိန်းလေး လာပါပြီ။ကမ်ပိန်းကို {နိုဝင်ဘာလ ၂၅- ဒီဇင်ဘာလ ၁၆ } ထိကျင်းပပြုလုပ်မှာဖြစ်ပြီး ပြည်တွင်းသာမက ပြည်ပနိုင်ငံအသီးသီးက တော်လှန်ပြည်သူများပါဝင်နိုင်မှာဖြစ်ပါတယ်"လို့ဆိုပါတယ်။


“ Buddy “ ရဲ့ကမ်ပိန်းမှရရှိလာတဲ့ရန်ပုံငွေများကို ၇၀% ကရင်နီမြေပြင် နှင့် ၃၀ % ကာကွယ်ရေးဝန်ကြီးဌာန အမျိုးသားညီညွတ်ရေးအစိုးရသို့ လွှဲပြောင်းပေးအပ်သွားမှာဖြစ်ပါတယ်။ တော်လှန်ပြည်သူတိုင်း ပါဝင်နိုင်အောင် ကံစမ်းမဲစနစ်နဲ့ ရောင်းချပေးမှာဖြစ်လို့ ကံစမ်းမဲတစ်စောင်ဝယ်တိုင်း Ticket တစ်စောင်ရရှိမှာဖြစ်ပြီး ဝယ်ယူထားတဲ့အစောင်ရေတိုင်းအတွက် ကံစမ်းခွင့်ရရှိမှာဖြစ်ပါတယ်။


ကံစမ်းမဲကို ဒီဇင်ဘာလ (၁၈) ရက်နေ့မှာ Live လွှင့်ရင်း အနုပညာရှင်၊ ဆယ်လီများမှတဆင့် မဲနှိူက်ပေးမှာဖြစ်ပြီး ကံထူးတဲ့သူဟာ ပြည်တွင်းကမဟုတ်ဘဲ ပြည်ပမှဖြစ်ခဲ့လျှင် သက်ဆိုင်ရာနိုင်ငံသို့ အရောက်ပို့ဆောင်ပေးသွားမှာဖြစ်ပြီးတော့ပြည်တွင်းကဖြစ်ခဲ့လျှင် တော်လှန်ရေးပြီးဆုံးချိန်ထိ ထိန်းသိမ်းပေးထားဖို့လိုအပ်လျှင် ကော်မတီတာဝန်ရှိသူများမှ ထိန်းသိမ်းပေးထားမှာလည်းဖြစ်ပါတယ်။


========================


📌📌 ၇။ အိမ်ခြေ၁၀၀ ကျော် မီးလောင်ပျက်စီးခဲ့သော ခင်ဦးမြို့နယ် မုံလှရွာ ပြည်သူများအတွက် အဝတ်အထည် နှင့် စောင်များ အရေးပေါ်လိုအပ်နေ


အိမ်ခြေ ၁၀၀ ကျော် မီးလောင်ပျက်စီးခဲ့သော ခင်ဦးမြို့နယ် မုံလှရွာ ပြည်သူများအတွက် အဝတ်အထည် နှင့် စောင်များ အရေးပေါ်လိုအပ်နေတယ်လို့သတင်းရရှိပါတယ်။ နိုဝင်ဘာ ၂၅ ရက်မှာ စစ်ဘေးရှောင်ပြည်သူများရဲ့အခက်အခဲကို ဒေသခံ သတင်းအရင်းအမြစ်များကအတည်ပြုဆိုပါတယ်။


"စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်ယမန်နေ့က စခများ မုံလှရွာမီးရှို့ဖျက်စီးခဲ့ရာအိမ်ခြေ၁၀၀ကျော် ပါသွားပါတယ်။အဝတ်အထည် နှင့် စောင်များ အရေးပေါ်လိုအပ်နေပါတယ်"လို့ ဆိုပါတယ်။ နိုဝင်ဘာ ၂၄ ရက် မုံလှရွာတွင်းအထိုင်ချထားသောစကစတပ်များက မုံလှကျေးရွာကိုမီးတင်ရှို့ ခဲ့ပြီးဒေသခံရွာသားများရဲ့ဆိုင်ကယ် စီးကိုပါ မီးပုံရှို့ခဲ့တာဖြစ်ပါတယ်။ အဆိုပါ မုံလှရွာအား စကစတပ်များက ရွာတောင်ပိုင်း နေရာ အလယ်ပိုင်း နဲ့မြောက်ပိုင်း တစ်နေရာစုစုပေါင်း နေရာခွဲပြီး မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ပါတယ်။


========================


📌📌 ၈။ မြိုင်မြို့နယ် တွင်းမ၊ ကိုင်းတောမ လမ်းဘေးတွင် ကင်းပုန်းဝပ်နေတဲ့ စကစတပ်နဲ့ပျူများကို ဒရုန်းနဲ့ဗုံးသီးချတိုက်ခိုက်


မကွေးတိုင်း မြိုင်မြို့နယ် တွင်းမ၊ ကိုင်းတောမ လမ်းဘေးတွင် ကင်းပုန်းဝပ်နေတဲ့ စကစတပ်နဲ့ပျူများကို ဒရုန်းနဲ့ဗုံးသီးချတိုက်ခိုက်ခဲ့တယ်လို့ နိုဝင်ဘာ ၂၅ ရက် မှာ စစ်ရေးသတင်းကို Myaing Garuda P.D.F ကအသိပေးဆိုပါတယ်။


"ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (မြိုင် ပကဖ တပ်ရင်း တပ်ခွဲ )နှင့် မြိုင် ပကဖ တပ်ရင်း တပ်ခွဲ တို့ ပူးပေါင်းကာ မြိုင်မြို့နယ် တွင်းမ-ကိုင်းတောမ လမ်းဘေးတွင် စကစတပ်နဲ့ ပျူများ ကင်းပုန်းဝပ်သည့်နေရာများ  သတင်းရရှိသောကြောင့် ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ပါတယ်"လို့ဆိုပါတယ်။


တိုက်ခိုက်မှုကြောင့် စကစတပ်နဲ့ပျူများထိခိုက်မှုရှိနိုင်တယ်လို့သတင်းရရှိပါတယ်။ စကစတပ်နဲ့ပျူများ လုံခြုံဘေးကင်းသည့်နေရာမရှိကြောင်း သိစေရန် ယင်းတိုက်ခိုက်မှုကို ပြုလုပ်ခဲ့ခြင်းဖြစ်တာ်လို့ တော်လှန်ရေးအင်အားစုများကဆိုပါတယ်။


အခုတင်ပြပေးခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment