၂၀၂၂ နိုဝင်ဘာလ ၂ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ ဓမ္မဘက်တော်သားတွေကို ရုပ်ရောစိတ်ပါ ညှင်းပန်း နှိပ်စက်နေတဲ့ အကြမ်းဖက်စစ်ကောင်စီကိုနည်းလမ်းမျိုးစုံနဲ့ တုံ့ပြန်ရမယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား
📌 ၂။ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF အနေနဲ့ ကျောင်းသားတပ်မတော် အပေါ် ညီနောင် ရဲဘော်ရဲဘက်များအဖြစ် မှတ်ယူပြီးဖြစ်တယ်လို့ ကာကွယ်ရေးဝန်ကြီးဦးရည်မွန်ဆို
📌 ၃။ OneDayChallenge လှုပ်ရှားမှုမှ ၁၁ ကြိမ်မြောက် ဒေါ်လာ တစ်သိန်းကို အမျိုးသား ညီညွတ်ရေးအစိုးရ NUG ထံပေးပို့ပြီးစီး
📌 ၄။ သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်ရေဆင်းမှ သစ်တောပညာနှင့် ပတ်ဝန်းကျင်ဆိုင်ရာ ပညာအထူးပြုဘာသာများအတွက် ပထမနှစ်ဝင်ခွင့် လျှောက်လွှာများခေါ်ယူ
📌 ၅။ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် (စကခ) ၉ မှ လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်ခဲ့ရာအရပ်သားနေအိမ်ကိုထိမှန်၍အိပ်ပျော်နေသော မိသားစုဝင် သုံးဦး သေဆုံး
📌 ၆။ အောက်တိုဘာလ တစ်လတာအတွင်း ကရင်နီပြည်အတွင်း တိုက်ပွဲပေါင်း (၃၂) ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား (၂၈) ဦးသေဆုံး
📌 ၇။ ထီးလင်းမြို့နယ် ကျားခဲရွာကို အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးရာလူနေအိမ် ၁၄ လုံး မီးလောင်ဆုံးရှုံး
📌 ၈။ မြိုင်နယ်နှင့်ပေါက်နယ် ထိစပ်နယ်မြေ ဆေးပင်ကြီးရွာ နားမှာ ကာကွယ်ရေးတပ်များ ကြားဖြတ်တိုက်ခိုက်ခံရ၍ရဲဘော် ငါးဦးကျဆုံး
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ ဓမ္မဘက်တော်သားတွေကို ရုပ်ရောစိတ်ပါ ညှင်းပန်း နှိပ်စက်နေတဲ့ အကြမ်းဖက်စစ်ကောင်စီကိုနည်းလမ်းမျိုးစုံနဲ့ တုံ့ပြန်ရမယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား
ဓမ္မဘက်တော်သားတွေကို ရုပ်ရောစိတ်ပါ ညှင်းပန်း နှိပ်စက်နေတဲ့ အကြမ်းဖက်စစ်ကောင်စီကိုနည်းလမ်းမျိုးစုံနဲ့ တုံ့ပြန်ရမယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက နိုဝင်ဘာ ၁ ရက်မှာ ကျင်းပတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ ၇၃ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းဝေးမှာ ထည့်သွင်းပြောပါတယ်။
“ကျွန်တော်တို့တော်လှန်ရေးအတွက် ဘယ်အလုပ်ကို လုပ်ဆောင်ရင် ပြည်သူအတွက် အ ကျိုးရှိမလဲ၊ အင်အားဖြစ်စေမလဲ၊ ဘယ်အလုပ်ကို လုပ်ဆောင်ရင် အကြမ်းဖက် စစ်ကောင်စီတွေ အထိနာစေ မလဲ၊ အထိနာတယ် ဆိုရာမှာလည်း ရုပ်ပိုင်းဆိုင်ရာ အထိနာဖို့ လိုအပ်သလို၊ စိတ်ပိုင်းဆိုင်ရာထိခိုက် အောင်လည်း လုပ်ဖို့လိုပါတယ်။
ကျွန်တော်တို့ ဓမ္မဘက်တော်သားတွေကို ရုပ်ရောစိတ်ပါ ညှင်းပန်း နှိပ်စက်နေတဲ့ အကြမ်းဖက်သမားတွေကို ကျွန်တော်တို့အနေနဲ့လည်း နည်းလမ်းမျိုးစုံနဲ့ တုံ့ပြန်ရမှာ ဖြစ်ပါ တယ်"လို့ဆိုပါတယ်။ ဒါ့အပြင် ဝန်ကြီးဌာနတွေအနေနဲ့ တစ်နှစ်အစီအစဉ်အတွက် ကဏ္ဍအလိုက် လုပ်ဆောင်ရမှာတွေ၊ တချို့ဝန်ကြီး ဌာနတွေက ၄ ခု ၊ ၅ ခု ပေါင်းစပ်လုပ်ဆောင်ရမှ အောင်မြင်မှာတွေပါဝင်နေလို့ အချင်းချင်းတိုင်ပင်ဆွေးနွေးပြီး ကောင်မွန်းတဲ့ အစီအစဉ်တွေ ချမှတ်နိုင်ဖို့၊ တစ်နှစ်အစီအစဉ်အတွက် ထိထိရောက်ရောက် အကျိုးရှိစေဖို့ အတွက် တိုင်ပင်ကြိုးစားလုပ်ဆောင်ကြဖို့အတွက်လည်း ပြည်ထောင်စုဝန်ကြီးချုပ်က တိုက်တွန်းပြောကြားခဲ့ ပါတယ်။ အစည်းအဝေးကို ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းအပါအဝင် ပြည်ထောင်စုဝန်ကြီး တွေ၊ ဒုဝန်ကြီးတွေ တက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၂။ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF အနေနဲ့ ကျောင်းသားတပ်မတော် အပေါ် ညီနောင် ရဲဘော်ရဲဘက်များအဖြစ် မှတ်ယူပြီးဖြစ်တယ်လို့ ကာကွယ်ရေးဝန်ကြီးဦးရည်မွန်ဆို
ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF အနေနဲ့ ကျောင်းသားတပ်မတော် အပေါ် ညီနောင် ရဲဘော်ရဲဘက်များအဖြစ် မှတ်ယူပြီးဖြစ်တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးရည်မွန်က နိုဝင်ဘာလ (၁) ရက်မှာ ကျရောက်တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦးတည်ထောင်ခြင်း (၃၄) နှစ်ပြည့်သို့ ပေးပို့သော သဝဏ်လွှာမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။
"တော်လှန်ရေးလောကဓံ အမျိုးမျိုးကို ဘယ်လိုပင်ကြုံခဲ့ရပေမယ့် အခုလို သံမဏိသက်ရှည် ရပ်တည် ရှင်သန်ခဲ့တယ်ဆိုတာက ABSDF ရဲဘော်တွေအတွက်ကော၊ မြန်မာပြည်သူများအတွက်ပါ ဂုဏ်ယူစရာ ဖြစ်ပါတယ်။ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF အနေနဲ့ဆိုရင် ကျောင်းသားတပ်မတော် အပေါ် ညီနောင် ရဲဘော်ရဲဘက်များအဖြစ် မှတ်ယူပြီး ဖြစ်တယ်"လို့ဆိုပါတယ်။ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF ကို ၁၉၈၈ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့ကတည်းက တပ်ကိုဖွဲ့စည်းတည်ထောင်ခဲ့ပါတယ်။
========================
📌📌 ၃။ OneDayChallenge လှုပ်ရှားမှုမှ ၁၁ ကြိမ်မြောက် ဒေါ်လာ တစ်သိန်းကို အမျိုးသား ညီညွတ်ရေးအစိုးရ NUG ထံပေးပို့ပြီးစီး
OneDayChallenge လှုပ်ရှားမှုမှ ၁၁ ကြိမ်မြောက် ဒေါ်လာ တစ်သိန်းကို အမျိုးသား ညီညွတ်ရေးအစိုးရ NUG ထံပေးပို့ပြီးစီးခဲ့ပါတယ်။ နိုဝင်ဘာလ ၁ ရက်မှာ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးကော်မတီ (ကိုရီးယား) ကအသိပေးဆိုပါတယ်။
"စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးကော်မတီ(ကိုရီးယား)ဟာ ၂၀၂၁ခုနှစ် သြဂုတ်လမှ ၂၀၂၂ ခုနှစ် အောက်တိုဘာလအထိ ရရှိခဲ့သော ONE DAY CHALLENGE လှုပ်ရှားမှု ရန်ပုံငွေများအနက်မှ လစဉ် ဒေါ်လာတစ်သိန်းနှင့်ညီမျှသော ဝမ်ငွေအား အမျိုးသား ညီညွတ်ရေးအစိုးရ NUG ထံ ပေးပို့လာခဲ့ရာ ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့အထိ စုစုပေါင်း ဒေါ်လာ ၁၁ သိန်းအား ပေးပို့ခဲ့ပြီး ဖြစ်ပါတယ်"လို့ဆိုပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG၏ ယာယီသမ္မတ ဒူဝါလရှီးလက လစဉ် ONE DAY CHALLENGE ထောက်ပံ့ငွေ ဒေါ်လာတစ်သိန်းအား ကောင်းစွာ လက်ခံရရှိကြောင်း မှတ်တမ်းတင် ဂုဏ်ပြုလွှာများအား ပေးပို့ခဲ့ရာ ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့တွင် ၁၁ ကြိမ်မြောက် ပေးပို့ခဲ့တယ်လို့သတင်းရရှိပါတယ်။
========================
📌📌 ၄။ သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်ရေဆင်းမှ သစ်တောပညာနှင့် ပတ်ဝန်းကျင်ဆိုင်ရာ ပညာအထူးပြုဘာသာများအတွက် ပထမနှစ်ဝင်ခွင့် လျှောက်လွှာများခေါ်ယူ
သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်ရေဆင်းမှ သစ်တောပညာနှင့် ပတ်ဝန်းကျင်ဆိုင်ရာ ပညာအထူးပြုဘာသာများအတွက် ပထမနှစ်ဝင်ခွင့် လျှောက်လွှာများခေါ်ယူလျက်ရှိပါတယ်။ အဆိုပါသင်တန်းများကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာလတွင် ဖွင့်လှစ်သွားမှာဖြစ်ပါတယ်။
သစ်တောပညာဘာသာအထူးပြုအတွက်၁၀၀ဦးနဲ့ ပတ်ဝန်းကျင်ဆိုင်ရာ အထူးပြုဘာသာရပ်အတွက် ၁၀၀ စုစုပေါင်း လူဦးရေ၂၀၀ ကို ကျား၊မ အချိုးတူခေါ်ယူသွားမှာဖြစ်ပါတယ်။ လျှောက်ထားသူဟာ ကျန်းမာရေးကောင်းမွန်သူ၊ အရောင်ကိုခွဲ ခြားနိုင်သူ ၂၀၂၀ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ထားသူ ဖြစ်ရမယ်လို့ဆိုထားပါတယ်။
========================
📌📌 ၅။ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် (စကခ) ၉ မှ လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်ခဲ့ရာအရပ်သားနေအိမ်ကိုထိမှန်၍အိပ်ပျော်နေသော မိသားစုဝင် သုံးဦး သေဆုံး
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် (စကခ) ၉ မှ လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်ခဲ့ရာအရပ်သားနေအိမ်ကိုထိမှန်၍အိပ်ပျော်နေသော မိသားစုဝင် သုံးဦး သေဆုံးခဲ့ပါတယ်။
အောက်တိုဘာလ ၃၁ ရက်နေ့၊ ည ၁၁ နာရီခန့်အချိန်တွင် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် (စကခ) ၉ မှ လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်ခဲ့ရာ လက်နက်ကြီးကျည်တစ်လုံးမှာ ကျောက်တော်မြို့နယ်၊ ပီစိကျေးရွာရှိ နေအိမ်တစ်လုံးအနီးကို ကျရောက်ပေါက်ကွဲခဲ့ပါတယ်။
လက်နက်ကြီး ကျရောက်ပေါက်ကွဲ၍ အဆိုပါနေအိမ်အတွင်း၌ အိပ်ပျော်နေသော မိသားစုဝင် သုံးဦးမှာနေရာတင်သေဆုံးခဲ့တယ်လို့ AAPPကဖော်ပြပါတယ်။ ထို့ပြင် ၎င်းတို့ ပိုင်ဆိုင်သော နွားလေးကောင်လည်း သေဆုံးခဲ့ပါတယ်။ စစ်အာဏာသိမ်းပြီးနောက် နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ (၂၄၀၇) ဦး ရှိခဲ့ပြီဖြစ်ပါတယ်။
========================
📌📌 ၆။ အောက်တိုဘာလ တစ်လတာအတွင်း ကရင်နီပြည်အတွင်း တိုက်ပွဲပေါင်း (၃၂) ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား (၂၈) ဦးသေဆုံး
အောက်တိုဘာလ တစ်လတာအတွင်း ကရင်နီပြည်အတွင်း တိုက်ပွဲပေါင်း (၃၂) ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား(၂၈) ဦးသေဆုံးခဲ့တယ်လို့သတင်းရရှိပါတယ်။ နိုဝင်ဘာ ၁ ရက်နေ့မှာ အောက်တိုဘာလတစ်လတာ စစ်ရေးအခြေအနေကို KNDF ကအသိပေးဆိုပါတယ်။
အောက်တိုဘာလ တစ်လတာအတွင်း လွိုင်ကော်မြို့နယ် ရှမ်း-ကယားနယ်စပ်တွင် တိုက်ပွဲများပြင်းထန်ကာ ရှားတော၊ ဘောလခဲနှင့်ဖရူဆိုမြို့နယ်တို့တွင် ကရင်နီပူးပေါင်းတပ်များမှ စစ်ကောင်စီတပ်စခန်းများ နှင့် ကင်းပုံးစခန်းများအား အရှိန်မြင့် တိုက်ခိုက်ခဲ့ပြီး ဒီးမော့ဆိုနဲ့ လွိုင်ကော်မြို့ပတ်ဝန်းကျင်ကျေးရွာများတွင် နှစ်ဖက်ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့တယ်လို့ဆိုပါတယ်။
နှစ်ဖက်ထိတွေ့မှုကရင်နီပြည်အတွင်း တိုက်ပွဲပေါင်း (၃၂) ကြိမ်ဖြစ်ပွားခဲ့ရာမှာ စစ်ကောင်စီတပ်သား(၂၈) ဦးသေဆုံးကာ (၁၇)ဦး ဒဏ်ရာရခဲ့ပါတယ်။ ထို့အတူ စစ်ကောင်စီ တပ်မ(၆၆)မှ တပ်သား (၁)ဦး ပြည်သူဘက်သို့ ဘက်ပြောင်း CDM ပြုလုပ်ခဲ့ပါတယ်။ အောက်တိုဘာလအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်များကို ခုခံတိုက်ခိုက်ရင်း KNDF မှ ရဲဘော် (၅)ဦး ရဲရင့်စွာကျဆုံး ခဲ့ရတယ်လို့သတင်းရရှိပါတယ်။
========================
📌📌 ၇။ ထီးလင်းမြို့နယ် ကျားခဲရွာကို အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးရာလူနေအိမ် ၁၄ လုံး မီးလောင်ဆုံးရှုံး
မကွေးတိုင်း ထီးလင်းမြို့နယ် ကျားခဲရွာကို အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးရာလူနေအိမ် ၁၄ လုံး မီးလောင်ဆုံးရှုံးခဲ့ပါတယ်။ နိုဝင်ဘာ ၁ ရက်နေ့ မနက် ၅:၃၀ အချိန်ကျားခဲရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ခဲ့တယ်လို့ People`s Defence Force Htilin ကအတည်ပြုဆိုပါတယ်။
"နိုဝင်ဘာ၁ရက်မနက် ၅:၃၀ အချိန်တွင် ကျားခဲရွာကို စတင်မီးရှို့ခဲ့ရာ လူနေအိမ် ၁၄ လုံး ပြာကျခဲ့ပါတယ်။ကျန်နေအိမ်အနည်းငယ်နှင့် နွားတဲပျက်စီးခဲ့ပါတယ်"လို့ဆိုပါတယ်။ ကျားခဲရွာတွင်းတွင် မိုင်းကွင်း ၂နေရာ ပေါက်ကွဲခဲ့ပြီး စကစတပ်ဆုတ်လမ်းတွင်လည်း မိုင်းကွင်း ၁နေရာ ပေါက်ကွဲခဲ့ရာ အထိအခိုက်ကျဆုံးမသိရသေးဘူးလို့သတင်းရရှိပါတယ်။ လက်ရှိမှာ ပြည်သူများ အနေနဲ့ စကစတပ်စစ်ကြောင်းများရှိပါက စစ်ကြောင်းဦးတည်ရာ လမ်းကြောင်းများသို့ မသွားကြရန်People`s Defence Force Htilinကအသိပေးထားပါတယ်။
========================
📌📌 ၈။ မြိုင်နယ်နှင့်ပေါက်နယ် ထိစပ်နယ်မြေ ဆေးပင်ကြီးရွာ နားမှာ ကာကွယ်ရေးတပ်များ ကြားဖြတ်တိုက်ခိုက်ခံရ၍ရဲဘော် ငါးဦးကျဆုံး
မကွေးတိုင်း မြိုင်နယ်နှင့်ပေါက်နယ် ထိစပ်နယ်မြေ ဆေးပင်ကြီးရွာ နားမှာ ကာကွယ်ရေးတပ်များကြားဖြတ်တိုက်ခိုက်ခံရ၍ရဲဘော် ငါးဦးကျဆုံးခဲ့ပါတယ်။ နိုဝင်ဘာ ၁ ရက်နေ့ မနက် ၆ နာရီ ၄၅ အချိန် မြိုင်မြို့နယ် ဆိတ်သာရွာ တောင်ရိုးရွာ ဂွေးကုန်း ရွာ ကျောက်ခွက်ရေနံမြေစခန်း ပတ်ချာလည်သို့ ထိုးလာသော စစ်ကြောင်းကိုတိုက်ခိုက်ရန် ပြင်နေစဥ် စကစတပ်နဲ့ပျူးများက ကင်းပုန်းဝပ် တိုက်ခိုက်ခဲ့တာလို့ မြိုင်ပကဖ ကအတည်ပြုဆိုပါတယ်။
"မြိုင်မြို့နယ် ပတ်ချာလည်သို့ ထိုးလာသော စစ်ကြောင်းဟာ မြိုင်နယ်နှင့်ပေါက်နယ်ထိစပ်နယ်မြေ ဆေးပင်ကြီးရွာ နားသို့ ရောက်ရှိနေချိန် မြိုင်ပေါက်ကျေးရွာ ကာကွယ်ရေးအဖွဲ့များမှ ပူးပေါင်းတိုက်ခိုက်ရန်ပြင်ဆင်ခဲ့ပါတယ်။ ထို့နောက်ကင်းပုန်းဝပ်နေသော စကစ ပျူများမှ နောက်ကျနေသော လက်နက်ကြီးအဖွဲ့ အား စစ်ကြောင်းဖြတ်စဥ်တိုက်ခိုက်ခဲ့ပါတယ်"လို့ဆိုပါတယ်။ ထိတွေ့တိုက်ပွဲမှာ ပေါက်ကျေးရွာကာကွယ်ရေး အဖွဲ့မှ ရဲဘော် ၅ ဦးကျဆုံးခဲ့ရပြီး ၂ ဦး ထွက်ပြေးလွတ်မြောက်ခဲ့ပါတယ်။
အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment