၂၀၂၂ နိုဝင်ဘာလ ၂ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ အကြမ်းဖက် စစ်ကောင်စီက အရင်းအမြစ်တွေ အားလုံးကို အသုံးပြုပြီး တော်လှန်ရေးအင်အားစုတွေကို ဒုက္ခပေးနိုင်တယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ် သတိပေးပြောကြား
📌 ၂။ အကြမ်းဖက် စစ်ကောင်စီဟာ တော်လှန်ရေးအင်အားစုတွေ ညီညွတ်မှာကိုကြောက်နေတယ်လို့ NUG အစိုးရရဲ့ press secretary ပြောကြားလိုက်
📌 ၃။ စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံရဲ့ ပြည်တွင်းတရားစီရင်ရေးစနစ် ပျက်စီးသွားပြီလို့ ကုလသမဂ္ဂမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းပြောကြား
📌 ၄။ Australian Council for International Development (ACFID) က CRPH/NUG Support Group (Australia) အား Sir Ronald Wilson Human Rights Award (2022) ကို ချီးမြှင့်
📌 ၅။ မြန်မာနိုင်ငံရှိ သတင်းသမားတွေဟာ အမှန်တရားကို ဖော်ထုတ် သတင်းရေးသား ရုံမျှဖြင့် မတရားဖမ်းဆီးခြင်းနဲ့ အစွန်းရောက်အကြမ်းဖက်ခံရမှုတွေကို ကြုံတွေ့နေရတယ်လို့ ထုတ်ပြန်
📌 ၆။ နွားထိုးကြီး မြို့မရဲစခန်းအား Natogyi People Defence Force အဖွဲ့မှ Drone ဖြင့် ဗုံးကြဲတိုက်ခိုက်ရာ ရဲတစ်ဦးသေ၊တစ်ဦးထိခိုက်ဒဏ်ရာရ
📌 ၇။ NUGPay မိသားစု၏ တတိယအကြိမ်မြောက် “For Our People“ လှုပ်ရှားမှုမြွေဆိပ်ဖြေဆေး ရန်ပုံငွေရှာဖွေရေးအစီအစဉ်မှာ မြန်မာငွေကျပ်သိန်းပေါင်း(၁၇၀)ကျော်ကောက်ခံရရှိ
📌 ၈။ ရန်ကုန်မြို့မှာ ခါးပိုက်နှိုက်များ ခရီးသည်တင်ကားပေါ် စနစ်တကျ ရာဇဝတ်မှုများကျူးလွန်လာ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ အကြမ်းဖက် စစ်ကောင်စီက အရင်းအမြစ်တွေ အားလုံးကို အသုံးပြုပြီး တော်လှန်ရေးအင်အားစုတွေကို ဒုက္ခပေးနိုင်တယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ် သတိပေးပြောကြား
နိုဝင်ဘာ ၁ ရက်နေ့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ၇၃ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းအဝေးမှာပြည်ထောင်စု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက အခုလိုထည့်သွင်းပြောကြားခဲ့ပါတယ်။
"ကျွန်တော်တို့ အထူးသတိပြုရမယ့် ကိစ္စတစ်ခုလည်း ရှိပါတယ်။ တော်လှန်ရေးဟာ အချိန်ကြာလာတာ နဲ့အမျှ အကြမ်းဖက် စစ်ကောင်စီက အရင်းအမြစ်တွေ အားလုံးကို အသုံးပြုပြီး တော်လှန်ရေးအင်အားစုတွေကို ဒုက္ခပေးနိုင်ဖို့ တစ်ခုပြီးတစ်ခု စီစဉ်နေမှာ ဖြစ်ပါတယ်။ အဲဒီ့အတွက် အထူးသတိထားပြီး ကျွန်တော်တို့ဘက်က ပြင်ဆင်ရမှာတွေ၊ တုံ့ပြန်ရမှာတွေ၊ စီစဉ်ရမှာတွေ ရှိမှာ ဖြစ်ပါတယ်"လို့ဆိုပါတယ်။
လက်ရှိမှာ အကြမ်းဖက် စစ်ခေါင်းဆောင်ဟာ တိုင်းရင်းသား တော်လှန်ရေးအင်အားစုများကို ငြိမ်းချမ်းရေးဆွေးနွေးပွဲအကြောင်းပြကာ လိမ်လည် လှည့်ဖျားပြောဆိုခြင်းများဆောင်ရွက်လျက်ရှိပါတယ်။
========================
📌📌 ၂။ အကြမ်းဖက် စစ်ကောင်စီဟာ တော်လှန်ရေးအင်အားစုတွေ ညီညွတ်မှာကိုကြောက်နေတယ်လို့ NUG အစိုးရရဲ့ press secretary ပြောကြားလိုက်
နိုဝင်ဘာလအတွင်း သတင်းဌာနတစ်ခုနဲ့တွေ့ဆုံရာမှာ NUG အစိုးရရဲ့ press secretary ဦးနေဘုန်းလတ်က အခုလိုပြောကြားခဲ့ပါတယ်။
"ဒီအကြမ်းဖက် စစ်တပ်ဟာတနိုင်ငံလုံးကို အညှာတာကင်းမဲ့စွာနဲ့ သူတို့ရဲ့ အာဏာတည်မြဲရေးအတွက် လူအစုအလိုက် အပြုံလိုက် သတ်ဖြတ်မှုတွေ တောက်လျှောက်လုပ်နေတာပေါ့။ ရှေ့လျှောက်လည်း သူတို့က ရပ်မှာ လည်း မဟုတ်ဘူး။ ဘယ်တော့မှ ရပ်မှာလည်းဆိုရင် ဒီအကြမ်းဖက်စစ်ကောင်စီကို ကျနော်တို့တတွေ ညီညီညွတ်ညွတ်နဲ့ ပူးပေါင်းပြီးတော့ ဒါကြီးကို အမြစ် ဖြတ်နိုင်မှပဲ ဒီလုပ်ရပ်တွေက ရပ်သွားမှာ။ဒီအချိန်မှာ အရေးကြီးတာက အကြမ်းဖက်စစ်တပ်ရဲ့ လူမဆန်တဲ့ လုပ်ရပ်တွေ ရပ်သွားအောင် ဝိုင်းဝန်းပြီး ကြိုးစားကြရမယ့် အချိန်ဖြစ်ပါတယ်။ ဒီအချိန်မှာ စစ်ကောင်စီဘက်ကလည်း သူတို့ အကြောက်ဆုံးကလည်း ကျနော်တို့တွေ စုစုစည်းစည်း ညီညီညွတ်ညွတ်နဲ့ တုံ့ပြန်မှာကို အကြောက်ဆုံးပဲ။ သူကလည်း ဒါကို မရ၊ ရအောင် ဖြတ်မှာပဲ"လို့ဆိုပါတယ်။
အကြမ်းဖက် စစ်တပ်ဟာ တော်လှန်ရေးအင်အားစုတွေကို သွေးခွဲ ခြင်းနဲ့ လမ်းလွှဲခြင်းဗျူဟာတွေနဲ့ ဆောင်ရွက်နိုင်တယ်လို့လည်း ဦးနေဘုန်းလတ်ကဆိုထားပါတယ်။
========================
📌📌 ၃။ စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံရဲ့ ပြည်တွင်းတရားစီရင်ရေးစနစ် ပျက်စီးသွားပြီလို့ ကုလသမဂ္ဂမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းပြောကြား
(၇၇) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၏ (၂၂) ကြိမ်မြောက် မျက်နှာစုံညီအစည်းအဝေးတွင် နိုင်ငံတကာရာဇဝတ်ခုံရုံး အစီရင်ခံစာနှင့်ပတ်သက်၍ ဆွေးနွေးရာမှာကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကအခုလိုဆိုခဲ့ပါတယ်။
"မြန်မာနိုင်ငံတွင်တရားမဝင် စစ်အာဏာသိမ်းမှုဖြစ်ပေါ်ခဲ့ ပြီးနောက် ပြည်တွင်းတရားစီရင်ရေးစနစ်မှာ ပျက်စီးသွားခဲ့သောကြောင့် မိမိမှ ယခုကဲ့သို့ ပြောကြားရခြင်း ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ရက်စက်ကြမ်းကြုတ်သော ရာဇဝတ်မှုများအား ကျူးလွန်ထားသူများကို နိုင်ငံတကာရာဇဝတ်ခုံရုံးအပါအဝင် နိုင်ငံတကာတရားစီရင်ရေးစနစ်ဖြင့် တရားစီရင်၍ မြန်မာနိုင်ငံအတွက် တရားမျှတမှု ဖော်ဆောင်ပေးနိုင်ရန် အကူအညီတောင်းခံလျက်ရှိကြောင်း"ဆိုပါတယ်။
ဒါ့အပြင်စစ်တပ်အနေဖြင့် လူအစုလိုက် အပြုံလိုက် သတ်ဖြတ်ခြင်းအပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှု များကို ကျယ်ကျယ်ပြန့်ပြန့်နှင့် စနစ်တကျကျူးလွန်လျက်ရှိပြီး ပြည်သူများကိုလည်း လေကြောင်းတိုက်ခိုက် မှုများနှင့် ရွာလုံးကျွတ်မီးရှို့မှုများကိုလည်း ကျူးလွန်လျက်ရှိတယ်လို့ သံအမတ်ကြီးကဆိုပါတယ်။
========================
📌📌 ၄။ Australian Council for International Development (ACFID) က CRPH/NUG Support Group (Australia) အား Sir Ronald Wilson Human Rights Award (2022) ကို ချီးမြှင့်
Australian Council for International Development (ACFID) က CRPH/NUG Support Group (Australia) အား Sir Ronald Wilson Human Rights Award (2022) ကို ချီးမြှင့်ပေးအပ်ခဲ့ပါတယ်လို့ နိုဝင်ဘာ ၂ ရက်နေ့မှာ NUG သြစတြေးလျကိုယ်စားလှယ်ရုံးက အသိပေးဆိုပါတယ်။
"Australian Council for International Development (ACFID) သည် CRPH/NUG Support Group (Australia) အား Sir Ronald Wilson Human Rights Award (2022) ကို ချီးမြှင့်ခဲ့တဲ့အတွက် CRPH/NUG ပံ့ပိုးကူညီရေးအဖွဲ့ (သြစတေးလျ)ကိုဂုဏ်ယူပါတယ်"လို့ဖော်ပြထားပါတယ်။ CRPH/NUG ပံ့ပိုးကူညီရေးအဖွဲ့ (သြစတေးလျ) ဟာ နွေဦးတော်လှန်ရေးအတွက် အဓိကထောက်ပို့လုပ်ငန်းများကိုဆောင်ရွက်ပေးနေတာလည်းဖြစ်ပါတယ်။
========================
📌📌 ၅။ မြန်မာနိုင်ငံရှိ သတင်းသမားတွေဟာ အမှန်တရားကို ဖော်ထုတ် သတင်းရေးသား ရုံမျှဖြင့် မတရားဖမ်းဆီးခြင်းနဲ့ အစွန်းရောက်အကြမ်းဖက်ခံရမှုတွေကို ကြုံတွေ့နေရတယ်လို့ ထုတ်ပြန်
မြန်မာနိုင်ငံရှိ သတင်းသမားတွေဟာ အမှန်တရားကို ဖော်ထုတ် သတင်းရေးသား ရုံမျှဖြင့် မတရားဖမ်းဆီးခြင်းနဲ့ အစွန်းရောက်အကြမ်းဖက်ခံရမှုတွေကို ကြုံတွေ့နေရတယ်လို့ နိုဝင်ဘာ ၂ ရက်နေ့မှာ UK Myanmar သံရုံးက ထုတ်ပြန်လိုက်ပါတယ်။
"မြန်မာနိုင်ငံရှိ သတင်းသမားတွေဟာ အမှန်တရားကို ဖော်ထုတ် သတင်းရေးသား ရုံမျှဖြင့် မတရားဖမ်းဆီးခြင်း၊ တရားစွဲဆိုခံရခြင်းနဲ့ အစွန်းရောက်အကြမ်းဖက်ခံရမှုတွေကို ကြုံတွေ့ နေရပါတယ်။မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးချိန်မှစပြီး အနည်းဆုံး သတင်းမီဒီယာသမား ၄ ယောက်တို့ဟာ စစ်အာဏာရှင်ရဲ့ သတ်ဖြတ်ခြင်းခံခဲ့ရပြီး ကျူးလွန်သူတွေက ပြစ်ဒဏ်မှလွတ်မြောက်နေဆဲဖြစ်ပါတယ်။
ဒီနေ့မှာ ကျရောက်တဲ့ နိုင်ငံတကာဆိုင်ရာ သတင်းထောက်များ အပေါ်ကျူးလွန်သောပြစ်မှုများအတွက် ပြစ်ဒဏ်ကင်းလွတ်ခြင်းရှိနေမှုများ အဆုံးသတ်ရေးနေ့မှာ မြန်မာပြည်သူပြည်သားတွေအတွက် အရေးကြီးတဲ့ သတင်းအချက်အလက်တွေကို ရေးသားဖော်ထုတ်နေကြတဲ့ မြန်မာနိုင်ငံက သတင်းသမားတွေအားလုံးကို အမှတ်ရ ဂုဏ်ပြုလိုက်ပါတယ်"လို့ဆိုထားပါတယ်။
မြန်မာနိုင်ငံမှာ သတင်းသမား ၅၀ ဦးခန့်ဟာ ဖမ်းဆီးထိန်းသိမ်းထားခံနေဆဲဖြစ်ပြီး သတင်းမီဒီယာသမား ၂၂ ဦးတို့ဟာ မတရားသဖြင့် ပြစ်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။ လွန်ခဲ့တဲ့ လက အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ခြောက်နှစ် ချမှတ်ခံခဲ့ရသော BBC Media Action မှ အလွတ်တန်း သတင်း ထုတ်လုပ်သူ ထက်ထက်ခိုင်လည်း အပါအဝင်ဖြစ်ပါတယ်။
ယူကေအစိုးရအနေနဲ့ မီဒီယာလွတ်လပ်ခွင့်ကို ချိုးဖောက်မှုမှန်သမျှကို ရှုတ်ချပြီး မီဒီယာလွတ်လပ် ခွင့်ကို အလွဲသုံးစားလုပ်ခြင်း သို့မဟုတ် ကန့်သတ်ခြင်းတွေကို အရေးယူဆောင်ရွက်သွားရမယ်လို့ ယုံကြည်တယ်လို့ဆိူထားပါတယ်။
========================
📌📌 ၆။ နွားထိုးကြီး မြို့မရဲစခန်းအား Natogyi People Defence Force အဖွဲ့မှ Drone ဖြင့် ဗုံးကြဲတိုက်ခိုက်ရာ ရဲတစ်ဦးသေ၊တစ်ဦးထိခိုက်ဒဏ်ရာရ
နိုဝင်ဘာ ၂ ရက်နေ့မှာ စစ်ရေးသတင်းကို Natogyi People Defence Force က အခုလိုအတည်ပြုဆိုထားပါတယ်။
"နိုဝင်ဘာ ၁ ရက်နေ့ မနက် (8) နာရီ၀န်းကျင်အချိန်ခန့်တွင် နွားထိုးကြီးမြို့မရဲစခန်းအား Natogyi People Defence Force အဖွဲ့မှ Drone ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အပေါက်၀တွင် ကင်းစောင့်နေသော ရဲတစ်ဦး ပွဲချင်းပြီးသေဆုံးကာ တစ်ဦးမှာထိခိုက်ဒဏ်ရာရခဲ့ပါတယ်"လို့ဆိုပါတယ်။
Natogyi People Defence Force မြင်းခြံခရိုင်အမှတ်-၄တပ်ရင်းဟာ စကစတပ်များကို ခုခံတွန်းလှန်နေတဲ့ တော်လှန်ရေးအင်အားစုတစ်ရပ်လည်းဖြစ်ပါတယ်။
========================
📌📌 ၇။ NUGPay မိသားစု၏ တတိယအကြိမ်မြောက် “For Our People“ လှုပ်ရှားမှုမြွေဆိပ်ဖြေဆေး ရန်ပုံငွေရှာဖွေရေးအစီအစဉ်မှာ မြန်မာငွေကျပ်သိန်းပေါင်း(၁၇၀)ကျော်ကောက်ခံရရှိ
နိုဝင်ဘာ ၂ ရက်နေ့မှာ NUG Pay ကနေအသိပေးဖော်ပြချက်အရ"တော်လှန်ပြည်သူများနှင့် NUGPay မိသားစု၏ တတိယအကြိမ်မြောက် “For Our People“ လှုပ်ရှားမှုမြွေဆိပ်ဖြေဆေး ရန်ပုံငွေရှာဖွေရေးအစီအစဉ်တွင် ပူးပေါင်းကူညီမှုအားများဖြင့် ကောက်ခံရရှိငွေ (၁၇,၈၉၅,၃၀၀) DMMK ရရှိခဲ့ပါတယ်"လို့ဆိုပါတယ်။
ကောက်ခံရရှိငွေများကိုအမျိုးသားညီညွတ်ရေးအစိုးရ၊ကျန်းမာရေးဝန်ကြီးဌာနသို့ တတ်စွမ်းသရွေ့အားဖြည့် လှူဒါန်းနိုင်ခဲ့တယ်လို့သတင်းရရှိပါတယ်။ NUGPay ဟာ လက်ရှိမှာ သုံးစွဲသူ ၁၅၀၀၀ ခန့်ရှိပြီးတော့ စစ်အာဏာရှင် လက်အောက်က လွတ်ကင်းတဲ့ တစ်ခုတည်းသောဘဏ္ဍာရေးစနစ်လည်းဖြစ်ပါတယ်။
========================
📌📌 ၈။ ရန်ကုန်မြို့မှာ ခါးပိုက်နှိုက်များ ခရီးသည်တင်ကားပေါ် စနစ်တကျ ရာဇဝတ်မှုများကျူးလွန်လာ
အောက်တိုဘာလအတွင်းမှာ အုပ်စုဖွဲ့ ခါးပိုက်နှိုက်မှုများ ပိုမိုကျူးလွန်လာတယ်လိုဘ ရန်ကုန်မြို့နေ ပြည်သူများကတညီတညွတ်တည်းဆိုပါတယ်။
"ရုံးတက်ချိန်နဲ့ ရုံးဆင်းချိန် မနက်ပိုင်းနဲ့ညနေပိုင်းပေါ့။ အခုဆို သူတို့က တစ်ယောက်က ခရီးသည်ဆီက ခါးပိုက်နှိုက်ရင် ကျန် သုံးလေးယောက်က စောင့်ကြည့်တယ်။ဘေးကလူတွေက မြင်လည်းမပြောရဲဘူး။ သူတို့မှာ လက်နက်တွေ ပါတတ်တယ်"လို့ ရန်ကုန်မြို့နေ ပြည်သူတစ်ဦးကဆိုပါတယ်။
ယမန်နေ့ကလည်းရန်ကုန်မြို့ရှိ YBS ၄၂ ပေါ်မှာအမျိုးသားတစ်ဦး iPhone 11 ခါးပိုက်နှိုက်ခံရ၍ ကားပေါ် အော်ဟစ်အကူအညီတောင်းရာ လူ၇ယောက်က ရန်ပြုရန် ဓားများထုတ်လာ၍ ငြိမ်သက်ခဲ့ရတယ်လို့ သတင်းရရှိပါတယ်။ အဆိုပါဖြစ်စဥ်များကို ရဲစခန်းသို့ သွားရောက်တိုင်တန်းသော်လည်း အချို့ရဲစခန်းများမှာ စခန်းလုံခြုံရေး အကြောင်းပြကာ အိမ်သို့ပင်ပြန်ခိုင်းတယ်လို့ သတင်းရရှိပါတယ်။
အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment