၂၀၂၂ နိုဝင်ဘာလ ၃၀ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ ပြည်သူတွေ ထိခိုက်နစ်နာမှု ထပ်မဖြစ်အောင် တော်လှန်ရေးကို အမြန်အဆုံးသတ်နိုင်အောင် လုပ်ရမယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းပြောကြားလိုက်
📌 ၂။ နိုင်ငံခြားရေးဝန်ကြီးဌာနက IACC လုပ်ငန်းအဖွဲ့မှ International Donor များနဲ့ တွေ့ဆုံရန် ပြင်ဆင်ထား
📌 ၃။ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ကို ဒါရိုက်တာကိုပေါက်ရဲ့ မိုးခါးရေ ရုပ်ရှင်ပြသခဲ့
📌 ၄။ အကြမ်းဖက် စစ်တပ်ရဲ့ အမျိုးသမီးတွေအပေါ် ပြင်းပြင်းထန်ထန်ကျူးလွန်နေတဲ့ရာဇဝတ်မှုတွေကို မှတ်တမ်းတင်ပြီး အရေးယူနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ ပြည်ထောင်စုဝန်ကြီး နော်စူဆန်နာ လှလှစိုးအသိပေးပြောကြား
📌 ၅။ အမျိုးသမီးငယ်တွေဟာ နွေဦးတော်လှန်ရေးမှာပါခဲ့တဲ့အတွက်အခြားလူတွေနဲ့အတူ ဖိနှိပ်မှုကိုခံခဲ့ရတယ်လို့ လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးဆို
📌 ၆။ မြောင်အမျိုးသမီး စစ်သည်တော်တပ်ရင်း (Myaung Women Warriers) မှ အမျိုးသမီး စစ်သည်တော်များအမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး ၁၆ ရက်တာ လှုပ်ရှားမှုတွင်ပါဝင်
📌 ၇။ အင်းတော်မြို့မရဲစခန်းထဲ ဗုံးပစ်သွင်းတိုက်ခိုက်ခံရ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ ပြည်သူတွေ ထိခိုက်နစ်နာမှု ထပ်မဖြစ်အောင် တော်လှန်ရေးကို အမြန်အဆုံးသတ်နိုင်အောင် လုပ်ရမယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းပြောကြားလိုက်
ပြည်သူတွေ ထိခိုက်နစ်နာမှု ထပ်မဖြစ်အောင် တော်လှန်ရေးကို အမြန်အဆုံးသတ်နိုင်အောင် လုပ်ရမယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကပြောကြားလိုက်ပါတယ်။ နိုဝင်ဘာ ၂၉ ရက်ကျင်းပတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ ၇၆ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းဝေးမှာ ဝန်ကြီးချုပ်ကဆိုခဲ့ပါတယ်။
"စစ်ရေးလှုပ်ရှားမှုတွေ များလာတာနဲ့ အမျှ ထိခိုက် နစ်နာရတဲ့ ပြည်သူတွေ၊ အသက်ပါဆုံးရှုံးရတဲ့ ပြည်သူ့ဘက်တော်သားတွေရဲ့ သတင်းတွေ ကြားသိရတာလည်း အင်မတန် စိတ်ထိခိုက်ရပါတယ်။ ဒီလို သတင်းတွေ ကြားသိရတိုင်း ကျွန်တော့် စိတ်ထဲမှာ ခိုင်ခိုင်မာမာ ဆုံးဖြတ်ချက်ချမိတာ ရှိပါတယ်။ နံပါတ် (၁) က ပြည်သူတွေ ထိခိုက်နစ်နာမှုတွေ ထပ်မဖြစ်အောင် တော်လှန်ရေးကို အောင်အောင်မြင်မြင်နဲ့ အမြန်အဆုံးသတ်နိုင်အောင် လုပ်ရပါမယ်။ နံပါတ် ( ၂ ) က တော်လှန် ရေးကြီး ပြီးသွားတဲ့အခါ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ နစ်နာဆုံးရှုံးခဲ့သူ ပြည်သူတွေကို အကောင်းဆုံး ပြန်လည်ကုစားနိုင်မယ့် အစီအစဉ်တွေ လုပ်ရပါမယ်"လို့ဆိုပါတယ်။ လက်ရှိမှာ အမျိုးသားညီညွတ်ရေးအစိုးရဟာ စစ်ကောင်စီကို စစ်မျက်နှာပြင် အပြင် တိုက်စစ်မျိုးစုံဖွင့်၍ တော်လှန်ရန် တစ်နှစ်တာ မဟာဗျူဟာ စီမံချက်ကိုရေးဆွဲ အကောင်အထည်ဖော်ဆောင်လျက်ရှိပါတယ်။
========================
📌📌 ၂။ နိုင်ငံခြားရေးဝန်ကြီးဌာနက IACC လုပ်ငန်းအဖွဲ့မှ International Donor များနဲ့ တွေ့ဆုံရန် ပြင်ဆင်ထား
နိုင်ငံခြားရေးဝန်ကြီးဌာနက IACC လုပ်ငန်းအဖွဲ့မှ International Donor များနဲ့ တွေ့ဆုံရန် ပြင်ဆင်ထားတယ်လို့သတင်းရရှိပါတယ်။ နိုဝင်ဘာ ၂၉ ရက် ကျင်းပတဲ့အစိုးရကက်ဘိနက်အစည်းအဝေးမှာတင်ပြခဲ့တာလို့သိရပါတယ်။
အစည်းအဝေးမှာ နိုင်ငံခြားရေးဝန်ကြီးဌာနက IACC လုပ်ငန်းအဖွဲ့မှ International Donor များနဲ့ တွေ့ဆုံရန် ပြင်ဆင်ထားရှိတဲ့ ဆွေးနွေးချက်တွေကို တင်ပြတာတွေ ပြုလုပ်ခဲ့ကြပါတယ်။ အဲဒီနောက် ဆွေးနွေးတင်ပြ လာတာတွေကို ပြည် ထောင်စု ဝန်ကြီးချုပ်က ပြန်လည်ရှင်းလင်းဆွေးနွေးတာတွေလုပ်ဆောင်ခဲ့ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ၇၆ ကြိမ်မြောက် အစိုးရအဖွဲ့ အစည်းအဝေးကို ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း အပါအဝင် ပြည်ထောင်စုဝန်ကြီးတွေ၊ ဒုဝန်ကြီးတွေ တက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၃။ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ကို ဒါရိုက်တာကိုပေါက်ရဲ့ မိုးခါးရေ ရုပ်ရှင်ပြသခဲ့
အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ကို ဒါရိုက်တာကိုပေါက်ရဲ့ မိုးခါးရေ ရုပ်ရှင်ပြသခဲ့ပါတယ်။ နိုဝင်ဘာ၂၉ ရက် အစိုးရကက်ဘိနက်အစည်းအဝေးအပြီးမှာ မိုးခါးရေ ရုပ်ရှင်ပြသခဲ့တာလို့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ကအသိပေးဆိုပါတယ်။
"ကက်ဘိနက်အစည်းအဝေးအပြီးမှာ ဒါရိုက်တာကိုပေါက်ကသူရဲ့ အနုပညာမသောက်မိသော မိုးခါးရေ ရုပ်ရှင်ကို ယာယီသမ္မတ၊ ဝန်ကြီးချုပ်နဲ့တကွNUGကက်ဘိနက်အဖွဲ့ဝင်တွေကိုပြသခဲ့ပါတယ်။ကိုပေါက်ရေ ဂုဏ်ယူပါတယ်။ကိုပေါက်ရဲ့ အနုပညာ၊တော်လှန်ရေးမှာ ကိုပေါက်ရဲ့ ပါဝင်မှုအတွက် လေးစားပါတယ်။ကျွန်တော်တို့ ရှေ့ဆက်ကြမယ်"လို့ဝန်ကြီးကဆိုပါတယ်။
ဒါရိုက်ကိုပေါက်ရဲ့ မိုးခါးရေ ရုပ်ရှင်ဇာတ်လမ်းတိုဟာ CDMဗိုလ်ကြီးတစ်ဦးကို အခြေ ခံရိုက်ကူးထားခြင်းဖြစ်ပြီးတော့ လက်ရှိမှာ နိုင်ငံတကာရှိ ပရိသတ်များကိုပြသလျက်ရှိပါတယ်။
========================
📌📌 ၄။ အကြမ်းဖက် စစ်တပ်ရဲ့ အမျိုးသမီးတွေအပေါ် ပြင်းပြင်းထန်ထန်ကျူးလွန်နေတဲ့ရာဇဝတ်မှုတွေကို မှတ်တမ်းတင်ပြီး အရေးယူနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ ပြည်ထောင်စုဝန်ကြီး နော်စူဆန်နာ လှလှစိုးအသိပေးပြောကြား
အကြမ်းဖက် စစ်တပ်ရဲ့ အမျိုးသမီးတွေအပေါ် ပြင်းပြင်းထန်ထန်ကျူးလွန်နေတဲ့ရာဇဝတ်မှုတွေကို မှတ်တမ်းတင်ပြီး အရေးယူနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ ပြည်ထောင်စုဝန်ကြီး နော်စူဆန်နာ လှလှစိုးအသိပေးပြောကြားလိုက်ပါတယ်။ နိုဝင်ဘာ ၂၉ ရက်ကျင်းပတဲ့အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး ၁၆ ရက်တာလှုပ်ရှားမှုကမ်ပိန်း စကားဝိုင်းအစီအစဥ်မှာအမျိုးသမီး လူငယ်နဲ့ကလေးသူငယ်ရေးရာဝန်ကြီးကဆိုပါတယ်။
"၂၀၂၁ မှာ စစ်တပ်က တစ်ကျော့ပြန် သူတို့အကျင့်အတိုင်းအာဏာသိမ်းဖို့ကြိုးစားတဲ့အခါ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုတွေ ပြင်းပြင်းထန်ထန်ကျူးလွန်တာတွေ ဒါတွေကိုတွေ့ရပါတယ်။ပြင်းထန်တာတွေ ရှိသလိုပဲ ထောင်သွင်းအကျဥ်းချထားတဲ့အမျိုးသမီးတွေအပေါ်မှာ ကျူးလွန်တာနဲ့ အမျိုးသားလူငယ်လေးတွေ LGTB တွေပေါ်မှာလည်းကျူးလွန်တာတွေရှိပါတယ်။ဒါကျမတို့မှာ မှတ်တမ်းမှတ်ရာတွေရှိပါတယ်။ဒါတွေကို တောက်လျှောက် ကျမတို့ကမှတ်တမ်းတင်နေပြီး သက်ဆိုင်ရာအဖွဲ့တွေ အရေးယူနိုင်အောင်လုပ်ဆောင်နေတာဖြစ်တယ်"လို့ဝန်ကြီးကပြောပါတယ်။
၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးသည့်နောက်ပိုင်းမှာ သတ်ဖြတ်ခံရတဲ့ ၂၃၂၇ ဦး ကျော်အနက် အမျိုးသမီး ၃၀၈ ဦး အသတ်ခံရကာ မတရားဖမ်းဆီးခံရတဲ့ ၁၆၄၃၂ ဦးအနက် အမျိုးသမီး ၃၄၃၄ ဦး မတရားဖမ်းဆီးခြင်းခံခဲ့ရတယ်လို့သိရပါတယ်။
========================
📌📌 ၅။ အမျိုးသမီးငယ်တွေဟာ နွေဦးတော်လှန်ရေးမှာပါခဲ့တဲ့အတွက်အခြားလူတွေနဲ့အတူ ဖိနှိပ်မှုကိုခံခဲ့ရတယ်လို့ လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးဆို
အမျိုးသမီးငယ်တွေဟာ နွေဦးတော်လှန်ရေးမှာပါခဲ့တဲ့အတွက်အခြားလူတွေနဲ့အတူ ဖိနှိပ်မှုကိုခံခဲ့ရတယ်လို့လူ့အခွင့်ရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းကပြောပါတယ်။ နိုဝင်ဘာ ၂၉ ရက်ကျင်းပတဲ့အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး ၁၆ ရက်တာလှုပ်ရှားမှုကမ်ပိန်း စကားဝိုင်းအစီအစဥ်မှာလူ့အခွင့်ရေးဆိုင်ရာဝန်ကြီးကဆိုပါတယ်။
"အမျိုးသမီးငယ်တွေဟာ နွေဦးတော်လှန်ရေးမှာပါခဲ့တဲ့အတွက်အခြားလူတွေနဲ့အတူ ဖိနှိပ်မှုကိုခံခဲ့ရတယ်။ ဖိနှိပ်တဲ့အခါမှာ အမျိုးသမီးဖြစ်လို့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေ ပိုမိုဆိုးရွားတဲ့အရာတွေ တွေ့ရတယ်။စတင်ဖမ်းဆီးကတည်းက အမျိုးသမီးကို အမျိုးသမီးရဲမေကမဖမ်းဆီးဘဲနဲ့ နှမချင်းမစာနာ အမျိုးသမီးတွေ အရှက်တကွဲ ဖြစ်အောင် ဂုဏ်သိက္ခာထိပါးတာတွေ တွေ့ရပါတယ်။နောက် စစ်ကြောရေးလို့ခေါ်တဲ့ စစ်ကြောရေးဌာနမှာ အမျိုးသမီးငယ်တွေ လိင်ပိုင်းဆိုင်ရာ ချိန်းခြောက်တာတွေခံနေရပါတယ်"လို့ဝန်ကြီးကဆိုပါတယ်။
နွေဦးတော်လှန်ရေးကာလအတွင်းမှာ အမျိုးသမီးတွေ သတ်ဖြတ်ခံရတဲ့အရေအတွက်ဟာ ၄၀၀ ကျော်ရှိပြီးမုဒိန်းကျင့်ကျူးလွန်ခံရတဲ့လူအားလုံး ၁၀၀ ကျော်လောက်ရှိပြီလို့ ယခုလ ၈ရက်နေ့အထိ စာရင်းတွေအရသိရပါတယ်။
========================
📌📌 ၆။ မြောင်အမျိုးသမီး စစ်သည်တော်တပ်ရင်း (Myaung Women Warriers) မှ အမျိုးသမီး စစ်သည်တော်များအမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး ၁၆ ရက်တာ လှုပ်ရှားမှုတွင်ပါဝင်
မြောင်အမျိုးသမီး စစ်သည်တော်တပ်ရင်း (Myaung Women Warriers) မှ အမျိုးသမီး စစ်သည်တော်များအမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး ၁၆ ရက်တာ လှုပ်ရှားမှုတွင်ပါဝင်ခဲ့တယ်လို့သတင်းရရှိပါတယ်။ နိုဝင်ဘာ ၂၉ ရက်မှာ အမျိုးသမီး၊လူငယ်နဲ့ကလေးသူငယ်ရေးရာဝန်ကြီးဌာနကအသိပေးထုတ်ပြန်ပါတယ်။
"ကမ္ဘာတစ်ဝန်းလုံးမှာ ကျင်းပမြဲဖြစ်တဲ့ ဂျန်ဒါအခြေပြုအကြမ်းဖက်မှုများကို ဆန့်ကျင်ကြောင်းပြသမယ့် "၁၆ရက်တာလှုပ်ရှားမှုကမ်ပိန်း" အစီအစဉ်ကို အမျိုးသားညီညွတ်ရေး အစိုးရမှ ဦးဆောင် ကျင်းပလျှက်ရှိပါတယ်။
အမျိုးသားညီညွတ်ရေး အစိုးရမှ၊ ကျင်းပပြုလုပ်လျှက်ရှိသည့် အဆိုပါ လှုပ်ရှားမှုသို့ စစ်ကိုင်းတိုင်းဒေသကြီးမြောင်မြို့နယ် ဒေသတွင်းရှိ မြောင်အမျိုးသမီး စစ်သည်တော်တပ်ရင်း (Myaung Women Warriers) မှလည်း ပူးပေါင်းပါဝင်လှုပ်ရှားလျက်ရှိပါတယ်"လို့ဖော်ပြပါတယ်။ နိုဝင်ဘာ ၂၅ ရက်ကစတင်တဲ့ "၁၆ရက်တာလှုပ်ရှားမှုကမ်ပိန်း" အစီအစဉ်ရဲ့ ယခုနှစ်ဆောင်ပုဒ်မှာ"အမျိုးသမီးနှင့် မိန်းကလေးငယ်များအပေါ် အကြမ်းဖက်မှုပပျောက်ဖို့၊ အားလုံးစုစည်းလုပ်ဆောင်စို့"ဟူ၍ ဖြစ်ပါတယ်။
========================
📌📌 ၇။ အင်းတော်မြို့မရဲစခန်းထဲ ဗုံးပစ်သွင်းတိုက်ခိုက်ခံရ
စစ်ကိုင်းတိုင်း အင်းတော်မြို့နယ် မြို့မရဲစခန်းထဲ ဗုံးပစ်သွင်းတိုက်ခိုက်ခံရတယ်လို့ သတင်းရရှိပါတယ်။ နိုဝင်ဘာ ၂၉ ရက်မှာ အင်းတော် တော်လှန်ရေးအင်အားစုကအတည်ပြုဆိုပါတယ်။
"နိုဝင်ဘာ ၂၉ ရက်ညနေပိုင်း အင်းတော်မြို့မရဲစခန်းထဲ နာနတ်သီး၂လုံးပစ်သွင်းခံရပါတယ်။ပစ်သွင်းခံရပြီးနောက် ရဲများမှ လက်နက်ကြီး၊လက်နက်ငယ်များဖြင့် ရမ်းသမ်း ပစ်ခတ်ခဲ့ပြီး လမ်းသွားလမ်းလာတွေကိုလည်း စစ်ဆေးမှုများ ပြုလုပ်ခဲ့တယ်"လို့ဆိုပါတယ်။ လတ်တလောမှာရဲတပ်ဖွဲ့ဝင်အထိအခိုက်စာရင်းကိုအတည်ပြုစုံစမ်းနေဆဲ ဖြစ်ပါတယ်။
အခုတင်ပြပေးခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းမှ ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment