၂၀၂၂ နိုဝင်ဘာလ ၄ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ နွေဦးတော်လှန်ရေးကို ဟန်ချက်ညီညီဆောင်ရွက်ကြရင်း အရေးတော်ပုံအမြန်ပြီးဆုံးအောင် ဆောင်ရွက်ရန် ပြည်ထောင်စုဝန်ကြီးချုပ်တိုက်တွန်း
📌 ၂။ စစ်တပ်မှ သတ်ဖြတ်ခြင်းခံရသည့် ပြည်သူများ နေ့စဉ်နှင့်အမျှ မြင့်တက်လျက်ရှိတယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းပြောကြား
📌 ၃။ ဖက်ဒရယ်ဒီမိုကရက်တစ်မြန်မာနိုင်ငံတော် တည်ထောင်ရာမှာ တွေ့ကြုံရနိုင်တဲ့ စိန်ခေါ်မှုများနှင့်ပတ်သတ်တဲ့ အွန်လိုင်းအခြေပြု အလုပ်ရုံဆွေးနွေးပွဲ လူ့အခွင့်ရေးဆိုင်ရာဒုဝန်ကြီး ပါဝင်ဆွေးနွေး
📌 ၄။ ထိုင်းနိုင်ငံ၊ ချွန်ပူရီခရိုင် နောင်မိုင်ဒယ်နယ်မြေရှိ ကော်စက်ရုံမှ မြန်မာလုပ်သား ၆၃ ဦးအတွက် ထိုက်သင့်သောခံစားခွင့်များ ရရှိစေရန်အလုပ်သမားဝန်ကြီးဌာနမှ ကိုယ်စားလှယ်စေလွှတ်ကူညီဆောင်ရွက်ပေးလျက်ရှိ
📌 ၅။ မသောက်မိသောမိုးခါးရေ’ ရုပ်ရှင်ပွဲ တက္ကဆက်ပြည်နယ်မှာ DFW Myanmar Ethnic Community မှတာဝန်ယူပြသမယ်
📌 ၆။ နွေဦးဆေးခန်းမှာ အကြောအဆစ်ရောဂါအထူးကုဆေးခန်းကိုပါ ထပ်တိုးဖွင့်လှစ်
📌 ၇။ စစ်ပြေးဒုက္ခသည် ၄၁ ရာခိုင်နှုန်းဟာ စစ်ကိုင်းတိုင်းတွင်းကဖြစ်ပြီးတော့ လူဦးရေ ၆၈၀,၆၂၈ ဦးထိရှိခဲ့
📌 ၈။ ပျူစောထီးနာရေးမှ ပြန်လာသော စကစတပ်နဲ့ပျူများအခြေစိုက်ရာ အရာတော်မြို့နယ် သလဲဘာပျူကျေးရွာနှင့် စခန်းတစ်ခုကို ဒရုန်းငါးစီးနဲ့တိုက်ခိုက်ရာ အနည်းဆုံး ၁၅ ဦးထက်မနည်းသေဆုံး
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ နွေဦးတော်လှန်ရေးကို ဟန်ချက်ညီညီဆောင်ရွက်ကြရင်း အရေးတော်ပုံအမြန်ပြီးဆုံးအောင် ဆောင်ရွက်ရန် ပြည်ထောင်စုဝန်ကြီးချုပ်တိုက်တွန်း
နွေဦးတော်လှန်ရေးကို ဟန်ချက်ညီညီဆောင်ရွက်ကြရင်း အရေးတော်ပုံအမြန်ပြီးဆုံးအောင် ဆောင်ရွက်ရန် ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းကတိုက်တွန်းပြောကြားလိုက်ပါတယ်။ နိုဝင်ဘာ ၃ ရက်ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအစည်းအဝေး ကျင်းပရာမှာဝန်ကြီးချုပ်ကပြောပါတယ်။
"ဆိုးဝါးရက်စက်လွန်းသော အကြမ်းဖက် စစ်ကောင်စီ၏ လက်အောက်တွင် နေနေရသော ပြည်သူများအနေဖြင့် နေ့ရက်တိုင်း အရေးကြီးကြောင်း၊ တော်လှန်ရေးကို ဒီကာလအထိ တောင့်ခံပေးသောပြည်သူများနှင့် ဘဏ္ဍာငွေအတွက် ထောက်ပံ့ပေးသော ပြည်တွင်း ပြည်ပက ပြည်သူများအနေဖြင့် အချိန်ကာလကအရေးကြီးကြောင်း၊ လက်နက်ကိုင်တော်လှန်ရေးအနေဖြင့်ဒီလောက်မမြန်နိုင်ဘူးဟု ဘယ်လိုပြောပြော တိုင်းပြည်အခြေနေကို ဒီလောက်ကြာကြာ တွန်းလှန်ပေးနေသော ပြည်သူတွေရှိနေတာကို မြန်နိုင်သမျှ မြန်မြန်အဆုံးသတ်နိုင်ရန် စီမံဖို့လိုကြောင်း အွန်လိုင်းကနေစီမံနိုင်သမျှ စီမံပေးဖို့လိုကြောင်း၊၊တစ်နှစ်တာ မဟာဗျူဟာအား ဟန်ချက်ညီညီအကောင်အထည်ဖော်နိုင်ရန် အရေးကြီးကြောင်း၊ ဟန်ချက်ညီညီဆောင်ရွက်ကြရင်း အရေးတော်ပုံအမြန်ပြီးဆုံးအောင် ဆောင်ရွက်ရန်"ဝန်ကြီးချုပ်ကဆိုပါတယ်။
အစည်းအဝေးသို့ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီ ဥက္ကဌ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း ဦးဆောင်၍ ဒုတိယဥက္ကဌ(၁)၊ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်အပါအဝင် ဗဟိုကော်မတီအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးများ၊ဒုတိယပြည်ထောင်စုဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၂။ စစ်တပ်မှ သတ်ဖြတ်ခြင်းခံရသည့် ပြည်သူများ နေ့စဉ်နှင့်အမျှ မြင့်တက်လျက်ရှိတယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းပြောကြား
စစ်တပ်မှ သတ်ဖြတ်ခြင်းခံရသည့် ပြည်သူများ နေ့စဉ်နှင့်အမျှ မြင့်တက်လျက်ရှိတယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းပြောကြားလိုက်ပါတယ်။ နိုဝင်ဘာ ၂ ရက် (၇၇) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၏ တတိယကော်မတီတွင် လူ့အခွင့်အရေးကာကွယ်မြှင့်တင်ရေးဘာသာရပ်အောက်၌ ကျင်းပပြုလုပ်သော လူ့အခွင့်အရေးကောင်စီ၏ အစီရင်ခံစာအပေါ် အထွေထွေဆွေးနွေးခြင်းအစီအစဉ်မှာ သံအမတ်ကြီးကဆိုခဲ့ပါတယ်။
"စစ်တပ်မှ သတ်ဖြတ်ခြင်းခံရသည့် ပြည်သူများ နေ့စဉ်နှင့်အမျှ မြင့်တက်လျက်ရှိကြောင်း၊ အပြစ်မဲ့ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များကို ကယ်တင်ပေးရန်အတွက် အချိန်သည် အရေးကြီး ကြောင်း၊ ထို့ပြင် ပြစ်မှုကျူးလွန်သူများကို တရားစီရင်နိုင်ခြင်းဖြင့် ဒဏ်ခတ်ခြင်းမခံရသည့် အစဉ်အလာကို အပြီးတိုင် ရပ်တန့်နိုင်မှာဖြစ်တယ်"လို့ဆိုပါတယ်။
ထို့ကြောင့် ယခုအချိန်ဟာ လူ့အခွင့်အရေးကောင်စီအနေဖြင့် ၎င်း၏ လုပ်ပိုင်ခွင့်အတွင်းမှ IIMM မှ လက်ခံရရှိထားသော သက်သေအထောက်အထားများကို ထိရောက်ဆောလျင်စွာ အသုံးပြုရန် အချိန်ကျနေပြီဖြစ်ကြောင်း၊ လုံခြုံရေးကောင်စီက ယင်းအထောက်အထားများကို အသုံးပြုလျက် မြန်မာနိုင်ငံအရေးကိစ္စအား နိုင်ငံတကာရာဇဝတ်ခုံရုံးသို့ လွှဲပြောင်းပေးနိုင်မည်ဖြစ်ကြောင်း သံအမတ်ကြီးကထပ်လောင်းဆိုပါတယ်။
========================
📌📌 ၃။ ဖက်ဒရယ်ဒီမိုကရက်တစ်မြန်မာနိုင်ငံတော် တည်ထောင်ရာမှာ တွေ့ကြုံရနိုင်တဲ့ စိန်ခေါ်မှုများနှင့်ပတ်သတ်တဲ့ အွန်လိုင်းအခြေပြု အလုပ်ရုံဆွေးနွေးပွဲ လူ့အခွင့်ရေးဆိုင်ရာဒုဝန်ကြီး ပါဝင်ဆွေးနွေး
ဖက်ဒရယ်ဒီမိုကရက်တစ်မြန်မာနိုင်ငံတော် တည်ထောင်ရာမှာ တွေ့ကြုံရနိုင်တဲ့ စိန်ခေါ်မှုများနှင့်ပတ်သတ်တဲ့ အွန်လိုင်းအခြေပြု အလုပ်ရုံဆွေးနွေးပွဲ လူ့အခွင့်ရေးဆိုင်ရာဒုဝန်ကြီး ပါဝင်ဆွေးနွေးခဲ့ပါတယ်။ နိုဝင်ဘာလ ၃ ရက် “Protecting Civic Society and Ethnic Minorities in a Federal Democratic Myanmar – Challenges and Opportunities” ခေါင်းစဉ်ဖြင့်အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၏ ဒုဝန်ကြီး ခွန်းဗဟန်းထန် မှ ပါဝင်ဆွေးနွေးခဲ့ပါတယ်။
အဆိုပါ အွန်လိုင်းအခြေပြု ဆွေးနွေးပွဲသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်ခင်မမမျိုးလည်း တက်ရောက်ဆွေးနွေးခဲ့ပြီး၊ ဒေါ်ခင်ဥမ္မာ (Progressive Voice) နှင့် Debbie Stothard (ALTSEAN-Burma) တို့လည်း ပါဝင်ခဲ့ကြပါတယ်။ ဆွေးနွေးပွဲမှာ အာဆီယံလူထုတွေ့ဆုံပွဲ၏ အစိတ်အပိုင်းတစ်ရပ်ဖြစ်ကာ ဖက်ဒရယ်ဒီမိုကရက်တစ်မြန်မာနိုင်ငံတော် တည်ထောင်ရာ၌ တွေ့ကြုံရနိုင်သည့် စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများကိစ္စအား အဓိကထား ဆွေးနွေးခဲ့ကြပါတယ်။
========================
📌📌 ၄။ ထိုင်းနိုင်ငံ၊ ချွန်ပူရီခရိုင် နောင်မိုင်ဒယ်နယ်မြေရှိ ကော်စက်ရုံမှ မြန်မာလုပ်သား ၆၃ ဦးအတွက် ထိုက်သင့်သောခံစားခွင့်များ ရရှိစေရန်အလုပ်သမားဝန်ကြီးဌာနမှ ကိုယ်စားလှယ်စေလွှတ်ကူညီဆောင်ရွက်ပေးလျက်ရှိ
ထိုင်းနိုင်ငံ၊ ချွန်ပူရီခရိုင် နောင်မိုင်ဒယ်နယ်မြေရှိ ကော်စက်ရုံမှ မြန်မာလုပ်သား ၆၃ ဦးအတွက် ထိုက်သင့်သောခံစားခွင့်များ ရရှိစေရန်အလုပ်သမားဝန်ကြီးဌာနမှ ကိုယ်စားလှယ်စေလွှတ်ကူညီဆောင်ရွက်ပေးလျက်ရှိတယ်လို့ နိုဝင်ဘာ ၃ ရက်နေ့မှာ အလုပ်သမားဝန်ကြီးဌာနက ဖော်ပြအသိပေးပါတယ်။
ထိုင်းနိုင်ငံ၊ ချွန်ပူရီခရိုင် နောင်မိုင်ဒယ်နယ်မြေရှိ ကော်စက်ရုံမှ မြန်မာအလုပ်သမား (၆၃) ဦးအား အကြောင်းမဲ့ အလုပ်ထုတ်ကြောင်း အကူညီတောင်းခံလာသဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာန မှ ကိုရဲမင်းဦးဆောင်သော AAC မဟာမိတ်အဖွဲ့ သို့ ကူညီဖြေရှင်းပေးရန် တာဝန်ပေးအပ်ရာ ၂၀၂၂ ခုနှစ်အောက်တိုဘာ၁၀ရက်နေ့တွင် အလုပ်ရှင်နှင့် ညှိနှိုင်းသော်လည်း အဆင်မပြေသဖြင့် အလုပ်သမားဥပဒေပါ အကျိုးခံစားခွင့်ဖြစ်သည့် ကြိုတင်အကြောင်းမကြားသည့် နစ်နာကြေးနှင့် လုပ်သက်အလိုက် နစ်နာကြေးးများရရှိစေရန် အလုပ်ရှင်အား ချွန်ပူရီခရိုင် အလုပ်သမားကာကွယ်စောင့်ရှောက်ရေးရုံးတွင် အမှုဖွင့်လှစ်နိုင်ရေး ကူညီဆောင်ရွက်ပေးလျက်ရှိပါတယ်လို့ဆိုပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနအနေဖြင့် ပြည်သူ့အစိုးရဖြစ်သည်နှင့်အညီ အရေးပေါ်ကာလ အခြေအနေတွင်လည်း ပြည်တွင်း၊ ပြည်ပ မြန်မာအလုပ်သမားများ၏ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှုများ၊ အကျိုးခံစားခွင့်များ ရရှိအောင် တတ်နိုင်သည့်ဘက်မှ အကူအညီပေးနိုင်ရေးအတွက် တိုင်ကြားရေးယန္တရားဖွင့်လှစ်၍ ကူညီဆောင်ရွက်ပေးနေတယ်လို့ဆိုပါတယ်။
========================
📌📌 ၅။ မသောက်မိသောမိုးခါးရေ’ ရုပ်ရှင်ပွဲ တက္ကဆက်ပြည်နယ်မှာ DFW Myanmar Ethnic Community မှတာဝန်ယူပြသမယ်
မသောက်မိသောမိုးခါးရေ’ ရုပ်ရှင်ပွဲ တက္ကဆက်ပြည်နယ်မှာ DFW Myanmar Ethnic Community မှတာဝန်ယူပြသမယ်လို့သတင်းရရှိပါတယ်။ သရုပ်ဆောင် ဒါရိုက်တာ ကိုပေါက်ရဲ့ ‘မသောက်မိသောမိုးခါးရေ’ ရုပ်ရှင်ပွဲကို အမေရိကန်ပြည်ထောင်စု၊ တက္ကဆက်ပြည်နယ် Dallas-Fort Worth မှာ နိုဝင်ဘာ ၁၂ ရက် စနေနေ့မှာပြသမှာဖြစ်ပါတယ်။
“မွန်းလွဲ ၁ နာရီနဲ့ ညနေ ၄ နာရီ ၂ ပွဲ ပြသသွားမှာဖြစ်ကာလက်မှတ်ကြေးတွေကတော့ အစားအသောက် အပါအဝင် VIP ထိုင်ခုံနေရာအတွက် ဒေါ်လာ ၅၀ သတ်မှတ်ထားပါတယ်။ ပုံမှန်ထိုင်ခုံနေရာကတော့ ၂၅ ဒေါ်လာ သတ်မှတ်ထားကာပွဲကရတဲ့ ရန်ပုံငွေတွေကို မြန်မာနိုင်ငံအတွင်းက ပြည်သူတွေကို ထောက်ပံ့ပေးသွားမှာ ဖြစ်ပါတယ်။
ဒါ့အပြင်မိုးခါးရေလိုဂိုပါ Hoodie နဲ့ တီရှပ်တွေကိုလည်း ရန်ပုံငွေရရှိရေးအတွက် ရောင်းချသွားဖို့ ပြင်ဆင်ထားသလို မြန်မာ့ရိုးရာ အစားအသောက်တွေကိုလည်း ပွဲမှာ ခင်းကျင်းရောင်းချပေးသွားဖို့ ရှိပါတယ်။
========================
📌📌 ၆။ နွေဦးဆေးခန်းမှာ အကြောအဆစ်ရောဂါအထူးကုဆေးခန်းကိုပါ ထပ်တိုးဖွင့်လှစ်
နွေဦးဆေးခန်းမှာ အကြောအဆစ်ရောဂါအထူးကုဆေးခန်းကိုပါ ထပ်တိုးဖွင့်လှစ်လိုက်ပါတယ်။ နိုဝင်ဘာလအတွင်းမှာ ဆေးခန်းတိုးချဲ့ဖွင့်လှစ်ကြောင်း နွေဦးဆေးခန်းကအသိပေးဆိုပါတယ်။
"တဖြေးဖြေးတိုးချဲ့လာနေတဲ့ နွေဦးဆေးခန်းလေးမှာ အခုဆိုရင် အကြောအဆစ်ရောဂါအထူးကုဆေးခန်းကိုပါ ထပ်တိုးဖွင့်လှစ်လိုက်ကြောင်း အသိပေးပါရစေ။လူနာများကို ကြည့်ရှုကုသပေးမယ့်
ဆရာဝန်ကြီးကတော့ အကြောအဆစ်အထူးကုသမားတော်ကြီး ဒေါက်တာဝင်းဝင်းမော် (MBBS, MRCP, FRCP) ဖြစ်ပါတယ်"လို့ဆိုပါတယ်။ ဆေးခန်းချိန်ကတော့ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ညနေ (၄) နာရီခွဲ မှ (၅) နာရီခွဲအထိဖြစ်ပြီးတော့ လေးဘက်နာအဆစ်အမြစ်ရောဂါအမျိုးမျိုးအပြင် တခြားသော အကြောအဆစ်နဲ့သက်ဆိုင်တဲ့ ရောဂါများကိုလည်း နွေဦးဆေးခန်းမှာ ဆွေးနွေးကုသမှုခံယူနိုင်ပြီဖြစ်ပါတယ်။ ဆေးခန်းပြသလိုသူများအနေနဲ့နွေဦးဆေးခန်း pag Messengerမှာ ဘိုကင်တင်နိုင်ကြောင်းသတင်းရရှိပါတယ်။
========================
📌📌 ၇။ စစ်ပြေးဒုက္ခသည် ၄၁ ရာခိုင်နှုန်းဟာ စစ်ကိုင်းတိုင်းတွင်းကဖြစ်ပြီးတော့ လူဦးရေ ၆၈၀,၆၂၈ ဦးထိရှိခဲ့
စစ်ပြေးဒုက္ခသည် ၄၁ ရာခိုင်နှုန်းဟာ စစ်ကိုင်းတိုင်းတွင်းကဖြစ်ပြီးတော့ လူဦးရေ ၆၈၀,၆၂၈ ဦးထိရှိခဲ့ပါတယ်။ နိုဝင်ဘာလအတွင်း ISP Myanmar ကထုတ်ပြန်ချက်အရသတင်းရရှိပါတယ်။ စစ်အာဏာသိမ်းပြီးနောက် ဖြစ်ပွားခဲ့တဲ့ လက်နက်ကိုင်ပဋိပက္ခဖြစ်စဉ်တွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးမှု အများဆုံး ရှိခဲ့တဲ့ ဒေသက စစ်ကိုင်းတိုင်း ဖြစ်တယ်လို့ဆိုပါတယ်။
စစ်ပြေးဒုက္ခသည် အရေအတွက် စုစုပေါင်းရဲ့ ၄၁ ရာခိုင်နှုန်းက စစ်ကိုင်းတိုင်းအတွင်းက ဖြစ်ပြီး အရေအတွက်အားဖြင့် ၆၈၀,၆၂၈ ဦးထက်မနည်း ရှိခဲ့ပါတယ်။ ဒုတိယအများဆုံးကတော့ မကွေးတိုင်းမှာ၂၄၅ ၅၀၇ ဦး၊ ကယားပြည်နယ် ၁၆၃ ၆၀၀ ဦးတို့ဖြစ်ပါတယ်။
========================
📌📌 ၈။ ပျူစောထီးနာရေးမှ ပြန်လာသော စကစတပ်နဲ့ပျူများအခြေစိုက်ရာ အရာတော်မြို့နယ် သလဲဘာပျူကျေးရွာနှင့် စခန်းတစ်ခုကို ဒရုန်းငါးစီးနဲ့တိုက်ခိုက်ရာ အနည်းဆုံး ၁၅ ဦးထက်မနည်းသေဆုံး
ပျူစောထီးနာရေးမှ ပြန်လာသော စကစတပ်နဲ့ပျူများအခြေစိုက်ရာ အရာတော်မြို့နယ် သလဲဘာပျူကျေးရွာနှင့် စခန်းတစ်ခုကို ဒရုန်းငါးစီးနဲ့တိုက်ခိုက်ရာ အနည်းဆုံး ၁၅ ဦးထက်မနည်းသေဆုံးခဲ့ပါတယ်။ နိုဝင်ဘာ ၃ ရက်နေ့မှာ "Drone စစ်ဆင်ရေး"ကို ZERO ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ)ကအတည်ပြုဆိုပါတယ်။
"နိုဝင်ဘာ၃ရက်မနက် ၁၀ နာရီအချိန် အရာတော်မြို့နယ် သလဲဘာပျူကျေးရွာနှင့်စခအခြေစိုက်စခန်းအား ZERO ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ) ဦးဆောင်၍ Danger Force၊BRA ၊ MRTF ၊ဇာမဏီ ၊နဂါးနီ (ကျောက်ဆည်) အဖွဲ့တို့မှ နာရေးပို့ပြန်လာသော ပျူနှင့်စကစတပ်များ၊စကစတပ်များတပ်စွဲထားသောအခြေစိုက်စခန်းတို့အား Drone ယာဉ် (၅) စီးဖြင့် အကြိမ်ကြိမ်ကျဲချခဲ့ပါတယ်"လို့ဆိုပါတယ်။ အဆိုပါတိုက်ခိုက်မှုကြောင့် ပျူနှင့်စကစတပ်များ အနည်းဆုံး (၁၅)ဦးသေဆုံးပြီး (၂၀) ဝန်းကျင်ပြင်းထန်စွာထိခိုက်ကာစစ်ကိုင်းခရိုင် ပ.က.ဖ ဗုံးသီးဖြင့် ကျဲချခဲ့တယ်လို့ဆိုပါတယ်။
အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUGသတင်းထောက် မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment