၂၀၂၂ ဒီဇင်ဘာလ ၂၂ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ အမျိုးသား ညီညွတ်ရေးအစိုးရအနေနဲ့ စိုးမိုးနယ်မြေများမှာ စီမံကိန်း တွေ အများအပြားလုပ်ဆောင်လျက်ရှိတယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်အသိပေး
📌 ၂။ နှစ်သစ်ကူး ပူးတွဲ ထုတ်ပြန်ကြေညာချက် ထုတ်ပြန်နိုင်ရေး NUCC နှင့် NUG ဆွေးနွေး
📌 ၃။ NUG ကာကွယ်ရေးဝန်ကြီးဌာနက တအာင်းနှစ်သစ်ကူးနေ့သို့သဝဏ်လွှာပေးပို့
📌 ၄။ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေး
📌 ၅။ NUG အစိုးရက လူသားချင်းစာနာမှု အကူအညီများအတွက် ငွေကျပ် (၃၄၂.၂၉) သန်းကို ပံ့ပိုးပေးနိုင်ခဲ့
📌 ၆။ နိုဝင်ဘာလကုန်ထိ အကြမ်းဖက်စစ်အုပ်စု၏ မတရား ချိပ်ပိတ်သိမ်းဆည်းခြင်းခံရတဲ့ နေအိမ်၊ အဆောက်အဦ အရေအတွက် စုစုပေါင်း (၉၀၀) ထက်မနည်းရှိလာ
📌 ၇။ မန္တလေးမြို့မှာမြနန္ဒာစစ်ဆင်ရေးအဖြစ် နန်းတော်ရာ စံပြ ကွက်သစ် ဓမ္မာရုံ ကင်းတဲနဲ့ စက်မှုနယ်မြေ ရဲစခန်း ရှိ ဘန်ကာကို ဗုံးပစ်တိုက်ခိုက်
📌 ၈။ တန့်ဆည်မြို့နယ်မှာ အင်အားရာနဲ့ချီတဲ့ စကစတပ်နဲ့ပျူများမီးရှို့ဖျက်ဆီး၍ ကျေးရွာများမှ လူနေအိမ်နဲ့ စာသင်ကျောင်းများ မီးလောင်ဆုံးရှုံး
📌 ၉။ ပခုက္ကူမြို့နယ်၊ကမ္မမြို့ရဲစခန်း ယနေ့ပစ်ခတ်ခံရ၍ ရဲနှစ်ဦးသေဆုံး
📌 ၁၀။ The Youth Force (Saw & Kyauk htu) တပ်ဖွဲ့ကို ကာကွယ်ရေးဝန်ကြီးဌာနက ဂန့်ဂေါခရိုင် အမှတ် (၁၃) တပ်ရင်းအဖြစ် အသိအမှတ်ပြု
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ အမျိုးသား ညီညွတ်ရေးအစိုးရအနေနဲ့ စိုးမိုးနယ်မြေများမှာ စီမံကိန်း တွေ အများအပြားလုပ်ဆောင်လျက်ရှိတယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်အသိပေး
အမျိုးသား ညီညွတ်ရေးအစိုးရအနေနဲ့ စိုးမိုးနယ်မြေများမှာ စီမံကိန်း တွေ အများအပြားလုပ်ဆောင်လျက်ရှိတယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကအသိပေးပြောပါတယ်။ ဒီဇင်ဘာ၂၀ ရက် အစိုးရအဖွဲ့အစည်းအဝေးမှာ ပြည်ထောင်စုဝန်ကြီးချုပ်ကဆိုခဲ့ပါတယ်။
"ကျွန်တော်တို့ အမျိုးသား ညီညွတ်ရေးအစိုးရအနေနဲ့ ကျွန်တော်တို့ရဲ့ စိုးမိုးနယ်မြေတွေမှာ လူသားချင်း စာနာကဏ္ဍ၊ စားနပ်ရိက္ခာဖူလုံရေး၊ ကျန်းမာရေး၊ ပညာရေး၊ တရားဥပဒေစိုးမိုးရေး၊ ဖက်ဒရယ် ပြည်ထောင်စုသစ် တစ်ရပ် ပေါ်ပေါက်လာရေးအပြင်၊ လုံခြုံရေးကဏ္ဍအပြောင်းအလဲနှင့် ပြန်လည်ထူထောင်ရေးကဏ္ဍ တို့အတွက် စီမံကိန်း တွေ အများအပြားကို လုပ်ဆောင်လျက်ရှိပါတယ်"လို့ဆိုပါတယ်။
ဒါ့အပြင် NUG အနေနဲ့ နိုင်ငံတကာ ကူညီထောက်ပံ့မှုများဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းမှု ကော်မတီ (IACC) ကော်မတီတစ်ရပ်ကို ဖွဲ့စည်းထားပြီး စစ်ဘေးသင့် ပြည်သူများရဲ့ လိုအပ်ချက်များ၊ လူသားချင်းစာနာအကူအညီများ၊ PDF များ၊ လက်နက်ကိုင်တော်လှန်ရေး မဟာမိတ်များနဲ့ ဒီမိုကရေစီအင်အားစုများရဲ့ လိုအပ်ချက်များကို ဖြည့်စည်းပေးနိုင်ရန် ပူးပေါင်းဆောင်ရွက် လုပ်ဆောင်နေမှုများ ရှိတယ်လို့လည်း သတင်းရရှိပါတယ်။
========================
📌📌 ၂။ နှစ်သစ်ကူး ပူးတွဲ ထုတ်ပြန်ကြေညာချက် ထုတ်ပြန်နိုင်ရေး NUCC နှင့် NUG ဆွေးနွေး
နှစ်သစ်ကူး ပူးတွဲ ထုတ်ပြန်ကြေညာချက် ထုတ်ပြန်နိုင်ရေးအတွက် အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ (၂၁) ရက်နေ့၊ နေ့လယ် (၁) နာရီတွင် တွေ့ဆုံညှိနှိုင်းဆွေးနွေးခဲ့ကြပါတယ်။ တွေ့ဆုံဆွေးနွေးပွဲသို့ NUG မှ ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနှင့် ပြည်ထောင်စုဝန်ကြီးများတက်ရောက်ခဲ့ကြပြီး NUCC အဖွဲ့ဝင် အဖွဲ့အစည်းများမှ ကောင်စီဝင်များ စုံညီစွာ တက်ရောက်ခဲ့ကြပါတယ်။
အစည်းအဝေးတွင် ပြည်သူ့တော်လှန်ရေးဆိုင်ရာ နှစ်သစ်ကူး ပူးတွဲ ထုတ်ပြန်ကြေညာချက် ထုတ်ပြန်ရေးအတွက် သဘောတူညီခဲ့ကြပြီး၊ အခြားသော မဟာမိတ်နှင့် မိတ်ဖက်အဖွဲ့အစည်းများ ပါဝင်ရန်အတွက် ဖိတ်ခေါ်ရေးကိစ္စကိုလည်း ဆွေးနွေးညှိနှိုင်းခဲ့ကြတယ်လို့ဖော်ပြပါတယ်။ ပူးတွဲထုတ်ပြန်ကြေညာချက်နှင့် ပတ်သက်၍ ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ဆွေးနွေးအတည်ပြုခဲ့ကြပါတယ်။
========================
📌📌 ၃။ NUG ကာကွယ်ရေးဝန်ကြီးဌာနက တအာင်းနှစ်သစ်ကူးနေ့သို့သဝဏ်လွှာပေးပို့
NUG ကာကွယ်ရေးဝန်ကြီးဌာနက တအာင်းနှစ်သစ်ကူးနေ့သို့သဝဏ်လွှာတစ်စောင်ပေးပို့ခဲ့ပါတယ်။ ဒီဇင်ဘာ ၂၁ ရက်မှာ PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနက အသိပေးဖော်ပြပါတယ်။ သဝဏ်လွှာမှာ "တအာင်းလူမျိုးများ၏ ရိုးရာယဉ်ကျေးမှု၊ စာပေ၊ ဓလေ့ထုံးတမ်းစသည့် အမွေအနှစ်များကို မပျောက်ပျက်အောင် အစဉ်အမြဲ လက်ဆင့်ကမ်း ထိန်းသိမ်းစောင့်ရှောက်နိုင်ပါစေဟု ဆုမွန်ကောင်း တောင်းအပ်ပါသည်လို့ဖော်ပြပါရှိပါတယ်။
ဒါ့အပြင် တအာင်းလူမျိုးများအပါအဝင် ပြည်ထောင်စုဖွား တိုင်းရင်းသားများအားလုံး ကြုံတွေ့နေကြရသော စစ်အာဏာရှင်စနစ်ဆိုးကို အမြစ်ဖြတ် တော်လှန်ပြီး အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင် စုကို အတူတကွလက်တွဲတည်ထောင်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးထားပါတယ်။
========================
📌📌 ၄။ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေး
ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့သတင်းရရှိပါတယ်။ ဒီဇင်ဘာ ၂၁ ရက် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် စစ်ကိုင်းတိုင်း၊မကွေးတိုင်း၊ ပဲခူးတိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေးမှုအစည်းအဝေး (၁၄/၂၀၂၂) ကိုကျင်းပခဲ့ပါတယ်။ အစည်းအဝေးမှာ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ် ရေးဝန်ကြီးဌာန၊ တွဲဖက်အမြဲတမ်းအတွင်းဝန် ဒေါက်တာလှိုင်မြင့်ဟန်မှ အမှာစကားပြောကြားခဲ့ပါတယ်။
ဆက်လက်၍ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ပြည်သူ့အုပ်ချုပ်ရေးဦးစီးဌာန၊ တာဝန်ရှိသူမှ ပြည်သူ့အုပ်ချုပ်ရေးဦးစီးဌာန၏ ဖွဲ့စည်းပုံ၊ ရည်မှန်းချက်၊ လုပ်ငန်းတာဝန်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီးနောက် တက်ရောက်လာသော မြို့နယ် ပအဖ အဖွဲ့ဝင်များက မြေပြင်အုပ်ချုပ်ရေး ဆောင်ရွက်နေမှုများ၊ ကြုံတွေ့နေရသည့် အခက်အခဲများနှင့် လိုအပ်ချက်များ ကိုရှင်းလင်းတင်ပြခဲ့ပါတယ်။
အစည်းအဝေးသို့ တွဲဖက်အမြဲတမ်းအတွင်းဝန်မှ ဦးဆောင်ကာ ပြည်သူ့အုပ်ချုပ်ရေးဦးစီးဌာန၊ပြည်သူ့ရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းထောက်လှမ်းရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်းတို့မှ မြိုနယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ပါတယ်။
========================
📌📌 ၅။ NUG အစိုးရက လူသားချင်းစာနာမှု အကူအညီများအတွက် ငွေကျပ် (၃၄၂.၂၉) သန်းကို ပံ့ပိုးပေးနိုင်ခဲ့
NUG အစိုးရက လူသားချင်းစာနာမှု အကူအညီများအတွက် ငွေကျပ် (၃၄၂.၂၉) သန်းကို ပံ့ပိုးပေးနိုင်ခဲ့တယ်လို့သတင်းရရှိပါတယ်။ ဒီဇင်ဘာ၂၁ ရက်မှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာနကအသိပေးဖော်ပြပါတယ်။
"အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာနက ၂၀၂၂ခုနှစ် နိုဝင်ဘာလအတွင်း လူသားချင်းစာနာမှု အကူအညီများအတွက် ငွေကျပ် (၃၄၂.၂၉) သန်းကို ပံ့ပိုးပေးနိုင်ခဲ့ပါတယ်"လို့ဆိုပါတယ်။ အဆိုပါ ထောက်ပံ့မှုထဲတွင် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ တနသ်ာရီတိုင်း တို့ပါဝင်ကာ စစ်ဘေးရှောင်ဦးရေ ၅၀၇၀၁၀ ဦးတို့ကို ပံ့ပိုးပေးခဲ့တာဖြစ်ပါတယ်။
အာဏာသိမ်းအကြမ်းဖက် စစ်တပ်၏ မီးရှို့ဖျက်စီးမှုဒဏ်များကိုခံနေကြရသော ပြည်သူများ၊ ထိုးစစ်ဆင် တိုက်ခိုက်မှုများကြောင့် ဘေးလွတ်မည့်ဟုထင်သော နေရာများသို့ ထွက်ပြေးခိုလှုံနေကြရသည့် ပြည်သူများ၊ တော်လှန်ရေး၌ပါဝင်ရင်း ထိခိုက်ဒဏ်ရာရရှိသူများနှင့် အသက်ဆုံးရှုံးရသူများ၏ မိသားစုဝင်များ၊ အကူအညီ လိုအပ်နေသော မသန်စွမ်းပြည်သူများအပါအဝင် ထိခိုက်လွယ်အုပ်စုများ၊ နိုင်ငံရေးအကျဥ်းသားများနှင့် အကြောင်းကိစ္စအမျိုးမျိုးကြောင့် လူသားချင်းစာနာမှုအကူအညီလိုအပ်သူများကို အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက မိတ်ဖက်အသီးသီးနှင့် လက်တွဲ ချိတ်ဆက်၍ အတတ်နိုင်ဆုံး မြေပြင်အထိရောက်အောင် ကြိုးစား ပံ့ပိုးကူညီပေးလျက်ရှိပါတယ်။
========================
📌📌 ၆။ နိုဝင်ဘာလကုန်ထိ အကြမ်းဖက်စစ်အုပ်စု၏ မတရား ချိပ်ပိတ်သိမ်းဆည်းခြင်းခံရတဲ့ နေအိမ်၊ အဆောက်အဦ အရေအတွက် စုစုပေါင်း (၉၀၀) ထက်မနည်းရှိလာ
နိုဝင်ဘာလကုန်ထိ အကြမ်းဖက်စစ်အုပ်စု၏ မတရား ချိပ်ပိတ်သိမ်းဆည်းခြင်းခံရတဲ့ နေအိမ်၊ အဆောက်အဦ အရေအတွက် စုစုပေါင်း (၉၀၀) ထက်မနည်းရှိလာတယ်လို့ သတင်းရရှိပါတယ်။ စစ်အာဏာသိမ်းပြီးချိန်မှ ၂၀၂၂ ခုနှစ် နိုဝင်ဘာလကုန်ထိ အကြမ်းဖက်စစ်အုပ်စု၏ မတရား ချိပ်ပိတ်သိမ်းဆည်းခြင်းခံရသည့် နေအိမ်၊ အဆောက်အဦ အရေအတွက် စုစုပေါင်း (၉၀၀) ခုထက်မနည်းရှိခဲ့တယ်လို့ AAPPကဖော်ပြပါတယ်။
အကြမ်းဖက်စစ်တပ်နဲ့ လက်အောက်ခံ အဖွဲ့အစည်းများဟာ ချိတ်ပိတ်ထားတဲ့နေအိမ်များမှ ပစ္စည်းများကို ခိုးယူသယ်ဆောင်မှုတို့ရှိခဲ့ပါတယ်။ ဒါ့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ လွှတ်တော်ကိုယ်စားလှယ် (၁၁၉)ဦးအပါအဝင် ပါတီဝင် (၂၂၄)ဦး တို့၏နေအိမ်များနှင့်ပိုင်ဆိုင်မှုများကို အကြောင်းအမျိုးမျိုးပြ ဝရမ်းကပ်၊ ချိတ်ပိတ် သိမ်းဆည်းခဲ့မှုများလည်းရှိခဲ့ပါတယ်။
========================
📌📌 ၇။ မန္တလေးမြို့မှာမြနန္ဒာစစ်ဆင်ရေးအဖြစ် နန်းတော်ရာ စံပြ ကွက်သစ် ဓမ္မာရုံ ကင်းတဲနဲ့ စက်မှုနယ်မြေ ရဲစခန်း ရှိ ဘန်ကာကို ဗုံးပစ်တိုက်ခိုက်
မန္တလေးမြို့မှာမြနန္ဒာစစ်ဆင်ရေးအဖြစ် နန်းတော်ရာ စံပြ ကွက်သစ် ဓမ္မာရုံ ကင်းတဲနဲ့ စက်မှုနယ်မြေ ရဲစခန်း ရှိ ဘန်ကာကို ဗုံးပစ်တိုက်ခိုက်ခဲ့တယ်လို့သတင်းရရှိပါတယ်။ ဒီဇင်ဘာ ၂၁ ရက် အမရပူရမြို့နယ် ၊ နန်းတော်ရာ စံပြ ကွက်သစ် ဓမ္မာရုံ ကင်းတဲကို နေ့လယ်၂နာရီ အချိန်၊ စက်မှုရဲစခန်း ကို နေ့လယ် ၂ နာရီ ၄၅ မိနစ် အချိန်တို့မှာ တော်လှန်ရေးအင်အားစုတို့က ဗုံးပစ်တိုက်ခိုက်ခဲ့ပါတယ်။
အဆိုပါတိုက်ခိုက်မှုတွင် စက်မှုနယ်မြေ ရဲစခန်း ရှိ ဘန်ကာထောင့်ထဲ ဗုံးကျခဲ့ပြီး ခွေးရှိပါက သေနိုင်ရာ ရဲစခန်းတွင်းမှ သေနတ် ၆ချက် ပြန်လည်ပစ်ခတ်ခဲ့ပြီး ရဲဘော်များထိခိုက်မှုမရှိဆုတ်ခွာနိုင်ခဲ့တယ်လို့သတင်းရရှိပါတယ်။ အလားတူနန်းတော်ရာ စံပြ ကွက်သစ် ဓမ္မရုံကင်းတဲ ကို ဗုံးပစ်ရာတွင် စကစတပ်ကတစ်ဦး နေရာမှာတင် လဲကျသွားခဲ့တယ်လို့သတင်းရရှိပါတယ်။
========================
📌📌 ၈။ တန့်ဆည်မြို့နယ်မှာ အင်အားရာနဲ့ချီတဲ့ စကစတပ်နဲ့ပျူများမီးရှို့ဖျက်ဆီး၍ ကျေးရွာများမှ လူနေအိမ်နဲ့ စာသင်ကျောင်းများ မီးလောင်ဆုံးရှုံး
စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ်မှာ အင်အားရာနဲ့ချီတဲ့ စကစတပ်နဲ့ပျူများမီးရှို့ဖျက်ဆီး၍ ကျေးရွာများမှ လူနေအိမ်နဲ့ စာသင်ကျောင်းများ မီးလောင်ဆုံးရှုံးခဲ့ပါတယ်။ ဒီဇင်ဘာ၂၁ ရက်မှာ မီးလောင်ဆုံးရှုံးမှုနဲ့ပတ်သက်လို့ TSO တန့်ဆည်ကအသိပေးဖော်ပြပါတယ်။
"တန့်ဆည်မြို့နယ်တွင်အင်အား(၁၀၀)ကျော်ပါစကစတပ်နှင့်ပျူများ၏မီးရှို့ဖျက်ဆီးမှုကြောင့် ဒီဇင်ဘာ ၂၀ ရက်နေ့တွင်ငတန်းကျေးရွာမှလူနေအိမ်များနှင့်စာသင်ကျောင်း၊ ဒီဇင်ဘာ၂၁ ရက်နေ့တွင်ရွှေလံကျေးရွာမှလူနေအိမ်များနှင့်စာသင်ကျောင်းတို့မီးလောင်ဆုံးရှုံးခဲ့တယ်"လို့ဖော်ပြပါတယ်။ ဒါ့အပြင်ကလစဥ်ကျေးရွာတွင်လူနေအိမ်များနှင့်စာသင်ကျောင်းများမီလောင်ဆုံးရှုံးခဲ့ရပြီး အလုံးအရေအတွက်ကိုအတည်ပြုစုံစမ်းဆဲ ဖြစ်ပါတယ်။
========================
📌📌 ၉။ ပခုက္ကူမြို့နယ်၊ကမ္မမြို့ရဲစခန်း ယနေ့ပစ်ခတ်ခံရ၍ ရဲနှစ်ဦးသေဆုံး
ပခုက္ကူမြို့နယ်၊ကမ္မမြို့ရဲစခန်း ယနေ့ပစ်ခတ်ခံရ၍ ရဲနှစ်ဦးသေဆုံးခဲ့ပါတယ်။ ဒီဇင်ဘာလ ၂၁ ရက်နံနက် ၈:၃၀ အချိန်ခန့်တွင် ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PPDF) ရဲဘော်များကပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ အတည်ပြုဆိုပါတယ်။
"ဒီဇင်ဘာ၂၁ ရက် နံနက် ၈:၃၀ အချိန်ခန့်တွင် ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PPDF) ရဲဘော်များသည် ပခုက္ကူမြို့နယ်၊ကမ္မမြို့ရဲစခန်းအားသွားရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်"လို့ဆိုပါတယ်။
ကမ္မမြို့နေပြည်သူများအား ဆက်ကြေးကောက်၊ ဖိနှိပ်အနိုင်ကျင့်နေသော ကမ္မရဲစခန်းမှ ရဲ (၂) ဦး နေရာတွင်သေဆုံးကာ ၃ ဦးပြင်းထန်ဒဏ်ရာရတယ်လို့ဖော်ပြပါတယ်။ Pakokku People Defense Force-PPDF ရဲဘော်တစ်ဦးမစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ပြီး၊ ကျန်ရဲဘော်များအောင်မြင်စွာဆုတ်ခွါနိုင်ခဲ့ပါတယ်။
========================
📌📌 ၁၀။ The Youth Force (Saw & Kyauk htu) တပ်ဖွဲ့ကို ကာကွယ်ရေးဝန်ကြီးဌာနက ဂန့်ဂေါခရိုင် အမှတ် (၁၃) တပ်ရင်းအဖြစ် အသိအမှတ်ပြု
The Youth Force (Saw & Kyauk htu) တပ်ဖွဲ့ကို ကာကွယ်ရေးဝန်ကြီးဌာနက ဂန့်ဂေါခရိုင် အမှတ် (၁၃) တပ်ရင်းအဖြစ် အသိအမှတ်ပြုလက်ခံလိုက်ပါတယ်။ ဒီဇင်ဘာ ၂၁ ရက်မှာ The Youth Force (Saw & Kyauk htu) တပ်ဖွဲ့ကပြည်သူများသို့ အသိပေးကြေညာလိုက်ပါတယ်။ "The Youth Force (Saw & Kyauk htu) ဟာ အမျိုးသားညီညွတ်ရေးအစိုးရ ၊ ကာကွယ်ရေးဝန်ကြီးဌာန၏ ဂန့်ဂေါခရိုင် အမှတ် (၁၃) တပ်ရင်းအဖြစ် အသိအမှတ်ပြုရရှိထားပြီးဖြစ်ပါတယ်"လို့ဖော်ပြပါတယ်။
The Youth Force (Saw & Kyauk htu) အနေဖြင့် အမျိူးသားညီညွတ်ရေးအစိုးရ ၊ ကာကွယ်ရေးဝန်ကြီးဌာန၏ အဆင့်ဆင့်ကွပ်ကဲမှုများကို ခံယူ၍ စစ်အာဏာရှင်အမြစ်ပြတ်သည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ဂန့်ဂေါခရိုင် အမှတ် (၁၃) တပ်ရင်း - TYF ကဖော်ပြပါတယ်။
အခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက်မင်းမင်းက ပေးပို့တာ ဖြစ်ပါတယ်။
No comments:
Post a Comment