25th DEC 2022 - Evening Daily News by Radio NUG


၂၀၂၂ ဒီဇင်ဘာလ ၂၅ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ ခရစ်ယာန်လူမျိုးများအတွက် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီမှ သဝဏ်လွှာပေးပို့

📌 ၂။ ခရစ္စမတ်နေ့ရက်အခါသမယတွင် မြန်မာနိုင်ငံသူနိုင်ငံသားအပေါင်း ဘေးရန်ခပ်သိမ်းမှ ကင်းလွတ်လုံခြုံပါစေလို့ NUG အစိုးရ ဆုမွန်ကောင်းတောင်း

📌 ၃။ ထိုင်းအစိုးရဟာ စစ်ကောင်စီကို ပြောရင်ရမယ်လို့ထင်နေတဲ့ ပြသနာရှိနေတယ်လို့ NUG နိုင်ငံခြား ရေးဝန်ကြီးဆို

📌 ၄။ အကြမ်းဖက် စစ်တပ်ထုတ်ကုန်ဖြစ်တဲ့ မြန်မာဘီယာကို ပိုပြီးတော့ ဘွိုင်ကောက်လုပ်ဖို့ ကာကွယ်ရေးဝန်ကြီးဌာန အတွင်းဝန် နိုင်ထူးအောင်တိုက်တွန်း

📌 ၅။ ခရစ္စမတ်အထိမ်းအမှတ်အနေနဲ့  အိန္ဒိယနယ်စပ်က မြန်မာဒုက္ခသည် ကလေးတွေကို လက်ဆောင်တွေပေးမယ်

📌 ၆။ ကော့သောင်းခရိုင် မိုင်ရွာမှ  အကျဉ်းထောင်ဦးစီးမှုးကို PDF များဖမ်းမိ

📌 ၇။ ဒီပဲယင်းမြို့နယ် မှာ အိမ်ခြေ ၆၀၀ ကျော်ရှိတဲ့ပျံကျရွာကို အကြမ်းဖက်စစ်တပ်က နှစ်ရက်တာ မီးရှို့ဖျက်ဆီးရာ ရွာလုံးကျွတ်နီးပါး မီးလောင်ဆုံးရှုံး

📌 ၈။ ရွှေဘိုခရိုင် ရွှေဘိုမြို့နယ်နောက်ခြမ်းရှိ သီးလုံးကျေးရွာရှိ ပျူစောထီးများကို ကာကွယ်ရေးတပ်ဖွဲ့က တစ်ရက်တည်း သုံးကြိမ်တိုက်ခိုက်၍ ထိခိုက်သေဆုံးမှုရှိ

📌 ၉။ ကန့်ဘလူမြို့နယ် ကျေးရွာများမှာ အကြမ်းဖက်စစ်တပ်က ဝင်ရောက်သောင်းကျန်းပစ်ခတ်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ခရစ်ယာန်လူမျိုးများအတွက် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီမှ သဝဏ်လွှာပေးပို့


ခေတ်အဆက်ဆက် မြန်မာ့နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့သည့် ခရစ်ယာန်လူမျိုးတို့၏ သမိုင်းကို ယနေ့ထိတိုင် အမှတ်တရဖြစ်နေဆဲဖြစ်တယ်လို့ ဒီဇင်ဘာလ ၂၅ ရက် ခရစ္စမတ်နေ့အတွက်ပေးပို့သော ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ သဝဏ်လွှာမှာဖော်ပြထားပါတယ်။


ယေရှုဘုရားသခင် မွေးဖွားသန့်စင်သောနေ့ကို ခရစ္စမတ်နေ့အဖြစ် သတ်မှတ်၍ ခရစ်ယာန်ဘာသာဝင်များ၏ ချစ်စရာဓလေ့ထုံးတမ်းများဖြင့် ဖော်ညွှန်းကာ ကမ္ဘာတစ်ဝှမ်းတွင် ကောင်းကျိုးအဖြာဖြာ ပေါ်ထွန်းလာစေရန် ဂုဏ်ပြုကျင်းပလေ့ရှိသည့်  ဒီဇင်ဘာလ (၂၅)ရက်နေ့၊ ခရစ္စမတ်နေ့ထူးနေ့မြတ်အခါသမယတွင်  ခရစ်ယာန်ဘာသာဝင် ပြည်‌ထောင်စုတိုင်းရင်းသားများ အားလုံးနှင့်အတူ မြန်မာပြည်သူအပေါင်း ကောင်းကျိုးအဖြာဖြာပြည့်စုံကာ ကိုယ်စိတ်နှလုံး အေးချမ်း ပျော်ရွှင်နိုင်ပါစေကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် ဆုတောင်းမေတ္တာ ပို့အပ်ပါတယ်လို့ဆိုပါတယ်။


 စစ်အာဏာရှင်တို့၏ ဥပဒေမဲ့လုပ်ရပ်များ၊ မတရားမှုများအား တွန်းလှန်ဆန့်ကျင်နေသည့် ယခုနွေဦးတော်လှန်ရေးတွင် ခရစ်ယာန်ဘာသာဝင်များသည်  အခြားဘာသာဝင်များနှင့်အတူ အမှန်တရားအား တန်ဖိုးထားကာ ကျရာအခန်းကဏ္ဍတို့တွင် တွဲလက်ညီညီ ချိတ်ဆက်ပူးပေါင်း ပါဝင်နေကြသည့်အတွက် များစွာဂုဏ်ယူဝမ်းမြောက်ရပါတယ်။ ခေတ်အဆက်ဆက် မြန်မာ့နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့သည့် ခရစ်ယာန်လူမျိုးတို့၏ သမိုင်းသည် ယနေ့ထိတိုင် အမှတ်တရဖြစ်နေဆဲဖြစ်ပါတယ်။ နောင်အနာဂတ်မျိုးဆက်သစ်တို့အတွက်သာမက နိုင်ငံတော်အတွက် မိမိတို့အားလုံး၏ တစိုက်မတ်မတ် အားထုတ်ကြိုးပမ်းမှုများသည် မဝေးသော ကာလတွင် အောင်မြင်မှုအသီးအပွင့်များအဖြစ် မြင်တွေ့ခံစားကြရမှာဖြစ်တယ်လို့ဖော်ပြပါတယ်။


မတူကွဲပြားမှုများကို သာလွန်အင်အားအဖြစ် ထိရောက်စွာ အသုံးချကာ တည်ဆောက် ထားပြီးသည့် ညီညွတ်ခြင်းအင်အားကို ဆက်လက်ထိန်းသိမ်းလျက် ဖက်ဒရယ်စနစ်နှင့် အားလုံး ပါ‌ဝင်သော ဒီမိုကရေစီပြည်ထောင်စုသစ်တည်ဆောက်ရေး ကြိုးပမ်းမှုတွင် အတူတကွ လက်တွဲ ကြိုးပမ်းသွားကြရန် တိုက်တွန်းလျက် ပျော်ရွှင်ဖွယ် ခရစ္စမတ်ဖြစ်ပါကြောင်း ချစ်ကြည်ရင်းနှီးစွာ ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်လို့ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီကဖော်ပြပါတယ်။


========================


📌📌 ၂။ ခရစ္စမတ်နေ့ရက်အခါသမယတွင် မြန်မာနိုင်ငံသူနိုင်ငံသားအပေါင်း ဘေးရန်ခပ်သိမ်းမှ ကင်းလွတ်လုံခြုံပါစေလို့ NUG အစိုးရ ဆုမွန်ကောင်းတောင်း


ခရစ္စမတ်နေ့ရက်အခါသမယတွင် မြန်မာနိုင်ငံသူနိုင်ငံသားအပေါင်း ဘေးရန်ခပ်သိမ်းမှ ကင်းလွတ်လုံခြုံပါစေလို့ ဒီဇင်ဘာ ၂၅ ရက်မှာအမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့၏  ခရစ္စမတ်နေ့အထိမ်းအမှတ် နှုတ်ခွန်းဆက်သဝဏ်လွှာကိုပေးပို့ခဲ့ပါတယ်။


"ယနေ့ဟာ သခင်ယေရှုခရစ်တော်ဖွားမြင်တော်မူခြင်းအထိမ်းအမှတ်တည်းဟူသောခရစ္စမတ်နေ့ဖြစ်သည်။ ဤမွန်မြတ်သော ခရစ္စမတ်နေ့ရက်အချိန်အခါသာမယတွင် ပြည်ထောင်စုမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေကြောင်း မေတ္တာပို့သလျက်နှုတ်ခွန်းဆက်သအပ်ပါတယ်"လို့ဖော်ပြပါတယ်။


သခင်ယေရှုခရစ်တော်သည် လူသားအဖြစ်ကိုခံယူတော်မူလျက် ဤကမ္ဘာလောကထဲသို့ကြွလာတော်မူခြင်း မှာဆင်းရဲသားတို့အား ဝမ်းမြောက်စရာသတင်းကိုကြားပြောစေခြင်းငှာလည်းကောင်း၊ နှလုံးကြေမွသောသူ တို့၏အနာကိုပျောက်စေခြင်းငှာလည်းကောင်း၊ ဖမ်းသွားချုပ်ထားလျှက်ရှိသောသူတို့အား လွှတ်ခြင်း အကြောင်းနှင့် အကျဉ်းခံလျက်ရှိသောသူတို့အား ထောင်တံခါးဖွင့်ခြင်းအကြောင်းကို ပြစေခြင်းငှာ လည်းကောင်း၊ ညှင်းဆဲခံရသောသူတို့ကိုကယ်မစေခြင်းငှာလည်းကောင်းနှင့် ထာဝရဘုရား၏မင်္ဂလာနှစ်နှင့် ဘုရားသခင် အပြစ်ပေးတော်မူရာနေ့ရက်ကာလကို ကြားပြောစေခြင်းငှာလည်းကောင်း” (ဟေရှာယ :-၃၊ ရှင်လုကာ :၁၉) ဖြစ်တော်မူကြောင်း သမ္မာကျမ်းစာတော်မြတ်တွင် ဖော်ပြထားပါတယ်။


သမ္မာကျမ်းစာတော်မြတ်တွင်ဖော်ပြချက်အရ ဤကမ္ဘာလောကနှင့် လူသားတို့အား ပျက်စီးရာထဲသို့ ရောက် စေသူမှာ မာရ်နတ်ဖြစ်ပါတယ်။ သခင်ယေရှုခရစ်တော်က မာရ်နတ်နှင့်ပတ်သက်၍မာရ်နတ်သည် ရှေ့ဦးစွာ မှစ၍ လူအသက်ကို သတ်သောသူဖြစ်၏။ သူ၌သစ္စာတရားမရှိသောကြောင့် သစ္စာတရား၌ မတည်မနေ။ သူသည် မုသာစကားကိုပြောသောအခါ မိမိပကတိအတိုင်းပြော၏။ မုသာစကား၌ကျင်လည်သောသူဖြစ်၏။ မုသာ၏ အဘလည်းဖြစ်၏” (ရှင်ယောဟန် :၄၄) ဟူ၍ အတိအလင်း မိန့်တော်မူခဲ့ပါတယ်။


မာရ်နတ်၏မှောင်မိုက်တန်ခိုးကို ရိုက်ချိုး၍ လူတို့အားလွတ်မြောက်ခြင်းကို ပေးအပ်နိုင်ရန် သခင်ယေရှု ခရစ်တော်သည် ဤလောကသို့ကြွဆင်းလာခဲ့ပါတယ်။။ ထိုသခင်ယေရှုခရစ်တော်သည် မတရားမှုမှ ရုန်းထွက် လှုပ်ရှားခြင်း၏ အမှတ်သညာလည်းဖြစ်တော်မူသည်။ ထိုသခင်ယေရှုခရစ်တော်သည် မတရားမှုကို ကိုယ်တိုင် လက်မခံငြင်းဆန်သည်သာမက၊ နတ်ဆိုးနှင့်အလားသဏ္ဍာန်တူသော ကျူးကျော်အုပ်စိုးသူများအား မောင်း ထုတ်ဖယ်ရှားနိုင်မှသာ စစ်မှန်သည့် လုံခြုံငြိမ်းချမ်းမှုနှင့် လူသားဂုဏ်သိက္ခာပြည့်ဝသည့်ဘဝကိုရရှိနိုင်မည်ဟု နတ်ဆိုးလေဂေါင်စွဲကပ်သော ဂါဒရပြည်သား၏ဖြစ်ရပ် (ရှင်လုကာ :၂၆-၃၉) ဖြင့် သွန်သင်တော်မူခဲ့ပါတယ်။


ဤခရစ္စမတ်နေ့ရက်အခါသာမယတွင် မြန်မာနိုင်ငံသူနိုင်ငံသားအပေါင်း ဘေးရန်ခပ်သိမ်းမှ ကင်းလွတ်လုံခြုံ၍ ငြိမ်သက်ချမ်းသာခြင်း၏ဝမ်းမြောက်စရာသတင်းကောင်းများဖြင့် ရွှင်လန်းချမ်းမြေ့နိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း ဤနုတ်ခွန်းဆက် သဝဏ်လွှာကို ပေးပို့အပ်ပါတယ်လို့ဖော်ပြထားပါတယ်။


========================


📌📌 ၃။ ထိုင်းအစိုးရဟာ စစ်ကောင်စီကို ပြောရင်ရမယ်လို့ထင်နေတဲ့ ပြသနာရှိနေတယ်လို့ NUG နိုင်ငံခြား ရေးဝန်ကြီးဆို


ထိုင်းအစိုးရဟာ စစ်ကောင်စီကို ပြောရင်ရမယ်လို့ထင်နေတဲ့ ပြသနာရှိနေတယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်ကဆိုပါတယ်။ ဒီဇင်ဘာလအတွင်း PVTV သတင်းဌာနနဲ့တွေ့ဆုံမေးမြန်းရာမှာ NUG နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်ကထည့်သွင်းပြောကြားခဲ့ပါတယ်။


"ထိုင်းအစိုးရရဲ့ ပြသနာက စစ်ကောင်စီကို သူတို့ပြောရင် ရလိမ့်မယ်လို့ ထင်နေတဲ့ အထင်ရောက်နေတဲ့ ပြသနာပေါ့။ အဲဒါကတော်တော်ပြသနာရှိတယ်လို့မြင်တယ်"လို့ ဝန်ကြီးကဆိုပါတယ်။ ဒီဇင်ဘာလအတွင်းမှာလည်း အကြမ်းဖက် စစ်ကောင်စီရဲ့ အဖွဲ့များကို ဖိတ်၍ ထိုင်းအစိုးရက အလွတ်သဘောတွေ့ဆုံခဲ့သော်လည်း အာဆီယံ အဖွဲ့ဝင်နိုင်ငံများက တက်ရောက်ခြင်းမရှိခဲ့ဘူးဖြစ်ပါတယ်။


========================


📌📌 ၄။ အကြမ်းဖက် စစ်တပ်ထုတ်ကုန်ဖြစ်တဲ့ မြန်မာဘီယာကို ပိုပြီးတော့ ဘွိုင်ကောက်လုပ်ဖို့ ကာကွယ်ရေးဝန်ကြီးဌာန အတွင်းဝန် နိုင်ထူးအောင်တိုက်တွန်း


အကြမ်းဖက် စစ်တပ်ထုတ်ကုန်ဖြစ်တဲ့ မြန်မာဘီယာကို ပိုပြီးတော့ ဘွိုင်ကောက်လုပ်ဖို့ ကာကွယ်ရေးဝန်ကြီးဌာန အတွင်းဝန် နိုင်ထူးအောင်က ဒီဇင်ဘာလအတွင်း PRF မိသားစု နှစ်ပတ်လည်အမှတ်တရ စကားဝိုင်းမှာ တိုက်တွန်းပြောဆို ခဲ့တာပါတယ်။


"အခုဆိုရင် စကစရဲ့ထုတ်ကုန်ဖြစ်တဲ့ မြန်မာဘီယာရဲ့ ရောင်းအားက အများကြီးလျှော့မသွားသေးဘူး။ ဒီ့ထက် အများကြီးလျှော့သွားဖို့လိုပါတယ်။တစ်ဖက်က ကြိုးစားပေမယ့် တစ်ဖက်က အဆိပ်ပင်ကို ရေလောင်းမိတာ အများကြီးရှိတယ်။ဒါတွေကို ဖြတ်တောက်နိုင်ဖို့လည်း အရေးကြီးပါတယ်"လို့ဆိုပါတယ်။ Myanmar Beer ကို အကြီးအကျယ်သပိတ်မှောက်ပြီးနောက် ၂၀၂၁ ခုနှစ် ပထမနှစ် နှစ်ဝက် တွင် တစ်နှစ်တာရောင်းချရငွေ ၄၆ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ပါတယ်။


========================


📌📌 ၅။ ခရစ္စမတ်အထိမ်းအမှတ်အနေနဲ့  အိန္ဒိယနယ်စပ်က မြန်မာဒုက္ခသည် ကလေးတွေကို လက်ဆောင်တွေပေးမယ်


ဒီဇင်ဘာ ၂၅၊ ၂၀၂၂


ခရစ္စမတ်အထိမ်းအမှတ်အဖြစ် အိန္ဒိယနယ်စပ်မှာရှိနေတဲ့ ဒုက္ခသည်စခန်း ၁၈ ခုက ကလေးငယ်တွေအတွက် လိုအပ်ချက်တွေဖြည့်ဆည်းပေးနိုင်ဖို့အတွက် CRPH Support Group, Norway က ကမကထပြုပြီး လှူဒါန်းမှုပြုလုပ်မယ်လို့ သိရပါတယ်။ CRPH Support Group, Norway က အဲ့ဒီဒုက္ခသည်စခန်းတွေက အသက် နှစ်ကနေ အကြားကလေး ၃၀၀ လောက်အတွက် လိုအပ်ချက်လေးတစ်ချို့နဲ့ပျော်ရွှင်စရာလေး တစ်ချို့ကို ဝယ်ပေးသွားမှာဖြစ်တယ်လို့ ကြေညာထားပါတယ်။


အိန္ဒိယနယ်စပ်မှာရှိနေတဲ့ ဒုက္ခသည်စခန်းတွေမှာ ဒုက္ခသည်တွေအနေနဲ့ ကလေး ၈၀၀ လောက်အနည်းဆုံးခိုလှုံနေရပြီး တခြားအလှူရှင်တွေက လှူဒါန်းလာတဲ့ အလှူငွေတွေကိုတော့ ကျန်တဲ့ ကလေး ၅၀၀ လောက်ကိုလှူဒါန်းပေးသွားမှာဖြစ်တယ်လို့ CRPH Support Group, Norway က ပြောပါတယ်။


========================


📌📌 ၆။ ကော့သောင်းခရိုင် မိုင်ရွာမှ  အကျဉ်းထောင်ဦးစီးမှုးကို PDF များဖမ်းမိ


ကော့သောင်းခရိုင် မိုင်ရွာမှ  အကျဉ်းထောင်ဦးစီးမှုးကို PDF များဖမ်းမိရခဲ့တယ်လို့သတင်းရရှိပါတယ်။ ဒီဇင်ဘာ၂၄ နေ့မွန်းလွဲပိုင်း ခရီးသွားပြည်သူကားအပေါ်တွင် လိုက်ပါလာသည့် အကျဉ်းထောင်ဦးစီးမှူး အား ပုလောဒေသကာကွယ်ရေးတပ်ဖွဲ့ ( PRDF ) နှင့် မဟာမိတ်တပ်ပေါင်းစုများမှ ဖမ်းဆီးခဲ့တယ်လို့အတည်ပြုဆိုပါတယ်။


"ဒီဇင်ဘာလ ၂၄ ရက် နေ့လည် နာရီ ၃၀ မိနစ်ခန့် လမ်းမကြီးနံဘေး စစ်ဆေးမှုများ ပြုလုပ်နေချိန်တွင် ခရီးသွားပြည်သူကားဖြင့် လိုက်ပါလာသည့် ကော့သောင်းခရိုင် မိုင်ရွာမှ  အကျဉ်းထောင်ဦးစီးမှုးကို ကဒဲရွာအနီးတွင် ကျွန်တော်တို့ PRDF နှင့် မဟာမိတ်တပ်ပေါင်းစုများက ဖမ်းဆီးခဲ့ပါတယ်"လို့ ဖော်ပြပါတယ်။


ထို ဖမ်းဆီးထားသော အကျဉ်းထောင်ဦးစီမှူးသည် အကြမ်းဖက်စစ်ကောင်စီများအတွက် ဆီအုန်းသီးများကိုမူ ခရီးသွားပြည်သူကားအပေါ်တွင် တင်ဆောင်လာခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ခရီးသွားပြည်သူ ကားများကို ပြန်လွှတ်ပေးခဲ့ပြီး အကျဉ်းထောင်ဦးစီးမှူးထံမှ ဆီအုန်းသီးများနှင့်အတူ ပိုက်ဆံ - ၁၇၀၀၀၀၀ နှင့် ဖုန်း - ၁လုံး တို့ကို  PRDF နှင့် မဟာမိတ် တပ်ပေါင်းစုများမှ သိမ်းဆည်းခဲ့တယ်လို့ဆိုပါတယ်။


========================


📌📌 ၇။ ဒီပဲယင်းမြို့နယ် မှာ အိမ်ခြေ ၆၀၀ ကျော်ရှိတဲ့ပျံကျရွာကို အကြမ်းဖက်စစ်တပ်က နှစ်ရက်တာ မီးရှို့ဖျက်ဆီးရာ ရွာလုံးကျွတ်နီးပါး မီးလောင်ဆုံးရှုံး


စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် မှာ အိမ်ခြေ ၆၀၀ ကျော်ရှိတဲ့ပျံကျရွာကို အကြမ်းဖက်စစ်တပ်က နှစ်ရက်တာ မီးရှို့ဖျက်ဆီးရာ ရွာလုံးကျွတ်နီးပါး မီးလောင်ဆုံးရှုံးခဲ့ကြောင်းကို ဒီဇင်ဘာ၂၅ရက်မှာ ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့က အသိပေးဆိုပါတယ်။


"အိမ်ခြေ ၆၀၀ ကျော်ရှိသော ပျံကျရွာ ယခုလ ၂၂၊ ၂၃ ရက် နေ့ အကြမ်းဖက်စစ်တပ်၏မီးရှို့ဖျက်ဆီးမှုကြောင့် အိမ်ခြေ ၃၀ ကျော်သာ ကျန်ရှိပါတော့တယ်"လို့ဆိုပါတယ်။ အဆိုပါအကြမ်းဖက်စစ်သားများကြောင့် ဒေသခံထောင်ချီ စစ်ဘေးတိမ်းဘေးရှောင်နေရဆဲဖြစ်သလို အများစု နေအိမ်ပြန်နိုင်ခြင်းမရှိသေးဘူးလို့ဆိုပါတယ်။


========================


📌📌 ၈။ ရွှေဘိုခရိုင် ရွှေဘိုမြို့နယ်နောက်ခြမ်းရှိ သီးလုံးကျေးရွာရှိ ပျူစောထီးများကို ကာကွယ်ရေးတပ်ဖွဲ့က တစ်ရက်တည်း သုံးကြိမ်တိုက်ခိုက်၍ ထိခိုက်သေဆုံးမှုရှိ


စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ရွှေဘိုမြို့နယ်နောက်ခြမ်းရှိ သီးလုံးကျေးရွာရှိ ပျူစောထီးများကို ကာကွယ်ရေးတပ်ဖွဲ့က တစ်ရက်တည်း သုံးကြိမ်တိုက်ခိုက်၍ ထိခိုက်သေဆုံးမှုရှိခဲ့ပါတယ်။ ဒီဇင်ဘာ ၂၅ ရက်မှာ စစ်ရေးသတင်းကို ShweBo Federal Army  SBFA  အဖွဲ့ကအသိပေးဆိုပါတယ်။


ဒီဇင်ဘာ ၂၄ ရက်စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ရွှေဘိုမြို့နယ်နောက်ခြမ်းရှိ သီးလုံးကျေးရွာ ပျူများထွက်လာစဥ် တိုက်ခိုက်ရာ ပျူ ခေါင်းဆောင် ဝင်းဇော်အောင်နှင့် မြင့်ခိုင်တို့ ထိခိုက်ပြီး တစ်ဦးသေဆုံးခဲ့ပါတယ်။


ထို့နောက်ရွာထဲပြေးဝင်သော ပျူများကစကစ တပ်ကိုအကူခေါ်ခဲ့ရာ ရွှေဘို ရေဦးလမ်းပိုင်း စိုက်သိပ္ပံ ထိုင်ချ တပ်စွဲထားသော စကစတပ်များလာရောက်ပြီး တော်လှန်ရေး အင်အားစုများအား RPG နှင့်ထု၍ရမ်းသမ်းပစ်ခတ်ပြီး ဝပ်ကျင်းဝပ်နေချိန် Drone ဖြင့် တိုက်ခိုက်ရာအများအပြား ပြင်းထန် ဒဏ်ရာရရှိသွားတယ်လို့ဖော်ပြပါတယ်။


အလားတူ ရွှေဘို အနောက်ခြမ်းရှိ တည်သီးတော ပျူများကလည်း တောတိုးထွက်လာရာ ကင်းပုန်းယူထားသော ကာကွယ်ရေးရဲဘော်များပစ်ခတ်ရာ ထိခိုက်သေဆုံးသူအများအပြားရှိခဲ့တယ်လို့သတင်းရရှိပါတယ်။ တိုက်ခိုက်မှုကို ShweBo Federal Army  SBFA  အဖွဲ့နှင့် တိုက်နယ် မဟာမိတ် ညီနောင် အင်အားစုများ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပါတယ်။


========================


📌📌 ၉။ ကန့်ဘလူမြို့နယ် ကျေးရွာများမှာ အကြမ်းဖက်စစ်တပ်က ဝင်ရောက်သောင်းကျန်းပစ်ခတ်


စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ကျေးရွာများမှာ အကြမ်းဖက်စစ်တပ်က ဝင်ရောက်သောင်းကျန်းပစ်ခတ်နေတယ်လို့သတင်းရရှိပါတယ်။ ဒီဇင်ဘာ ၂၅ ရက် ကိုးတောင်ဘို့အထိုင်စခန်းမှ စကစတပ်နဲ့ပျူစောထီးအင်အား ၈၀ ခန့်စစ်ကြောင်းထိုးဝင်ရောက်နေတယ်လို့ ကိုးတောင်ဘို့တော်လှန်ရေးအင်အားစုကအတည်ပြုဆိုပါတယ်။


"ကိုးတောင်ဘို့အထိုင်စခန်းမှ စကစတပ်နှင့်ပျူစောထီး၈၀ခန့် ယနေ့မနက်အရှေ့ဘက်ထွက်လာပြီး ကန့်ဘလူမြို့နယ်၊သေတ္တာရွာဘက် ဦးတည်နေပြီးလက်နက်ကြီးလက်နက်ငယ်များဖြင့် ရမ်းပစ်နေပါတယ်"လို့ဆိုပါတယ်။ အဆိုပါစစ်ကြောင်းဟာ ကိုင်းမအရှေ့ ဝက်သိုက်နားရှေ့ထွက်တစ်လုံးမိသွားပြီး ထိခိုက်မှုမသိရှိရသေးဘူးလို့ဆိုပါတယ်။


ယခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက်မင်းမင်းက ပေးပို့ထားတာ ဖြစ်ပါတယ်။







#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment