25th DEC 2022 - (Ethnic language program-CHO_MΓΌn) by Radio NUG



πŸ“Œ (ချင်း တိုင်းရင်းα€žား - MΓΌn α€™ွα€”်း α€˜ာα€žာα€…α€€ား) ထုတ်α€œွှင့်α€™ှု ထစီထစα€₯် ၂၀၂၂ α€’ီဇင်α€˜ာα€œ ( ၂၅ ) α€›α€€်α€”ေ့ α€”ောα€€်ဆုံးရပြα€Š်တွင်းα€žα€α€„်းα€™ျား 


πŸ“ŒπŸ“Œ ၁။ α€…α€…်α€€ောင်α€…ီတပ်α€”ဲ့ ထိတွေ့တိုα€€်ပွဲထများဆုံး မင်းတပ်α€™ြို့α€”α€š်ထတွင်း α€–ြα€…်ပွားα€α€š်α€œို့ ISP - MYANMAR ဆို

 

ချင်းပြα€Š်α€”α€š်α€€ α€€ိုးα€™ြို့α€”α€š်α€™ှာ α€…α€…်α€€ောင်α€…ီα€”ဲ့ ထိတွေ့ပစ်ခတ်α€™ှုပေါင်း ၆၀၀ α€”ီးပါးα€–ြα€…်ခဲ့ပြီး မင်းတပ်α€™ြို့α€”α€š်ထဲ ထများဆုံးα€–ြα€…်ပွားခဲ့α€α€š်α€œို့ α€™α€Ÿာα€—ျူα€Ÿာα€”ဲ့ α€™ူဝါဒဆိုင်α€›ာ ထဖွဲ့α€‘α€…α€Š်း ISP - MYANMAR α€€ α€’ီဇင်α€˜ာα€œ ၂၁ α€›α€€်α€”ေ့α€™ှာ α€…ာရင်းပြုα€…ုထားပါα€α€š်။

 

ထာဏာα€žိα€™်းပြီးတဲ့α€”ောα€€်ပိုင်းα€€α€”ေ α€’ီα€”ှα€…် α€”ိုဝင်α€˜ာα€œα€‘α€‘ိ ချင်းပြα€Š်α€”α€š်ထဲα€™ှာ α€œα€€်α€”α€€်α€€ိုင်တိုα€€်ပွဲပေါင်း ၅၉၂ α€€ြိα€™်ထထိα€–ြα€…်ပွားခဲ့α€α€š်α€œို့ ဆိုပါα€α€š်။ α€’ီတိုα€€်ပွဲတွေα€Ÿာ α€’ေα€žα€ံα€€ာα€€ွα€š်α€›ေးတပ်α€–ွဲ့ဝင်တွေ၊ EAOs α€”ဲ့ α€…α€…်α€€ောင်α€…ီတပ်တွေထကြား α€™α€€ြာခဏ α€–ြα€…်ပွားတာα€–ြα€…်ပါα€α€š်။ α€’ီထဲα€€ ချင်းပြα€Š်α€”α€š်တောင်ပိုင်း မင်းတပ်α€™ြို့α€”α€š်ထတွင်းα€™ှာ ထိတွေ့တိုα€€်ပွဲပေါင်း ၁၂၅ α€€ြိα€™်α€€ျော်α€”ဲ့ ထများဆုံးα€–ြα€…်ပွားခဲ့တာပါ။

 

α€…α€…်α€€ောင်α€…ီတပ်α€”ဲ့ CDF မင်းတပ်တို့ထကြား ၁နှα€…်ခွဲα€€ျော် α€–ြα€…်ပွားခဲ့တဲ့ တိုα€€်ပွဲတွေထတွင်းα€™ှာ α€…α€…်α€€ောင်α€…ီထင်ထား α€›ာα€”ဲ့ချီ α€žေခဲ့α€›α€žα€œို CDF မင်းတပ် α€€ာα€€ွα€š်α€›ေးα€›ဲα€˜ော် ၅၇ α€₯ီး α€€ျဆုံးထားပါα€α€š်။

α€’ီα€œိုတိုα€€်ပွဲတွေ ပြင်းထန်α€”ေတဲ့ မင်းတပ်α€™ြို့α€”α€š်ထတွင်းα€™ှာ α€”ေရပ်α€…ွα€”့်ခွာတဲ့ α€…α€…်α€˜ေးα€›ှောင်ပြα€Š်α€žူ α€₯ီးα€›ေ ၁၁၀၀၀ α€€ျော်α€›ှိα€α€š်α€œို့ မင်းတပ်α€™ြို့α€”α€š် α€…α€…်α€˜ေးα€›ှောင်α€™ျား α€…ီα€™ံခန့်ခွဲα€›ေးα€€ော်မတီα€€ α€’ီα€”ှα€…်α€œα€š်ပိုင်းα€™ှာ ထုတ်ပြα€”်ထားပါα€α€š်။

 

α€’ါ့ထပြင် ချင်းပြα€Š်α€”α€š်α€™ှာ α€…α€…်α€€ောင်α€…ီα€›ဲ့ α€œေα€€ြောင်းတိုα€€်ခိုα€€်α€™ှု ၃၃ α€€ြိα€™်ထက်α€™α€”α€Š်းα€›ှိα€α€š်α€œို့α€œα€Š်း ISP - MYANMAR α€€ ဆိုပါα€α€š်။ မင်းတပ်α€™ြို့α€”α€š်ထတွင်းα€™ှာα€œα€Š်း α€œေα€€ြောင်းတိုα€€်ခိုα€€်ခံα€›α€™ှု ဆိုးဆိုးα€›ွားα€›ွားα€€ြုံတွေ့ခဲ့ရပြီး α€›α€€္ခိုင့်တပ်တော် (AA) α€œှုပ်α€›ှားα€”ေတဲ့ α€•α€œα€€်ဝမြို့α€”α€š်α€™ှာ α€œေα€€ြောင်းတိုα€€်ခိုα€€်ခံα€›α€™ှု ၂၇ α€€ြိα€™်α€”ဲ့ ထများဆုံးတိုα€€်ခိုα€€်ခံα€›α€α€š်α€œို့ α€–ော်ပြထားပါα€α€š်။


========================


πŸ“ŒπŸ“Œ α‚။ 'α€–ေးα€™α€€ူα€Šီ α€œောα€€်α€”ူး CDMer α€™ျားဆီ' α€€α€™်ပိα€”်းα€›α€›ှိငွေα€€α€”ေ CDM ဝန်ထမ်း ၅၁၉ α€₯ီးα€€ို ပံ့ပိုး


α€€α€”်ပက်α€œα€€်α€™ြို့α€”α€š်ထတွင်း CDM ပြုα€œုပ်α€žူတွေα€€ို 'α€–ေးα€™α€€ူα€Šီ α€œောα€€်α€”ူး CDMer α€™ျားဆီ' α€€α€™်ပိα€”်းα€€α€”ေ α€›α€›ှိα€œာတဲ့ ငွေα€žားတချို့α€”ဲ့ ပံ့ပိုးခဲ့α€α€š်α€œို့ α€€α€”်ပက်α€œα€€် ပထဖ α€€ α€’ီဇင်α€˜ာα€œ ၂၀ α€€ α€›ှင်းα€œα€„်းတင်ပြα€œာပါα€α€š်။

'α€–ေးα€™α€€ူα€Šီ α€œောα€€်α€”ူး CDMer α€™ျားဆီ' α€€α€™်ပိα€”်းα€€α€”ေ ငွေα€žား α€…ုα€…ုပေါင်း ၃၇,၃၂၉,၃၉၀ α€€ျပ်တိတိ α€œα€€်ခံα€›α€›ှိပြီး CDM ဝန်ထမ်း တစ်α€₯ီးα€€ို ၅၀၀၀၀ α€€ျပ်၊ α€…ုα€…ုပေါင်း ၅၁၉ α€₯ီးထတွα€€် ၂၅,၉၅၀,၀၀၀ α€€ျပ်တိတိ ပံ့ပိုးထားပြီးα€–ြα€…်α€α€š်α€œို့ ဆိုပါα€α€š်။ α€€α€”်ပက်α€œα€€်α€™ြို့α€”α€š် α€›ဲ့ CDM ဆိုင်α€›ာα€™ူဝါဒပါ α€žα€်α€™ှတ်ချα€€်α€”ဲ့α€€ိုα€€်α€Šီတဲ့ (၂၀၂၁၊ α€–ေα€–ော်ဝါα€›ီα€™ှစတင်ပြီး α€šα€”ေ့ထထိ CDM တွင် ပါဝင်ခဲ့α€žူ) CDMer ၅၁၉ ဦးα€€ို ပံ့ပိုးခဲ့တာပါ။


CDM ဝန်ထမ်းတွေ ပံ့ပိုးပြီးတဲ့α€”ောα€€် α€œα€€်α€€ျα€”်ငွေ ၁၁,၃၇၉,၃၉၀ α€€ျပ်တိတိ α€€ျα€”်α€›ှိα€α€š်α€œို့ α€€α€”်ပက်α€œα€€်α€™ြို့α€”α€š် ပြα€Š်α€žူ့ထုပ်ချုပ်α€›ေးထဖွဲ့ α€›ဲ့ α€€ြေα€Šာချα€€်α€™ှာ α€–ော်ပြပါα€α€š်။ ထဲα€’ီ α€œα€€်α€€ျα€”်ငွေα€žားတွေα€€ိုတော့ α€™ြို့α€”α€š် ထုပ်ချုပ်α€›ေး၊ α€€ာα€€ွα€š်α€›ေးα€”ဲ့ တခြားကဏ္ဍထတွα€€် ထပ်α€™ံα€‘α€žုံးပြုခဲ့α€α€š်α€œို့ α€›ှင်းα€œα€„်းထားပါα€α€š်။

 

α€œα€€်α€›ှိထချိα€”်ထိ ပံ့ပိုးငွေα€žား မထုတ်α€žေးတဲ့ CDMer တွေ ဝန်ထမ်းα€›ေးα€›ာα€Œာနဆီ ခိုင်α€œုံတဲ့ ထထောα€€်ထထားα€”ဲ့ α€’ီဇင်α€˜ာ ၂၅ α€›α€€်α€”ေ့α€”ောα€€်ဆုံးထား ဆက်α€žွα€š်ထုတ်α€šူα€”ိုင်α€α€š်α€œို့α€œα€Š်း α€€α€”်ပက်α€œα€€်α€™ြို့α€”α€š် ပြα€Š်α€žူ့ထုပ်ချုပ်α€›ေးထဖွဲ့α€€ ထပ်α€™ံα€‘α€žိပေးထားပါα€α€š်။


========================

 

πŸ“ŒπŸ“Œ αƒ။ α€…α€…်α€€ောင်α€…ီတပ်α€›ဲ့α€€ျα€Š် α€€ျα€›ောα€€်ပေါα€€်α€€ွဲပြီး α€€ျောα€€်ထုα€™ြို့α€€ ၆ α€”ှα€…်ထရွα€š်α€€α€œေး α€‘α€žα€€်ဆုံးα€›ှုံး


α€™α€€ွေးတိုင်း၊ α€€ျောα€€်ထုထခြေα€…ိုα€€် α€…α€…်α€€ောင်α€…ီα€›ဲ့ ထမြောα€€်တပ်α€€α€”ေ α€™ြို့ထဲα€€ို α€œα€€်α€”α€€်α€€ြီးα€”ဲ့ α€₯ီးα€α€Š်ပစ်ခတ်တာα€€ြောင့် ပြα€Š်α€žူα€žေဆုံးα€™ှုα€”ဲ့ α€”ေထိα€™်တွေ ထိခိုα€€်ပျα€€်α€…ီးα€™ှုα€›ှိα€α€š်α€œို့ α€’ေα€žα€ွင်းα€žα€α€„်းရင်းα€™ြα€…်တစ်ခုα€–ြα€…်တဲ့ α€šောα€‘α€œα€„်းတန်းα€€ ဆိုပါα€α€š်။

 

α€’ီဇင်α€˜ာα€œ ၂၂ α€›α€€် α€Š ၉ α€”ာα€›ီဝန်းα€€ျင်α€™ှာ α€…α€…်α€€ောင်α€…ီα€œα€€်ထောα€€်ခံ α€€ျောα€€်ထု ထမြောα€€်တပ်α€€α€”ေ ဂုံα€˜ိုရပ်α€€ွα€€်ထဲ α€œα€€်α€”α€€်α€€ြီး ၁၀ ချα€€်α€€ျော် ပစ်ခတ်ခဲ့တာပါ။ ထဲα€’ီα€œα€€်α€”α€€်α€€ြီးα€€ျα€Š်α€€ြောင့် ဂုံα€˜ိုရပ်α€€ွα€€်α€€ α€‘α€žα€€် ၆ α€”ှα€…်ထရွα€š် α€™ိα€”်းα€€α€œေးတစ်ဦး α€œα€€်α€”α€€်α€€ြီးα€€ျα€Š်စထိα€™ှα€”် α€‘α€žα€€်ဆုံးα€›ှုံးα€α€š်α€œို့ α€žိရပါα€α€š်။ α€€α€œေးα€„α€š်တစ်α€₯ီး α€‘α€žα€€်ဆုံးα€›ှုံးထားα€žα€œို ရပ်α€€ွα€€်တွင်းα€”ေထိα€™် ၉ α€œုံးခန့်ပျα€€်α€…ီးα€α€š်α€œို့α€œα€Š်း α€šောα€‘α€œα€„်းတန်းα€€ α€›ေးα€žားထားပါα€α€š်။

 

α€€ျောα€€်ထုα€›ဲစခန်းတိုα€€်ခိုα€€်ခံရတဲ့α€”ောα€€် α€›ဲ၊ α€…α€…်α€žားတွေα€žေဆုံးα€™ှုα€›ှိပြီး ရပ်α€€ွα€€်ထတွင်း α€›α€™်းα€žα€™်းပစ်ခတ်ခဲ့တာα€œို့ α€žα€α€„်းထွα€€်α€”ေပေα€™α€š့် The Mindat Post ထနေα€”ဲ့ α€žီးခြားα€‘α€α€Š်မပြုα€”ိုင်α€žα€œို α€šောα€’ေα€ž α€€ာα€€ွα€š်α€›ေးထင်ထားα€…ုတွေα€€ တရားဝင်ထုတ်ပြα€”်ထားတာα€™ျိုးα€œα€Š်း α€™α€›ှိα€žေးပါα€˜ူး။


α€€ျောα€€်ထုα€™ြို့တွင်းα€”ဲ့ တိုα€€်α€”α€š်ထတွင်းα€”ေထိုင်တဲ့ α€€ျေးα€›ွာα€žူ၊ α€€ျေးα€›ွာα€žားတွေထနေα€”ဲ့ α€œα€€်α€”α€€်α€€ြီးပစ်ခတ်α€žံတွေ α€€ြားရရင် α€œွတ်α€™ြောα€€်α€›ာα€”ေα€›ာα€€ို α€›ွေးချα€š်α€”ေထိုင်α€€ြα€–ို့ α€šောα€‘α€œα€„်းတန်းα€€ α€‘α€žိပေးထားပါα€α€š်။


========================

 

πŸ“ŒπŸ“Œ α„။ α€’ီα€™ိုα€€α€›ေα€…ီα€œှုပ်α€›ှားα€žူတွေα€€ို ထောα€€်ပံ့α€™α€š့် NDAA α€₯ပဒေ α€žα€™္မတဂျိုးα€˜ိုင်ဒင် α€œα€€်α€™ှတ်ထိုးပြီ


α€™ြα€”်α€™ာα€”ိုင်ငံα€€ α€’ီα€™ိုα€€α€›ေα€…ီα€›ေး α€œှုပ်α€›ှားα€žူတွေ၊ ထဖွဲ့α€‘α€…α€Š်းတွေα€”ဲ့ α€–α€€်α€’α€›α€š် α€’ီα€™ိုα€€α€›ေα€…ီ α€α€Š်ဆောα€€်α€›ေးထတွα€€် တိုα€€်ပွဲဝင်α€”ေα€€ြတဲ့ တိုင်းရင်းα€žားα€œα€€်α€”α€€်α€€ိုင်ထဖွဲ့တွေα€€ို ထောα€€်ပံ့ပေးα€™α€š့် (NDAA) α€€ို ထမေα€›ိα€€α€”်α€žα€™္မတ ဂျိုးα€˜ိုင်ဒင် α€œα€€်α€™ှတ်ထိုးα€œိုα€€်ပြီα€œို့ RFA Burmese α€›ဲ့ α€›ေးα€žားချα€€်ထရ α€žိရပါα€α€š်။

 

α€”α€Š်းα€•α€Šာα€”ဲ့ α€œူα€€ို α€žေα€…ေခြင်းα€™α€›ှိတဲ့ ထကူα€‘α€Šီα€™ျိုး ထောα€€်ပံ့ပေးα€™α€š့် ထမေα€›ိα€€α€”် ထမျိုးα€žားα€€ာα€€ွα€š်α€›ေး α€œုပ်ပိုင်ခွင့် ထက်α€₯ပဒေ (NDAA) α€€ို ထမေα€›ိα€€α€”် α€žα€™္မတက α€’ီဇင်α€˜ာα€œ ၂၃ α€›α€€်α€”ေ့α€™ှာ α€œα€€်α€™ှတ်α€›ေးထိုးα€œိုα€€်တာပါ။ 


ထဲα€’ီα€₯ပဒေထရ α€™ြα€”်α€™ာα€”ိုင်ငံα€™ှာ ထာဏာα€žိα€™်းထားတဲ့ α€…α€…်α€€ောင်α€…ီ တာဝန်α€›ှိα€žူတွေα€€ို ပိတ်ဆို့ထရေးα€šူα€–ို့α€œα€Š်း ပါဝင်ပါα€α€š်။ α€”ောα€€်ပြီး ထမျိုးα€žားα€Šီα€Šွတ်α€›ေးထစိုးα€› (NUG) ပြα€Š်α€žူ့α€€ာα€€ွα€š်α€›ေး တပ်α€–ွဲ့ (PDF) α€”ဲ့ တိုင်းရင်းα€žားα€œα€€်α€”α€€်α€€ိုင်တပ်α€–ွဲ့ (EAO) တွေထပါထဝင် α€’ီα€™ိုα€€α€›ေα€…ီထရေး တိုα€€်ပွဲဝင်α€”ေတဲ့ ထဖွဲ့α€‘α€…α€Š်းတွေα€€ို α€”α€Š်းα€•α€Šာα€”ဲ့ α€œူα€€ိုα€žေα€…ေα€”ိုင်တာα€™α€›ှိတဲ့ ထရာတွေα€€ို ထောα€€်ပံ့ α€€ူα€Šီပေးα€žွားα€–ို့ α€›ေးα€žားထားပါα€α€š်။

 

NDAA α€₯ပဒေα€€ို ထမျိုးα€žားα€Šီα€Šွတ်α€›ေးထစိုးα€› NUG α€”ဲ့ α€™ြα€”်α€™ာ့α€’ီα€™ိုα€€α€›ေα€…ီထရေး ထင်ထားα€…ုတွေα€€ ထောα€€်ခံα€€ြိုဆိုα€€ြောင်း NUG α€›ဲ့ α€šာα€šီα€žα€™္မတ α€’ူဝါα€œα€›ှီးα€œα€€ α€’ီဇင်α€˜ာα€œ ၁၆ရက်α€”ေ့α€€ α€€ြေα€Šာချα€€် ထုတ်ပြα€”်ထားပါα€α€š်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment