၂၀၂၂ ဒီဇင်ဘာလ ၂၅ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ အကြမ်းဖက် စစ်တပ်နဲ့ စစ်ခေါင်းဆောင်များရဲ့ နိုင်ငံတကာသိ၊ ကမ္ဘာသိ ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ ထိုက်တန်ရာကို အမြန်ဆုံး ဆောင်ကြဉ်းနိုင်ဖို့ ကြိုးပမ်းကြရမယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား
📌 ၂။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ပဲခူးတိုင်းပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံ
📌 ၃။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှအတည်ပြုခဲ့သောဆုံးဖြတ်ချက်ဟာ နိုင်ငံရေးအရအားသာချက်တစ်ခုဖြစ်လာပြီလို့ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးပြောကြား
📌 ၄။ အိန္ဒိယနယ်စပ်ရှိ IDP စခန်းများမှ ၃ နှစ်မှ ၇ နှစ် အရွယ်ကလေးများအတွက် CRPH Support Group, Norway မှ ကလေး ၃၀၀ စာပျော်ရွှင်စရာများဝယ်ယူရန်မတည်
📌 ၅။ အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်း (BECA) ဖြေဆိုခွင့်လျှောက်ထားမှုများ ဇန်နဝါရီလ (၅) ရက်နေ့မတိုင်ခင် စာရင်းပေးသွင်းဖို့ ပညာရေးဝန်ကြီးဌာနကြေညာ
📌 ၆။ စစ်ဘေးရှောင်မိသားစုများအတွက်အနွေးဓာတ်ကူမယ့်စောင်နှစ်ရာ " ကမ်ပိန်းစတင်
📌 ၇။ တမူး PDF တပ်ရင်း ၁ က လမ်းပိုင်းလုံခြုံရေးဆောင်ရွက်နေစဥ် တရားမဝင် သစ်များတွေ့ရှိ၍ သိမ်းဆည်းအရေးယူ
📌 ၈။ ကလေးမြို့ တားဟန်းမီးပွိုင့်ဂိတ်ကို ကာကွယ်ရေးတပ်များ ဝင်ရောက်တိုက်ခိုက်ရာ စကစတပ်များ လက်နက်စွန့်၍ ထွက်ပြေး
📌 ၉။ ပဲခူးရိုးမအတွင်း စကစတပ်နဲ့ကာကွယ်ရေးတပ်များ ထိတွေ့တိုက်ပွဲ မှာအကြမ်းဖက် စစ်ကောင်စီတပ်မှ ဗိုလ်မှူး နန္ဒအောင်နှင့် အရာရှိတစ်ဦး အပါအဝင် အခြားအဆင့် (၂၀) ဦးထက်မနည်း သေဆုံး
📌 ၁၀။ မန္တလေးမြို့မှ ကျောက်ဆည်မြို့ဘက်သို့ စီးနင်းလိုက်ပါလာသော စကစ ယာဥ် ၃ စီး မိုင်းထိ၍စကစတပ်က၆ဦးသေ၊ ၂ ဦးပြင်းထန်ဒဏ်ရာရ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ အကြမ်းဖက် စစ်တပ်နဲ့ စစ်ခေါင်းဆောင်များရဲ့ နိုင်ငံတကာသိ၊ ကမ္ဘာသိ ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ ထိုက်တန်ရာကို အမြန်ဆုံး ဆောင်ကြဉ်းနိုင်ဖို့ ကြိုးပမ်းကြရမယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား
အကြမ်းဖက် စစ်တပ်နဲ့ စစ်ခေါင်းဆောင်များရဲ့ နိုင်ငံတကာသိ၊ ကမ္ဘာသိ ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ ထိုက်တန်ရာကို အမြန်ဆုံး ဆောင်ကြဉ်းနိုင်ဖို့ ကြိုးပမ်းကြရမယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းကပြောပါတယ်။ ဒီဇင်ဘာလအတွင်း မှာ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကဆိုခဲ့ပါတယ်။
"အကြမ်းဖက် စစ်တပ်နဲ့ စစ်ခေါင်းဆောင်များရဲ့ နိုင်ငံတကာသိ၊ ကမ္ဘာသိ အကြမ်းဖက်မှု၊ လူ့အခွင့်အရေးချိုးဖောက်မှု၊ လူမျိုးတုန်းသတ်ဖြတ်မှုနဲ့ လူသားမျိုးနွယ်စုအပေါ်မှာ ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ ထိုက်တန်ရာကို အမြန်ဆုံး ဆောင်ကြဉ်းနိုင်ဖို့ ကျွန်တော်တို့အနေနဲ့ အားသွန်ခွန်စိုက် ကြိုးပမ်းကြရမှာပဲဖြစ်ပါတယ်"လို့ဆိုပါတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အကြမ်းဖက် စစ်အုပ်စုဟာ လူပေါင်းတစ်သောင်း ကျော်ကို ဖမ်းဆီးချုပ်နှောင်ခဲ့ပြီးတော့ လူပေါင်း နှစ်ထောင်ကျော်ကို သတ်ဖြတ်ခဲ့ပါတယ်။
========================
📌📌 ၂။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ပဲခူးတိုင်းပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံ
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ပဲခူးတိုင်းပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံခဲ့ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့်ပဲခူးတိုင်းပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေးပွဲအစည်းအဝေး (၈/၂၀၂၂) ကိုကျင်းပခဲ့ပါတယ်။
အစည်းအဝေးတွင် ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အတွင်းရေးမှူး အဖွဲ့ဝင်၊ လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန၊ ဒုတိယပြည်ထောင်စု ၀န်ကြီးဒေါက်တာငိုင်းတမ်မောင်းမှအဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။
ဆက်လက်၍ တရားရေးဝန်ကြီးဌာန၏ တာဝန်ရှိသူတစ်ဦးမှ ဌာနနှင့်သက်ဆိုင်သည့် ဖွဲ့စည်းပုံ၊ လုပ်ငန်းတာဝန်များ၊ လုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်းပြောကြားခဲ့ရာ ပဲခူးတိုင်းပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များမှ ဥပဒေရေးရာ သိရှိလိုသည်များနှင့် မြေပြင်ကြုံတွေ့နေရသည့်အခက်အခဲများကို အပြန်အလှန်ဆွေးနွေးခဲ့ကြပါတယ်။
ထို့နောက် ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အဖွဲ့ဝင်၊ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နိုင်ထွန်းဖေ(ခေါ်)နိုင်သုဝဏ္ဏ မှ နိဂုံးချုပ်စကားပြောကြားခဲ့ပါတယ်။ တွေ့ဆုံပွဲသို့ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အဖွဲ့ဝင်များ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အတွင်းဝန်များနှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ပဲခူးတိုင်းပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များမှ တက်ရောက်ခဲ့ပါတယ်။
========================
📌📌 ၃။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှအတည်ပြုခဲ့သောဆုံးဖြတ်ချက်ဟာ နိုင်ငံရေးအရအားသာချက်တစ်ခုဖြစ်လာပြီလို့ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးပြောကြား
ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှအတည်ပြုခဲ့သောဆုံးဖြတ်ချက်ဟာ နိုင်ငံရေးအရအားသာချက်တစ်ခုဖြစ်လာပြီလို့ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးပြောကြားလိုက်ပါတယ်။ ဒီဇင်ဘာလ အတွင်းမှာ ကုလ ဆုံးဖြတ်ချက်ကိုရည်ညွှန်းပြီး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကသုံးသပ်ဆိုခဲ့ပါတယ်။
"နိုင်ငံရေးအရအားသာချက်တစ်ခုဖြစ်လာပါပြီ၊ သက်ဆိုင်သူများအားလုံး လက်တွေ့ကြိုးစားအကောင်အထည်ဖော် အားထုတ်ကြပါစို့"လို့ဝန်ကြီးကဆိုပါတယ်။ မြန်မာနိုင်ငံတွင်ဖြစ်ပေါ်လျက်ရှိသောအခြေအနေများနှင့်ပတ်သက်သည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် အမှတ် ၂၆၆၉ အား ကန့်ကွက်သူမရှိ ဒီဇင်ဘာ ၂၂ ရက်နေ့က ချမှတ်အတည်ပြုနိုင်ခဲ့ပါတယ်။
========================
📌📌 ၄။ အိန္ဒိယနယ်စပ်ရှိ IDP စခန်းများမှ ၃ နှစ်မှ ၇ နှစ် အရွယ်ကလေးများအတွက် CRPH Support Group, Norway မှ ကလေး ၃၀၀ စာပျော်ရွှင်စရာများဝယ်ယူရန်မတည်
အိန္ဒိယနယ်စပ်ရှိ IDP စခန်းများမှ ၃ နှစ်မှ ၇ နှစ် အရွယ်ကလေးများအတွက် CRPH Support Group, Norway မှ ကလေး ၃၀၀ စာပျော်ရွှင်စရာများဝယ်ယူရန်မတည်ထားတယ်လို့သတင်းရရှိပါတယ်။ ဒီဇင်ဘာ ၂၄ ရက်မှာ CRPH Support Group, Norway ကအသိပေးဆိုပါတယ်။
"CRPH Support Group, Norway မှမတည်လှူဒါန်းသော ခလေး ၃၀၀ စာ အပြင် ထပ်မံလှူဒါန်းလာမူများမှ ခလေး ၂၀၀ ထိ တိုးတက်လာပြီဖြစ်ပါတယ်။စုစုပေါင်းခလေး ၅၀၀ ထိ ရရှိပြီး ၃၀၀ ကျော် ခလေးများကျန်ရှိနေပါသေးတယ်။လှူဒါန်းမှုများအား ဒီဇင်ဘာ ၃၁ ထိလက်ခံပါမယ်"လို့ ဆိုထားပါတယ်။ အဆိုပါလှူဒါန်းထောက်ပံမှုများအားအိန္ဒိယနယ်စပ်ရှိ ၁၈ ခုသော IDP စခန်းများမှ ၃ နှစ်မှ ၇ နှစ် ခလေးများအား လိုအပ်ချက်လေးတစ်ချို့နှင့် ပျော်ရွှင်စရာလေး တစ်ချို့ ဝယ်ပေးမှာဖြစ်ပါတယ်။
========================
📌📌 ၅။ အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်း (BECA) ဖြေဆိုခွင့်လျှောက်ထားမှုများ ဇန်နဝါရီလ (၅) ရက်နေ့မတိုင်ခင် စာရင်းပေးသွင်းဖို့ ပညာရေးဝန်ကြီးဌာနကြေညာ
အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်း (BECA) ဖြေဆိုခွင့်လျှောက်ထားမှုများ ဇန်နဝါရီလ (၅) ရက်နေ့မတိုင်ခင် စာရင်းပေးသွင်းဖို့ ပညာရေးဝန်ကြီးဌာနကကြေညာလိုက်ပါတယ်။ ဒီဇင်ဘာ ၂၄ ရက်မှာ အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်း (BECA) ဖြေဆိုခွင့်နဲ့ပတ်သက်လို့ ပညာရေးဝန်ကြီးဌာကတရားဝင်အသိပေးဖော်ပြပါတယ်။
"အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်း (BECA) ဖြေဆိုခွင့်လျှောက်ထားတဲ့ registration က ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက်နေ့ကနေ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၅ ရက်နေ့အထိပဲ ဖွင့်မှာ ဖြစ်ပါတယ်။စစ်ဆေးအကဲဖြတ်ခြင်းအစီအစဉ်က ဖြေဆိုရအဆင်ပြေအောင် (၂) ကြိမ် ဖြေဆိုနိုင်အောင် ကျင်းပပေးလို့ သတ်မှတ်ထားတဲ့ ကြိုက်တဲ့လ ကြိုက်တဲ့အချိန်မှာ ဝင်ဖြေလို့ ရပေမယ့် Registration ကာလက တစ်ကြိမ်ပဲ ဖွင့်မှာဖြစ်တဲ့အတွက် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၅) ရက်နေ့မတိုင်ခင် စာရင်းပေးသွင်းဖို့ ထပ်မံ နှိုးဆော်လိုက်ရပါတယ်"လို့ဖော်ပြထားပါတယ်။ BECA ဖြေဆိုခွင့် လျှောက်ထားရန် link ကို NUG ပညာရေးဝန်ကြီးဌာန လူမှုကွန်ရက်စာမျက်နှာမှာဖော်ပြထားပါတယ်။
========================
📌📌 ၆။ စစ်ဘေးရှောင်မိသားစုများအတွက်အနွေးဓာတ်ကူမယ့်စောင်နှစ်ရာ " ကမ်ပိန်းစတင်
စစ်ဘေးရှောင်မိသားစုများအတွက် “အနွေးဓာတ်ကူမယ့်စောင်နှစ်ရာ" ကမ်ပိန်းစတင်လိုက်ပြီလို့သတင်းရရှိပါတယ်။ ဒီဇင်ဘာ ၂၄ ရက်မှာ မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာတက္ကသိုလ် ကျောင်းသားများသမဂ္ဂမှအသိပေးဆိုပါတယ်။
"ခရစ်စမတ်ကာလ၊ ဒီဇင်ဘာကာလနှင့်အတူယခုနှစ်ဆောင်းရာသီသည်အိုးပစ်အိမ်ခွာစစ်ရှောင်နေရတဲ့စစ်ဘေးရှောင်မိသားစုတွေအတွက်အအေးပိုနေကြမှာသေချာပါတယ်။တာလပတ်မိုး၊ယာယီတဲလေးတွေထဲ စုဖွဲ့နေကြရတဲ့ စစ်ရှောင်မိသားစုတွေအတွက်အနွေးဓာတ်လိုနေကြပါတယ်။ထို့အတွက်ကြောင့် အနွေးစောင်များတတ်စွမ်းသရွေ့မျှဝေပေးနိုင်ဖို့ရာ"အနွေးဓာတ်ကူမယ့်စောင်နှစ်ရာ"ကမ်ပိန်းကို ဆောင်ရွက်သွားမယ်"လို့ဆိုပါတယ်။
ကမ်ပိန်းကို ဒီဇင်ဘာလ (၂၄ ) ရက်နေ့ မှဒီဇင်ဘာလ (၂၇) ရက်နေ့အထိ (၄)ရက်တာဆောင်ရွက်သွားမည်ဖြစ်ပြီး MAEUSU Facebook Page Chat Box သို့ ဆက်သွယ်ကာ ထောက်ပို့လှူဒါန်းနိုင်ကာ ကမ်ပိန်းရည်မှန်းချက် စောင် (၂၀၀) အနည်းဆုံးပြည့်မှီအောင် တတ်စွမ်းသရွေ့ပါဝင်အားဖြည့်ပေးကြဖို့နှိုးဆော်ထားပါတယ်။
========================
📌📌 ၇။ တမူး PDF တပ်ရင်း ၁ က လမ်းပိုင်းလုံခြုံရေးဆောင်ရွက်နေစဥ် တရားမဝင် သစ်များတွေ့ရှိ၍ သိမ်းဆည်းအရေးယူ
တမူး PDF တပ်ရင်း ၁ က လမ်းပိုင်းလုံခြုံရေးဆောင်ရွက်နေစဥ် တရားမဝင် သစ်များတွေ့ရှိ၍ သိမ်းဆည်းအရေးယူခဲ့ပါတယ်။ ဒီဇင်ဘာလ၊ (၂၄) ရက်နံနက် (၆) နာရီကျော်ခန့်တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်(တမူးမြို့) တပ်ရင်း (၁) တပ်ဖွဲ့ဝင်က သစ်ကားကို ဖမ်းဆီးရမိခဲ့တာလို့ဆိုပါတယ်။
"ဒီဇင်ဘာ ၂၄ နံနက် (၆) နာရီကျော်ခန့်အချိန် ပြည်သူ့ကာကွယ်ရေးတပ်မတော် (တမူးမြို့) တပ်ရင်း (၁) တပ်ဖွဲ့ဝင်များသည် တမူး-အောင်ဇေယျကားလမ်းပိုင်း၌ ကင်းပုန်းဝပ်၍ နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်နေစဥ် အောင်ဇေယျရွာဘက်မှ တမူးမြို့ဘက်သို့ ဦးတည်မောင်းနှင်လာသည့် သစ်တင်ကားတစ်စီးအား ရပ်တန့်စစ်ဆေးခဲ့ရာ ၎င်းသစ်တင်ကားပေါ်တွင် အင်ကညင်သစ်ခွဲသားများ သယ်ဆောင်လာသည်ကို ကို စစ်ဆေး တွေ့ရှိခဲ့ပါတယ်"လို့ဖော်ပြပါတယ်။
၎င်းသစ်ခွဲသားများနှင့်ပတ်သက်၍ ဆက်လက်စုံစမ်းစစ်ဆေးခဲ့ရာ တရားမဝင်သစ်များဖြစ်သည်ကို သိရှိရသည့်အတွက်ပြည်သူ့ကာကွယ်ရေးတပ်မတော်(တမူးမြို့)တပ်ရင်း(၁)မှ ၎င်းသစ်ခွဲသားများကိုဖမ်းဆီးခဲ့ပြီး သစ်တင်ကားကိုမူ ပြန်လွှတ်ပေးခဲ့တယ်လို့ သတင်းရရှိပါတယ်။
========================
📌📌 ၈။ ကလေးမြို့ တားဟန်းမီးပွိုင့်ဂိတ်ကို ကာကွယ်ရေးတပ်များ ဝင်ရောက်တိုက်ခိုက်ရာ စကစတပ်များ လက်နက်စွန့်၍ ထွက်ပြေး
စစ်ကိုင်းတိုင်း ကလေးမြို့ တားဟန်းမီးပွိုင့်ဂိတ်ကို ကာကွယ်ရေးတပ်များ ဝင်ရောက်တိုက်ခိုက်ရာ စကစတပ်များ လက်နက်စွန့်၍ ထွက်ပြေးသွားခဲ့တယ်လို့ သတင်းရရှိပါတယ်။ ဒီဇင်ဘာ ၂၄ ရက် နံနက် ၁၀ နာရီခန့်တာဟန်းမီးပွိုင့်ဂိတ်ရှိကြမ်းဖက်စစ်သားများမူးယစ်သောက်စားနေစဥ် ဝင်ရောက်စီးနင်းခဲ့တယ်လို့ CDF-KKG ကအသိပေးဖော်ပြပါတယ်။
ဒီဇင်ဘာလ ၂၄ ရက် နံနက် ၁၀ နာရီခန့်က တာဟန်းမီးပွိုင့်ဂိတ်အား ဝင်ရောက်စီးနင်းတိုက်ခိုက်ရန် ချဉ်းကပ်စဉ် မူးယစ်သောက်စားနေသော အကြမ်းဖက်စစ်ကောင်စီတပ်သားများမှာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များကို မြင်တွေ့သွားပြီးနောက် ကြောက်လန့်ကာထွက်ပြေးသဖြင့် MA -2 စက်ကလေး တစ်လက်၊ ကျည်ဘောက်တစ်ခုနှင့်အတူ ၅ ဒသမ ၅၆ ကျည် အတောင့် ၆၀ တို့အား သိမ်းဆည်းရရှိခဲ့ပါတယ်"လို့ဆိုပါတယ်။
ထိုသို့သိမ်းယူပြီးနောက် အကြမ်းဖက်စစ်ကောင်စီတပ်သား ၃၀ ခန့်သည် တပ်စွဲထားရာ အဆောက်အအုံအတွင်းမှ ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ခဲ့ပြီး ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင်များအားလုံး အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်။
========================
📌📌 ၉။ ပဲခူးရိုးမအတွင်း စကစတပ်နဲ့ကာကွယ်ရေးတပ်များ ထိတွေ့တိုက်ပွဲ မှာအကြမ်းဖက် စစ်ကောင်စီတပ်မှ ဗိုလ်မှူး နန္ဒအောင်နှင့် အရာရှိတစ်ဦး အပါအဝင် အခြားအဆင့် (၂၀) ဦးထက်မနည်း သေဆုံး
ပဲခူးရိုးမအတွင်း စကစတပ်နဲ့ကာကွယ်ရေးတပ်များ ထိတွေ့တိုက်ပွဲ (၁၁) ကြိမ်ထက်မနည်းဖြစ်ပွားခဲ့ပါတယ်။ ဒီဇင်ဘာ ၂၄ ရက်နေ့မှာ စစ်ရေးသတင်းကို တောင်ငူခရိုင် PDF ကအသိပေးဆိုပါတယ်။
"ပဲခူးတိုင်း၊ တောင်ငူခရိုင် ပဲခူးရိုးမအတွင်း တောင်ငူခရိုင် PDF တပ်ရင်း ၃၅၀၁ နှင့် အကြမ်းဖက် စစ်ကောင်စီတပ်များ ဒီဇင်ဘာ ၁၅ နေ့ မှစ၍ ထိတွေ့တိုက်ပွဲများဖြစ်ပွါးလျှက်ရှိပါတယ်။ထိတွေမှု့တိုက်ပွဲများ (၁၁) ကြိမ်ထက်မနည်းဖြစ်ပွားလျက်ရှိပြီးအကြမ်းဖက် စစ်ကောင်စီတပ်မှ ဗိုလ်မှူး နန္ဒအောင်နှင့် အရာရှိတစ်ဦး အပါအဝင် အခြားအဆင့် (၂၀) ဦးထက်မနည်း သေဆုံး၍ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်"လို့ဖော်ပြပါတယ်။
တောင်ငူခရိုင် PDF တပ်ရင်း ၃၅၀၁ မှ တပ်ဖွဲ့ဝင် ( ၃ ) ဦး မြင့်မြတ်စွာ အသက်စွန့်လွှတ်ခဲ့ရပြီး ရဲဘော်တစ်ဦး ဒဏ်ရာရ ( မစိုးရိမ်ရ )ရှိခဲ့ပါတယ်။ ဖြစ်စဥ်မှာအကြမ်းဖက် စစ်ကောင်စီထံမှ အမ်အေ-၂ စက်သေနတ် (၁) လက်၊ အမ်အေ-၁ ချေမှုန်းရေးရိုင်ဖယ် (၂) လက်၊ အမ်အေ-၃ ချေမှုန်းရေးရိုင်ဖယ် (၂) လက်၊ ၆၀-မမ ဗုံးသီး (၁) ခု၊ အာပီဂျီ ဗုံးသီး (၁) ခု နှင့် ကျည်မျိုးစုံ တို့အားသိမ်းဆည်းရမိခဲ့ပါတယ်။ ယခုလက်ရှိအချိန်ထိ အကြမ်းဖက်စစ်ကောင်စီတပ်များမှ စစ်ကြောင်းထိုး၍ စစ်ဆင်ရေးဆောင်ရွက်နေဆဲဖြစ်သည့်အတွက် တိုက်ပွဲများပြင်းထန်နေပြီး ဒေသခံစစ်ဘေးရှောင်ပြည်သူ (၁၀၀၀) ဦးထက်မနည်း ဘေးကင်းရာသို့ တိမ်းရှောင်နေရတယ်လို့ဆိုပါတယ်။
========================
📌📌 ၁၀။ မန္တလေးမြို့မှ ကျောက်ဆည်မြို့ဘက်သို့ စီးနင်းလိုက်ပါလာသော စကစ ယာဥ် ၃ စီး မိုင်းထိ၍စကစတပ်က၆ဦးသေ၊ ၂ ဦးပြင်းထန်ဒဏ်ရာရ
မန္တလေးမြို့မှ ကျောက်ဆည်မြို့ဘက်သို့ စီးနင်းလိုက်ပါလာသော စကစ ယာဥ် ၃ စီး မိုင်းထိ၍စကစတပ်က ၆ ဦးသေ၊ ၂ ဦးပြင်းထန်ဒဏ်ရာရခဲ့ပါတယ်။ ဒီဇင်ဘာ ၂၄ ရက် မွန်းလွဲ ၂ နာရီ ၄၅ အချိန်မှာ စကစတပ်ယာဥ်တန်း မြေမြုပ်မိုင်းထိခဲ့တယ်လို့ GARUDA PEOPLE'S DEFENCE FORCE အဖွဲ့မှအတည်ပြုပါတယ်။
"မန္တလေးမြို့မှ ကျောက်ဆည်မြို့ဘက်သို့ စီးနင်းလိုက်ပါလာသော စကစ ယာဥ် ၃စီးအား GARUDA PEOPLE'S DEFENCE FORCE အဖွဲ့မှ စကစ ယာဥ်တန်း တတိယမြောက်ကားကို နေ့လည် ၂း၄၅ မိနစ်တွင် မြေမြုတ်မိုင်းဖြင့် တိုက်ခိုက်ခဲ့ရာ ဗန်ကာများ ပျက်စီးပြုတ်ကျနေခဲ့ပါတယ်"လို့ဖော်ပြပါတယ်။ မိုင်းထိ၍ စကစ တပ်သား ၆ ဦးသေဆုံးပြီး၂ဦးမှာ ပြင်းထန် ဒဏ်ရာရခဲ့တယ်လို့ဖော်ပြပါတယ်။
အခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက် မင်းမင်းက ပေးပို့တာ ဖြစ်ပါတယ်။
No comments:
Post a Comment