4th DEC 2022 - (Ethnic language program-CHO_MΓΌn) by Radio NUG



πŸ“Œ (ချင်း တိုင်းရင်းα€žား - MΓΌn α€™ွα€”်း α€˜ာα€žာα€…α€€ား) ထုတ်α€œွှင့်α€™ှု ထစီထစα€₯် ၂၀၂၂ α€’ီဇင်α€˜ာα€œ ( ၄ ) α€›α€€်α€”ေ့ α€”ောα€€်ဆုံးရပြα€Š်တွင်းα€žα€α€„်းα€™ျား 


πŸ“ŒπŸ“Œ ၁။ တောင်ပိုင်း ချင်းထမျိုးα€žား α€Šီα€Šွတ်α€›ေးα€€ော်မတီα€™ှချင်းထမျိုးα€žား α€Šီα€Šွတ်α€›ေးထဖွဲ့α€žို့ ပြောင်းα€œဲ α€–ွဲ့α€…α€Š်း 

 

တောင်ပိုင်း ချင်းထမျိုးα€žား α€Šီα€Šွတ်‌α€›ေးထဖွဲ့α€™ှ ချင်းထမျိုးα€žား α€Šီα€Šွတ်α€›ေးထဖွဲ့ထဖြα€…် ပြောင်းα€œဲ α€–ွဲ့α€…α€Š်းα€œိုα€€်α€α€š်α€œို့ ချင်းထမျိုးα€žားα€Šီα€Šွတ်α€›ေးထဖွဲ့α€€ ပြီးခဲ့တဲ့ α€”ိုဝင်α€˜ာα€œ α‚αˆ α€›α€€်α€…ွဲα€”ဲ့ ထုတ်ပြα€”်α€œိုα€€်ပါα€α€š်။ α€”ိုဝင်α€˜ာα€œ ၂၆ α€›α€€်α€”ေ့ တောင်ပိုင်း ချင်းထမျိုးα€žား α€Šီα€Šွတ်α€›ေးထဖွဲ့α€€ ဦးα€…ီးα€€ျင်းပတဲ့ ပထမထကြိα€™် α€œူထုတွေ့ဆုံပွဲα€™ှာ ထခုα€œို ထဖွဲ့α€‘α€…α€Š်းα€‘α€™α€Š်ပြောင်းα€œဲα€–ို့ဆုံးα€–ြတ်ချα€€်ချတာα€œို့ ချင်းထမျိုးα€žား α€Šီα€Šွတ်α€›ေးထဖွဲ့ ထတွင်းα€›ေးα€™ှူးα€€ ပြောပါα€α€š်။

 

မတူα€Šီတဲ့ ခံα€šူချα€€်တွေ၊ α€‘α€šူထဆတွေ α€€ျော်α€œွှားပြီး α€€ျွα€”်တော်တို့ တစ်α€™ျိုးα€žားα€œုံး α€…ုα€…ုα€…α€Š်းα€…α€Š်းα€”ဲ့ α€˜ုံα€›α€”်α€žူα€€ို တိုα€€်ထုတ်α€–ို့α€œိုထပ်α€œာပြီဆိုတဲ့ ခံα€šူချα€€်α€”ဲ့ ထဖွဲ့α€‘α€…α€Š်းα€‘α€™α€Š် ပြောင်းα€œိုα€€်တာပါ၊ ပြီးရင် α€œိုထပ်ချα€€်တွေတွα€€် ဆက်α€€ြိုးα€…ားα€™α€š်၊ α€‘α€œုပ်α€€ိုα€œα€Š်း တွင်တွင်α€€ျα€š်α€€ျα€š် ဆက်α€œုပ်α€žွားα€–ို့α€›ှိα€α€š်α€œို့ α€žူကပြောပါα€α€š်။ 

 

α€’ီထဖွဲ့α€‘α€…α€Š်းα€Ÿာ ပြα€Š်ပရောα€€် ချင်းထမျိုးα€žားထားα€œုံး α€…α€Š်းα€œုံးα€–ို့ထတွα€€် α€›α€Š်α€›ွα€š်ပြီး ၂၀၂၁ ခုα€”ှα€…် မတ်α€œ ၂၇ α€›α€€်α€”ေ့α€€ စတင်α€–ွဲ့α€…α€Š်းခဲ့တာပါ။ ထဖွဲ့α€‘α€…α€Š်း စတင်α€–ွဲ့α€…α€Š်းα€œိုα€€်တဲ့ချိα€”်α€€α€”ေ မင်းတပ်α€™ြို့α€”α€š်ထတွင်း ပထဖ၊ α€€ာα€€ွα€š်α€›ေးα€˜α€€်တွေα€™ှာ ချိတ်ဆက်α€œုပ်ဆောင်ခဲ့α€žα€œို ထုပ်ချုပ်α€›ေး α€šα€”္တရားα€œα€Š်ပတ်α€–ို့ထတွα€€် ထကြံပေးတာ၊ α€˜α€္ဍာငွေပါဝင်တာ စတာတွေα€”ဲ့ ထတတ်α€”ိုင်ဆုံးပါဝင်ခဲ့α€α€š်α€œို့ α€žူα€€ ဆက်ပြောပါα€α€š်။

ဆက်α€œα€€်ပြီး မင်းတပ်α€™ြို့α€”α€š်ထတွင်းα€žာα€™α€€ ချင်းပြα€Š်α€”α€š်ထတွင်းα€™ှာα€›ှိတဲ့ ပြα€Š်α€žူα€œူထုထားα€œုံးထတွα€€် α€œူα€”ေα€™ှုα€˜α€ α€œုံခြုံα€›ေး၊ α€€ိုα€š့်α€€ြα€™္α€™ာ α€€ိုα€š်α€–α€”်တီးခွင့်α€›α€›ှိα€›ေး၊ α€œွတ်α€œွတ်α€œα€•်α€œα€•် α€”ေထိုင်ခွင့်၊ α€€ိုα€š့်α€šα€₯်α€€ျေးα€™ှု α€…ာပေ α€œွတ်α€œွတ်α€œα€•်α€œα€•် α€žα€„်α€€ြားα€”ိုင်α€›ေး စတာတွေတွα€€် ထဖွဲ့α€‘α€…α€Š်းထနေα€”ဲ့ α€€ျα€›ာကဏ္ဍကနေ ထတတ်α€”ိုင်ဆုံး ပံ့ပိုးα€žွားα€–ို့α€›ှိα€α€š်α€œို့α€œα€Š်း ဆိုပါα€α€š်။

 

α€™ျိုးα€”ွα€š်α€…ွဲ၊ α€’ေα€žα€…ွဲတွေα€€ို α€œျှော့ချရင်း ချင်းတစ်α€™ျိုးα€žားα€œုံး α€…α€Š်းα€…α€Š်းα€œုံးα€œုံးα€”ဲ့ α€…α€…်α€™ှα€”်တဲ့ α€–α€š်α€’α€›α€š် α€’ီα€™ိုα€€α€›ေα€…ီα€›α€›ှိα€›ေးတွα€€် α€₯ီးα€α€Š်ပြီး ထားα€œုံးα€œα€€်တွဲ တိုα€€်ပွဲဝင်α€–ို့ထချိα€”်α€–ြα€…်α€α€š်α€œို့α€œα€Š်း ချင်းထမျိုးα€žား α€Šီα€Šွတ်α€›ေးထဖွဲ့ ထတွင်းα€›ေးα€™ှူးα€€ တိုα€€်တွα€”်းထားပါα€α€š်။ 


========================

 

πŸ“ŒπŸ“Œ α‚။ တစ်α€œα€ာ တိုα€€်ပွဲထတွင်း α€…α€…်α€€ောင်α€…ီတပ်α€žား ၅၅ α€₯ီးα€€ျော် α€›ှင်းα€œα€„်းα€”ိုင်ပြီး CNA α€›ဲα€˜ော်တစ်α€₯ီး α€‘α€žα€€်ပေးα€œှူခဲ့α€α€š်α€œို့ CNF ထုတ်ပြα€”်


ချင်းထမျိုးα€žားတပ် CNA α€›ဲ့ တပ်α€™α€Ÿာ ၃ α€”α€š်α€™ြေထတွင်းα€™ှာ CNA α€₯ီးဆောင်တဲ့ ပူးပေါင်းတပ်တွေα€”ဲ့ α€…α€…်α€€ောင်α€…ီတပ်တို့ α€šα€ုα€”ှα€…် α€”ိုဝင်α€˜ာα€œα€†α€”်းပိုင်းα€œောα€€်α€€α€”ေ စတင်ပြီး တိုα€€်ပွဲပြα€”်α€œα€Š် ပြင်းထန်ခဲ့α€α€š်α€œို့ ချင်းထမျိုးα€žားတပ်α€₯ီး CNF α€€ α€”ိုဝင်α€˜ာα€œ ၃၀ α€›α€€်α€”ေ့α€Šα€•ိုင်းα€™ှာ α€žα€α€„်းထုတ်ပြα€”်ပါα€α€š်။ α€”ိုဝင်α€˜ာα€œ တစ်α€œα€‘α€ွင်းα€™ှာ α€Ÿားခါးα€™ြို့တွင်းတိုα€€်ပွဲ၊ α€Ÿားခါး - ထန်α€α€œα€”်α€™ြို့ထကြားတိုα€€်ပွဲတွေα€€ ပြင်းထန်ခဲ့ပြီး α€…α€…်α€€ောင်α€…ီတပ်α€žား ၅၅ α€₯ီးထက်α€™α€”α€Š်း α€›ှင်းα€œα€„်းα€”ိုင်ခဲ့α€α€š်α€œို့ ထဲα€’ီ ထုတ်ပြα€”်ချα€€်ထဲα€™ှာ α€–ော်ပြပါα€α€š်။

 

တိုα€€်ပွဲတွေထတွင်းα€™ှာ α€…α€…်α€€ောင်α€…ီα€€ ဂျα€€်α€–ိုα€€်တာα€”ှα€…်စင်း၊ တိုα€€်ခိုα€€်α€›ေး α€›α€Ÿα€်α€šာα€₯် α€žုံးစင်းထထိα€‘α€žုံးပြုပြီး α€œေα€€ြောင်းα€€α€”ေ ပစ်ခတ်ခဲ့α€žα€œို α€Ÿားခါးα€™ြို့ပေါ် α€—ျူα€Ÿာα€€ုα€”်း (Rung Tlang) α€€α€”ေပါ α€œα€€်α€”α€€်α€€ြီးα€”ဲ့ α€”ေ့α€…α€₯်ပစ်ခတ်α€α€š်α€œို့ ဆိုပါα€α€š်။ ထထိα€”ာတဲ့ α€…α€…်α€€ောင်α€…ီα€›ဲ့ မတူα€Šီတဲ့α€œα€€်α€”α€€် ၉ α€œα€€်α€”ဲ့ထတူ ခဲα€šα€™်းတွေ α€žိα€™်းα€†α€Š်းထားα€”ိုင်ပြီး α€”ိုဝင်α€˜ာα€œ တစ်α€œα€ာတိုα€€်ပွဲထတွင်းα€™ှာပဲ ချင်းထမျိုးα€žားတပ် CNA α€›ဲα€˜ော်တစ်α€₯ီး တိုင်းပြα€Š်α€”ဲ့ α€œူα€™ျိုးထတွα€€် α€‘α€žα€€်ပေးα€œှူα€žွားခဲ့α€α€š်α€œို့α€œα€Š်း ထုတ် ပြα€”်ထားပါα€α€š်။


========================

 

πŸ“ŒπŸ“Œ αƒ။ ဒဂုံတက္α€€α€žိုα€œ်α€€ α€€ျောင်းα€žား ၇ဦး α€žေဒဏ်ချα€™ှတ်ခံα€›

 

ဒဂုံတက္α€€α€žိုα€œ်α€€ α€€ျောင်းα€žား ၇ဦးα€€ို ထင်းα€…ိα€”်ထောင် α€…α€…်ခုံα€›ုံးα€€ α€žေဒဏ်ချα€™ှတ်α€œိုα€€်α€α€š်α€œို့ ဒဂုံတက္α€€α€žိုα€œ် α€€ျောင်းα€žားα€™ျား α€žα€™α€‚္ဂရဲ့ α€’ီဇင်α€˜ာα€œ ၁ရက် (α€’ီα€€α€”ေ့) ထစောပိုင်း α€žα€α€„်းထုတ်ပြα€”်ချα€€်ထရ α€žိရပါα€α€š်။ α€”ိုဝင်α€˜ာα€œ ၃၀ရက်α€”ေ့α€€ ထင်းα€…ိα€”်ထောင် α€…α€…်ခုံα€›ုံးα€€α€”ေ ထဲα€’ီα€€ျောင်းα€žား ၇ဦးα€€ို ပုα€’်α€™ ၃၀၂ (α€€) α€”ဲ့ မတရားα€…ွပ်α€…ွဲပြီး α€žေဒဏ်ချα€™ှတ်ခဲ့တာα€–ြα€…်α€α€š်α€œို့ ဆိုပါα€α€š်။ α€žေဒဏ်ချα€™ှတ်ခံရတဲ့ α€€ျောင်းα€žား ၇ဦးα€Ÿာ ပြီးခဲ့တဲ့ ဧပြီα€œα€”ှောင်းပိုင်းα€€ မတရား α€–α€™်းဆီးခံထားα€›α€žူတွေပါ။

 

ထာဏာα€žိα€™်း α€…α€…်α€€ောင်α€…ီα€Ÿာ ပြီးခဲ့တဲ့ ဇူα€œိုင်α€œα€‘α€ွင်းကပဲ α€€ိုα€–ြိုးဇေα€šျာα€žော်၊ α€€ိုဂျင်α€™ီ၊ α€€ိုα€œှα€™ိုးထောင်α€”ဲ့ α€€ိုထောင်α€žူရဇော်တို့ ၄ဦးα€€ို ထောင်တွင်း α€œူα€žα€်α€™ှု α€€ျူးα€œွα€”်ခဲ့တာ ထင်ထင်α€›ှားα€›ှားတွေ့ရပါα€α€š်။  α€…α€…်α€€ောင်α€…ီα€€ ထာဏာα€žိα€™်းပြီးα€”ောα€€်ပိုင်းα€™ှာ α€–α€™်းဆီးခံပြα€Š်α€žူ αα‚αˆα€¦းထိ α€žေဒဏ်ချα€™ှတ် ခံထားα€›α€α€š်α€œို့α€œα€Š်း α€”ိုင်ငံα€›ေးထကျဉ်းα€žားα€™ျား α€€ူα€Šီα€…ောင့်α€›ှောα€€်α€›ေးα€‘α€žα€„်း AAPP α€›ဲ့ ၂၀၂၂ α€”ိုဝင်α€˜ာ ၂၄ရက်α€”ေ့ α€™ှတ်တမ်းထရ α€žိရပါα€α€š်။

 

========================


πŸ“ŒπŸ“Œ α„။ α€œေα€šာဉ်ပစ် α€œα€€်α€”α€€်ပေးα€›α€”် α€”ိုင်ငံတကာα€€ို ထမျိုးα€žားα€Šီα€Šွတ်α€›ေး ထစိုးα€› (NUG) တောင်းဆို

 

α€…α€…်α€€ောင်α€…ီα€žα€Š် α€›ုα€›ှားα€”ိုင်ငံထုတ် α€œေα€šာဉ်α€™ျားα€–ြင့် α€™ြα€”်α€™ာပြα€Š်α€žူα€™ျားα€€ို α€œေα€€ြောင်းα€™ှ ထကြα€™်းα€–α€€် တိုα€€်ခိုα€€်α€”ေα€žောα€€ြောင့် α€œေα€šာဉ်ပစ် α€œα€€်α€”α€€်α€™ျား α€€ူα€Šီပေးα€›α€”် α€”ိုင်ငံတကာα€žို့ ထမျိုးα€žားα€Šီα€Šွတ်α€›ေး ထစိုးα€› (NUG) α€šာα€šီ α€žα€™္မတ α€’ူဝါα€œα€›ှီးα€œα€€ တောင်းဆိုα€œိုα€€်α€žα€Š်α€Ÿု The Irrawaddy - Burmese Edition α€€ α€›ေးα€žားα€žα€Š်။ α€’ီဇင်α€˜ာ ၁ α€›α€€် α€™ြα€”်α€™ာα€…ံတော်ချိα€”် α€”ေ့α€œα€š် ၂ α€”ာα€›ီ ၁၀ α€™ိα€”α€…်၌ α€€ျင်းα€•α€žα€Š့် REUTERS Next Leadership Summit α€”ှင့် Global Broadcast တွင် α€šα€„်းα€€ဲ့α€žို့ ပြောα€€ြားα€œိုα€€်ခြင်းα€–ြα€…်α€žα€Š်α€Ÿု α€žိα€›α€žα€Š်။ 

 

α€€ျွα€”်တော်တို့ PDF တွေα€€ို ထင်ထားα€€ောင်းα€€ောင်းα€”ဲ့ ထထူးα€žα€–ြင့် α€›ုα€›ှားα€œေα€šာဉ် α€€ောင်းα€€ောင်းα€”ဲ့ ပြα€Š်α€žူα€œူထုတွေα€€ို α€žα€်α€–ြတ်α€”ေတာ၊ α€›ွာတွေα€€ို α€œိုα€€်ပြီး α€™ီးα€›ှို့α€”ေတာ စတာတွေα€€ို α€€ာα€€ွα€š်α€–ို့ α€œေα€šာဉ်ပစ်ချတဲ့ α€œα€€်α€”α€€်α€™ျားα€›ှိရင်တော့ α€€ျα€”ော်ထင်တာ ၆ α€œα€œောα€€်α€”ဲ့ဆို α€€ျတော်တို့ α€œုံးဝ α€”ိုင်α€žွားပါပြီα€Ÿု ၎င်းα€€ ပြောα€žα€Š်။ α€šူα€€α€›ိα€”်းα€”ိုင်ငံထား ထမေα€›ိα€€α€”်၊ ထီးα€šူα€€ဲ့α€žို့ α€”ိုင်ငံတကာα€™ှ ထောα€€်ပံ့α€žα€œို α€™ြα€”်α€™ာα€”ိုင်ငံထားα€œα€Š်း ထောα€€်ပံ့α€€ူα€Šီပါα€€ α€™ြα€”်α€™ာပြα€Š်α€žူα€™ျား ခံα€…ားα€”ေα€›α€žော α€’ုα€€္ခများ ငြိα€™်းထေးα€žွားα€”ိုင်α€€ြောင်း ဆက်ပြောα€žα€Š်။

 

ထို့ပြင် ထာဏာα€žိα€™်းပြီးα€”ောα€€် α€šα€™α€”်α€”ှα€…်α€€ α€…α€…်α€€ောင်α€…ီတပ်α€™ျားα€”ှင့် ထိတွေ့တိုα€€်ပွဲα€™ျားထတွင်း α€’ီα€™ိုα€€α€›ေα€…ီα€œိုα€œားα€žူ ၂၀၀၀ ဦးထက်α€™α€”α€Š်း α€žေဆုံးခဲ့α€›α€€ြောင်း၊ α€šα€„်းα€€ဲ့α€žို့ ဆုံးα€›ှုံးα€™ှုα€™ျားα€€ို ထရင်းထနှီးထဖြα€…် ခံα€šူပြီး α€”ောα€€်ဆုတ်α€žွားα€™α€Š်α€™α€Ÿုတ်α€€ြောင်းα€œα€Š်း NUG α€šာα€šီα€žα€™္မတက ပြောα€žα€Š်။

 

ထဆိုပါ ထခမ်းထနားတွင် α€€α€”ေα€’ါဝန်α€€ြီးချုပ်၊ α€œα€…်α€žူα€šေးα€”ီးα€šားဝန်α€€ြီးချုပ်၊ ဂျပန်α€”ိုင်ငံခြားα€›ေးဝန်α€€ြီး၊ IMF α€™α€”်α€”ေးဂျင်းα€’ါα€›ိုα€€်တာ၊ α€€α€™်α€˜ာ့α€˜α€ျ α€₯α€€်ကဋ်α€Œ၊ Morgan Stanley α€₯α€€်ကဋ်α€Œ α€”ှင့် CEO တို့ ထပါထဝင် α€€α€™္α€˜ာα€œုံးဆိုင်α€›ာ α€”ိုင်ငံα€›ေးα€”ှင့် α€…ီးပွားα€›ေးခေါင်းဆောင်α€™ျား ပါဝင်α€Ÿောပြောခဲ့α€€ြα€žα€Š်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment