၂၀၂၃ မတ်လ ၁၇ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ LDF နဲ့ ပူးပေါင်းဆောင်ရွက်မှု တွေကို တိုးမြှင့်ဆောင်ရွက်ကြဖို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းပြောကြား
📌 ၂။ (၁၄၆) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များ ညီလာခံကာလအတွင်း မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့သည် နိုင်ငံတကာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့များနှင့် သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့
📌 ၃။ အကြမ်းဖက်စစ်ကောင်စီဟာဗျူဟာ (၃) ခုတွင် နွေဦးတော်လှန်ရေးအပေါ် အပုတ်ချပြီ' နိုင်ငံတကာထောက်ခံမှု ပျက်အောင်လုပ်ဆောင်နေ
📌 ၄။ ဖယ်ခုံမြို့နယ် ခေါင်းအိကျေးရွာအုပ်စုဘက်သို့စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်များ အရာရှိအပါအဝင် ၄၅ ယောက်သေဆုံး
📌 ၅။ မြန်မာဒုက္ခသည်များ၊ နိုင်ငံရေးခိုလှုံခွင့်တောင်းခံသူများနှင့် ကူညီရာမဲ့နေသည့် မြန်မာနိုင်ငံသားများအား သက်ဆိုင်ရာနိုင်ငံများတွင် အကာအကွယ်ပေးရန်သံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလသမဂ္ဂမှာ ပြောကြား
📌 ၆။ မွန်ပြည်နယ်အခြေပြုတော်လှန်ရေးအဖွဲ့အစည်း နှင့် မွန်ပြည်လွတ်မြောက်ရေးတပ်တော် တို့မဟာမိတ်ဖွဲ့
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ LDF နဲ့ ပူးပေါင်းဆောင်ရွက်မှု တွေကို တိုးမြှင့်ဆောင်ရွက်ကြဖို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းပြောကြား
မတ်လ ၁၇
မတ်လ ၁၆ ရက် ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအစည်းအဝေးမှာ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက အခုလိုပြောကြားခဲ့ပါတယ်။
"လက်တလောမှာ အရေးကြီးပြီး ဦးစားလုပ်ကိုင် ဆောင်ရွက်ရမှာတော့ မြေပြင်အင်အားတွေရဲ့ စုစည်းနိုင်မှုအခြေအနေပဲဖြစ်ပါတယ်။ ပအဖ၊ ပကဖ၊ ပလဖ၊ PDFတွေနဲ့ LDF တွေရဲ့ကြားမှာ အင်အား စုစည်းနိုင်ဖို့က အရေးအကြီးဆုံးဖြစ်နေပါတယ်။ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ပကဖ များ ဖွဲ့စည်းပုံနဲ့ လုပ်ငန်းလမ်းညွှန် အပိုဒ်(၂၂)မှာ ဖော်ပြထားတဲ့အတိုင်း LDFနဲ့ ပူးပေါင်းဆောင်ရွက်မှု တွေကိုလည်း တိုးမြှင့်ဆောင်ရွက်ကြမှသာ ကျွန်တော်တို့ဆောင်ရွက်ချင်တဲ့ နယ်မြေစိုးမိုးထိန်းချုပ်မှု တွေ၊ စနစ်ကျန ခိုင်မာအားကောင်းပြီး ဖက်ဆစ်စစ်တပ်နေရာမှာလည်း အသင့်အစားထိုးဝင်ရောက် တာဝန်ထမ်းဆောင်နိုင်ပြီး ပြည်သူကအားကိုးတဲ့ စစ်ရေး/ကာကွယ်ရေးယန္တရားများ ဖြစ်မှာဖြစ်ပါ တယ်"လို့ ဝန်ကြီးချုပ်ကဆိုပါတယ်။
လက်ရှိမှာ ပြည်သူ့ကာကွယ်ရေးတပ်ရင်းတပ်ဖွဲ့များကို ကာကွယ်ရေးဝန်ကြီးဌာနက မှတ်ပုံတင်ပေးလျက်ရှိပြီး တပ်ရင်းတပ်ဖွဲ့ပေါင်း ၃၀၃ရင်း၊ မြို့နယ်ပကဖ အဖွဲ့ပေါင်း ၂၆၀ ဖွဲ့စည်းပြီး ဖြစ်ပါတယ်။
========================
📌📌 ၂။ (၁၄၆) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များ ညီလာခံကာလအတွင်း မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့သည် နိုင်ငံတကာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့များနှင့် သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့
မတ်လ ၁၇ ရက်
မတ်လ ၁၆ ရက်မှာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက အခုလိုအသိပေးဆိုပါတယ်။
"ဘာရိန်းနိုင်ငံ၊ မနားမားမြို့၌ ကျင်းပလျက်ရှိသည့် (၁၄၆) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များညီလာခံနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်ခဲ့သည့် မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့သည် နိုင်ငံတကာလွှတ်တော်ကိုယ်စားလှယ်များနှင့် သီးခြားစီ တွေ့ဆုံခဲ့တယ်"လို့ဖော်ပြပါတယ်။
ထိုသို့တွေ့ဆုံရာမှာ အာဏာသိမ်းစစ်ကောင်စီက ကျူးလွန်လျက်ရှိသည့် အကြမ်းဖက်လုပ်ရပ်များနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများ၊ စစ်ရှောင်ပြည်သူများအတွက် အရေးပေါ်အကူအညီလိုအပ်နေမှုများ၊ မြန်မာလွှတ်တော်၏ ဒီမိုကရေစီပြန်လည်ရရှိရေးကြိုးပမ်းမှုများနှင့် စိန်ခေါ်မှုများ၊ နှစ်ဖက် ပူးပေါင်းဆောင်ရွက်သွားမည့် ကဏ္ဍများကို ဆွေးနွေးဖလှယ်ခဲ့ကြပါတယ်။
မတ် ၁၂ ရက်မှ ၁၅ ရက်အတွင်း မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့သည် နယူးဇီလန်၊ ဩစတြေးလျ၊ ဩစတြီးယား၊ အင်ဒိုနီးရှား၊ လာအို၊ ထိုင်း၊ ယူကေ၊ ကိုရီးယား၊ ဂျာမနီ၊ ပြင်သစ်၊ ဆွီဒင်၊ အရှေ့တီမော တို့အပြင် IPU မှ တာဝန်ရှိသူများနှင့်လည်း တွေ့ဆုံဆွေးနွေးခဲ့ပါသေးတယ်။
========================
📌📌 ၃။ အကြမ်းဖက်စစ်ကောင်စီဟာဗျူဟာ (၃) ခုတွင် နွေဦးတော်လှန်ရေးအပေါ် အပုတ်ချပြီ' နိုင်ငံတကာထောက်ခံမှု ပျက်အောင်လုပ်ဆောင်နေ
အကြမ်းဖက်စစ်ကောင်စီဟာဗျူဟာ (၃) ခုတွင် နွေဦးတော်လှန်ရေးအပေါ် အပုတ်ချပြီ' နိုင်ငံတကာထောက်ခံမှု ပျက်အောင်လုပ်ဆောင်နေတယ်လို့ လူ့အခွင့်ရေးရာဝန်ကြီး ဦးအောင်မျိုးမင်းက မတ်လ ၁၆ ရက်မှာ အသိပေးဆိုခဲ့ပါတယ်။
"အကြမ်းဖက်စစ်ကောင်စီဟာ အခုနောက်ပိုင်းမှာ ဗျူဟာ (၃) ခုကို ချပြီး လုပ်ဆောင်နေတာ ထင်ရှားလာပါတယ်။ ဗျူဟာ(၁)ကတော့ စစ်အင်အားတွေ တိုးချဲ့ပြီးတော့ တော်လှန်ရေးအင်အားစုတွေကိုချေမှုန်းဖို့ စစ်ရေးအရ ထိုးစစ်ဆင်တဲ့ နည်းလမ်းပါ။ အကြောက်တရားနဲ့ ဖိနှိပ်မယ်ဆိုတဲ့ဗျူဟာပါ။ဗျူဟာ (၂)ကတော့ သူတို့ချိုးဖောက်တဲ့ ရာဇဝတ်မှုတွေဟာ ဒီမိုကရေစီအင်အားစုတွေဖက်က ချိုးဖောက်ပါတယ်ဆိုပြီးတော့ နာမည်ပျက်အောင်လုပ်ဆောင်သည့် နည်းလမ်းကိုလည်းလုပ်ဆောင်လာတာ ထင်ရှားပါတယ်။ မြမြင့်မြတ်တဲ့နွေဦးတော်လှန်ရေးအပေါ် အပုတ်ချပြီ' နိုင်ငံတကာထောက်ခံမှု ပျက်အောင်လုပ်ဆောင်တာပါ"လို့ဆိုပါတယ်။
ဒါ့အပြင် ဖက်ဒရယ်ဒီမိုကရေစီအရေးအတွက် တိုက်ပွဲဝင်နေကြတဲ့ အင်အားစုတွေအချင်းချင်း ပြည်သူတွေနဲ့ အင်အားစုတွေအကြား သွေးခွဲပြီး ပြိုကွဲအောင်လုပ်ဆောင်တဲ့ နည်းလမ်းကိုဘဗျူဟာ သုံး အဖြစ်လည်း စစ်ကောင်စီကလုပ်ဆောင်ရှိပါတယ်။
========================
📌📌 ၄။ ဖယ်ခုံမြို့နယ် ခေါင်းအိကျေးရွာအုပ်စုဘက်သို့စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်များ အရာရှိအပါအဝင် ၄၅ ယောက်သေဆုံး
မတ်လ ၁၇
"မတ်လ၈ရက်မှ ၁၆ရက်အထိဖယ်ခုံမြို့နယ်ခေါင်းအိကျေးရွာအုပ်စုဘက်သို့စစ်ကြောင်းထိုးလာသောအကြမ်းဖက်စစ်ကောင်စီတပ်တို့သည်၈ရက်နေ့တွင်ဖယ်ခုံPDF 1002 တပ်ရင်းနဲ့ထိပ်တိုက် တိုက် ပွဲဖြစ်ခဲ့ပါတယ်"လို့ဖယ်ခုံ PDF ကဆိုပါတယ်။
တိုက်ပွဲတွင်လက်နက်ကြီးပစ်ကူမှု နှင့်အတူ ပူးပေါင်းပါဝင်တဲ့အဖွဲ့များKNDF, KA, DMO - Local PDF, PDF မိုးဗြဲ (1001), 1004, 1008, 1005, SSNRUတို့ပါဝင်တိုက်ခိုက်ခဲ့ပါတယ်။
ကိုးရက်တာတိုက်ပွဲအတွင်းမှာကာကွယ်ရေးဖက်မှ ၈ယောက်ဒဏ်ရာရပြီးအကြမ်းဖက်စစ်ကောင်စီဘက်မှအရာရှိအပါအဝင် ၄၅ ယောက်သေဆုံးခဲ့ပါတယ်။ တိုက်ပွဲအတွင်းစစ်ကောင်စီဘက်မှလေကြောင်းတိုက်ခိုက်မှုနဲ့ စကခ ၇ မှ လက်နက်ကြီးပစ်ကူမှုအကြိမ်ကြိမ်ပစ်ခတ်ခဲ့ပါတယ်။
========================
📌📌 ၅။ မြန်မာဒုက္ခသည်များ၊ နိုင်ငံရေးခိုလှုံခွင့်တောင်းခံသူများနှင့် ကူညီရာမဲ့နေသည့် မြန်မာနိုင်ငံသားများအား သက်ဆိုင်ရာနိုင်ငံများတွင် အကာအကွယ်ပေးရန်သံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလသမဂ္ဂမှာ ပြောကြား
မတ်လ ၁၇
မတ်လ၁၆ရက် နယူးယောက်မြို့အခြေစိုက် ကုလသမဂ္ဂဌာနချုပ်ရှိ ကုလသမဂ္ဂ အထွေထွေညီလာခံတွင် အလွတ်သဘောအစည်းအဝေး (Informal Meeting)မှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက မြန်မာဒုက္ခသည်များအရေးနှင့်ပတ်သက်ပြီးအခုလို တောင်းဆိုခဲ့ပါတယ်။
"အဓိကအားဖြင့်(၁) စစ်တပ်လက်ဝယ်သို့ လက်နက်စီးဆင်းမှု၊ လေယာဉ်ဆီရောင်းချမှုနှင့် ငွေကြေးစီးဆင်းမှုတို့အား ဖြတ်တောက်ပေးခြင်းဖြင့် ပြည်သူများ အသက်အိုးအိမ်စည်းစိမ်များကို ကယ်တင်ပေးရန်၊ (၂) လိုအပ်နေသည့် ပြည်သူများအားလုံးထံ နယ်စပ်ဒေသများ အပါအဝင် အခြားဖြစ်နိုင်ချေရှိသော လမ်းကြောင်းအားလုံးမှတဆင့် လူသားချင်းစာနာထောက်ထားမှုအကူအညီများ ထောက်ပံ့ပေးရန်၊ မြန်မာဒုက္ခသည်များ၊ နိုင်ငံရေးခိုလှုံခွင့်တောင်းခံသူများနှင့် ကူညီရာမဲ့နေသည့် မြန်မာနိုင်ငံသားများအား သက်ဆိုင်ရာနိုင်ငံများတွင် အကာအကွယ်ပေးရန်၊ (၃) စစ်တပ်မှ အကျိုးခံစားနေ သည့် ပြစ်ဒဏ်ခတ်ခြင်းမခံရမှုကို အပြီးတိုင်ရပ်တန့်ရန်နှင့် ကြီးလေးသော နိုင်ငံတကာပြစ်မှုများအား ကျူးလွန်သူများကို နိုင်ငံတကာရာဇဝတ်တရားရုံးသို့ အမှုတင်သွင်းရန် သို့မဟုတ် ယာယီခုံရုံးများ ဖွဲ့စည်းခြင်း ဖြင့် ပြစ်ဒဏ်ချမှတ်ပေးရန်"တို့ဆိုခဲ့ပါတယ်။
ဒါ့အပြင် စစ်တပ်၏ လုပ်ဆောင်ချက်များသည် လူ့အခွင့်အရေးချိုးဖောက်မှုမျှသာ မဟုတ်ကြောင်း၊ ၎င်းအနေဖြင့် မတရားအာဏာသိမ်းရန် ကြိုးပမ်းချိန်မှစ၍ လူအယောက် (၃,၁၃၀) ကျော်ကို ရက်စက်စွာ သတ်ဖြတ်ခဲ့ပြီးဖြစ်ကြောင်း၊ ထိုသို့သော သတ်ဖြတ်မှုများထဲတွင် ဆန္ဒပြသူများအား ရည်ရွယ်ချက်ရှိရှိ ဦးခေါင်းသို့ ချိန်ရွယ်ပစ်ခတ်ခြင်း၊ အကျဉ်းထောင်များတွင် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ပြည်သူ (၉၂၀) ခန့်နှင့် စစ်ကြောရေးတွင် စစ်ဆေးမေးမြန်းစဉ် (၁၄၅) ဦးတို့ကို သတ်ဖြတ်ခြင်းတို့လည်း ပါဝင်ကြောင်း သံအမတ်ကြီးကဆိုခဲ့ပါတယ်။
========================
📌📌 ၆။ မွန်ပြည်နယ်အခြေပြုတော်လှန်ရေးအဖွဲ့အစည်း နှင့် မွန်ပြည်လွတ်မြောက်ရေးတပ်တော် တို့မဟာမိတ်ဖွဲ့
မတ်လ ၁၇ ရက်
မွန်ပြည်နယ်အခြေပြုတော်လှန်ရေးအဖွဲ့အစည်း နှင့် မွန်ပြည်လွတ်မြောက်ရေးတပ်တော် တို့မဟာမိတ်ဖွဲ့စည်းလိုက်ကြောင်း မတ်လ၁၇ရက်မှာ မွန်ပြည်နယ်အခြေပြုတော်လှန်ရေးအဖွဲ့အစည်းကအသိပေးဆိုပါတယ်။
"မွန်ပြည်နယ်အခြေပြုတော်လှန်ရေးအဖွဲ့အစည်း (Mon State Revolutionary Organization) နှင့် မွန်ပြည်လွတ်မြောက်ရေးတပ်တော် - (Mon Liberation Army) တို့သည် တော်လှန်ရေးကိစ္စရပ်များအား အတူတကွ ဆောင်ရွက်နိုင်ရေးအတွက် မဟာမိတ်အဖွဲ့အစည်းများအဖြစ် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရားဝင်ထုတ်ပြန်ကြေငြာအပ်ပါတယ်"လို့ဆိုပါတယ်။
မွန်ပြည်နယ်ကို စကစဟာ နယ်မြေစိုးမိုးမှုရရှိရန် အသည်းအသန်ကြိုးစားနေရပြီး အချို့မြို့နယ်များကို စစ်အုပ်ချုပ်ရေး လွှဲပြောင်းပေးထားရပါတယ်။
ယခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment