17th MAR 2023 - Morning Daily News by Radio NUG



၂၀၂၃ မတ်လ ၁၇ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ အကြမ်းဖပ်စစ်တပ်က ဝင်ရောက်စစ်ကြောင်းထိုး ခံရချိန်မှာ ဒေသခံများစနစ်တကျ နေရပ်စွန့်ခွာရှောင်တိမ်းရေး ပြင်ဆင်ဖို့ ဝန်ကြီးချုပ်တိုက်တွန်း

📌 ၂။ ငွေကျပ် (၃၇၈.၁၁) သန်း တန်ဖိုးရှိ လူသားချင်းစာနာမှု အကူအညီများ NUGက ထောက်ပံ့ပေးနိုင်ခဲ့

📌 ၃။ အရပ်သားပြည်သူများအပေါ် အကြမ်းဖက် စစ်တပ်ရဲ့ အစုလိုက်အပြုံလိုက် ကျူးလွန်မှုများမှာ ပြည်သူ့စစ်သားများရဲ့ ထွက်ဆိုချက်များအပါအဝင် အချက်အလက်များအားလုံး စုဆောင်း ပြင်ဆင်ထားပြီလို့ လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးအသိပေး

📌 ၄။ အရပ်သားပြည်သူများအနေဖြင့်  အကြမ်းဖက်စစ်အုပ်စု၏ ဖိနှိပ်သတ်ဖြတ်ခြင်းများမှ လွတ်ကင်းနိုင်ရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ သက်ဆိုင်ရာ ပြည်နယ်၊ တိုင်းများမှ အတိုင်ပင်ခံကောင်စီများနှင့် ကာကွယ်ရေးတပ်ဖွဲ့များအားလုံး အတူတကွညှိနှိုင်းလုပ်ဆောင်လျက်ရှိ

📌 ၅။  ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် ခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေဆုံဆွေးနွေး

📌 ၆။ ကန်ပက်လက်မြိုနယ်၊ မုန်းချောင်းအရှေ့ဘက်ခြမ်း နှင့် အနောက်ဘက်ခြမ်းကို ဆက်သွယ်ပေးမည့် ကိုယ်ထူကိုယ်ထကားလမ်းသစ် ဖွင့်လှစ်

📌 ၇။ ပင်လောင်းမြို့နယ် နမ့်နန်းကျေးရွာအနောက်ဘက်ရှိ တောင်ကုန်း ဒေသ တစ်ကျောအား စစ်ကောင်စီ တပ် စစ်ကြောင်း အများအပြား ထိုးစစ်ဆင်လာ၍ တော်လှန်ရေးအင်အားစုများနဲ့ထိတွေ့တိုက်ပွဲ ဖြစ်ပွားရာ စကစဘက်က ၂၀ ကျော်သေဆုံး

📌 ၈။ သပိတ်ကျင်း၊ စဥ့်ကူးနှစ်မြို့နယ်စပ်ကြား ကာကွယ်ရေးတပ်များ  မိုင်းပေါင်း(၅၄)လုံးဖောက်ခွဲတိုက်ခိုက်ခဲ့၍ ပြင်းထန်ဒဏ်ရာရသည့် စကစတပ်များ အယောက်၂၀ထပ်မံသေဆုံး

📌 ၉။ ကျောင်းသားရဲဘော်များအတွက် "ခွပ်ဒေါင်းရဲ့မောင်းပြန်" သိန်း၃၀၀ Campaign စတင်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ အကြမ်းဖပ်စစ်တပ်က ဝင်ရောက်စစ်ကြောင်းထိုး ခံရချိန်မှာ ဒေသခံများစနစ်တကျ နေရပ်စွန့်ခွာရှောင်တိမ်းရေး ပြင်ဆင်ဖို့ ဝန်ကြီးချုပ်တိုက်တွန်း


အကြမ်းဖပ်စစ်တပ်ကဝင်ရောက်စစ်ကြောင်းထိုး ခံရချိန်မှာ ဒေသခံများစနစ်တကျ နေရပ်စွန့်ခွာရှောင်တိမ်းရေး ပြင်ဆင်ဖို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက တိုက်တွန်းပြောပါတယ်။


မတ်လ ၁၆ရက်ကျင်းပတဲ့ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအစည်းအဝေး အမှတ်စဉ်(၁၁/၂၀၂၃)မှာ ဝန်ကြီးချုပ်ကပြောပါတယ်။


"အကြမ်းဖက်စစ်တပ်အနေနဲ့ မြေပြင်တိုက်ခိုက်ရေးစွမ်းအား ကျဆင်းနေပြီး စစ်ရေးကျင့်ဝတ်တွေကို လုံးလုံးလျားလျား လိုက်နာခြင်းမရှိတော့တဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ စစ်ကြောင်းထိုးချိန်၊ ပိတ်ဆို့ တိုက်ခိုက်ခံရချိန်တွေမှာ ဒေသခံတွေကို လူသားတံတိုင်းလုပ်ပြီး အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေကို ပြုလုပ်နေကြပါတယ်။ ဒီလိုအချိန်တွေမှာ ပြည်သူ့တော်လှန်ရေးအင်အားစုတွေအတွက်လည်း စစ်ရေးအရ လှုပ်ရှားရခက်ခဲစေမှာ ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် စစ်ကြောင်းထိုး ခံရချိန်မှာ စနစ်တကျ နေရပ်စွန့်ခွာရှောင်တိမ်းရေး၊ လူသားတံတိုင်းအလုပ်ခံရခြင်းမှ ရှောင်ရှားနိုင်ရေး ဆိုင်ရာ အစီအမံတွေ၊ လမ်းညွှန်အကြံပြုချက်တွေကို Emergency Operation Centre ရဲ့ လုပ်ငန်းတွေမှာ ထည့်သွင်းပြီး ဒေသအလိုက်/ကျေးရွာအလိုက် ပြင်ဆင်ထားနိုင်မယ်ဆိုရင် မလိုလားအပ်တဲ့ ဖြစ်ရပ်ဆိုးမျိုးတွေကို အတတ်နိုင်ဆုံး လျှော့ချနိုင်မှာဖြစ်ပါတယ်"လို့ဆိုပါတယ်။


အရေးပေါ် ပြင်ဆင်မှုများအတွက် ပြည်သူလူထုရဲ့ ပူးပေါင်းပါဝင်လိုက်နာမှုကလည်း အဓိကလိုအပ်ပြီး သက်ကြီးရွယ်အိုနှင့် ကလေးသူငယ်ပါမချန် သတ်ဖြတ်နေသည့် စစ်မိစ္ဆာတပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုကို ဥပမာဖြစ်ရပ်တွေပြပြီး လှုံ့ဆော်အသိပေးရမှာဖြစ်တယ်လို့ဝန်ကြီးချုပ်က ထပ်လောင်းဆိုပါတယ်။


========================


📌📌 ၂။ ငွေကျပ် (၃၇၈.၁၁) သန်း တန်ဖိုးရှိ လူသားချင်းစာနာမှု အကူအညီများ NUGက ထောက်ပံ့ပေးနိုင်ခဲ့


ငွေကျပ် (၃၇၈.၁၁) သန်းတန်ဖိုးရှိ လူသားချင်းစာနာမှု အကူအညီများ NUGက ထောက်ပံ့ပေးနိုင်ခဲ့တယ်လို့ မတ်လ ၁၆ရက်မှာ အမျိုးသား ညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက အသိပေးဖော်ပြပါတယ်။


"အမျိုးသား ညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန အနေဖြင့် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း စုစုပေါင်း ငွေကျပ် (၃၇၈.၁၁) သန်း တန်ဖိုးရှိ လူသားချင်းစာနာမှု အကူအညီများ ထောက်ပံ့ပေးနိုင်ခဲ့ပါတယ်။ စစ်‌ဘေးရှောင် ပြည်သူများအတွက် ဆန်၊ ဆီနှင့် ရိက္ခာများ၊ အမိုးအကာများ၊ အဝတ်အထည်များအပါအဝင်လိုအပ်သည့် အသုံးဆောင် ပစ္စည်းများအား ထောက်ပံ့ပေးပို့ခဲ့ပြီး အကြမ်းဖက်စစ်တပ်ကြောင့် မီးရှို့ဖျက်ဆီးခံရသည့် ကျေးရွာများအတွက် "မီးရှို့ခံရနေအိမ်များ ပြန်လည်တည်ဆောက်ရေး အစီအစဉ်" အဖြစ် ယာယီခိုလှုံစရာ‌တဲများ ပြန်လည်တည်ဆောက်ပေးခြင်းများ ဆောင်ရွက်ခဲ့ပါတယ်"လို့ဆိုပါတယ်။


"CDM များရဲ့ စေတနာအားနဲ့အတူ ဗုံးကျည်ဆံကြားက ကလေးငယ်များကို ဝိုင်းလို့ကူ" အစီအစဉ်မှ ရရှိလာသော ရန်ပုံငွေဖြင့် ယခုနှစ် ဖေဖော်ဝါရီလအထိ မြေပြင်စာသင်ကျောင်းပေါင်း (၇၉၀) ကျော်အတွက် ဗုံးခိုကျင်းများ တူးဖော်ပံ့ပိုးဆောင်ရွက်ခဲ့ပြီး၊ နောက်ဆက်တွဲ လုပ်ငန်းအဖြစ် ဇာတ်တိုက်လေ့ကျင့်ခြင်း လုပ်ငန်းစဉ်များအား သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့တယ်လို့ဆိုပါတယ်။


========================


📌📌 ၃။ အရပ်သားပြည်သူများအပေါ် အကြမ်းဖက် စစ်တပ်ရဲ့ အစုလိုက်အပြုံလိုက် ကျူးလွန်မှုများမှာ ပြည်သူ့စစ်သားများရဲ့ ထွက်ဆိုချက်များအပါအဝင် အချက်အလက်များအားလုံး စုဆောင်း ပြင်ဆင်ထားပြီလို့ လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးအသိပေး


အရပ်သားပြည်သူများအပေါ် အကြမ်းဖက် စစ်တပ်ရဲ့ အစုလိုက်အပြုံလိုက်ကျူးလွန်မှုများမှာ ပြည်သူ့စစ်သားများရဲ့ ထွက်ဆိုချက်များအပါအဝင် အချက်အလက်များအားလုံး စုဆောင်းပြင်ဆင်ထားပြီလို့ လူ့အခွင့်ရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းကအသိပေးဆိုပါတယ်။


မတ်လ ၁၆ရက်ကျင်းပတဲ့ အကြမ်းဖက်စစ်တပ်က ကျူးလွန်ခဲ့သော ပင်လောင်းမြို့နယ်၊ ဆောင်းပြောင်းဒေသ၊ နမ်းနိန်းရွာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့မှုနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲမှာ NUG လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးကဆိုပါတယ်။


"ရာဇဝတ်မှုကျုးလွန်ရင် ကျူးလွန်သူတင်မကပါဘူး။ အမိန့်ပေးစေခိုင်းသူ၊ အဓိကအမိန့်ပေးကွပ်ကဲသူ တာဝန်ရှိတဲ့ ဘယ်သူလဲဆိုတာကို အရေးယူရတာဖြစ်ပါတယ်။ အဲဒီအချက်တွေနဲ့ ပတ်သက်ပြီးတော့ မြေပြင်သတင်းတင်မကဘဲ တချို့ကျနော်တို့ဘက်ကို ပြည်သူ့ရင်ခွင် ခိုလှုံလာကြတဲ့သူတွေရဲ့ ထွက်ဆိုချက်တွေ စုဆောင်းထားပါတယ်။ နောက်တစ်ခါ သူတို့ရဲ့ ထွက်ဆိုချက်တင်မကဘဲနဲ့ လက်ရှိစစ်ကြောင်းရဲ့သွားလာမှု၊ ကွပ်ကဲမှု၊ အမိန့်စီးဆင်းမှုစတဲ့ စစ်တပ်ရဲ့ အမိန့်ပေး ကွပ်ကဲမှုတွေကို စုဆောင်းပြီး အမှုအတွက် ပြင်ဆင်ထားမှုတော့ရှိပါတယ်"လို့ ဝန်ကြီးက ဆိုပါတယ်။


အကြမ်းဖက် စစ်အုပ်စုဟာ ၂၀၂၁ ခုနှစ်ဇူလိုင်လမှ ၂၀၂၃ ခုနှစ် မတ်လ (၁၃) ရက်နေ့ကာလအတွင်း အပြစ်မဲ့အရပ်သားပြည်သူ ငါးဦးနှင့်အထက် သတ်ဖြတ်မှုပေါင်း (၆၄) ကြိမ်တိတိ ကျူးလွန်ခဲ့ပါတယ်။


အရပ်သားပြည်သူ ငါးဦးနှင့်အထက် သတ်ဖြတ်မှုပေါင်း (၆၄) မှုတွင် ပြည်သူစုစုပေါင်း (၇၆၆) ဦး သတ်ဖြတ်ခံခဲ့ရပြီး ထိုသတ်ဖြတ်ခံရသော ပြည်သူများအနက် အမျိုးသား (၄၈၂) ဦး၊ အမျိုးသမီး (၇၈) ဦး တို့ ပါဝင်ကြောင်းခွဲခြားနိုင်ခဲ့ပြီး ကျန်သူ (၂၀၆) ဦးတို့ကိုအလောင်းများမှာ ကျားမစစ်ဆေးရန်ပင် မလွယ်တော့သည့် အလောင်းများဖြစ်ခဲ့ပါတယ်။


========================


📌📌 ၄။ အရပ်သားပြည်သူများအနေဖြင့်  အကြမ်းဖက်စစ်အုပ်စု၏ ဖိနှိပ်သတ်ဖြတ်ခြင်းများမှ လွတ်ကင်းနိုင်ရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ သက်ဆိုင်ရာ ပြည်နယ်၊ တိုင်းများမှ အတိုင်ပင်ခံကောင်စီများနှင့် ကာကွယ်ရေးတပ်ဖွဲ့များအားလုံး အတူတကွညှိနှိုင်းလုပ်ဆောင်လျက်ရှိ


အရပ်သားပြည်သူများအနေဖြင့်  အကြမ်းဖက်စစ်အုပ်စု၏ ဖိနှိပ်သတ်ဖြတ်ခြင်းများမှ လွတ်ကင်းနိုင်ရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ သက်ဆိုင်ရာ ပြည်နယ်၊ တိုင်းများမှ အတိုင်ပင်ခံကောင်စီများနှင့် ကာကွယ်ရေးတပ်ဖွဲ့များအားလုံး အတူတကွညှိနှိုင်းလုပ်ဆောင်လျက်ရှိတယ်လို့ သတင်းရရှိပါတယ်။


မတ်လ ၁၆ ရက်မှာ အကြမ်းဖက်စစ်အုပ်စုက ပင်လောင်းမြို့နယ်၊ နမ်းနိန်းရွာ ပြည်သူ ( ၂၂) ဦးကို ရက်စက်စွာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့မှုနှင့်ပတ်သက်၍ NUGနဲ့ KSCC PNFCတို့ ပူးတွဲထုတ်ပြန်ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။


အကြမ်းဖက်စစ်အုပ်စုသည် တိုင်းရင်းသားဒေသများသို့ ဖြတ်လေးဖြတ်စနစ်ကို ကျင့်သုံးကာ ကျေးရွာများအတွင်း စစ်ကြောင်းထိုးဝင်ရောက်လျက်ရှိပြီး အရပ်သားပြည်သူများအား ရက်စက်စွာ သတ်ဖြတ်ခြင်း၊ အမျိုးသမီးများအား မုဒိမ်းကျင့်သတ်ဖြတ်ခြင်း၊ အချို့ရွာသားများအား လူသားဒိုင်းအဖြစ်အသုံးချရန် ဖမ်းဆီးခေါ်ဆောင်သွားပြီးမှ သတ်ဖြတ်ခြင်းများကိုဆက်တိုက် ကျူးလွန်လျက်ရှိတယ်လို့ ဖော်ပြပါတယ်။


အရပ်သားပြည်သူများအနေဖြင့်  အကြမ်းဖက်စစ်အုပ်စု၏ ဖိနှိပ်သတ်ဖြတ်ခြင်းများမှ လွတ်ကင်းနိုင်ရေး အတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ သက်ဆိုင်ရာ ပြည်နယ်၊ တိုင်းများမှ အတိုင်ပင်ခံကောင်စီများနှင့် ကာကွယ်ရေးတပ်ဖွဲ့များအားလုံး အတူတကွညှိနှိုင်း လုပ်ဆောင်လျက်ရှိကြောင်း ပြောကြားလိုက်ပါတယ်လို့ ဆိုပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ၏ သက်ဆိုင်ရာဝန်ကြီးဌာနများအနေဖြင့်လည်း အကြမ်းဖက်စစ်တပ်က ကျူးလွန်သော ရာဇဝတ်မှုများအားလုံးနှင့် ပတ်သက်ပြီး အချက်အလက်ရယူစုဆောင်းခြင်း၊ လူသက်သေ၊ ပစ္စည်းသက်သေများ ရယူစုဆောင်းခြင်း၊ နိုင်ငံတကာတရားရေးအဖွဲ့အစည်းများသို့ ပေးပို့ခြင်းများအား သက်ဆိုင်ရာအဖွဲ့အစည်းများအားလုံးနှင့် အတူတကွလုပ်ဆောင်လျက် ရှိကြောင်းဆိုထားပါတယ်။


========================


📌📌 ၅။  ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် ခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေဆုံဆွေးနွေး


မတ်လ ၁၆ရက်မှာ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် ခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေဆုံဆွေးနွေးမှု အစည်းအဝေး (၁၁/၂၀၂၃)ကို ကျင်းပခဲ့ပါတယ်။


အစည်းအဝေးတွင် ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ တွဲဖက်အမြဲတမ်းအတွင်းဝန်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် ပြည်သူ့ အုပ်ချုပ်ရေးဦးစီးဌာန တာဝန်ရှိသူမှ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပါတယ်။


ဆက်လက်ပြီး တက်ရောက်လာသော ခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များမှ မြေပြင်ကြုံတွေ့နေရသည့် ကိစ္စရပ်များနှင့် လိုအပ်ချက်များ၊ အခက်အခဲများကို မေးမြန်းဆွေးနွေးကြကာ ဝန်ကြီးဌာန၏ တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားဆောင်ရွက်ခဲ့ပါတယ်။


အစည်းအဝေးသို့ ပြည်သူ့အုပ်ချုပ်ရေးဦးစီး ဌာန၊ ပြည်သူ့ရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၊ အထူးစုံစမ်း‌ထောက်လှမ်းရေး ဦးစီးဌာနတို့မှ တာဝန်ရှိသူများနှင့် ခရိုင်ပြည်သူ့အုပ်ချုပ်‌ရေးအဖွဲ့များမှ တက်ရောက်ခဲ့ပါတယ်။


========================


📌📌 ၆။ ကန်ပက်လက်မြိုနယ်၊ မုန်းချောင်းအရှေ့ဘက်ခြမ်း နှင့် အနောက်ဘက်ခြမ်းကို ဆက်သွယ်ပေးမည့် ကိုယ်ထူကိုယ်ထကားလမ်းသစ် ဖွင့်လှစ်


ကန်ပက်လက်မြိုနယ်၊ မုန်းချောင်းအရှေ့ဘက်ခြမ်း နှင့် အနောက်ဘက်ခြမ်းကို ဆက်သွယ်ပေးမည့် ကိုယ်ထူကိုယ်ထကားလမ်းသစ် ဖွင့်လှစ်လိုက်တယ်လို့ မတ်လ ၁၆ရက်မှာ ကန်ပက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အသိပေးဆိုပါတယ်။


ကန်ပက်လက်မြိုနယ်၊ မုန်းချောင်းအရှေ့ဘက်ခြမ်း နှင့် အနောက်ဘက်ခြမ်းကို ဆက်သွယ်ပေးမည့် ကိုယ်ထူကိုယ်ထကားလမ်းသစ်ကို ၂၀၂၃ ခုနှစ်၊မတ်လ ၁၄ ရက်နေ့တွင် ဖွင့်လှစ်နိုင်ခဲ့ပါတယ်လို့ ဖော်ပြပါတယ်။


အဆိုပါကားလမ်းဖွင့်ပွဲအခမ်းအနားကို မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်ပြီး မြို့နယ် ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့မှတာဝန်ရှိသူများ၊ ချင်းကာကွယ်ရေးတပ်ဖွဲ့(ကန်ပက်လက်)မှ တာဝန်ရှိသူများ၊ ဒေသအုပ်ချုပ်အုပ်ချုပ်ရေးအဖွဲ့များမှ တာဝန်ရှိသူများ၊ CNA/Fမှ တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြပါတယ်။


အဆိုပါကားလမ်းသစ်သည် ၈မိုင်၂ဖာလုံ ရှိပြီး ကန်ပက်လက်မြို့နယ် အနောက်ဘက်ခြမ်းမှ ပြည်သူများ၊ မင်းတပ်မြို့နယ်ရှိပြည်သူများနှင့် ပလက်ဝမြို့နယ်ရှိပြည်သူများ အသုံပြုနိုင်မည့် လမ်းသစ်ဖြစ်ပါတယ်။


========================


📌📌 ၇။ ပင်လောင်းမြို့နယ် နမ့်နန်းကျေးရွာအနောက်ဘက်ရှိ တောင်ကုန်း ဒေသ တစ်ကျောအား စစ်ကောင်စီ တပ် စစ်ကြောင်း အများအပြား ထိုးစစ်ဆင်လာ၍ တော်လှန်ရေးအင်အားစုများနဲ့ထိတွေ့တိုက်ပွဲ ဖြစ်ပွားရာ စကစဘက်က ၂၀ ကျော်သေဆုံး


ပင်လောင်းမြို့နယ် နမ့်နန်းကျေးရွာအနောက်ဘက်ရှိ တောင်ကုန်း ဒေသ တစ်ကျောအား စစ်ကောင်စီ တပ် စစ်ကြောင်း အများအပြား ထိုးစစ်ဆင်လာ၍ တော်လှန်ရေးအင်အားစုများနဲ့ထိတွေ့တိုက်ပွဲ ဖြစ်ပွားရာ စကစဘက်က ၂၀ ကျော်သေဆုံးခဲ့တယ်လို့ မတ်လ၁၆ရက်မှာ စစ်ရေးသတင်းကို ကယား (ကရင်နီ)တော်လှန်ရေး တပ်ပေါင်းစု (KRU)က အသိပေးဆိုပါတယ်။


" (ကရင်နီ)တော်လှန်ရေး တပ်ပေါင်းစု (KRU) သည်  ပင်လောင်းမြို့နယ် နမ့်နန်းကျေးရွာအနောက်ဘက်ရှိ တောင်ကုန်း ဒေသ တစ်ကျောအား စစ်ကောင်စီ တပ်တို့ စစ်ကြောင်း အများအပြား ထိုးစစ်ဆင်လာသောကြောင့် မနက် ၇နာရီ မှ နေလည်ချိန်ထိ ပြင်းထန်တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်"လို့ဆိုပါတယ်။


တိုက်ပွဲ အတွင်း(ကရင်နီ)တော်လှန်ရေးတပ်ပေါင်းစု (KRU) နှင့် KNDF BO(11) PNDF(KK)၊အလယ်ပိုင်းတိုင်း တပ်ရင်း(804) တပ်ရင်း(805) တပ်ရင်း(1102) စစ်တောင်းပျောက်ကျားအဖွဲ့ တို့နှင့် ပြင်းထန်တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီ ဘက်မှ (၂၀)ကျော် သေဆုံးခဲ့ပြီး တပ်ပေါင်းစု အဖွဲ့များ မှ KRU ()ဦး တပ်ရင်း(804)၁ဦး၊ တပ်ရင်း(805)၁ဦး၊ စစ်တောင်းပျောက်ကျား()ဦး မစိုးရိမ်ဒဏ်ရရှိခဲ့ကြတယ်လို့သိရပါတယ်။


တိုက်ပွဲ များ အတွင်း စစ်ကောင်စီမှ အရပ်သားပြည်သူများအားဖမ်းဆီးခေါ်ပြီး စစ်သုံ့ပန်သဖွယ် ပြုမူနေသောကြောင့် ဒေသခံကာကွယ်ရေးအဖွဲ များဖြစ်သော PNDF(KK)KNDFတို့ မှထုတ်ပြန်ထားသော တိုက်ပွဲ ဖြစ်ပွားလျက်ရှိ စစ်မျက်နှာ နှင့် ဝေးသော နေရာဒေသ များ အား ပြောင်းရွှေ့နေထိုင်ပေးကြပါရန် တိုက်တွန်းနိူးဆော်ထားပါတယ်။


========================


📌📌 ၈။ သပိတ်ကျင်း၊ စဥ့်ကူးနှစ်မြို့နယ်စပ်ကြား ကာကွယ်ရေးတပ်များ  မိုင်းပေါင်း(၅၄)လုံးဖောက်ခွဲတိုက်ခိုက်ခဲ့၍ ပြင်းထန်ဒဏ်ရာရသည့် စကစတပ်များ အယောက်၂၀ထပ်မံသေဆုံး


သပိတ်ကျင်း၊ စဥ့်ကူးနှစ်မြို့နယ်စပ်ကြား ကာကွယ်ရေးတပ်များ  မိုင်းပေါင်း(၅၄)လုံးဖောက်ခွဲ တိုက်ခိုက်ခဲ့၍ ပြင်းထန်ဒဏ်ရာရသည့် စကစတပ်များ အယောက်၂၀ထပ်မံသေဆုံးခဲ့ပါတယ်လို့မတ်လ ၁၆ရက်မှာ စဉ့်ကူး .က. က စစ်ရေးသတင်းကို အသိပေးဖော်ပြပါတယ်။


"မတ်လ၁၁ရက်မှ ၁၄ ရက်အထိ သပိတ်ကျင်းမြို့နယ်၊ ငတတ်အိုင်ရွာနှင့် စဉ့်ကူးမြို့နယ်၊ ချောင်းသလဲရွာကြားတွင် ကျွန်ုပ်တို့ပူးပေါင်းအဖွဲ့များသည် စကစတပ်များအား မိုင်းအလုံးပေါင်း(၅၄)လုံး၊ M9 ၄လုံး၊ 79( ) လုံး ၆၀ မမ()လုံး၊ ရှော့တိုက်ဒုံး()လုံးတို့အသုံးပြု တိုက်ခိုက်ခဲ့ပါတယ်"လို့ဆိုပါတယ်။


၎င်းတိုက်ပွဲတွင် စကစတပ်က()ဦးချက်ချင်း သေဆုံးပြီး၊ (၃၀)ပြင်းထန်ဒဏ်ရာရခဲ့ပါတယ်။ နောက် ဆက်တွဲသတင်းအရ စကစတပ်က(၂၀)ဦးထပ်မံသေဆုံးခဲ့ပါတယ်။


ပူးပေါင်းအဖွဲ့များ ရှင်းလင်းရေးဝင်ရာတွင် စကစများ၏ ကျည်ကာဦးထုပ်တစ်လုံး၊ တဘက်တထည်၊ ၆၀မမ ဒလက်လေးခု၊ ၄၀မမကျည်ခွံနှစ်ခု၊ Padingကျည်တစ်ခုတို့ သိမ်းဆည်းရမိခဲ့ပါတယ်။


========================


📌📌 ၉။ ကျောင်းသားရဲဘော်များအတွက် "ခွပ်ဒေါင်းရဲ့မောင်းပြန်" သိန်း၃၀၀ Campaign စတင်


ကျောင်းသားရဲဘော်များအတွက် "ခွပ်ဒေါင်းရဲ့မောင်းပြန်" သိန်း၃၀၀ Campaign စတင်လိုက်ပါတယ်။ မတ်လ ၁၆ ရက်မှာ ရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂက အသိပေးဖော်ပြဆိုပါတယ်။


"ခေတ်အဆက်ဆက် ကျောင်းသားတွေဟာ စစ်အာဏာရှင် အဆက်ဆက်ကို ရှေ့တန်းကနေ ဦးဆောင် တော်လှန်ခဲ့ကျသလို ယခုနွေဦးတော်လှန်ရေးမှာလည်း ကျွန်တော်တို့ ကျောင်းသားတွေဟာ ကဏ္ဍစုံ၊ နေရာစုံကနေ ပါ၀င်တော်လှန်လျက်ရှိပါတယ်။ ယခုလည်း စစ်ကိုင်းတိုင်းထဲမှာရှိတဲ့ တိုက်ပွဲ၀င်နေကြတဲ့ ကျွန်တော်တို့ရဲ့ ကျောင်းသားရဲဘော်များအတွက် "ခွပ်ဒေါင်းရဲ့မောင်းပြန်" ဆိုတဲ့ သိန်း၃၀၀ Campaign မှာ မိဘပြည်သူများအနေနဲ့ ပါဝင်ကူညီအားဖြည့်ပေးကြဖို့ မေတ္တာရပ်ခံလိုပါတယ်"လို့ဆိုပါတယ်။


မတ်လ ၁၆ ရက်နေ့ကနေ ဧပြီ၁၆ရက်နေ့ထိ တစ်လအတွင်း "ခွပ်ဒေါင်းရဲ့မောင်းပြန်” Campaign မှာ သိန်း၃၀၀ အမြန်ပြည့်ပြီး စစ်ကိုင်းတိုင်း၊ အညာမြေက  ကျောင်းသားရဲဘော်များအတွက်မောင်းပြန်တွေကိုင်နိုင်ဖို့ ထောက်ပို့နိူင်မှာဖြစ်ပါတယ်။


မိဘပြည်သူများအနေနဲ့ "ခွပ်ဒေါင်းရဲ့ မောင်းပြန်" ကမ်ပိန်းကိုရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ  Page Messanger သို့လာရောက်ပြီး ပါဝင်လှူဒါန်းလို့ရမှာဖြစ်ပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။







#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment