၂၀၂၃ မတ်လ ၁၈ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ပတ်သက်တဲ့ အရေးကိစ္စတွေမှာ လစ်ဟာအားနည်းမှုတွေ မဖြစ်အောင် သတိကြီးစွာထားဖို့ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းဆို
📌 ၂။ နိုင်ငံတကာ အစိုးရမဟုတ်သောအဖွဲ့စည်းများအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ၏ ထိန်းချုပ်နယ်မြေများအတွင်း စစ်တမ်းကောက်ယူခြင်း၊ ဖြတ်သန်းသွားလာခြင်းတို့ကို အသိပေးအကြောင်းကြားရန် ပြည်ထဲရေး ဝန်ကြီးထုတ်ပြန်
📌 ၃။ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီနှင့်စစ်ကိုင်းတိုင်း၊ မကွေးတိုင်းပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေး
📌 ၄။ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနမှ ပြည်သူ့ဝန်ထမ်း CDMer များနှင့် တွေ့ဆုံ
📌 ၅။ အသက်မွေး၀မ်းကြောင်းသင်တန်းတွင်သင်တန်းဆရာများနှင့်သင်ထောက်ကူပစ္စည်းများ ထောက်ပံ့ပေးတဲ့အဖွဲ့များကို အထူးကျေးဇူးတင်တယ်လို့ ပြည်ထောင်စုဝန်ကြီးနော်စူဆန်နာလှလှစိုးဆို
📌 ၆။ Shadow(ထုတ်လုပ်ရေးနှင့်လက်နက်ကြီးတပ်ဖွဲ့)မှ ၈၁မမ စိန်ပြောင်ကျည်(Aluminum)ကို စစ်သုံးယမ်းစနစ်ဖြင့် အောင်မြင်စွာ စမ်းသပ်ပစ်ခတ်နိူင်
📌 ၇။ မကွေးတိုင်း ပေါက်မြို့နယ်ကို စကစတပ်များ စစ်ရေးအရှိန်တိုးမြင့်လျက်ရှိတယ်လို့ ပေါက်တောင်ပိုင်းကျန်းမာရေးနှင့် သူနာပြုတပ်ဖွဲ့ကအသိပေး
📌 ၈။ ခင်ဦးမြို့နယ်မှာ စကစတပ်နဲ့ကာကွယ်ရေးတပ်များတိုက်ပွဲ ဖြစ်ပွား
📌 ၉။ ကြာအင်းဆိပ်ကြီးမြို ၊ သံပုရာအုပ်စု၊ မကျည်းကလပ်ကျေးရွာ- ကော့ကမာကျေးရွာကြား ကျူးကျော်ဝင်ရောက်လာသော စကစတပ်စစ်ကြောင်းကို KNU/KNLA ၊ PDF ပူးပေါင်းစစ်ကြောင်းများတိုက်ခိုက်၍ စစ်ကောင်စီဖက်မှ (၄၀)ကျော်ခန့် ကျဆုံး
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ပတ်သက်တဲ့ အရေးကိစ္စတွေမှာ လစ်ဟာအားနည်းမှုတွေ မဖြစ်အောင် သတိကြီးစွာထားဖို့ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းဆို
လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ပတ်သက်တဲ့ အရေးကိစ္စတွေမှာ လစ်ဟာအားနည်းမှုတွေ မဖြစ်အောင် သတိကြီးစွာထားဖို့ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက မတ်လအတွင်းကျင်းပတဲ့ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအစည်းအဝေးမှာ ဆိုပါတယ်။
"ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ၂၀၂၃ ခုနှစ်ကို တော်လှန်ရေးအတွက် အရေးပါတဲ့ အလှည့်အပြောင်းကာလအဖြစ် ဆောင်ရွက်နေကြတာကို အားလုံးအသိဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်ကြရာမှာ ပြည်တွင်းအားကို အဓိကအခြေပြုပြီး မဟာမိတ်အင်အားစုတွေနဲ့ ထိတွေ့ညှိနှိုင်းဆက်ဆံခြင်း၊ ပြည်သူ့ထောက်ခံမှုနဲ့ စိတ်ဓာတ်အင်အားတွေကို မပြတ်မြှင့်တင်ခြင်းတွေကို စဉ်ဆက်မပြတ် လုပ်ဆောင်နေရမှာ ဖြစ်ပါတယ်။ တပြည်လုံးအနှံ့ ပါဝင်တဲ့ တော်လှန်ရေးကာလ ဖြစ်တာကြောင့် စီမံဆောင်ရွက်ကြရာမှာ လစ်ဟာမှုတွေရှိနိုင်သော်လည်း လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ပတ်သက်တဲ့ အရေးကိစ္စတွေမှာတော့ လစ်ဟာအားနည်းမှုတွေ မဖြစ်ရအောင် သတိကြီးစွာထားရမှာ ဖြစ်ပါတယ်"လို့ဆိုပါတယ်။
ဒါ့အပြင် ကာကွယ်ရေးနှင့် လုံခြုံရေးကဏ္ဍ၊ အခွန်ကောက်ခံမှုကဏ္ဍနဲ့ ပြည်သူ့ဝန်ဆောင်မှု ကဏ္ဍ(၃)ရပ်လုံးမှာ ဟန်ချက်ညီဖို့ အုပ်ချုပ်ရေး တာဝန်ယူထားသူတွေ စည်းရုံးရေးနဲ့ ခေါင်းဆောင်မှုစွမ်းရည်တွေကို ပေါင်းစပ်အသုံးချပြီး ထိန်းကျောင်းရမှာ ဖြစ်တယ်လို့ဝန်ကြီးချုပ်ကဆိုပါတယ်။
========================
📌📌 ၂။ နိုင်ငံတကာ အစိုးရမဟုတ်သောအဖွဲ့စည်းများအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ၏ ထိန်းချုပ်နယ်မြေများအတွင်း စစ်တမ်းကောက်ယူခြင်း၊ ဖြတ်သန်းသွားလာခြင်းတို့ကို အသိပေးအကြောင်းကြားရန် ပြည်ထဲရေး ဝန်ကြီးထုတ်ပြန်
နိုင်ငံတကာ အစိုးရမဟုတ်သောအဖွဲ့စည်းများအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ၏ ထိန်းချုပ်နယ် မြေများအတွင်း စစ်တမ်းကောက်ယူခြင်း၊ ဖြတ်သန်းသွားလာခြင်းတို့ကို အသိပေးအကြောင်းကြားရန် ပြည်ထဲရေး ဝန်ကြီးဦးလွင်ကိုလတ်က ထုတ်ပြန်လိုက်ပါတယ်။ မတ်လ ၁၇ ရက်မှာ အမိန့်ကြေညာစာမှတ် (၈/၂၀၂၃)ကို ထုတ်ပြန်ခဲ့ပါတယ်။ ထုတ်ပြန်ချက်အရ အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီ၏ လူမဆန်စွာ ရက်စက်ကြမ်းကြုတ်ယုတ်မာမီးရှို့သတ်ဖြတ်မှုများကြောင့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များစွာ ဆုံးရှုံးနစ်နာနေရသည်မှာ ကမ္ဘာအသိဖြစ်ပါတယ်။ ထို့အတွက် မြန်မာပြည်သူလူထုသည် လူသားချင်းစာနာ ကူညီမှုများ များစွာ လိုအပ်လျက်ရှိပါတယ်လို့ဖော်ပြပါတယ်။
အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီကြောင့် ဒုက္ခရောက်နေကြရသည့် ပြည်သူလူထု၏ နစ်နာဆုံးရှုံးမှုများကို အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် အတတ်နိုင်ဆုံး လူသားစာနာမှုအကူအညီများ ဆောင်ရွက်ပေးလျက်ရှိနေပါတယ်။ နိုင်ငံတကာအဖွဲ့အစည်းများ အနေဖြင့်လည်း အမျိုးသားညီညွတ်ရေးအစိုးရနှင့် လက်တွဲ၍ ဝိုင်းဝန်ကူညီပေးကြပါရန်လည်း တိုက်တွန်းအပ်ပါတယ်လို့ဆိုပါတယ်။
ဒါ့အပြင်အမှန်စင်စစ် အကူအညီလိုအပ်နေသော ပြည်သူလူထုထံသို့ လူသားချင်းစာနာကူညီပေးမှုများ ထိထိရောက်ရောက် ပံ့ပိုးနိုင်ရန်၊ ပေါင်းစပ်ညှိနှိုင်းမှုများ ဆောင်ရွက်နိုင်ရန်နှင့် တော်လှန်ရေးကာလဖြစ်သည့်အတွက် လုံခြုံရေးဝန်ဆောင်မှုများ ပံ့ပိုးပေးနိုင်ရန် အလို့ငှာ ပြည်တွင်းအစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် နိုင်ငံတကာ အစိုးရမဟုတ်သောအဖွဲ့စည်းများအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ၏ ထိန်းချုပ်နယ် မြေများအတွင်း စစ်တမ်းကောက်ယူခြင်း၊ ဖြတ်သန်းသွားလာခြင်းနှင့် စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ခြင်းတို့အတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ သက်ဆိုင်ရာဝန်ကြီးဌာနများသို့ ကြိုတင်အသိပေးအကြောင်းကြားပြီးမှသာ ဆောင်ရွက်သွားရန် လေးနက်စွာ အသိပေးအပ်ပါတယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။
========================
📌📌 ၃။ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီနှင့်စစ်ကိုင်းတိုင်း၊ မကွေးတိုင်းပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေး
ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ နှင့်စစ်ကိုင်းတိုင်း၊ မကွေးတိုင်းပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ မတ်လ ၁၇ ရက်အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ အစည်းအဝေး (၁၁/၂၀၂၃)ကို ကျင်းပခဲ့ပါတယ်။ အစည်းအဝေးကို ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အဖွဲ့ဝင်၊ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နိုင်ထွန်းဖေ(ခ)နိုင်သုဝဏ္ဏမှ အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသော ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီ၊ အတွင်းရေးမှူး အဖွဲ့ဝင်များဖြစ်သည့် ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ခူးထဲဘူး၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့်ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းဇေယျာဦး၊ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်နီတို့မှ အမှာစကားအသီးသီးပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး ပခုက္ကူခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ မှ ခရိုင်အတွင်း နယ်မြေကွင်းဆင်းစစ်ဆေးမှုများအပေါ် လုပ်ငန်းဆောင်ရွက်မှုများ၊အကြံပြုချက်၊ သုံးသပ်ချက်များကို ချပြရှင်းလင်းပြောကြားခဲ့ပြီး၊ အမျိုးသမီး၊လူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာန၊ တာဝန်ရှိသူမှ Survival Posters နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီးနောက် စစ်ကိုင်းတိုင်း၊ မကွေးတိုင်းရှိ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များမှ မြေပြင်ကြုံတွေ့နေရသည့် အခက်အခဲများနှင့် သိရှိလိုသည်များကို ဆွေးနွေးခဲ့ကြပါတယ်။
အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများ၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင်များ၊ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၄။ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနမှ ပြည်သူ့ဝန်ထမ်း CDMer များနှင့် တွေ့ဆုံ
ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနမှ ပြည်သူ့ဝန်ထမ်း CDMer များနှင့် တွေ့ဆုံခဲ့ပါတယ်။ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် စိတ်လူမှုထောက်ပံ့ရေးအဖွဲ့(Psychosocial Support Taskforce-PSSTF)ပူးပေါင်း၍ ပြည်သူ့ဝန်ထမ်း CDMer များနှင့်တွေ့ဆုံ၍ စိတ်ခွန်အားပေးတွေ့ဆုံပွဲ အခမ်းအနားကို မတ်လ ၁၆ ရက်နေ့၊ ည (၇:၀၀)နာရီအချိန်ကျင်းပခဲ့ပါတယ်။ အခမ်းအနားတွင် ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ခူးထဲဘူးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်မှ နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး ဒေါက်တာဖြိုးသီဟမှ စိတ်ခွန်အားဖြည့် ဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပြီး၊ စိတ်လူမှုထောက်ပံ့ရေးအဖွဲ့ (Psychosocial Support Taskforce-PSSTF)မှ ကဗျာနှင့် သီချင်းရွတ်ဆိုခြင်း၊ စိတ်ခွန်အားပေး ဆွေးနွေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ပြီး တက်ရောက်လာကြသော CDMerများမှ သိရှိလိုသည်များကို မေးမြန်းကြကာ စိတ်လူမှုထောက်ပံ့ရေးအဖွဲ့၏ တာဝန်ရှိသူများက ပြန်လည် ဖြေကြားခဲ့ကြပါတယ်။
အခမ်းအနားသို့ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ CDMerများ၊ စိတ်လူမှုထောက်ပံ့ရေးအဖွဲ့များမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၅။ အသက်မွေး၀မ်းကြောင်းသင်တန်းတွင်သင်တန်းဆရာများနှင့်သင်ထောက်ကူပစ္စည်းများ ထောက်ပံ့ပေးတဲ့အဖွဲ့များကို အထူးကျေးဇူးတင်တယ်လို့ ပြည်ထောင်စုဝန်ကြီးနော်စူဆန်နာလှလှစိုးဆို
အသက်မွေး၀မ်းကြောင်းသင်တန်းတွင်သင်တန်းဆရာများနှင့်သင်ထောက်ကူပစ္စည်းများထောက်ပံ့ပေးတဲ့အဖွဲ့များကို အထူးကျေးဇူးတင်တယ်လို့ ပြည်ထောင်စုဝန်ကြီးနော်စူဆန်နာလှလှစိုးက မတ်လ၁၇ရက်က လူမှုကွန်ရက်မှာ အသိပေးဆိုထားပါတယ်။
"အမျိုးသားညီညွတ်ရေးအစိုးရ အမျိုးသမီး ၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ ၀န်ကြီးဌာနမှ ပြုလုပ်သော အသက်မွေး၀မ်းကြောင်းသင်တန်းကို သင်တန်းသူ (၁၅ ) ဦးမှ အောင်မြင်စွာတက်ရောက်ခဲ့ပါတယ်။ ကရင်အမျိုးသမီးအစည်းအရုံးအဖွဲ့၀င်များနှင့်ဒေသခံ ကျောင်းသူများမှတက်ရောက်ခဲ့ပြီး မိမိတို့ဒေသအတွက် ပြန်လည် သင်ကြားပေးမည်ဟုသိရသည်။ သင်တန်းဆရာများနှင့် သင်တန်း သင်ထောက်ကူပစ္စည်းများ ထောက်ပံ့ပေးေသော HAM အဖွဲ့နှင့် သင်တန်းနေရာစီစဥ်ပေးသော ကရင်အမျိုးသမီးအစည်းအရုံး KWO အားအထူးကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါတယ်"လို့ဆိုထားပါတယ်။
သင်တန်းတွင်သင်ကြားပို့ချသော ပညာရပ်များမှာ-Eco Printings
- တချောင်ထိုး
- အပ်ထိုး Needle Punching တို့ဖြစ်ပါတယ်။
========================
📌📌 ၆။ Shadow(ထုတ်လုပ်ရေးနှင့်လက်နက်ကြီးတပ်ဖွဲ့)မှ ၈၁မမ စိန်ပြောင်ကျည်(Aluminum)ကို စစ်သုံးယမ်းစနစ်ဖြင့် အောင်မြင်စွာ စမ်းသပ်ပစ်ခတ်နိူင်
Shadow(ထုတ်လုပ်ရေးနှင့်လက်နက်ကြီးတပ်ဖွဲ့)မှ၈၁မမ စိန်ပြောင်ကျည်(Aluminum)ကို စစ်သုံးယမ်းစနစ်ဖြင့် အောင်မြင်စွာ စမ်းသပ်ပစ်ခတ်နိူင်ခဲ့တယ်လို့ မတ်လတွင်းမှာ Shadow(ထုတ်လုပ်ရေးနှင့်လက်နက်ကြီးတပ်ဖွဲ့)ကအသိပေးဆိုထားပါတယ်။
"ကျနော်တို့ Shadow(ထုတ်လုပ်ရေးနှင့်လက်နက်ကြီးတပ်ဖွဲ့)မှ လက်နက်ကြီးများကို ကိုယ်တိုင်ထုတ်လုပ်ပြီး ၂၀၂၁ ခုနှစ် ၆လပိုင်းကတည်းက အသုံးပြုတိုက်ပွဲဝင်ခဲ့ပါတယ်။ ယခုအချိန်တွင် တော်လှန်ရေးကာလ ကြာမြင့်ခဲ့ပြီဖြစ်သည့်အားလျော်စွာ အရည်ကျိုမိုလောင်းစနစ်ဖြင့် ထုတ်လုပ်ရေးပိုင်းမှ အရည်သွေးမြှင့်ထုတ်လုပ် ဖန်တီးနိုင်ခဲ့သည့် ၈၁မမ စိန်ပြောင်းကျည်(Aluminum)ကို စစ်သုံးယမ်းစနစ်ဖြင့် အောင်မြင်စွာ စမ်းသပ်ပစ်ခတ်နိုင်ခဲ့ပြီ ဖြစ်ပါတယ်"လို့ဆိုပါတယ်။
Shadow(ထုတ်လုပ်ရေးနှင့်လက်နက်ကြီးတပ်ဖွဲ့)ဟာ ၂၀၂၂ ခုနီစ်ကုန်အထိ ၆၀မမ နှင့် ၈၀မမ စိန်ပြောင်းကျည် ၇၀၀ကျော် ထုတ်လုပ်နိုင်ခဲ့ပြီး တိုက်ပွဲပေါင်း ၄၀ကျော် လက်နက်ကြီးပစ်ကူအဖြစ် ကနီ ယင်းမာပင် မင်းကင်းနယ်များတွင် မဟာမိတ်များနှင့်အတူ ပူးပေါင်းဆင်နွှဲခဲ့ပါတယ်။
========================
📌📌 ၇။ မကွေးတိုင်း ပေါက်မြို့နယ်ကို စကစတပ်များ စစ်ရေးအရှိန်တိုးမြင့်လျက်ရှိတယ်လို့ ပေါက်တောင်ပိုင်းကျန်းမာရေးနှင့် သူနာပြုတပ်ဖွဲ့ကအသိပေး
မကွေးတိုင်း ပေါက်မြို့နယ်ကို စကစတပ်များ စစ်ရေးအရှိန်တိုးမြင့်လျက်ရှိတယ်လို့ ပေါက်တောင်ပိုင်းကျန်းမာရေးနှင့် သူနာပြုတပ်ဖွဲ့က မတ်လ ၁၇ရက်မှာ အသိပေးဆိုပါတယ်။
"ပေါက်တောင်ပိုင်းကျန်းမာရေးနှင့် သူနာပြုတပ်ဖွဲ့အနေဖြင့် ပြည်သူ့ကျန်းမာရေး၊ စစ်မြေပြင်သူနာပြုနှင့် ဒေသတွင်းလုံခြုံရေးဌာန(၃)ခုဖြင့် လည်ပတ်လျက်ရှိရာ ယခုအခါတွင် ပွင့်လင်းရာသီဖြစ်လာသည်နှင့်အညီ မိမိတို့ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုများမှ တိုက်ပွဲဖော်ဆောင်မှုနှင့် ရန်သူ စကစ အကြမ်းဖက်များမှ ထိုးစစ်ဆင်ဝင်ရောက်တိုက်ခိုက်လာမှု၊ စစ်ရေးအရှိန်တိုးမြင့်လျက်ရှိပြီး မိမိတို့ပေါက်တောင်ပိုင်းကျန်းမာရေးနှင့် သူနာပြုတပ်ဖွဲ့ လုံခြုံရေးတပ်ခွဲမှလည်း ဒေသအတွင်းကာကွယ်ရေးမဟာမိတ်များနှင့် ပူးပေါင်းတိုက်ပွဲဝင်လျက်ရှိပါတယ်"လို့ဆိုပါတယ်။
စစ်မြေပြင်သူနာပြုတပ်ဖွဲ့မှလည်း အရေးပေါ်ကယ်ဆယ်ကုသရေးများကို အချိန်နှင့်တပြေးညီဆောင်ရွက်ပြုစု ကုသပေးလျက်ရှိပြီး အခြေစိုက်ရာဒေသနှင့် ထိစပ်နယ်မြေအနီးတဝိုက်တွင်လည်းပဲ အခြေခံပြည်သူ့ကျန်းမာရေးကိုCDMဆရာ/ဆရာမများ၊ Volumteerများနှင့် OPD/Sub Center (၅)ခု၊ RHC တစ်ခုဖြင့် ဖွင့်လှစ်ကာ မြို့နယ် Medical Teamနှင့် ချိတ်ဆက်ပြီး စနစ်တကျလည်ပတ်ဆောင်ရွက်လျက်ရှိပါတယ်။
========================
📌📌 ၈။ ခင်ဦးမြို့နယ်မှာ စကစတပ်နဲ့ကာကွယ်ရေးတပ်များတိုက်ပွဲ ဖြစ်ပွား
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ စကစတပ်နဲ့ကာကွယ်ရေးတပ်များတိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ မတ်လ၁၇ရက်မှာ KhinU Special force Organization KSOက စစ်ရေးသတင်းကို အသိပေးဆိုပါတယ်။
"မတ်လ ၁၇ ရက် မနက် ၇ နာရီခွဲ ဝန်းကျင်အချိန် ခင်ဦးမြို့နယ် အနောက်ခြမ်း ရေဦးမြို့နှင့် ၂မိုင် အကွာတွင် ရှိသည့် အင်းပတ်ကွေ့ဈေးတန်း အထိုင်ချ စကစတပ်များနှင့် ရွာသစ်ကုန်းပျူ ၄၀ ခန့်သည် ရေဦး-ညောင်ပင်ကြီးစု ကားလမ်း အရှေ့ဘက်ရှိ အင်းပတ်ကျေးရွာ၏ အနောက်တောလမ်းတစ်လျှောက်မှ ညောင်ပင်ခြံကျေးရွာ နှင့် ဆည်ကြီးကျေးရွာတို့အတွင်း လက်နက်ကြီးငယ် ပစ်ခတ်ဝင်ရောက်ခဲ့ပြီး ပြည်သူပိုင်ပစ္စည်းများ ခိုးယူဆောင်၍ အောင်ချမ်းသာ(ခ)ချမ်းသာကုန်းကျေးရွာဘက်မှ နံနက်၉နာရီဝန်းကျင်တွင် လက်နက်ကြီးငယ်များ ပစ်ခတ်၍ အင်းပတ်ကွေ့ဈေးတန်းသို့ ပြန်လာခဲ့တယ်"လို့ဆိုပါတယ်။
၄င်းနောက် ၉ နာရီ ၀၄ မိနစ်အချိန် DY-1မူးဘောင် အရှေ့ဘက် နှင့် အနောက်ဘက် မီတာ-၂၀၀အကွာ ချမ်းသာကုန်းကျေးရွာထိပ်တွင် ကျွန်ုပ်တို့ KDKနှင့် KSOတပ်ဖွဲ့၊ မြို့နယ်ပကဖ၊ မြို့နယ်တပ်ရင်း နှင့် အခြားသော မဟာမိတ်LDFများ ပူးပေါင်း၍ ၎င်းတို့ဘက်မှ ရှေ့ပြေးကင်းတက်လာသော လေးဦး နှင့် အပြန်အလှန်ပစ်ခတ်မှု ၁၀မိနစ်ဝန်းကျင် ဖြစ်ခဲ့ကာ ၂ဦးပွဲချင်းပြီးသေဆုံးခဲ့တယ်လို့ဆိုပါတယ်။
နောက်ချန် စကစတပ်များမှ ၄၀မမ များ နှင့် လက်နက်ငယ်များ ရမ်းသမ်းပစ်ခတ်ခဲ့ပြီး ရေဦးမြို့ တိုင်းရင်းဆေးရုံမှ ၈၀ မမများဖြင့် လက်နက်ကြီးပစ်ကူ ပေးခဲ့ပေမယ့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲဘော်များအားလုံး အထိအခိုက်လုံးဝမရှိဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့သတင်းရရှိပါတယ်။
========================
📌📌 ၉။ ကြာအင်းဆိပ်ကြီးမြို ၊ သံပုရာအုပ်စု၊ မကျည်းကလပ်ကျေးရွာ- ကော့ကမာကျေးရွာကြား ကျူးကျော်ဝင်ရောက်လာသော စကစတပ်စစ်ကြောင်းကို KNU/KNLA ၊ PDF ပူးပေါင်းစစ်ကြောင်းများတိုက်ခိုက်၍ စစ်ကောင်စီဖက်မှ (၄၀)ကျော်ခန့် ကျဆုံး
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို ၊ သံပုရာအုပ်စု၊ မကျည်းကလပ်ကျေးရွာ- ကော့ကမာကျေးရွာကြား ကျူးကျော်ဝင်ရောက်လာသော စကစတပ်စစ်ကြောင်းကို KNU/KNLA ၊ PDF ပူးပေါင်းစစ်ကြောင်းများတိုက်ခိုက်၍ စစ်ကောင်စီဖက်မှ (၄၀) ကျော်ခန့် ကျဆုံးခဲ့ပါတယ်။ မတ်လ ၁၇ ရက် စစ်ရေးသတင်းကို Lion Battalion Commando Special Force စစ်ကြောင်းကအသိပေးဖော်ပြပါတယ်။
"ကရင်ပြည်နယ်၊ ဒူးပလာယာခရိုင်၊ ကြာအင်းဆိပ်ကြီးမြို ၊ သံပုရာအုပ်စု၊ မကျည်းကလပ်ကျေးရွာ- ကော့ကမာကျေးရွာကြား၌မတ်လ ၁၅ ရက်(၁၆:၁၅) မိနစ်အချိန်တွင် အကြမ်းဖက်စစ်ကောင်စီ၏ ရတခတိုင်းလက်အောက်ခံ တပ်ရင်း/တပ်မများ ၊ ၅၅၇၊ ၂၀၈၊ ၂၀၉ (BE မိုင်းရှင်းလင်းရေးတပ်)မှ စစ်ကောင်စီတပ်ဖွဲ့ဝင် ဒုဗိုလ်မှူးကြီး ကျော်ဇေယျ ဦးဆောင်သော အင်အား (၂၀၀) ဝန်းကျင်ခန့်သည် နယ်မြေကျူးကျော် ဝင်ရောက်လာရာ နယ်မြေလုံခြုံရေးယူထားသော Lion Battalion Commando Special Force စစ်ကြောင်း၊ KNU/KNLA ၊ PDF ပူးပေါင်းစစ်ကြောင်းများ၊ ARMS (Army Representing Myanmar Society) Drone တပ်ဖွဲ့၊ SDDF (Saw Dragon Drone Force) တပ်ဖွဲ့တို့မှ အသင့်စောင့်ကြို၍ တိုက်ခိုက်ခဲ့ပါတယ်"လို့ဆိုပါတယ်။
ထိတွေ့တိုက်ပွဲမှာ စစ်ကောင်စီဖက်မှ (၄၀)ကျော်ခန့် ကျဆုံးပြီး ဒဏ်ရာရသူ (၃၀)ကျော်ခန့်ဖြင့် ကစဉ့်ကလျားထွက်ခွာသွားခဲ့ပြီး မြစ်၊ချောင်းများအတွင်းစကစတပ်အလောင်းများအား စွန့်ပစ်ခဲ့တယ်လို့ဆိုပါတယ်။ တိုက်ပွဲစတင်ဖြစ်ပွားချိန် (၁၆:၁၅) မိနစ်မှ (၁၈:၃၀) မိနစ်အတွင်း ပူးပေါင်းအဖွဲ့မှ ရဲဘော်များအထိအခိုက်မရှိ အောင်မြင်စွာတိုက်ခိုက်နိုင်ခဲ့ပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment