22nd MAR 2023 - Evening Daily News by Radio NUG



၂၀၂၃ မတ်လ ၂၂ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ စစ်အုပ်စုက ကရင်နီနဲ့ ပအိုဝ်းလူထုအကြား သွေးခွဲ ပြီး လူမျိုးအချင်းချင်းကြားမှာ လူမျိုးရေးပဋိပက္ခဖြစ်လာအောင် ဖန်တီးနေတယ်လို့ ယာယီသမ္မတ သတိပေးပြောကြား

📌 ၂။ မြေပြင်သပိတ်အင်အားကြောင့် အကြမ်းဖက်စစ်ကောင်စီကို ခြိမ်းခြောက်နိုင်မှုကို တွေ့ရှိရတယ်လို့ဆို

📌 ၃။ မြန်မာအရေး စိုးရိမ်ပူပန်တာတွေနဲ့ မလုံလောက်တော့ဘဲ နိူင်ငံတကာ ပိတ်ဆို့အရေးယူမှု တွေနဲ့ ဒီမိုကရေစီအင်အားစုကို အားပေးထောက်ခံမှုတွေ လိုအပ်တယ်လို့ဆို

📌 ၄။ မုံရွာမြို့ပေါ် ဇောတိကဘုန်းကြီးကျောင်းအနီး ကျောက္ကာလမ်းနှင့် ရန်ကင်းလမ်းအချိုးနေရာတွင် ရဲမှူးချုပ်စီးလာသော Toyota Alphard အနက်ရောင်ကားမိုင်းတည့်တည့်ထိမှန်

📌 ၅။ Myingyan Black Tiger(MBT) စခန်းအမှတ် () ကိုစကစတပ်များဝင်ရောက်စီးနင်း၍လက်လုပ်ပခုံးထမ်းလောင်ချာ နှစ်လက်နဲ့လက်လုပ် (RPG)တစ်လက်အပါအဝင်လက်နက်ခဲယမ်းများဆုံးရှုံး

📌 ၆။ Radio NUGကို အင်တာနက်မရတဲ့ တောင်ပိုင်းစစ်ဒေသတွင်းမှာ ဖမ်းယူနားဆင်ရရှိတယ်လို့ PDF ရဲဘော်အချို့ သတင်းပို့

📌 ၇။ ဆန်ဖရန်ဘေးဧရိယာ နွေဦးလက်ဖက်ရည်ဝိုင်းက အစားအစာ ၅၅ မျိုးအထိ ရောင်းချလှူဒါန်းသွားမယ်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ စစ်အုပ်စုက ကရင်နီနဲ့ ပအိုဝ်းလူထုအကြား သွေးခွဲ ပြီး လူမျိုးအချင်းချင်းကြားမှာ လူမျိုးရေးပဋိပက္ခဖြစ်လာအောင် ဖန်တီးနေတယ်လို့ ယာယီသမ္မတ သတိပေးပြောကြား


မတ်လ၂၂


စစ်အုပ်စုက ကရင်နီနဲ့ ပအိုဝ်းလူထုအကြား သွေးခွဲ ပြီး လူမျိုးအချင်းချင်းကြားမှာ လူမျိုးရေးပဋိပက္ခဖြစ်လာအောင် ဖန်တီးနေတယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလကမတ်လ၂၁ရက် အစိုးရအဖွဲ့အစည်းအဝေးမှာ သတိပေးဆိုပါတယ်။


"ပူးပေါင်းစစ်ဆင်ရေးတွေကတဆင့် ကျနော်တို့ရဲ့ အောင်ပွဲဟာ လက်တကမ်းကို ရောက်လာမှာ မလွဲပါဘူး ခင်ဗျာ။ ဒီလိုအောင်ပွဲကို မရောက်အောင် တားမြစ်နေတဲ့ အခြေအနေတွေကို စစ်ကောင်စီက တစိုက်မတ်မတ် ဖန်တီးနေတာ တွေလည်းရှိနေပါတယ်။ ကရင်နီဒေသမှာဆိုရင် စစ်အုပ်စုက ကရင်နီနဲ့ ပအိုဝ်းလူထုအကြား သွေးခွဲ ပြီး လူမျိုးအချင်းချင်းကြားမှာ လူမျိုးရေးပဋိပက္ခဖြစ်လာအောင် ဖန်တီးနေတာကို တွေ့ရပါတယ်။ ဒီလို အခြအနေတွေကို ကျနော်တို့အားလုံး သတိကြီးကြီးထားပြီး တော်လှန်ရေးရည်မှန်းချက် ရောက်အောင် ခရီးဆက်ကြပါစို့လို့ တိုက်တွန်းလိုပါတယ်"လို့ ဆိုပါတယ်။


အကြမ်းဖက် စကစဟာ စစ်ကိုင်းတိုင်း၊မကွေးတိုင်းနဲ့ကရင်နီ ဒေသတို့မှာအထိနာ ကျရှုံးလျက်ရှိပြီးတော့ လေကြောင်းပစ်ကူများ၊ လက်နက်ကြီးပစ်ကူများ အင်အားအဆမတန်အသုံးပြုတိုက်ခိုက်လျက်ရှိနေပါတယ်။


========================


📌📌 ၂။ မြေပြင်သပိတ်အင်အားကြောင့် အကြမ်းဖက်စစ်ကောင်စီကို ခြိမ်းခြောက်နိုင်မှုကို တွေ့ရှိရတယ်လို့ဆို


မတ်လ၂၂


မြေပြင်သပိတ်အင်အားကြောင့် အကြမ်းဖက်စစ်ကောင်စီကို ခြိမ်းခြောက်နိုင်မှုကိုတွေ့ရှိရတယ်လို့ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက မတ်လ၂၁ ရက် ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနမှ ဦးဆောင်၍ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များနှင့် မြေပြင်သပိတ်အင်အားစုများ နဲ့တွေ့ဆုံပွဲမှာဆိုပါတယ်။


"အဓိက‌အကြောင်းရင်းသည် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်နှင့် တရားမဝင်ရွေးကောက်ပွဲအတွက် ပြည်သူ့‌အားနဲ့ လှုပ်ရှား၍ အကောင်အထည်ဖော်နိုင်ရန် အားလုံး ညီညွတ်စွာ လုပ်ဆောင်နိုင်ရန်အတွက်ဖြစ်ကြောင်း၊ နိုင်ငံတကာမှလည်း မြေပြင်သပိတ်အင်အားကြောင့် အကြမ်းဖက်စစ်ကောင်စီကို ခြိမ်းခြောက်နိုင်မှုကိုတွေ့ရှိပါကြောင်း ပြည်သူ့အားနှင့်စည်းရုံးနိုင်မည့် ဖက်ဒရယ်ပဋိညာဉ်နှင့်ပတ်သက်၍ အနာဂါတ်ဖက်ဒရယ်ဖြစ်စေဆောင်နိုင်မည်ဟုယုံကြည်ပါကြောင်း"ပြောကြားခဲ့ပါတယ်။


ထို့နောက် တက်ရောက်လာကြသော အမျိုးသမီးလူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နော်ဆူဇန်နာလှလှစိုးမှ သပိတ်အင်အားစုနှင့်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့များအားလုံးကို ကျေးဇူးတင်ဂုဏ်ပြုလို သည်မှာ မှတ်တမ်းအရ နေ‌ရာပေါင်း ၅၀ ကျော်တွင်ကမ်ပိန်းလုပ်နိုင်သည့်အတွက် အတော်ပင်ကျေနပ်မှုရှိရပါကြောင်းနှုတ်ခွန်းဆက်စကားပြောကြားခဲ့ပါတယ်။


ဆက်လက်ပြီး တက်ရောက်လာသော မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များနှင့် မြေပြင်သပိတ်အင်အားစုများမှ အပြန်အလှန်မေးမြန်းဆွေးနွေးခဲ့ကြပါတယ်။


========================


📌📌 ၃။ မြန်မာအရေး စိုးရိမ်ပူပန်တာတွေနဲ့ မလုံလောက်တော့ဘဲ နိူင်ငံတကာ ပိတ်ဆို့အရေးယူမှု တွေနဲ့ ဒီမိုကရေစီအင်အားစုကို အားပေးထောက်ခံမှုတွေ လိုအပ်တယ်လို့ဆို


မတ်လ၂၂ ရက်


မြန်မာအရေး စိုးရိမ်ပူပန်တာတွေနဲ့ မလုံလောက်တော့ဘဲ နိူင်ငံတကာ ပိတ်ဆို့အရေးယူမှု တွေနဲ့ ဒီမိုကရေစီအင်အားစုကို အားပေးထောက်ခံမှုတွေ လိုအပ်တယ်လို့လူ့အခွင့်ရေးရာဝန်ကြီး ဦးအောင်မျိုးမင်းက မတ်လအတွင်းတွေ့ဆုံမေးမြန်းခန်းတစ်ခုမှာ ပြောကြားခဲ့ပါတယ်။


"တကယ့် အင်အားကြီးနိုင်ငံဖြစ်တဲ့ အီးယူ၊ ယူကေတို့က သူတို့နယ်မြေနယ်နိမိတ်နဲ့ ပိုန်ီးစပ်တဲ့ ယူကရိန်းအရေးကို ပိုအရေးစိုက်တာ၊ မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်လ်ို့ တကယ် ထိရောက်တာမရှိတဲ့ အာဆီယံရဲ့  (ဘုံသဘောတူညီမှု ငါးချက်) ကိုပဲ အခြေခံပြီး ဆောင်ရွက်တာ၊ အာဆီယံနိုင်ငံထဲမှာရှိတဲ့ တချို့ အိမ်နီး နားချင်းနိုင်ငံတွေက ပြဿနာကို အဖြေရှာဖို့ထက် အကြမ်းဖက်စစ်ကောင်စီနဲ့ ပူးပေါင်းပြီးတော့ အကျိုးမြတ်ရှာချင်တဲ့ စိတ်ထားတွေရှိနေတာ၊ အဲဒါ ကျနော်တို့ရဲ့ အဓိက စိန်ခေါ်မှု ဖြစ်ပါတယ်။ နောက်ပြီး စိုးရိမ်ပူပန်တာတွေကို ကျနော်တို့ လက်ခံတယ်။ ဒါပေမယ့် စိုးရိမ်ပူပန်တာတွေနဲ့ မလုံလောက်ဘူး။ ဒါတွေကို တားဆီးနိုုင်ဖို့အတွက် ပိတ်ဆို့အရေးယူမှု တွေ၊ ဒီမိုကရေစီအင်အားစုကို အားပေးထောက်ခံမှုတွေ လိုပါတယ်"လို့ဝန်ကြီးကဆိုပါတယ်။


လက်ရှိမှာ အကြမ်းဖက်စစ်အုပ်ကို လက်နက်ရောင်းဝယ်ဖောက်ကားမှု ပိတ်ဆို့အရေးယူမှု အထူးလိုအပ်လျက်ရှိပါတယ်။


========================


📌📌 ၄။ မုံရွာမြို့ပေါ် ဇောတိကဘုန်းကြီးကျောင်းအနီး ကျောက္ကာလမ်းနှင့် ရန်ကင်းလမ်းအချိုးနေရာတွင် ရဲမှူးချုပ်စီးလာသော Toyota Alphard အနက်ရောင်ကားမိုင်းတည့်တည့်ထိမှန်


မတ်လ၂၂ ရက်


မတ်လ၂၁ ရက်မှာ စစ်ရေးသတင်းကို Youth Revolution Attack Forceက အခုလိုအသိပေးဆိုပါတယ်။


" Youth Revolution Attack Force သည် ဒဿ ပြောက်ကြားတပ်ဖွဲ့ (Monywa PDF) နှင့် လက်တွဲ၍ မတ်လ၂၀ရက် နံနက်၁၁နာရီတွင်၊ မုံရွာတစ်မြို့လုံး လုံခြုံရေး၊ စစ်ဆေးရေးများ ပက်ပက်ဆက်ဆက် တင်းကျပ်ထားသည့်ကြားမှ မရ ရအောင်မုံရွာမြို့ပေါ် ဇောတိကဘုန်းကြီးကျောင်းအနီး ကျောက္ကာလမ်းနှင့် ရန်ကင်းလမ်းအချိုးနေရာတွင် ပဒေသာမိုင်း လုံးတစ်ခိုင် ခွဲကျွေးရာရဲမှူးချုပ်စီးလာသော Toyota Alphard အနက်ရောင်ကားအား တည့်တည့်ထိပြီး Alphard ကားမှာ နေရာတွင်ပင် မှောက်သွားခဲ့ပါတယ်"လို့ဆိုပါတယ်။


တိုက်ခိုက်မှုတွင် ရဲမှူးချုပ်အပါအဝင် ဦးသေဆုံးခဲ့တယ်လို့ဆိုပါတယ်။


========================


📌📌 ၅။ Myingyan Black Tiger(MBT) စခန်းအမှတ် () ကိုစကစတပ်များဝင်ရောက်စီးနင်း၍လက်လုပ်ပခုံးထမ်းလောင်ချာ နှစ်လက်နဲ့လက်လုပ် (RPG)တစ်လက်အပါအဝင်လက်နက်ခဲယမ်းများဆုံးရှုံး


မတ်လ၂၂ ရက်


မတ်လ၂၂ ရက်မှာ Myingyan Black Tiger(MBT) က အခုလိုအသိပေးဆိုထားပါတယ်။


"မကွေးတိုင်း နှင့် စစ်ကိုင်းတိုင်းတို့တွင် အခြေပြုလှုပ်ရှားနေသည့် ကျွန်တော်တို့ Myingyan Black Tiger(MBT) စခန်းအမှတ် () ကို အာဏာသိမ်းအကြမ်းဖက်စစ်တပ်က စီးနင်းခဲ့ကြောင်း ပြည်သူလူထုကို အသိပေးအပ်ပါတယ်။ အဆိုပါစခန်းအမှတ် ()စီးနင်းခံရမှုတွင် ကျွန်တော်တို့ရဲဘော်များ လွတ်မြောက်ခဲ့ပေမယ့် အမြဲတမ်းအားပြုနေရသည့် လက်လုပ်ပခုံးထမ်းလောင်ချာ နှစ်လက် လက်လုပ် (RPG)တစ်လက်နှင့် ခဲယမ်းများ ဆုံးရှုံးခဲ့ရပါတယ်"လို့ဆိုပါတယ်။


လက်ရှိအချိန်တွင် အာဏာသိမ်းအကြမ်းဖက်စစ်တပ်က ဒေသဝန်းကျင်တွင် ဆက်လက်စစ်ကြောင်းထိုး တိုက်ခိုက်နေတာကြောင့် ခုခံရန်အတွက် လက်နက်ခဲယမ်းများ  လိုအပ်နေပြီဖြစ်၍ ပြည်သူများအနေနဲ့ ဝိုင်းဝန်းကူညီကြဖို့လည်းတိုက်တွန်းထားပါတယ်။


========================


📌📌 ၆။ Radio NUGကို အင်တာနက်မရတဲ့ တောင်ပိုင်းစစ်ဒေသတွင်းမှာ ဖမ်းယူနားဆင်ရရှိတယ်လို့ PDF ရဲဘော်အချို့ သတင်းပို့


မတ်လ ၂၂


Radio NUGကို အင်တာနက်မရတဲ့ တောင်ပိုင်းစစ်ဒေသတွင်းမှာ ဖမ်းယူနားဆင်ရရှိတယ်လို့ မတ်လ၂၂ရက်မှာ တပ်မဟာ၂မှ PDFရဲဘော် တစ်ဦးက Radio NUGကိုပြန်လည်ပြောပြထားပါတယ်။


"တပ်ရင်းက ရဲဘော်တွေက ရေဒီယိုပဲ အားပြုနားထောင်ကြရတာပါ။ ကာကွယ်ရေးဝန်ကြီးရဲ့ ရေဒီယို မိန့်ခွန်းကို အမြဲတမ်းနားထောင်ဖြစ်ပါတယ်။ သတင်းအစီအစဥ်လည်းနားထောင်ဖြစ်ပါတယ်"လို့ဆိုပါတယ်။


"ရဲဘော်တွေက အစိုးရရဲ့ ရှေ့ဆက်လုပ်မယ့်အကြောင်းအရာတွေလည်းသိချင်ကြတယ်။ ရေဒီယိုမှာတော့ အဲဒါတွေပါတာနည်းတယ်"လို့ ကာကွယ်ရေးရဲဘော်တစ်ဦးကဆိုပါတယ်။


Radio NUGအစီအစဥ်တွေကို အင်တာနက်မရရှိသော ဒေသများသို့ သတင်းစီးဆင်းမှုမှန်ကန်စွာ‌ ရောက်ရှိစေရန်ရည်ရွယ်ပြီး ထုတ်လွှင့်‌ပေးနေတာဖြစ်ပါတယ်။


========================


📌📌 ၇။ ဆန်ဖရန်ဘေးဧရိယာ နွေဦးလက်ဖက်ရည်ဝိုင်းက အစားအစာ ၅၅ မျိုးအထိ ရောင်းချလှူဒါန်းသွားမယ်


နွေဦးတော်လှန်ရေး ရန်ပုံငွေအတွက်  ဆန်ဖရန်ဘေးဧရိယာနွေဦးလက်ဖက်ရည်ဝိုင်း မှာ အစားအစာ ၅၅မျိုးအထိပါဝင်ရောင်းချမယ်လို့ သတင်းရရှိပါတယ်။ မတ်လ ၃၀ ရက်နေ့ နာရီအထိ အစားအသောက်အမှာစာများ အွန်လိုင်းကနေ စတင်မှာယူနိူင်ပြီလို့သိရပါတယ်။


"နွေဦးလက်ဖက်ရည်ဝိုင်းရဲ့Preorder အစားအစာများကို အားပေးကြပါဦးအစားအစာများကို March 30 နာရီမှာအရောင်းပိတ်မှာဖြစ်ပါတာ်။ April 2nd မှာ နီးစပ်ရာ မြို့တွေ ဖြစ်တဲ့ ဒေးလီစီးတီး၊ ယူနီယံစီးတီး နဲ့  စတောက်တန်တို့ မှာယူလို့ရပါတယ်"လို့ နွေဦးလက်ဖက်ရည်ဝိုင်းမိသားစုက ဆိုပါတယ်။ လက်ရှိ တိုက်ပွဲပြင်းထန်နေတဲ့ ကရင်နီ ကယားပြည်နယ်နဲ့ အညာဒေသက ဒေသခံ PDFများထံ တိုက်ရိုက်ချိတ်ဆက်ပြီး လှူဒါန်းသွားမယ်လို့ သိရပါတယ်။ 


လစဉ် ပထမ အပတ် Sunday မှာတလတကြိမ် ရောင်းချပြီး တော်လှန်ရေးအတွက် အရင်းကော အမြတ်ပါ ထိထိရောက်ရောက်လှူဒါန်းပေးနေတယ်လို့ သိရပါတယ်။


ယခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment