၂၀၂၃ ဧပြီလ ၂၁ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ လွတ်မြောက် ဧရိယာတွေမှာ လူထုရဲ့ ကျန်းမာရေးနဲ့ ပညာရေးကို ဖြည့်ဆည်းပေးဖို့ ပြန်လည်ထူထောင်ရေးလုပ်ငန်း တွေကို ကြိုးစားလုပ်ဆောင်နေကြတယ်လို့ ယာယီသမ္မတပြောကြား
📌 ၂။ ကဏ္ဍပေါင်းစုံအထိနာနေတဲ့ စစ်ကောင်စီနှင့် ၎င်းကိုထောက်ခံအားပေးနေတဲ့ လူ့အန္တ များဟာ လက်နက်ကိုင် တော်လှန်ရေး တပ်ဖွဲ့ဝင် အချင်းချင်းကြား သွေးခွဲရန်တိုက်နေတယ်လို့ ဝန်ကြီးချုပ်ဆို
📌 ၃။ မြိုင်မြို့နယ်၊ မန်ကျည်းကန်ကျေးရွာကို စကစတပ်ကလေကြောင်းတိုက်ခိုက်မှုမှာ သိန်း (၁၅၀၀) ကျော်ဆုံးရှုံးနစ်နာခဲ့ရ
📌 ၄။ ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်၊ စီသာကျေးရွာ အရပ်သား ဆယ်ဦးကို ဖမ်းဆီးကာ၊ကိုးဦးကို အကြမ်းဖက်စစ်အုပ်စုမှ သတ်ဖြတ်ခဲ့
📌 ၅။ ဆားလင်းကြီးမြို့နယ်၊ ကျားတက် ရဲစခန်းအား ဒရုန်းဖြင့်ဗုံးကြဲချရာ စကစတပ်နဲ့ရဲ၇ဦးထက်မနည်းသေဆုံး
📌 ၆။ လိုင်လင်းပီမြို့ တပ်စခန်းတွင် တာဝန်ထမ်းဆောင်နေသော တပ်သားတစ်ဦး လက်ပစ်ဗုံး (၂)လုံးနဲ့ကျည် (၂၄၄) တောင့်ယူလာပြီးအလင်းဝင်၍ သိန်း၅၀ချီးမြှင့်
📌 ၇။ ''အခြေခံပညာ ပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်း (BECA)'' ပထမအကြိမ် ဖြေဆိုခွင့် ဧပြီလ (၃၀) ရက်နေ့" တွင် ခေတ္တရပ်ဆိုင်းမယ်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ လွတ်မြောက် ဧရိယာတွေမှာ လူထုရဲ့ ကျန်းမာရေးနဲ့ ပညာရေးကို ဖြည့်ဆည်းပေးဖို့ ပြန်လည်ထူထောင်ရေးလုပ်ငန်း တွေကို ကြိုးစားလုပ်ဆောင်နေကြတယ်လို့ ယာယီသမ္မတပြောကြား
ဧပြီ၂၁ရက်
ဧပြီလ ၂၁ ရက် နွေဦးတော်လှန်ရေးကာလ အဆင့်မြင့်ပညာရေးကဏ္ဍ ပထမအကြိမ် ညီလာခံတွင် အမျိုးသားညီညွတ်ရေးအစိုးရ၏ ယာယီသမ္မတ ဒူဝါလရှီးလက အခုလိုထည့်သွင်းပြောကြားခဲ့ပါတယ်။
"အခု နွေဦးတော်လှန်ရေးရဲ့ ခုခံတော်လှန်စစ်မှာ စစ်ရေးအရ စိုးမိုးခုခံနိုင်တဲ့ ဧရိယာ အနှံ့အပြား ပေါ်ထွက်လာနေတာ အားလုံး သိပြီးသားဖြစ်ပါတယ်။ ဒီလို တစ်စိတ်တစ်ပိုင်း လွတ်မြောက် ဧရိယာတွေမှာ လူထုရဲ့ ကျန်းမာရေးနဲ့ ပညာရေးကို ဖြည့်ဆည်းပေးဖို့ ပြန်လည်ထူထောင်ရေးလုပ်ငန်း တွေကို ကြိုးစားလုပ်ဆောင်နေကြပါတယ်။ ဒီလို လုပ်ဆောင်ရာမှာ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ ပူးတွဲလုပ်ဆောင်တာတွေရှိသလို၊ တာဝန်သိပြည်သူအစုအဖွဲ့တွေက ကိုယ့်နည်းကိုယ့်ဟန်နဲ့ ပါဝင်လုပ် ဆောင်နေတာတွေလည်း ရှိပါတယ်။ ဒါတွေကို ကြည့်ခြင်းအားဖြင့် ကျွန်တော်တို့ လူထုဟာ တော်လှန်ရေးကာလမှာလည်း ပညာအားဖြင့် တည်ဆောက်ရေး လုပ်ငန်းတွေကို မျက်ခြေမပြတ်ကြဘူး ဆိုတာ သိသာ ထင်ရှားပါတယ်"လို့ဆိုပါတယ်။
ဒါ့အပြင် နွေဦးတော်လှန်ရေးဟာ ဖက်ဒရယ်ဒီမိုကရေစီတိုင်းပြည် ထူထောင်ပြီး လူထုရဲ့ လွတ်လပ်ခွင့် အတွက် တိုက်ပွဲဝင်တဲ့ တော်လှန်ရေးတစ်ရပ်ဖြစ်တယ်လို့ ယာယီသမ္မတကဆိုပါတယ်။
========================
📌📌 ၂။ ကဏ္ဍပေါင်းစုံအထိနာနေတဲ့ စစ်ကောင်စီနှင့် ၎င်းကိုထောက်ခံအားပေးနေတဲ့ လူ့အန္တ များဟာ လက်နက်ကိုင် တော်လှန်ရေး တပ်ဖွဲ့ဝင် အချင်းချင်းကြား သွေးခွဲရန်တိုက်နေတယ်လို့ ဝန်ကြီးချုပ်ဆို
ဧပြီ၂၁ရက်
ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအစည်းအဝေး အမှတ်စဉ်(၁၆/၂၀၂၃)ကျင်းပရာမှာပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက အခုလိုပြောကြားခဲ့ပါတယ်။
"ကဏ္ဍပေါင်းစုံအထိနာနေသည့် စစ်ကောင်စီနှင့် ၎င်းကိုထောက်ခံအားပေးနေသည့် လူ့အန္တ များသည် လက်နက်ကိုင် တော်လှန်ရေး တပ်ဖွဲ့ဝင် အချင်းချင်းကြား သွေးခွဲရန်တိုက်ခြင်း၊ ဘာသာရေးတစ်ခုနှင့်တစ်ခုကြားပွတ်တိုက်မှုဖြစ်ရန် လုပ်ဆောင်နေသည်ကို သတိမပြတ် စောင့်ကြည့်ရန်နှင့် အချင်းချင်းကြား စည်းလုံးညီညွတ်စွာဖြင့် ဘုံရန်သူကို အမြစ်ပြတ်ချေမှုန်းရန် ပဓာနပြုကြဖို့တိုက်တွန်းလိုကြောင်း၊ စစ်ကောင်စီသည်ပြည်သူကို လူမဆန်စွာ ရက်စက်ကြမ်းကြုတ်မှုတွေနှင့်အတူ တိုင်းပြည်ကို ပိတ်ဆို့ထားပြီး အဘက်ဘက်က နစ်မွန်းနေသည့်အခြေအနေကြား၌ အချိန်ကိုဆွဲဆန့်ကာ အုပ်ချုပ်ရန်ကြံရွယ်နေပါကြောင်း"ဆိုပါတယ်။
ဆက်လက်ပြီး တက်ရောက်လာကြသော ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟို ကော်မတီအဖွဲ့ဝင်များမှ (၁၅/၂၀၂၃)တွင်ချမှတ်ထားသော ဆုံးဖြတ်ချက်၊ ရှေ့လုပ်ငန်းစဥ်များနှင့်ပတ်သက်၍ ပြီးစီးမှု အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိနေသည့် လုပ်ငန်းစဥ်များကို ချပြရှင်းလင်းပြီး တက်ရောက်လာသောတာဝန်ရှိသူများမှ အကျယ်တဝင့်ဆွေးနွေးခဲ့ကြပါတယ်။
အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းဦးဆောင်ကာ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယပြည်ထောင်စုဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပါတယ်။
========================
📌📌 ၃။ မြိုင်မြို့နယ်၊ မန်ကျည်းကန်ကျေးရွာကို စကစတပ်ကလေကြောင်းတိုက်ခိုက်မှုမှာ သိန်း (၁၅၀၀) ကျော်ဆုံးရှုံးနစ်နာခဲ့ရ
ဧပြီ၂၁
မြိုင်မြို့နယ်၊ မန်ကျည်းကန်ကျေးရွာကို စကစတပ်ကလေကြောင်းတိုက်ခိုက်မှုမှာ သိန်း (၁၅၀၀) ကျော်ဆုံးရှုံးနစ်နာခဲ့တယ်လို့ ဧပြီ၂၁ရက်မှာ မြိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကအသိပေးဆိုပါတယ်။
"ဧပြီ၁၈ ရက်နေ့ နံနက်ဆယ်နာရီခွဲခန့်တွင်မြိုင်မြို့နယ်၊ မန်ကျည်းကန်ကျေးရွာသို့ စစ်ကောင်စီမှ MI-35တိုက်ခိုက်ရေးလေယာဉ်နှစ်စီးဖြင့် ပစ်ခတ်၍ MI-17ထောက်ပို့ယာဉ်သုံးစီးဖြင့် စခနှင့်ပခများအင်အားအလုံးအရင်းချကာ အလစ်အငိုက်ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ပါတယ်။
ထိုစီးနင်းတိုက်ခိုက်မူတွင်ပြည်သူအမြောက်အများနှင့်မန်ကျည်းကန်ရွာတွင် နာမကျန်းဖြစ်သူများ၊မွေးလူနာအများအပြားရှိသောကျေးလက်ဆေးခန်းနှင့် ပကဖ စခန်းတစ်ခုတို့ အားဆုံးရှုံးမှုအမြောက်အများရှိခဲ့ပါတယ်"လို့ဆိုပါတယ်။
ကျေးလက်ဆေးပေးခန်းအား ရစရာမရှိအောင် စကစတပ်ကမီးရှို့ဖျက်စီးခဲ့ပြီး ပကဖ စခန်းတွင် mission အတွင်း အသုံးပြုသောကားတစ်စီး နှင့် ပြည်သူများမှ လှူဒါန်းထားသော ငွေကြေးများဖြင့် ဝယ်ယူစုဆောင်းထားသော လက်နက်ခဲယမ်းနှင့် ကျည်များ၊ လက်ပစ် သီးများ၊ ဆက်သွယ်ရေးအသုံးပြု ပစ္စည်းများ၊ Equamentများ စုစုပေါင်း ကာလပေါက်ဈေး သိန်း (၁၅၀၀) ကျော် လောက် ဆုံးရှုံးနစ်နာခဲ့ရပါတယ်လို့ဆိုပါတယ်။
အလားတူဧပြီ၁၉ရက်မနက်၁၁နာရီခန့်တွင်လည်း Mi-17ထောက်ပို့ယာဉ်ဖြင့် ကျေးဆေးခန်းထဲတွင်ရှိသော ဓာတ်မှန်စက်နှင့်အတူ မိမိတို့ပကဖ စခန်းထံမှ သိမ်းဆည်း ရရှိသော လက်နက်ခဲယမ်းများအားသယ်ဆောင်၍ မြိုင်အနောက်ဘက်သို့ ပြန်တက်သွားခဲ့တယ်လို့သိရပါတယ်။
၎င်းစစ်ကြောင်းသည် ၉တန်းအရွယ်ကျောင်းသားတစ်ဦးအားလူမဆန်စွာ ရက်စက်သတ်ဖြတ်ခဲ့ပါတယ်။
========================
📌📌 ၄။ ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်၊ စီသာကျေးရွာ အရပ်သား ဆယ်ဦးကို ဖမ်းဆီးကာ၊ကိုးဦးကို အကြမ်းဖက်စစ်အုပ်စုမှ သတ်ဖြတ်ခဲ့
ဧပြီ၂၁ရက်
ဧပြီလ ၉ ရက်နေ့တွင် ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်၊ စီသာကျေးရွာသို့ အကြမ်းဖက်စစ်အုပ်စု၏တပ်မှ စစ်ကြောင်းထိုးဝင်ရောက်လာပြီးစိတ်ကျန်းမာရေးမကောင်းသူ တစ်ဦးအပါအဝင် အရပ်သား ဆယ်ဦးကို ဖမ်းဆီးကာ ကိုးဦးကို သတ်ဖြတ်ခဲ့တယ်လို့ ဧပြီ၂၀ရက်မှာ လတ်တလော အခြေအနေများနဲ့ပတ်သက်၍ AAPPကအသိပေးဆိုပါတယ်။
အဆိုပါ အကြမ်းဖက်စစ်အုပ်စု၏ စစ်ကြောင်း ပြန်လည်ထွက်ခွာပြီးနောက် ဦးမြအေး၊ ဦးသန်းချို၊ ဦးထွေး၊ ဦးအောင်မျိုးခိုင်၊ ဦးမောင်နိုင်၊ ဦးစိန်ဝင်း၊ ဦးမြတ်ငြိမ်း၊ ဒေါ်ခင်နွယ်ဦးနှင့် ဦးစိုးမိုးတို့၏ သေဆုံးနေသည့် ရုပ်အလောင်းများကို တွေ့ရှိခဲ့ပြီး ဖမ်းဆီးခံရသူများထဲမှ စိတ်ကျန်းမာရေးမကောင်းသူ ဦးစိုးကျော်နှင့် ယခုချိန်ထိ မိသားစုနှင့်အဆက်အသွယ် မရရှိသေးကြောင်း သိရပါတယ်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ မတရားစစ်အာဏာလုမှုဖြစ်စဉ်ကို ဆန့်ကျင်ခဲ့ကြသော ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူများ၏ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ (၃၄၂၂) ဦး ရှိခဲ့ပြီဖြစ်ပါတယ်။
========================
📌📌 ၅။ ဆားလင်းကြီးမြို့နယ်၊ ကျားတက် ရဲစခန်းအား ဒရုန်းဖြင့်ဗုံးကြဲချရာ စကစတပ်နဲ့ရဲ၇ဦးထက်မနည်းသေဆုံး
ဧပြီ၂၁ရက်
ဆားလင်းကြီးမြို့နယ်၊ ကျားတက် ရဲစခန်းအားဒရုန်းနဲ့ဗုံးကြဲချရာစကစတပ်နဲ့ ရဲ၇ဦးထက်မနည်းသေဆုံးခဲ့တယ်လို့ ဧပြီ၂၀ရက်မှာ မြောင် MSPDFကစစ်ရေးသတင်းကို အသိပေးဆိုပါတယ်။
"(Red Hawk Operations / စွန်ရဲစစ်ဆင်ရေး) အနေဖြင့် ဆားလင်းကြီးမြို့နယ်၊ ကျားတက် ရဲစခန်းအား Eagle Brigade(Anyar Eagles)ဦးဆောင်မှုနှင့်အတူ ညီနောင်မဟာမိတ်များမှ ဧပြီ၁၇ရက် ( နှစ်ဆန်း တစ်ရက်နေ့ ) နေ့လည် 12:00 နာရီ ဝန်းကျင်မှ 02:00 နာရီဝန်းကျင် အချိန်ခန့်ထိ Drones များဖြင့် ဝေဟင်တိုက်ခိုက်မှု ပြုလုပ်ခဲ့ပါတယ်"လို့ဆိုပါတယ်။
မြေပြင်သတင်းများအရ စကစတပ်နဲ့ရဲ (၇) ဦးထက်မနည်း သေ ဆုံးပြီး ထိခိုက်မှု အသေးစိတ်ကို ဆက်လက်စုံစမ်းဆဲဖြစ်တယ်လို့ဆိုပါတယ်။
အဆိုပါRed Hawk Operation စွန်ရဲစစ်ဆင်ရေးတွင် စစ်ကိုင်းခရိုင် တပ်ရင်း အမှတ်(၄)MSPDFမှ Myaung Special Air Force နှင့်အတူ
-Eagle Brigade (Anyar Eagle)
- SALINGYI Special Task Force (SSTF)
- National People Defence Force (NPDF)
- Super Fighter Drone Team
တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။
========================
📌📌 ၆။ လိုင်လင်းပီမြို့ တပ်စခန်းတွင် တာဝန်ထမ်းဆောင်နေသော တပ်သားတစ်ဦး လက်ပစ်ဗုံး (၂)လုံးနဲ့ကျည် (၂၄၄) တောင့်ယူလာပြီးအလင်းဝင်၍ သိန်း၅၀ချီးမြှင့်
ဧပြီ၂၁ရက်
ချင်းပြည်နယ် မတူပီမြို့နယ် လိုင်လင်းပီမြို့ တပ်စခန်းတွင် တာဝန်ထမ်းဆောင်နေသော တပ်သားတစ်ဦး လက်ပစ်ဗုံး (၂)လုံးနဲ့ကျည် (၂၄၄) တောင့်ယူလာပြီးအလင်းဝင်ခဲ့ကြောင်းကိုဧပြီ၂၀ရက်မှာ Chinland Defense Force - Mara ကအသိပေးဆိုပါတယ်။
"လိုင်လင်းပီမြို့ တပ်စခန်းတွင် တာဝန်ထမ်းဆောင်နေသော တပ်သား ဦးလိုင်မျိုးဦး (ကိုယ်ပိုင်အမှတ် - တ/၅၇၁၆၈၂) သည် MA3 ကျည်ဘောက် (၃)ခု၊ လက်ပစ်ဗုံး (၂)လုံး၊ ကျည် (၂၄၄) ထောင့်နှင့်အတူ ဧပြီလ ၁၆ ရက်နေ့ ညနေ ၆ နာရီခန့်တွင် ပြည့်သူ့ရင်ခွင်သို့ ခိုလှုံခဲ့ပါတယ်"လို့ဆိုပါတယ်။
အဆိုပါ တပ်သားအားချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ (မရာ) CDF - Mara မှ နွေးထွေးစွာကြိုဆိုပြီး ဆုငွေကျပ် ၅၀၀၀၀၀၀ (သိန်း ၅၀ ကျပ်) ချီးမြှင့်ကာ လုံခြုံသည့်နေရာသို့ ပို့ဆောင်ပြီးဖြစ်တယ်လို့သတင်းရရှိပါတယ်။
========================
📌📌 ၇။ ''အခြေခံပညာ ပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်း (BECA)'' ပထမအကြိမ် ဖြေဆိုခွင့် ဧပြီလ (၃၀) ရက်နေ့" တွင် ခေတ္တရပ်ဆိုင်းမယ်
ဧပြီ၂၁ရက်
ဧပြီ၂၀ရက်နေ့မှာ ပညာရေးဝန်ကြီးဌာနက အခုလို အသိပေးနှိုးဆော်ခဲ့ပါတယ်။
"၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၂) ရက်နေ့က စတင်ဖွင့်လှစ်ပေးထားခဲ့သည့် ''အခြေခံပညာ ပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်း (BECA)'' ပထမအကြိမ် ဖြေဆိုခွင့်ဟာ လာမယ့်"၂၀၂၃ ခုနှစ်၊ ဧပြီလ (၃၀) ရက်နေ့" တွင် သုံးလတာဖြေဆိုခွင့် သတ်မှတ်ကာလပြည့်ပြီဖြစ်သောကြောင့် ပထမအကြိမ် ဖြေဆိုနိုင်ခွင့် ခေတ္တရပ်ဆိုင်းတော့မည်ဖြစ်ပါ၍ အချိန်ကာလ (၁၀) ရက်သာ ကျန်ရှိတော့ပါတယ်"လို့ဖော်ပြပါတယ်။
BECA ဖြေဆိုရန် စာရင်းတင်သွင်းထားသော ပြည်သူ့ကျောင်းသား၊ ကျောင်းသူများ သတိပြုမိနိုင်ရန် ထပ်မံကြိုတင်အသိပေးနှိုးဆော်အပ်ပါတယ်လို့ဆိုထားပါတယ်။
ယခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment