30th APR 2023 - (Ethnic language program-CHO_MΓΌn) by Radio NUG



πŸ“Œ (ချင်း တိုင်းရင်းα€žား - MΓΌn α€™ွα€”်း α€˜ာα€žာα€…α€€ား) ထုတ်α€œွှင့်α€™ှု ထစီထစα€₯် ၂၀၂၃ ဧပြီα€œ ( ၃၀ ) α€›α€€်α€”ေ့ α€”ောα€€်ဆုံးရပြα€Š်တွင်းα€žα€α€„်းα€™ျား 


πŸ“ŒπŸ“Œ ၁။ α€™α€Ÿာα€™ိတ်ထင်ထားα€…ုတွေα€”ဲ့ ပူးပေါင်းပြီး α€…α€…်α€€ောင်α€…ီα€€ို ဆက်α€œα€€် တော်α€œှα€”်α€žွားα€™α€š်α€œို့ CDF မင်းတပ် α€ž‌α€˜ောထား ထုတ်ပြα€”်

 

α€™α€Ÿာα€™ိတ်ထင်ထားα€…ုတွေα€”ဲ့ ပူးပေါင်းပြီး α€…α€…်α€€ောင်α€…ီα€€ို ဆက်α€œα€€် တော်α€œှα€”်α€žွားα€™α€š်α€œို့ CDF မင်းတပ်α€€ α€ž‌α€˜ောထား တရားဝင်ထုတ်ပြα€”်α€œာပါα€α€š်။

 

(ဧပြီ ၂၄ α€›α€€်) α€€ျα€›ောα€€်တဲ့ CDF မင်းတပ်α€›ဲ့ α€œα€€်α€”α€€်α€€ိုင် ၂ α€”ှα€…်ပြα€Š့်တော်α€œှα€”်α€›ေးα€”ေ့α€™ှာ ထခုα€œို ထုတ်ပြα€”်α€€ြေα€Šာα€œာတာပါ။

 

တော်α€œှα€”်‌α€›ေးα€€ာα€œ ၂ α€”ှα€…်တာထတွင်း α€€ာα€€ွα€š်α€›ေးα€›ဲα€˜ော် ၅၅ ဦးα€€ျဆုံးပြီး α€…α€…်α€€ောင်α€…ီတပ်α€žား ၄၀၀ α€€ျော်α€›ှင်းα€œα€„်းα€”ိုင်ခဲ့α€α€š်α€œို့α€œα€Š်း CDF မင်းတပ်α€€ ဆိုပါα€α€š်။

 

ငြိα€™်းငြိα€™်းချα€™်းချα€™်း ဆန္ဒထုတ်α€–ော်တဲ့ ပြα€Š်α€žူ ၇ ဦး (ထမျိုးα€žား ၂ ဦး၊ ထမျိုးα€žα€™ီး ၅ ဦး) α€€ို α€…α€…်α€€ောင်α€…ီα€€ α€–α€™်းဆီးပြီး α€™ြို့တွင်း စတင်ပစ်ခတ်တာα€€ြောင့် ၂၀၂၁ ဧပြီα€œ ၂၄ α€›α€€်α€”ေ့α€™ှာ မင်းတပ်ပြα€Š်α€žူα€œူထုα€€ α€›α€›ာα€œα€€်α€”α€€်α€€ိုင်α€…ွဲ တော်α€œှα€”်α€œာခဲ့တာပါ။

 

α€œα€€်α€”α€€်α€€ိုင်တော်α€œှα€”်α€œာတဲ့ ၂ α€”ှα€…်ထတွင်းα€™ှာ ၂၀၂၁ α€™ေα€œ၊ ဇွα€”်α€œα€™ှာ ပစ်ခတ်တိုα€€်ပွဲ ထများဆုံး (၅၃ α€€ြိα€™်) α€–ြα€…်ပွားခဲ့ပြီး α€”ှα€…်α€˜α€€်ထကြားα€œα€Š်း ထိခိုα€€်ဆုံးα€›ှုံးα€™ှု ထကြီးα€™ားဆုံး α€€ာα€œα€ွေ α€–ြα€…်ခဲ့ရပါα€α€š်။

 

၂၀၂၁ α€™ေα€œ၊ ဇွα€”်α€œ ပစ်ခတ်တိုα€€်ပွဲα€€ာα€œα€ွေα€™ှာ CDF မင်းတပ်α€›ဲ‌α€˜ော် ၂၄ ဦးα€€ျဆုံးခဲ့ရပြီး α€…α€…်α€€ောင်α€…ီ ထင်ထား ၁၇၀ ဝန်းα€€ျင်α€”ဲ့ α€…α€…်α€€ား ၆ α€…ီး၊ α€›ဲα€€ား ၁ α€…ီးတို့α€€ို α€žုတ်α€žα€„်α€›ှင်းα€œα€„်းα€”ိုင်ခဲ့α€α€š်α€œို့ CDF မင်းတပ်α€€ ထုတ်ပြα€”်ထားပါα€α€š်။

 

α€…α€…်α€€ောင်α€…ီတပ်α€žားတွေα€›ဲ့ ထိခိုα€€်α€žေဆုံးα€™ှုထရေထတွα€€် ခုα€–ော်ပြတဲ့α€…ာရင်းထက် ပိုα€™ိုα€™ျားပြားα€”ိုင်ပြီး ထတိထကျα€€ို‌တော့ CDF မင်းတပ်α€˜α€€်α€€ ထုတ်ပြα€”်မထားပါα€˜ူး။

 

CDF မင်းတပ်α€Ÿာ α€”ွေဦးတော်α€œှα€”်α€›ေးα€™ှာ α€…α€…်α€€ောင်α€…ီα€€ို ထစောဆုံး တော်α€œှα€”်α€œာတဲ့ α€€ာα€€ွα€š်α€›ေးတပ်α€–ွဲ့တခုα€–ြα€…်ခဲ့α€žα€œို ၂ α€”ှα€…်α€›ှိα€œာတဲ့ α€œα€€်α€›ှိထချိα€”်ထိα€œα€Š်း α€…α€…်α€€ောင်α€…ီα€”ဲ့ CDF မင်းတပ်ထကြား တိုα€€်ပွဲတွေ ပြင်းထန်α€”ေဆဲ α€–ြα€…်ပါα€α€š်။ 

 

========================

 

၂။ မင်းတပ်α€™ှာ ၃ α€›α€€်ဆက်တိုα€€် ပစ်ခတ်α€™ှုα€–ြα€…်

 

မင်းတပ်α€™ှာ α€…α€…်α€€ောင်α€…ီα€”ဲ့ α€’ေα€žα€€ာα€€ွα€š်α€›ေးတပ်တို့ထကြား ၃ α€›α€€်ဆက်တိုα€€် ပစ်ခတ်α€™ှု α€–ြα€…်α€”ေα€α€š်α€œို့ α€™ြေပြင်α€žα€α€„်းထရင်းα€™ြα€…်တွေထံα€€α€”ေ α€žိရပါα€α€š်။ ပြီးခဲ့တဲ့ ဧပြီ ၂၃ α€›α€€်α€”ေ့α€€α€”ေ (ဧပြီ ၂၆ α€›α€€်) ထထိ ၃ α€›α€€်ဆက်တိုα€€် ပစ်ခတ်α€™ှု α€›ှိခဲ့တာပါ။

 

ဧပြီ ၂၃ α€›α€€်α€”ေ့ မင်းတပ် - α€€ျောα€€်ထုα€œα€™်းတနေα€›ာα€™ှာ α€€ျောα€€်ထုα€™ြို့ ထခြေα€…ိုα€€် ထမှတ် (αƒα†αˆ) ထမြောα€€်တပ်α€€α€”ေထွα€€်α€œာတဲ့ α€…α€…်α€€ောင်α€…ီα€”ဲ့ α€€ာα€€ွα€š်α€›ေးပူးပေါင်းတပ် (CDF α€€α€”်ပက်α€œα€€်၊ CDF မင်းတပ် α€”ဲ့ The Youth Force (Saw, Kyaukhtu) တို့ α€›ေα€›ှင်α€›ွာထနီး ၁ α€”ာα€›ီဝန်းα€€ျင်α€€ြာ ပစ်ခတ်α€™ှု α€–ြα€…်ခဲ့ပါα€α€š်။

 

α€’ီပစ်ခတ်α€™ှုα€™ှာ α€…α€…်α€€ောင်α€…ီတပ်α€žား ၇ α€šောα€€်α€žေ၊ပြီး ပူးပေါင်းတပ် ချင်းα€€ာα€€ွα€š်α€›ေးတပ် (မင်းတပ်) α€€ α€›ဲα€˜ော်တဦး ဒဏ်α€›ာ (α€™α€…ိုးα€›ိα€™်) α€›α€α€š်α€œို့ ဆိုပါα€α€š်။

 

 (ဧပြီ ၂၅ α€›α€€်) α€€α€œα€Š်း မင်းတပ်α€™ြို့ထခြေα€…ိုα€€် α€α€œα€› (၂၇၄) တပ်ရင်းထနီးα€”ဲ့ (ဧပြီ ၂၆ α€›α€€်) α€™α€”α€€်ထစောပိုင်းα€€ ထနောα€€်ရပ်α€€ွα€€်၊ α€€α€”်ပက်α€œα€€်α€œα€™်းခွဲထနီး ထပ်α€™ံပစ်ခတ်α€™ှု α€–ြα€…်တာα€œို့ ချင်းα€€ာα€€ွα€š်α€›ေးတပ်α€–ွဲ့ (မင်းတပ်) α€€ α€žα€α€„်းထုတ်ပြα€”်ပါα€α€š်။

 

ဧပြီα€œ ၂၅ α€›α€€်၊ ၂၆ α€›α€€်α€”ေ့ ပစ်ခတ်α€™ှုα€™ှာ ထိခိုα€€်တဲ့ထခြေα€”ေα€‘α€žေးα€…ိပ်α€€ိုတော့ ထုတ်ပြα€”်မထားပါα€˜ူး။

 

ထခုα€α€œော α€…α€…်α€€ောင်α€…ီα€”ဲ့ α€’ေα€žα€ံα€€ာα€€ွα€š်α€›ေးတပ်တွေထကြား α€…α€…်α€›ေးတင်းα€™ာα€”ေတာα€€ြောင့် α€žα€ိပေးထုတ်ပြα€”်ချα€€်တွေα€€ို α€”ားα€…ွင့်ပေးα€€ြα€–ို့ α€žα€€်ဆိုင်α€›ာ α€€ာα€€ွα€š်α€›ေးတပ်α€–ွဲ့တွေα€€ α€‘α€žိပေးထားပါα€α€š်။

 

========================

 

၃။ ထန်α€α€œα€”်α€™ှာ α€œေα€€ြောင်းα€€α€”ေ ထပ်α€™ံတိုα€€်ခိုα€€်ခံα€›

 

ထန်α€α€œα€”်α€™ြို့α€”α€š်၊ α€‘α€œα€”်α€œိုα€€ျေးα€›ွာα€€ို α€…α€…်α€€ောင်α€…ီတပ်α€€ α€œေα€€ြောင်းα€€α€”ေ တိုα€€်ခိုα€€်α€œို့ ထရပ်α€žား ၂ ဦးα€žေဆုံးပြီး ထိခိုα€€်ပျα€€်α€…ီးတာတွေα€™ျားα€α€š်α€œို့ α€’ေα€žα€ွင်းα€žα€α€„်းα€Œာနတွေα€€ α€–ော်ပြα€€ြပါα€α€š်။

 

(ဧပြီ ၂၇ α€›α€€်) α€Šα€”ေ ၃ α€”ာα€›ီ α€™ိα€”α€…် ၃၀ ဝန်းα€€ျင်α€™ှာ α€€ျေးα€›ွာထဲα€€ α€˜ုα€›ားα€€ျောင်း ၂ α€€ျောင်းထကြား တိုα€€်ခိုα€€်ခံရတာα€–ြα€…်ပြီး α€‘α€žα€€်ဆုံးα€›ှုံးα€›α€žူတွေα€Ÿာ ထမျိုးα€žα€™ီးတဦးα€”ဲ့ ထမျိုးα€žားတဦးα€œို့ ချင်းဂျာα€”α€š်α€€ ဆိုပါα€α€š်။

 

α€’ါ့ထပြင် ချင်းဂျာα€”α€š်α€›ဲ့ α€–ော်ပြချα€€်ထရ α€€α€œေးα€„α€š် ၂ ဦးထပါဝင် ထိခိုα€€်ဒဏ်α€›ာα€›α€žူα€œα€Š်းα€™ျား α€”ေပါα€α€š်။

 

α€œေα€€ြောင်းတိုα€€်ခိုα€€်ခံရတဲ့ ထန်α€α€œα€”်α€™ြို့α€”α€š်၊ α€‘α€œα€”်α€œိုα€€ျေးα€›ွာထဲα€€ α€”ေထိα€™် ၁၀ α€œုံးဝန်းα€€ျင် ထိခိုα€€်ပျα€€်α€…ီးα€”ိုင်α€α€š်α€œို့ α€™ှတ်တမ်းα€›ုပ်ပုံတွေထရ ခန့်α€™ှα€”်းရပါα€α€š်။

 

========================

 

၄။ α€›ွေးα€€ောα€€်ပွဲα€œုပ်α€–ို့ ထခက်ထခဲα€›ှိα€”ိုင်α€α€š်α€œို့ α€…α€…်α€€ောင်α€…ီပြောα€œာ

 

ထခုα€œာα€™α€š့်α€›ွေးα€€ောα€€်ပွဲα€”ဲ့ ပတ်α€žα€€်ပြီး ထခက်ထခဲတွေα€›ှိα€”ိုင်α€α€š်α€œို့ α€…α€…်α€€ောင်α€…ီα€€ ပြောα€œာပါα€α€š်။

 

၂၀၂၃ ဧပြီα€œ ၁၅ α€›α€€်α€”ေ့α€€ Al Jazeera α€žα€α€„်းα€Œာα€”α€”ဲ့ α€…α€…်α€€ောင်α€…ီ α€žα€α€„်းပြα€”်α€€ြားα€›ေးခေါင်းဆောင် ဇော်မင်းထွα€”်းတို့ α€™ေးα€™ြα€”်းခန်းထစီစဉ်တခုα€™ှာ ထခုα€œို ပြောα€žွားတာပါ။ 

 

α€œုံခြုံတဲ့α€”ေα€›ာα€™ှာ α€›ွေးα€€ောα€€်ပွဲα€œုပ်ပြီး α€œုံခြုံα€™ှုα€™α€›ှိα€”ိုင်တဲ့α€”ေα€›ာတွေα€™ှာ ထကန့်α€‘α€žα€်α€”ဲ့ α€œုပ်α€™α€š်ဆိုရင်တော့ ထခက်ထခဲα€›ှိα€”ိုင်α€α€š်α€œို့ α€žိထားα€›α€™ှာ α€–ြα€…်α€α€š်α€œို့ α€žူα€€ ပြောပါα€α€š်။

 

α€”ိုင့်α€œုံခြုံα€›ေးထခြေထနေထရ α€›ွေးα€€ောα€€်ပွဲ α€€ျင်းα€•α€™α€š့် ထချိα€”်ထတိထကျα€€ို ပြောဆိုα€”ိုင်တာ α€™α€›ှိα€žေးα€˜ူးα€œို့ α€žα€α€„်းပြα€”်α€€ြားα€›ေးခေါင်းဆောင် ဇော်မင်းထွα€”်းα€€ ပြီးခဲ့တဲ့ (မတ်α€œ ၂၇ α€›α€€်) α€€ ပြောဆိုခဲ့α€–ူးပါα€α€š်။

 

ထစောပိုင်းα€€ာα€œα€ွေα€™ှာတေ့ α€›ွေးα€€ောα€€်ပွဲα€€ို ၂၀၂၃ ဩဂုတ်α€œα€ွင်းα€™ှာ ပြုα€œုပ်α€™α€š်α€œို့ α€žα€α€„်းတွေထွα€€်ပေါ်α€”ေပေα€™α€š့် α€›ွေးα€€ောα€€်ပွဲα€”ောα€€်ဆုတ်α€”ိုင်α€α€š်α€œို့ တွα€€်ဆနေတာα€™ျိုးα€œα€Š်း α€›ှိα€”ေပါα€α€š်။

 

၂၀၂၃ α€–ေα€–ော်ဝါα€›ီ ၁ α€›α€€် α€”ိုင်ငံတဝန်းα€€ α€™ြို့α€”α€š်ပေါင်း ၄၀ α€€ျော်α€€ို α€…α€…်ထုပ်ချုပ်α€›ေးα€”ဲ့ α€Šα€™α€‘ွα€€်ရထမိα€”့် ထပ်α€™ံထုတ်ပြα€”်α€€ြေα€Šာထားပြီး α€œာα€™α€š့် ၂၀၂၄ ထောα€€်တိုα€˜ာα€œα€‘ဲα€™ှာ ပြα€Š်α€œုံးα€€ျွတ် α€žα€”်းခေါင်α€…ာရင်းα€€ောα€€်α€šူα€–ို့α€œα€Š်း α€…α€…်α€€ောင်α€…ီα€€ ပြင်ဆင်α€”ေပါα€α€š်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment