၂၀၂၃ ဧပြီလ ၃၀ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ စစ်အာဏာရှင်စနစ်ကို သက်ဆိုးရှည်အောင် လုပ်နေတဲ့ အပြုအမူတွေကို အပြင်းအထန် ကန့်ကွက်ရှုတ်ချတယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလကဆို
📌 ၂။ အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ၂နှစ်အတွင်း ကျွန်းတိုင် ၅၂၉၉ လုံး၊ ကျွန်းသစ်လုံးနဲ့ ကျွန်းခွဲသား ၁၆၂၆.၈၇ တန်ကို ဖမ်းဆီးအရေးယူနိူင်ခဲ့
📌 ၃။ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ စိုးမိုးထိန်းချုပ်နယ်မြေများမှာ ကျေးရွာ ၁၀၀ ကျော်လောက်ကို လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်
📌 ၄။ ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ ဧပြီလအတွင်း CDMer (၁၀၉၇)ဦးအတွက် ကူညီပံ့ပိုးပေးနိူင်ခဲ့
📌 ၅။ ပြည်သူ့ရဲတပ်ဖွဲ့(၇)ခုမြောက်အဖြစ် မတ္တရာမြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့အား ပြည်ထဲရေးဝန်ကြီးအမိန့်နဲ့ဖွဲ့စည်း
📌 ၆။ နိုဝင်ဘာ ၂၀၂၂ မှ ဧပြီ ၂၀၂၃ အထိ MOD ကာကွယ်ရေးဝန်ကြီးဌာနမှတဆင့်C2D ကတပ်ရင်းတပ်ဖွဲများသို့ လှူဒါန်းပြီးငွေ သိန်းပေါင်းလေးထောင်နီးပါးရှိ
📌 ၇။ ကျောင်းသားလက်ရုံးတပ်တော် (၂) နှစ်ပြည့် အခမ်းအနားနှင့် အခြေခံ စစ်ပညာသင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ
📌 ၈။ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းကိုအကြမ်းဖက် စစ်တပ်ကလေကြောင်းတိုက်ခိုက်မှုပြုလုပ်
📌 ၉။ ရန်ကုန်-မော်လမြိုင်အဝေးပြေးလမ်းမကြီး၊ ဘီးလင်း-သထုံလမ်းပိုင်းတွင် လမ်းကင်းလုံခြုံရေးယူနေသော စကစတပ်သားများ ပစ်ခတ်မှုဖြစ်ခဲ့ပြီး စကစတပ်သား ၄ ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရသူများပြား
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ စစ်အာဏာရှင်စနစ်ကို သက်ဆိုးရှည်အောင် လုပ်နေတဲ့ အပြုအမူတွေကို အပြင်းအထန် ကန့်ကွက်ရှုတ်ချတယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလကဆို
ဧပြီလ နောက်ဆုံးပတ်ကျင်းပတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၏ ၁၆ / ၂၀၂၃ အစိုးရအဖွဲ့အစည်းအဝေးတွင် ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားခဲ့ပါတယ်။
"နေ့စဉ် သတ်ဖြတ် ညှင်းဆဲခံနေရတဲ့ ပြည်သူတွေရဲ့ ဘဝကို အမြဲသတိရအောက်မေ့ပြီး နိုင်ငံတကာအသိုင်းအဝန်းတစ်ခုလုံး နားလည်သဘောပေါက်အောင် လုပ်ရပါလိမ့်မယ်။ ကျွန်တော့်အနေနဲ့ နိုင်ငံတကာရဲ့ ကြားဝင် ဖြန်ဖြေမှုတွေကို အပြုသဘောဆောင် တယ်လို့ ယူဆပေမယ့် စစ်အာဏာရှင်စနစ်ကို သက်ဆိုးရှည်အောင် လုပ်နေတဲ့ အပြုအမူတွေကိုတော့ အပြင်းအထန် ကန့်ကွက်ရှုတ်ချကြောင်း … ပြောကြားလိုပါတယ်"လို့ဆိုပါတယ်။
လက်ရှိမှာ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ဘန်ကီမွန်းဟာ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို လာရောက်တွေ့ဆုံခဲ့ပြီး ထိုင်းအစိုးရအဖွဲ့ကလည်း လာရောက်တွေ့ဆုံခဲ့မှုတို့ရှိခဲ့ပါတယ်။
========================
📌📌 ၂။ အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ၂နှစ်အတွင်း ကျွန်းတိုင် ၅၂၉၉ လုံး၊ ကျွန်းသစ်လုံးနဲ့ ကျွန်းခွဲသား ၁၆၂၆.၈၇ တန်ကို ဖမ်းဆီးအရေးယူနိူင်ခဲ့
အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ၂နှစ်အတွင်း ကျွန်းတိုင် ၅၂၉၉လုံး၊ ကျွန်းသစ်လုံးနဲ့ ကျွန်းခွဲသား ၁၆၂၆.၈၇တန်ကို ဖမ်းဆီးအရေးယူနိူင်ခဲ့ပါတယ်။
ဧပြီ၂၉ရက် အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ (၂) နှစ်အတွင်း လုပ်ငန်းဆောင်ရွက်ချက်များ အကျဥ်းချုပ် အစီရင်ခံတင်ပြရာမှာထည့်သွင်းဖော်ပြပါတယ်။
"တရားမဝင်သစ်များဖမ်းဆီးအရေးယူခြင်းမှာ ကျွန်းတိုင် ၅၂၉၉လုံး၊ ကျွန်းသစ်လုံးနဲ့ ကျွန်းခွဲသား ၁၆၂၆.၈၇တန်၊သစ်မာ ၄၇၉.၄၄တန်၊ ကျွန်းတံခါးချပ် ၁၁၁၀ချပ်၊ သစ်မာတံခါးချပ် ၄၂ချပ်၊ သစ်ပါးလွှာတန်ချိန်ပေါင်း ၃၈၁၆တန်တို့ ဖမ်းဆီးရရှိခဲ့ပါတယ်"လို့ဖော်ပြပါတယ်။
သစ်သယံဇာတ စီမံအုပ်ချုပ်ခြင်းမှ ဒဏ်ကြေးငွေများ ကျပ်သိန်းပေါင်း ၄၅၇၆.၁၃ရရှိခဲ့ပါတယ်။
========================
📌📌 ၃။ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ စိုးမိုးထိန်းချုပ်နယ်မြေများမှာ ကျေးရွာ ၁၀၀ ကျော်လောက်ကို လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်
အမျိုးသားညီညွတ်ရေးအစိုးရရဲ့ စိုးမိုးထိန်းချုပ်နယ်မြေများမှာ ကျေးရွာ ၁၀၀ ကျော်လောက်ကို လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနိုင်ပြီလို့ ဧပြီလအတွင်း တွေ့ဆုံမေးမြန်းခန်းတစ်ခုမှာ လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီး ဦးစိုးသူရထွန်းက တရားဝင်ပြောကြားသွားခဲ့ပါတယ်။
"ရန်သူရဲ့လက်ချက်နဲ့ ဖျက်ဆီးခံရတဲ့ ကျေးရွာရဲ့ ထရန်စဖော်မာတွေကို ထိခိုက်တာတွေ လိုက်ပြုပြင်တာတွေ ထရန်စဖော်မာမှာ ပျက်စီးပေါက်သွားတာနဲ့အမျှ ထရန်စဖော်မာဆီဆိုတာရှိပါတယ် အဲဒီဆီထွက်သွားတော့ ပြန်ဖြည့်ရတာတွေ ပြန်ပိတ်ရတာတွေလဲ လုပ်ရပါတယ် နောက် ကျတော်တို့ ဓါတ်အားလိုင်းတွေကို လုံးဝဖြတ်တောက်သွားရင်လဲ ပြန်ရနိုင်အောင် ကျတော်တို့လုပ်ခဲ့ရပါတယ် လတ်တလောရွာအနေနဲ့ပြောရင် ၁၀၀ ကျော်လောက်ဖြန့်ဖြူးပေးနိုင်တာတွေရှိပါတယ်" လို့ဝန်ကြီးကဆိုပါတယ်။
လက်ရှိမှာ စကစဟာ မြို့ကြီးများနဲ့ နယ်မြို့များကို လျှပ်စစ်မီးလုံလောက်အောင် ပြည့်ဝစွာမပေးနိုင်တော့ဘဲ ၄င်းတို့ရဲ့ မြို့နယ် ဓာတ်အားပေးစက်ရုံများတွင် ဆိုလာစနစ်ကို စတင်အသုံးပြုလျက်ရှိနေပါတယ်။
========================
📌📌 ၄။ ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ ဧပြီလအတွင်း CDMer (၁၀၉၇)ဦးအတွက် ကူညီပံ့ပိုးပေးနိူင်ခဲ့
၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ ဧပြီလအတွင်း CDMer (၁၀၉၇)ဦးအတွက် ကူညီပံ့ပိုးပေးနိုင်ခဲ့တယ်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက သိရပါတယ်။
ဧပြီ၂၇ရက် ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးမှ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များနှင့် အွန်လိုင်းမှတစ်ဆင့် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ရာမှာ ပြည်သူ့ရေးရာကော်မတီက အတွင်းရေးမှူး ဒေါ်အိအိပြုံးက ရှင်းလင်းတင်ပြခဲ့ပါတယ်။
လက်ရှိကူညီပံ့ပိုးနေမှုများနှင့် ဆောင်ရွက်ပေးနေသော အခြေအနေများတွင် ၂၀၂၂ ခုနှစ်တွင် CDMer (၃၇၈၆)ဦးအတွက် ကော်မတီမှ ချမှတ်ထားသော မူဝါဒများနှင့်အညီ ကူညီပံ့ပိုးပေးနိုင်ခဲ့ပြီး ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ ဧပြီလအတွင်းတွင် CDMer (၁၀၉၇)ဦးအတွက် စီစဥ်ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း ရှင်းလင်းတင်ပြခဲ့ပါတယ်။
ဆက်လက်၍ တက်ရောက်လာသော လွှတ်တော်ကိုယ်စားလှယ်များက မြေပြင်အခြေအနေများအား ဆွေးနွေးတင်ပြမှု၌ ကဏ္ဍအသီးသီးတွင် ချိတ်ဆက်ပါဝင်ဆောင်ရွက်နိုင်ရေး၊ လွှတ်တော်ကိုယ်စားလှယ်များ မကြာခဏ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်နိုင်ရေး၊ ပြည်သူ့ဝန်ဆောင်မှု ဆောင်ရွက်ရာတွင် တွဲလက်ညီညီ အားလုံးပူးပေါင်းပါဝင်နိုင်ရေး၊ အပြစ်မဲ့ဖမ်းဆီးခံ ပြည်သူများအတွက် နိုင်ငံရေး အကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းနှင့် ဆက်သွယ်ဆောင်ရွက်နိုင်ရေးအပြင် နွေဦးတော်လှန်ရေးတွင် အသက်ပေးဆပ်ခဲ့ကြရသူများ၊ ကိုယ်လက်အင်္ဂါဆုံးရှုံးခဲ့ကြရသူများအတွက် ကူညီမှုများ စီစဥ်ပေးနိုင်ရေးတို့အား တင်ပြမေးမြန်းဆွေးနွေးခဲ့ကြပြီး ရှေ့ဆက်မည့်လုပ်ငန်းစဥ်များအပေါ် ညှိနှိုင်းဆွေးနွေးခဲ့ကြပါတယ်။
========================
📌📌 ၅။ ပြည်သူ့ရဲတပ်ဖွဲ့(၇)ခုမြောက်အဖြစ် မတ္တရာမြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့အား ပြည်ထဲရေးဝန်ကြီးအမိန့်နဲ့ဖွဲ့စည်း
ဧပြီ၂၆ရက်မှာ အမိန့်ကြေညာစာအမှတ်(၆/၂၃)ဖြင့် မတ္တရာမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့အား ပြည်သူ့ရဲတပ်ဖွဲ့(၇)ခုမြောက်အဖြစ် ပြည်ထဲရေးဝန်ကြီး အမိန့်နဲ့ဖွဲ့စည်းလိုက်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနလက်အောက်ရှိ ပြည်သူ့ရဲတပ်ဖွဲ့တွင်ဌာနကြီးများ၊တပ်ဖွဲ့များနှင့် မြို့နယ်ရဲတပ်ဖွဲ့များ ဖွဲ့စည်းထားရှိပြီးဖြစ်ရာ ၂၀၂၃ခုနှစ်ဧပြီလ ၂၆ ရက်နေ့တွင် မြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့(၇)ခုမြောက်အဖြစ် မတ္တရာမြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့အား အမိန့်ကြေညာစာအမှတ်(၆/၂၃)ဖြင့် ဖွဲ့စည်းလိုက်ပါကြောင်း အသိပေးအပ်ပါတယ်လို့ဖော်ပြပါတယ်။
လက်ရှိမှာ ပြည်သူ့ရဲတပ်ဖွဲ့ဌာနချုပ်အပြင် ပြည်သူ့ရဲတပ်ဖွဲ့ ရဲချုပ်ကိုပါ ခန့်အပ်တာဝန်ပေးပြီးဖြစ်ပါတယ်။
========================
📌📌 ၆။ နိုဝင်ဘာ ၂၀၂၂ မှ ဧပြီ ၂၀၂၃ အထိ MOD ကာကွယ်ရေးဝန်ကြီးဌာနမှတဆင့်C2D ကတပ်ရင်းတပ်ဖွဲများသို့ လှူဒါန်းပြီးငွေ သိန်းပေါင်းလေးထောင်နီးပါးရှိ
နိုဝင်ဘာ ၂၀၂၂ မှ ဧပြီ ၂၀၂၃ အထိ MOD ကာကွယ်ရေးဝန်ကြီးဌာနမှတဆင့်C2D ကတပ်ရင်းတပ်ဖွဲများသို့ လှူဒါန်းပြီးငွေ သိန်းပေါင်းလေးထောင်နီးပါးရှိပြီလို့ ဧပြီ၂၉ရက်မှာ Click2donateက အသိပေးဆိုပါတယ်။
"နိုဝင်ဘာ ၂၀၂၂ မှ ဧပြီ ၂၀၂၃ အထိ MOD ကာကွယ်ရေးဝန်ကြီးဌာနမှတဆင့်C2D မှ တပ်ရင်းတပ်ဖွဲများသို့ စုစုပေါင်းလှူဒါန်းပြီးငွေ - USD 145,762.15 ပါခင်ဗျာ။သိန်း ၄၀၀၀-၄၃၀၀ ကြား ဖြစ်ပါမယ်။ နောက်ပိုင်းမှာ တိုက်ရိုက်ပို့တာတွေကို ၂၅ရာခိုင်နှုန်း MOD ကနေတဆင့်ပို့တာကို ၇၅ရာခိုင်နှုန်း ပို့နေတာပါ။ နောက်ဆုံး ဖေဖော်ဝါရီမှာဆိုရင် ၁၀၀ရာခိုင်နှုန်းလုံး MOD ကနေပို့ထားတာဖြစ်ပါတယ်"လို့ဆိုပါတယ်။
Click2donate ဟာ ပြည်သူများ ကလစ်နှိပ်၍ ရရှိသော ဝင်ငွေကို တော်လှန်ရေးအင်အားစုများထံ ပြန်လည်စီးဆင်းခြင်း ဖြစ်ပါတယ်။
========================
📌📌 ၇။ ကျောင်းသားလက်ရုံးတပ်တော် (၂) နှစ်ပြည့် အခမ်းအနားနှင့် အခြေခံ စစ်ပညာသင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ
ကျောင်းသားလက်ရုံးတပ်တော် (၂) နှစ်ပြည့် အခမ်းအနားနှင့် အခြေခံ စစ်ပညာသင်တန်းဆင်းပွဲ အခမ်းအနားကို ကျင်းပခဲ့တယ်လို့ ဧပြီ၂၉ရက်မှာ ကျောင်းသားလက်ရုံးတပ်တော်က အသိပေးဖော်ပြပါတယ်။
ဧပြီလ၊၂၇ ရက်နေ့ တွင် ကျောင်းသားလက်ရုံးတပ်တော် ဗဟိုဌာနချုပ် ၌ကျောင်းသားလက်ရုံးတပ်တော် (၂) နှစ်ပြည့် အခမ်းအနားနှင့် အခြေခံ စစ်ပညာသင်တန်းဆင်းပွဲ အခမ်းအနားအား ကျင်းပခဲ့ပါတယ်။ စစ်ရေးပြ အခမ်းအနားတွင် သင်တန်းဆင်းတပ်သား စစ်ကြောင်း၊ ကျောင်းသားလက်ရုံးတပ်တော် နောက်ချန် အရံတပ်ရင်း ၊ မဟာမိတ် ပူးပေါင်းစစ်ကြောင်း သုံးကြောင်းဖြင့် ချီတက် အလေးပြုခဲ့ကြပါတယ်"လို့ဆိုပါတယ်။
အဆိုပါအခမ်းအနားတွင် မဟာမိတ်တပ်အသီးသီးမှအရာရှိ၊ အရာခံ များနှင့် အကြပ်စစ်သည်များ ကျွန်ုပ်တို့ ကျောင်းသားလက်ရုံးတပ်တော်မှ ဗဟိုကော်မတီဝင်များ ၊အရာရှိ ၊အရာခံ ၊အကြပ်စစ်သည် ၊ရဲဘော်တို့ တက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၈။ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းကိုအကြမ်းဖက် စစ်တပ်ကလေကြောင်းတိုက်ခိုက်မှုပြုလုပ်
ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းကိုအကြမ်းဖက် စစ်တပ်ကလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တယ်လို့သိရပါတယ်။
ဧပြီ၂၉ရက် ၉နာရီခွဲကနေ ၁၁ နာရီအထိတစ်ကြိမ်နဲ့ မွန်းလွဲပိုင်းတို့မှာ လေယာဥ်နဲ့ လာရောက်ပစ်ခတ်ခဲ့တယ်လို့ ဒေသခံ သတင်းအရင်းအမြစ်များကဆိုပါတယ်။
"တိုက်လေယာဥ် နှစ်စီးနဲ့ ခြောက်ကြိမ်လာပစ်ခဲ့ပါတယ်"လို့ ဒေသခံတစ်ဦးကဆိုပါတယ်။
မနက်ပိုင်းနဲ့ မွန်းလွဲပိုင်းတွင် လေယာဥ်များနဲ့ပစ်ခတ်ခဲ့ရာ ပြည်သူနှစ်ဦး လတ်တလောထိခိုက်ဒဏ်ရာရရှိထားပြီး ကားများပျက်စီးဆုံးရှုံးမှုလည်းရှိတယ်လို့သိရပါတယ်။ ကရင်နီပြည်ကို စကစတပ်များက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ၄င်းတို့ထင်ရာမြင်ရာနေရာများကိုလေကြောင်းတိုက်ခိုက်မှုများ အဆက်မပြတ်ပစ်ခတ်နေခြင်းဖြစ်ပါတယ်။
========================
📌📌 ၉။ ရန်ကုန်-မော်လမြိုင်အဝေးပြေးလမ်းမကြီး၊ ဘီးလင်း-သထုံလမ်းပိုင်းတွင် လမ်းကင်းလုံခြုံရေးယူနေသော စကစတပ်သားများ ပစ်ခတ်မှုဖြစ်ခဲ့ပြီး စကစတပ်သား ၄ ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရသူများပြား
ရန်ကုန်-မော်လမြိုင်အဝေးပြေးလမ်းမကြီး၊ ဘီးလင်း-သထုံလမ်းပိုင်းတွင် လမ်းကင်းလုံခြုံရေးယူနေသော စကစတပ်သားများ ပစ်ခတ်မှုဖြစ်ခဲ့ပြီး စကစတပ်သား ၄ ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရသူများပြားခဲ့ပါတယ်။
ဧပြီ၂၉ရက် မွန်းတည့်၁၂နာရီအချိန် ရန်ကုန်-မော်လမြိုင်အဝေးပြေးလမ်းမကြီးပေါ်၊ ဘီးလင်း-သထုံလမ်းပိုင်း၊ရွှေရောင်ပြကျေးရွာအနီးတွင် အင်အား၂၀ခန့်ဖြင့် လမ်းကင်းလုံခြုံရေးယူနေသော စကစတပ်သားများအားပစ်ခတ်ခဲ့တယ်လို့ HRS ဒရုန်းတပ်ဖွဲ့ကဆိုပါတယ်။
"ဧပြီ၂၉ရက် မွန်းတည့်၁၂နာရီအချိန် ရန်ကုန်-မော်လမြိုင်အဝေးပြေးလမ်းမကြီးပေါ်၊ ဘီးလင်း-သထုံလမ်းပိုင်း၊ရွှေရောင်ပြကျေးရွာအနီးတွင် အင်အား၂၀ခန့်ဖြင့် လမ်းကင်းလုံခြုံရေးယူနေသော စကစတပ်သားများအား KNLA တပ်ခွဲ ၃၊HRS နှင့် သထုံပကဖ ပူးပေါင်းတပ်ဖွဲ့မှ Droneအပါအဝင် မြေပြင်မှအနီးကပ်သွားရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အပြန်အလှန်ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ပစ်ခတ်မှုမှာ နေ့လည်၂နာရီခန့်အထိဖြစ်ပွားခဲ့ပါတယ်"လို့ဆိုပါတယ်။
ပူးပေါင်းတပ်မှ Drone ဖြင့်ကနဦးစတင်တိုက်ခိုက်မှုတွင်ထိမှန်လဲကျသွားသူများအား လူနာတင်ယာဉ်ဖြင့်လာရောက်သယ်ယူသည့်အချိန်တွင် မြေပြင်တပ်ဖွဲ့မှ 40mmများ၊လက်နက်ငယ်များဖြင့် အနီးကပ်ဝင်ထပ်မံဝင်ရောက်ပစ်ခတ်တိုက်ခဲ့ခြင်းဖြစ်ပါတယ်။
ထပ်မံ၍ ၄င်းတို့နေရာယူထားသော အဆောက်အဦးအား Droneဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ရာ ဗုံးသီးအားလုံးအဆောက်အဦအတွင်းသို့ကျရောက်ပေါက်ကွဲခဲ့ပြီး စကစဘက်မှလည်း လက်နက်ငယ်များ၊40mmများဖြင့်တရစပ်ပြန်လည်ရမ်းသမ်းပစ်ခတ်ခဲ့ပြီး အနီးနားရှိ အမတ ၃၁၄(ဇီးဝန်း)မှလည်း လက်နက်ကြီးများဖြင့်ဆက်တိုက်ပစ်ကူပေးခဲ့ပါတယ်။
ဤပစ်ခတ်တိုက်ခိုက်မှုအတွင်း စကစတပ်သား ၄ ဦးပွဲချင်းပြီးသေဆုံးကာ အများအပြားဒဏ်ရာရရှိသွားကြောင်းကနဦးသိရပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment