13th MAY 2023 - Morning Daily News by Radio NUG



၂၀၂၃ မေလ ၁၃ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ ကြားကာလ‌ဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီနှင့် နာဂဒေသတိုင်းရင်းသားခေါင်းဆောင်များ တွေ့ဆုံအစည်းအဝေး ကျင်းပ

📌 ၂။ NUGရဲ့ ကျန်းမာရေးလုပ်ငန်းကို အကူအညီပေးတဲ့  နိုင်ငံတကာအကူအညီပေးရေးအဖွဲ့အစည်းများကို အကြမ်းဖက်စစ်တပ်က ဖိအားပေးမှုများရှိနေ

📌 ၃။ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း Anglican Diocese of Melbourne Bishop Philip Higgins နှင့် အလွတ်သဘောတွေ့ဆုံခဲ့

📌 ၄။ ကလေးတစ်ဦးအားလိင်ပိုင်းဆိုင်ရာ ကျူးလွန်မှု ဖြစ်စဉ်တစ်ခုတွင် သံသယတရားခံအား အမျိုးသားညီညွတ်ရေးအစိုးရ ပြည်သူ့ရဲတပ်ဖွဲ့က မေးမြန်းစစ်ဆေးခဲ့ပြီး   အမှုတည်ဆောက်၊ တရားစွဲတင်ရန် လုပ်ဆောင်နေ

📌 ၅။ စစ်ကောင်စီခန့်UECကနိုင်ငံရေးပါတီများ ဖျက်သိမ်းမှုအပါအဝင် စစ်အုပ်ချုပ်ရေးကို ပြင်းထန်စွာ ရှုတ်ချကြောင်းဥရောပပါလီမန်ကဆုံးဖြတ်အတည်ပြု

📌 ၆။ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)NCO(အကြပ်)သင်တန်းဆင်းပွဲကျင်းပ

📌 ၇။ နွေဦးစံရိပ်မွန် တိုက်ခန်းများ၃ လတာ ကာလအတွင်း တိုက်ခန်းပေါင်း ၇၀၀၀ ကျော်၊ ဒေါ်လာ ၁၉.၆၉ သန်းခန့် ရောင်းချပေးပြီး ဖြစ်တယ်လို့ဆို


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ကြားကာလ‌ဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီနှင့် နာဂဒေသတိုင်းရင်းသားခေါင်းဆောင်များ တွေ့ဆုံအစည်းအဝေး ကျင်းပ


အမျိုးသားညီညွတ်ရေးအစိုးရ ကြားကာလ‌ဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီနှင့် နာဂဒေသတိုင်းရင်းသားခေါင်းဆောင်များ မေလ ၁၂ရက်မှာ တွေ့ဆုံခဲ့တယ်လို့သတင်းရရှိပါတယ်။


ပထမဦးစွာ အမျိုးသားညီညွတ်ရေးအစိုးရ ကျန်မာရေးဝန်ကြီးဌာနနှင့် ပညာ‌ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက အဖွင့်အမှာစကားပြောကြားရာတွင်" နွေဦးတော်လှန်‌ရေး အားကောင်းနေချိန်မှာ တိုင်းရင်းသားဒေသများနှင့် လက်တွဲခွင့်ရရှိသည့်အတွက် ဝမ်းသာ‌မိကြောင်း၊ စုစည်းမှုပါဝင်မှုအားကောင်းကောင်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မှုများပြုနိုင်မည်ဖြစ်ကြောင်း" ပြောကြားခဲ့ပါတယ်။


 ဆက်လက်၍ နာဂဒေသတိုင်းရင်းသားခေါင်းဆောင်တစ်ဦးက အဖွင့်နှုတ်ခွန်းဆက် စကားပြောကြားခဲ့ပါတယ်။


ထို့နောက် ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ကြားကာလ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်နေမှုကို အသေးစိတ်ရှင်းလင်းတင်ပြခဲ့ပါတယ်။


တက်ရောက်လာသည့်နာဂဒေသ တိုင်းရင်းသားခေါင်းဆောင်များက မြေပြင်အခြေအနေနှင့် ဖြစ်ပေါ်နေမှုများ၊ ခက်ခဲနေမှုများ၊ ပညာရေးကျန်းမာရေး လိုအပ်ချက်များကိုသာမက ဖွဲ့စည်းထားရှိပြီးဖြစ်သော တော်လှန်ရေးအင်အားစုများနှင့် ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီတို့ကြား တိုက်ရိုက်ချိတ်ဆက် ဆောင်ရွက်နိုင်ရေး အစရှိသည် တို့ကို အသေးစိတ်ဆွေးနွေးခဲ့ကြပါတယ်။


အစည်းအဝေးသို့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့မှ ကျန်မာရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုး၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ခင်မမမျိုး၊ အမျိုးသမီးလူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်နော်ဆူဇန်နာလှလှစိုး၊ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးနိုင်ထွန်းဖေ()နိုင်သုဝဏ္ဏ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနမှ  ဒုဝန်ကြီးခူးထဲဘူး၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန ဒုဝန်ကြီး ဒေါက်တာငိုင်းတမ်မောင်း၊ နာဂဒေသ တိုင်းရင်းသားခေါင်းဆောင်များနှင့် ဝန်ကြီးဌာနအသီးသီးမှ အတွင်းဝန်များ တက်ရောက် ဆွေးနွေးခဲ့ကြပါတယ်။


========================


📌📌 ၂။ NUGရဲ့ ကျန်းမာရေးလုပ်ငန်းကို အကူအညီပေးတဲ့  နိုင်ငံတကာအကူအညီပေးရေးအဖွဲ့အစည်းများကို အကြမ်းဖက်စစ်တပ်က ဖိအားပေးမှုများရှိနေ


NUGရဲ့ ကျန်းမာရေးလုပ်ငန်းကို အကူအညီပေးတဲ့  နိုင်ငံတကာအကူအညီပေးရေးအဖွဲ့အစည်းများကို အကြမ်းဖက်စစ်တပ်က ဖိအားပေးမှုများရှိနေတယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးကပြောပါတယ်။


မေလအတွင်း ကျန်းမာရေးဝန်ကြီးဌာန နှစ်နှစ်ပြည့်လုပ်ငန်းဆောင်ရွက်ချက်များကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးကရှင်းလင်းရာမှာဆိုခဲ့ပါတယ်။


"အခက်အခဲနဲ့စိန်ခေါ်မှုများအနေနဲ့ အကြမ်းဖက်စစ်တပ်ဟာ နိုင်ငံတကာအကူအညီပေးရေးအဖွဲ့အစည်းများကို ဖိအားပေးခြင်း၊ ရန်ပုံငွေလုံလောက်မှုမရှိခြင်း၊ ဆေးရုံဆေးခန်းများနဲ့ ကျန်းမာရေးဝန်ထမ်းများအား ပစ်မှတ်ထားပြီး တိုက်ခိုက်နေခြင်း၊ အကြမ်းဖက် စစ်ကောင်စီကရိက္ခာ သတင်း၊ ရန်ပုံငွေတို့ကို ပိတ်ပင်သည့် ဖြတ်လေးဖြတ်နည်းအား  သုံးပြီးလူမဆန်စွာ တိုက်ခိုက်နေခြင်းတို့ဟာ အခက်အခဲ စိန်ခေါ်မှုများဖြစ်ပါတယ်"လို့ဆိုပါတယ်။


အကြမ်းဖက် စစ်တပ်ဟာ နှစ်နှစ်ကျော်ကာလအတွင်းမှာ ကျန်းမာရေးဝန်ထမ်းပေါင်း ၈၀ဦးခန့်ကိုလည်း သတ်ဖြတ်ပြီး ကျန်းမာရေးဝန်ထမ်း၈၃၉ဦးကိုလည်း ဖမ်းဆီးနှိပ်စက်ခဲ့ပါတယ်။


========================


📌📌 ၃။ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း Anglican Diocese of Melbourne Bishop Philip Higgins နှင့် အလွတ်သဘောတွေ့ဆုံခဲ့


အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း Anglican Diocese of Melbourne Bishop Philip Higgins နှင့် အလွတ်သဘောတွေ့ဆုံခဲ့ပါတယ်။


မေလ ၁၂ရက်မှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ သြစတြေးလျနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးက သတင်းထုတ်ပြန်ဖော်ပြပါတယ်။


သြစတြေးလျနိုင်ငံသို့ရောက်ရှိနေသည့် အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းသည် မေလ ၁၂ နေ့ နံနက်ပိုင်းတွင် Anglican Diocese of Melbourne Bishop Philip Higgins နှင့် အလွတ်သဘောတွေ့ဆုံခဲ့ပါတယ်လို့ဆိုပါတယ်။ 


ထို့နောက် အရေးပါသည့် အစိုးရတာဝန်ရှိသူများနှင့် အစည်းအဝေးတစ်ခု ပြုလုပ်ခဲ့ပြီး မွန်းလွဲပိုင်းတွင် Australian Council for International Development (ACFID) CEO နှင့်အဖွဲ့သားများအား တွေ့ဆုံဆွေးနွေးခဲ့တယ်လို့သိရပါတယ်။


 ထို့နောက် ညနေပိုင်းတွင် သြစတြေးလျ အမျိုးသားတက္ကသိုလ်တွင် ဟောပြောပို့ချမှုတစ်ခုကို ပြုလုပ်ခဲ့ပြီး ဤအစည်းအဝေးများတွင် ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဒုဝန်ကြီး ခွန်းဗဟန်းထန်နှင့် NUG သြစတြေးလျနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးမှ တာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၄။ ကလေးတစ်ဦးအားလိင်ပိုင်းဆိုင်ရာ ကျူးလွန်မှု ဖြစ်စဉ်တစ်ခုတွင် သံသယတရားခံအား အမျိုးသားညီညွတ်ရေးအစိုးရ ပြည်သူ့ရဲတပ်ဖွဲ့က မေးမြန်းစစ်ဆေးခဲ့ပြီး   အမှုတည်ဆောက်၊ တရားစွဲတင်ရန် လုပ်ဆောင်နေ


ကလေးတစ်ဦးအားလိင်ပိုင်းဆိုင်ရာ ကျူးလွန်မှု ဖြစ်စဉ်တစ်ခုတွင် သံသယတရားခံအား အမျိုးသားညီညွတ်ရေးအစိုးရ ပြည်သူ့ရဲတပ်ဖွဲ့က မေးမြန်းစစ်ဆေးခဲ့ပြီး  အမှုတည်ဆောက်၊ တရားစွဲတင်ရန် လုပ်ဆောင်နေတယ်လို့သတင်းရရှိပါတယ်။


 မေလ (၁၂) ရက်နေ့တွင်အမျိုးသမီး၊ လူငယ်၊ ကလေးသူငယ် ရေးရာဝန်ကြီးဌာနက တရားဝင်သတင်း ထုတ်ပြန်ဖော်ပြပါတယ်။


 "ကလေးတစ်ဦးအား လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှု ဖြစ်စဉ်တစ်ခုကို ကလေးမိခင်ထံမှ တိုင်ကြားစာကို အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနက ၂၀၂၃ ခုနှစ်၊ မေလ () ရက်နေ့တွင် လက်ခံရရှိခဲ့ပါတယ်။ ထိုအချိန်မှစ၍ ဝန်ကြီးဌာနအနေဖြင့် အမှန်တရားပေါ်ပေါက်ရေး၊ လူ့ဂုဏ်သိက္ခာအကာကွယ်ပေးနိုင်ရေးနှင့် ပြစ်ဒဏ်ကင်းလွတ်ခွင့် မရှိစေရေးကို လုပ်ဆောင်လျက် ရှိပါတယ်။ တိုင်ကြားစာကို လက်ခံရရှိပြီးနောက် အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနက ဤဖြစ်စဉ်ကို "အကြမ်းဖက်ခံရသူများအား ကာကွယ်စောင့်ရှောက်ရေးလမ်းညွှန် (GBV Case Management Guideline)” နှင့်အညီ ဆောင်ရွက်ထားပါတယ်"လို့ဖော်ပြပါတယ်။


 ထို့အပြင် သံသယတရားခံအား အမျိုးသားညီညွတ်ရေးအစိုးရ ပြည်သူ့ရဲတပ်ဖွဲ့က မေးမြန်းစစ်ဆေးခဲ့ကာ ယခုအခါတွင်  အမှုတည်ဆောက်၊ တရားစွဲတင်ရန် လုပ်ဆောင်နေပြီး တရားရေးဘက်မှလည်း အမှုစစ်ဆေးခြင်း၊ အမှုဖြစ်စဉ်အပေါ်မူတည်၍ ဖမ်းဝရမ်းထုတ်ဆင့်ခြင်းလုပ်ငန်းစဉ် များကို ဆက်လုပ်ဆောင်သွားမှာဖြစ်တယ်လို့ဆိုပါတယ်။


 အမှုဖြစ်စဉ်သည် ထိုင်းနိုင်ငံ၌ ဖြစ်ပေါ်ခဲ့သည့်အတွက် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ချိတ်ဆက်ပြီး ဆက်လက်လုပ်ဆောင်ရမည်ဖြစ်ပြီး ထိုသို့လုပ်ဆောင်ရာတွင် နိုင်ငံတကာတရားဥပဒေနှင့် တိုင်ကြားသူ၏ဆန္ဒတို့ကို အလေးပေး လုပ်ဆောင်ရခြင်းဖြစ်တယ်လို့ဆိုပါတယ်။

 

အခုအချိန်တွင် ထိခိုက်နစ်နာမှုတိုင်ကြားသူ၏ ကိုယ်ရော စိတ်ပါ လုံခြုံရေးအတွက် အမျိုးသမီး၊ လူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာနနှင့်တကွ အရပ်ဖက်အဖွဲ့အစည်းများကပါ ဆက်လက်ကူညီဆောင်ရွက်လျက်ရှိပြီး လုံလောက်သော အစီအမံ တစ်ခုအထိရောက်ရှိအောင် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမယ်လို့ဆိုပါတယ်။

 

ယခုဖြစ်စဉ်တွင် သတင်းပေါက်ကြားမှု ရှိခဲ့သည့်အတွက် အစိုးရကိုယ်စား ကာယကံရှင်များကို အလေးအနက် တောင်းပန်အပ်တယ်လို့ဆိုကာ ပေါက်ကြားမှု၏ Digital Footprint ကို နောက်ကြောင်းလိုက် နည်းပညာများနှင့် ရှာဖွေစိစစ်နေတယ်လို့ဆိုပါတယ်။


========================


📌📌 ၅။ စစ်ကောင်စီခန့်UECကနိုင်ငံရေးပါတီများ ဖျက်သိမ်းမှုအပါအဝင် စစ်အုပ်ချုပ်ရေးကို ပြင်းထန်စွာ ရှုတ်ချကြောင်းဥရောပပါလီမန်ကဆုံးဖြတ်အတည်ပြု


စစ်ကောင်စီခန့်UECကနိုင်ငံရေးပါတီများဖျက်သိမ်းမှုအပါအဝင်စစ်အုပ်ချုပ်ရေးကို ပြင်းထန်စွာ ရှုတ်ချကြောင်းဥရောပပါလီမန်က ဆုံးဖြတ်အတည်ပြုခဲ့တယ်လို့ သတင်းရရှိပါတယ်။


မေလ ၁၁ရက်မှာ မြန်မာနိုင်ငံဆိုင်ရာ ဥရောပပါလီမန်၏ ဆုံးဖြတ်ချက်ကို အတည်ပြုခဲ့ပါတယ်။


အတုအယောင်ရွေးကောက်ပွဲမှတစ်ဆင့် ဒီမိုကရေစီနည်းကျမဟုတ်ဘဲ ရယူထားသော အာဏာအား တရားဝင်မှုရရှိရန် ကြိုးပမ်းသည့် စစ်တပ်၏ ကြိုးပမ်းမှုအားလုံးကို ကန့်ကွက်ကြောင်းနှင့် အရပ်သားပြည်သူများအပေါ် ပစ်မှတ်ထားပြီး လေကြောင်းဖြင့် ပုံမှန်တိုက်ခိုက်နေမှု၊ စစ်တပ်က ခန့်အပ်ထားသော ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီ (၄၀) အား ဖျက်သိမ်းခဲ့မှုနှင့် အာဏာသိမ်းစစ်တပ်၏ အကြမ်းဖက်မှုများနှင့် တရားမဝင်သည့် စစ်အုပ်ချုပ်ရေးကို ပြင်းထန်စွာ ရှုတ်ချကြောင်း မေလ ၁၁ ရက်နေ့တွင် ချမှတ်ခဲ့သော မြန်မာနိုင်ငံဆိုင်ရာ ဥရောပပါလီမန်၏ ဆုံးဖြတ်ချက်တွင် ဖော်ပြထားပါတယ်။


ယင်းဆုံးဖြတ်ချက်အား ထောက်ခံမဲ ၄၅၄ မဲ၊ ကန့်ကွက်မဲ မဲ၊ ကြားနေမဲ ၃၉ မဲ ဖြင့် အတည်ပြုခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။


လွှတ်တော်တွင် ဆွေးနွေးရာမှာ မြန်မာစစ်တပ်အပေါ် ရုရှားနိုင်ငံနှင့် တရုတ်နိုင်ငံတို့က နိုင်ငံရေး၊ စီးပွားရေးနှင့် စစ်ရေးအရ ထောက်ခံပေးမှုအပေါ် ကန့်ကွက်ရှုတ်ချကြောင်း၊ လေယာဉ်ဆီတင်ပို့ရောင်းချခြင်းနှင့် စစ်တပ်နှင့် ၎င်းတို့၏ စီးပွားရေးလုပ်ငန်းများအပေါ် ထပ်တိုးအရေးယူဒဏ်ခတ်မှုများပြုလုပ်ပေးရန် ဥရောပသမဂ္ဂအား တောင်းဆိုကြောင်း၊ ရိုဟင်ဂျာများအပါအဝင် မြန်မာဒုက္ခသည်များနှင့် မြန်မာပြည်သူများအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ တိုးမြှင့်ပေးအပ်ရန် ဥရောပသမဂ္ဂနှင့် အဖွဲ့ဝင်နိုင်ငံများအား တောင်းဆိုကြောင်း၊ အမျိုးသားညီညွတ်ရေးအစိုးရနှင့် ဒီမိုကရေစီအင်အားစုများအတွက် ထောက်ပံ့ပေးမှုများကို သိသိသာသာ တိုးမြှင့်ပေးရန်တို့ပါဝင်ပါတယ်။


ထို့ပြင် နိုင်ငံရေးအကျဉ်းသားအားလုံးအား ခြွင်းချက်မရှိ ချက်ချင်းလွှတ်ပေးရန်၊ ဥပဒေနှင့်မညီသည့် အရေးပေါ်ကြေညာချက်နှင့် ခွဲခြားမှုမရှိ အင်အားသုံးတိုက်ခိုက်နေမှုများကို ချက်ချင်းအဆုံးသတ်ရန်၊ အရပ်သားအစိုးရထံ အာဏာပြန်အပ်ရန်နှင့် ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များအားလုံး ပါဝင်သည့် လွှတ်တော်အား ပြန်လည်ခေါ်ယူပေးရန်နှင့် ဒီမိုကရေစီလမ်းကြောင်းအား ပြန်လည်တည်ဆောက်သွားရန် စသည့် အကြမ်းဖက် စစ်ကောင်စီအား တောင်းဆိုချက်များလည်း ပါဝင်ပါတယ်။


========================


📌📌 ၆။ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)NCO(အကြပ်)သင်တန်းဆင်းပွဲကျင်းပ


ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) NCO(အကြပ်)သင်တန်းဆင်းပွဲကျင်းပခဲ့တယ်လို့ မေလ၁၂ရက်မှာအသိပေးဖော်ပြပါတယ်။


"ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) NCO(အကြပ်)သင်တန်း၊ အပတ်စဥ်() သင်တန်းဆင်းပွဲအခမ်းအနားကို ၂၀၂၃ခုနှစ်၊ မေလ ၁၁ ရက်နေ့တွင် ကျင်းပခဲ့ပါတယ်"လို့ဆိုပါတယ်။


သင်တန်းအားလေ့ကျင့်ချိန် ၅လခန့်ကြာမြင့်ခဲ့ပြီး အဆိုပါသင်တန်းတွင် စစ်သည် စစ်မေ (၇၀)ဦးတက်ရောက်ခဲ့သော်လည်း (၄၇)ဦးသာ သင်တန်းပြီးဆုံးအောင်မြင်ခဲ့တယ်လို့သိရပါတယ်။


========================


📌📌 ၇။ နွေဦးစံရိပ်မွန် တိုက်ခန်းများ၃ လတာ ကာလအတွင်း တိုက်ခန်းပေါင်း ၇၀၀၀ ကျော်၊ ဒေါ်လာ ၁၉.၆၉ သန်းခန့် ရောင်းချပေးပြီး ဖြစ်တယ်လို့ဆို


နွေဦးစံရိပ်မွန် တိုက်ခန်းများ၃ လတာ ကာလအတွင်း တိုက်ခန်းပေါင်း ၇၀၀၀ ကျော်၊ ဒေါ်လာ ၁၉.၆၉ သန်းခန့် ရောင်းချပေးပြီး ဖြစ်တယ်လို့ဆိုပါတယ်။


မေလ၁၂ရက်မှာ တိုက်ခန်းများရောင်းချရမှုကိုEODကအသိပေးဖော်ပြပါတယ်။


"နွေဦးစံရိပ်မွန် တိုက်ခန်းများအား ဖေဖေါ်ဝါရီ ၁၁ ရက် ၂၀၂၃ မှာ စတင်ရောင်းချပေးခဲ့ရာ လတာ ကာလအတွင်း တိုက်ခန်းပေါင်း ၇၀၀၀ ကျော်၊ ဒေါ်လာ ၁၉.၆၉ သန်းခန့် ရောင်းချပေးပြီး ဖြစ်ပါကြောင်း တော်လှန်ပြည်သူများအား အသိပေးလိုပါတယ်။နွေဦးစံရိပ်မွန် တိုက်ခန်းများဟာ အနဲဆုံး လစဉ်ထည့်ဝင်ငွေ ဒေါ်လာ ၁၁၀ မျှ ထည့်ဝင်ခြင်းဖြင့် တော်လှန်ရေးကာလ အပြီးတွင် အဆင့်အတန်းမှီ လူနေမှုဝန်းကျင်မှာ အသင့်နေ တိုက်ခန်းတစ်ခု ပိုင်ဆိုင်ခွင့်ရရှိမှာ ဖြစ်ပါတယ်"လို့ဆိုပါတယ်။


နွေဦးစံရိပ်မွန် တိုက်ခန်းများကိုစတင်ရောင်းချချိန်တွင် ၁၂ ကြိမ်ခွဲ၍ ၁၂ အတွင်း ပေးသွင်းခွင့်ပြုခဲ့ပြီး ယခုရောက်ရှိချိန်မှ ဆိုလျှင် အတွင်း ၁၂ ကြိမ် ခွဲပေးသွင်းရမှာ ဖြစ်တယ်လို့သိရပါတယ်။


"နွေဦး တော်လှန်ရေးကြီးရဲ့ ဒုတိယလှိုင်း" အတွက် အရေးကြီးလိုအပ်နေသော ဘဏ္ဏာရံပုံငွေများ ဆက်လက် ဖြည့်ဆည်းကြဖို့ ထပ်မံ တိုက်တွန်းလိုက်ပါတယ်"လို့ EODကအသိပေးဆိုထားပါတယ်။

အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။







#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment