၂၀၂၃ မေလ ၁၅ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ သံအမတ်ကြီး ဦးကျော်မိုးထွန်းအား “ပြည်သူ့ဂုဏ်ရည်ဆု” ချီးမြှင့်ခြင်းအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးနဲ့ ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်တို့တက်ရောက်မည်
📌 ၂။ တော်လှန်ရေးအင်အားစုများ စိုးမိုးနယ်မြေများရရှိလာ၍ စိုက်ပျိုးရေးပင် လုပ်ဆောင်နေရပြီလို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးပြောကြား
📌 ၃။ သြစတြေးလျနိုင်ငံ၊ ကွင်းစလန်းပြည်နယ်မြို့တော် ဘရစ်ဘိန်းတွင် ရောက်ရှိနေသည့် အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းတာဝန်ရှိသူများနဲ့တွေ့ဆုံ
📌 ၄။ CDF-Kanpetlet က၂နှစ်အတွင်းစစ်ကောင်စီတပ်ဖွဲ့ဝင်၂၀၀ ခန့်ကိုသုတ်သင်ရှင်းလင်းနိူင်ခဲ့
📌 ၅။ တနင်္သာရီမြို့နယ်တွင် စစ်ကောင်စီတပ်များမှ စစ်ကြောင်းထိုးဝင်ရောက်မှုကြောင့် နေအိမ်များမှ စွန့်ခွာ၍ရှောင်တိမ်းနေထိုင်လျက်ရှိသော စစ်ရှောင်ပြည်သူ ၅၀၀၀ ခန့်ကျန်ရှိနေ
📌 ၆။ မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ (၄၂) ဦး အပါအဝင် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၁၅၄) ဦးရှိလာ
📌 ၇။ မြန်မာ့အရေးသည် ကမ္ဘာ့အရေးဖြစ်ကြောင်း ပြည်ပရောက်ဒီမိုကရေစီအင်အားစုများမှ အီတလီနိူင်ငံ ရောမမြို့မှာ ဆန္ဒပြတောင်းဆိုသွားမယ်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ သံအမတ်ကြီး ဦးကျော်မိုးထွန်းအား “ပြည်သူ့ဂုဏ်ရည်ဆု” ချီးမြှင့်ခြင်းအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးနဲ့ ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်တို့တက်ရောက်မည်
မေလ၁၅
“ပြည်သူ့ဂုဏ်ရည်ဆု” ချီးမြှင့်ခြင်းအခမ်းအနားကို မေလ၂၁ရက်တွင် အမေရိကန်နိုင်ငံ Performing Arts Center of Baldwin Park, 4640 Maine Ave, Baldwin Park, CA 91706 ၌ ကျင်းပသွားမှာဖြစ်ပါတယ်။
အခမ်းအနားကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးနှင့်ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်တို့တက်ရောက်မှာဖြစ်ပြီး အယ်လ်အေနဲ့ ဆန်ဖရန် မြန်မာကွန်မြူနီတီနဲ့ပါတွေ့ဆုံသွားမယ်လို့သိရပါတယ်။
"မေလ ၂၁ ရက်၊ LA မြို့မှာ ကျင်းပမယ့် "ပြည်သူ့ဂုဏ်ရည် ဂုဏ်ပြုပွဲ" သို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံ အမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း၊ အမျိူးသားညီညွတ်ရေး အစိုးရအဖွဲ့ဝင် ဝန်ကြီး ဒေါက်တာဇော်ဝေစိုး နဲ့ ဝန်ကြီး ဦးထင်လင်းအောင်တို့ တက်ရောက်ကြပါမယ်။ဂုဏ်ပြုပွဲအခမ်းအနားကို ညနေ လေးနာရီခွဲ (Pacific Standard Time) မှာ စတင်မှာ ဖြစ်ပါတယ်။ပြည်သူ့ဂုဏ်ရည် (Citizen of Burma Award) Facebook စာမျက်နှာကနေ တိုက်ရိုက် ထုတ်လွှင့်ပေးမှာ ဖြစ်ပါတယ်"လို့ ပြည်သူ့ဂုဏ်ရည်အဖွဲ့က ကိုကျော်ဝနကဆိုထားပါတယ်။
၁၄ ကြိမ်မြောက်၊ ပြည်သူ့ဂုဏ်ရည်ဆုဖြင့် ဂုဏ်ပြုမှုအား နွေဦးတော်လှန်ရေး၏ စ ဦး တိုက်ပွဲဖြစ်သည့် အဓမ္မ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တိုက်ပွဲဝင်ခဲ့ကြကုန်သော ပြည်သူ့ဝန်ထမ်းများအား ဂုဏ်ပြုခြင်း အထိမ်းအမှတ် အဖြစ်၊ ကမ္ဘာ့အလယ်တွင် CDMလှုပ်ရှားသူတို့အား ဦးဆောင်ကိုယ်စားပြုခဲ့သူ ကမ္ဘာ့ကုလသမဂ္ဂ ဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းအား “ပြည်သူ့ဂုဏ်ရည်ဆု” ဖြင့် ဂုဏ်ပြု ချီးမြှင့်ခဲ့တာဖြစ်ပါတယ်။
========================
📌📌 ၂။ တော်လှန်ရေးအင်အားစုများ စိုးမိုးနယ်မြေများရရှိလာ၍ စိုက်ပျိုးရေးပင် လုပ်ဆောင်နေရပြီလို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးပြောကြား
မေလ၁၅
မေလအတွင်း တော်လှန်ရေးစကားဝိုင်းတစ်ခုမှာစိုးမိုးနယ်မြေများရရှိမှုနှင့်ပတ်သက်ပြီး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက အခုလိုပြောကြားခဲ့ပါတယ်။
"အရင်တုန်းက ဒီလောက်နယ်မြေစိုးမိုးမှုမရခဲ့ဘူး။ အခုနယ်မြေစိုးမိုးမှုတွေ ရတယ်။ တော်လှန်ရေးရဲဘော်တွေ စိုက်ပျိုးရေးတောင်လုပ်နေကြတာပဲလေ။ ဝိုင်းတောင်ကူညီနေတယ်လို့သိရပါတယ်။အဲဒီလို စိုက်နိူင် ပျိုးနိူင်တယ်ဆိုတာ အဲဒီမြေကြီးကိုမပိုင်ဘဲနဲ့ ဘယ်လိုစိုက်မလဲ။ဒါယောတစ်ခုထဲမဟုတ်ဘူး။စစ်ကိုင်းတို့ ပင်လယ်ဘူးတို့ ကရင်နီတို့ ကရင်နီဆိုစကစမပိုင်တော့ဘူး"လို့ဆိုပါတယ်။
လက်ရှိ တော်လှန်ရေးအင်အားစုများစိုးမိုးထိန်းချုပ်နယ်မြေများတွင် အိမ်ထောင်စုတစ်သောင်းခန့်ကို လျှပ်စစ်ဓာတ်အားရရှိအောင်ဆောင်ရွက်ပေးနိူင်ခဲ့ပြီး ပညာရေး၊ ကျန်းမာရေးဝန်ဆောင်မှုများကိုလည်း ဆောင်ရွက်ပေးလျက်ရှိပါတယ်။
========================
📌📌 ၃။ သြစတြေးလျနိုင်ငံ၊ ကွင်းစလန်းပြည်နယ်မြို့တော် ဘရစ်ဘိန်းတွင် ရောက်ရှိနေသည့် အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းတာဝန်ရှိသူများနဲ့တွေ့ဆုံ
မေလ၁၅
မေလ၁၅ရက်မှာအမျိုးသားညီညွတ်ရေးအစိုးရ၊ သြစတြေးလျနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးက အခုလိုသတင်းထုတ်ပြန်ခဲ့ပါတယ်။
သြစတြေးလျနိုင်ငံ၊ ကွင်းစလန်းပြည်နယ်မြို့တော် ဘရစ်ဘိန်းတွင် ရောက်ရှိနေသည့် အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းနှင့် ဒုတိယပြည်ထောင်စုဝန်ကြီး ဦးခွန်းဗဟန်းထန်တို့ဟာမေလ ၁၄ရက်နေ့ မွန်းလွဲပိုင်းတွင် Queensland ပြည်နယ်ရှိ CRPH/NUG Support Group (Queensland) ၏ ကိုယ်စားလှယ်များ၊ Chin Community Council, Queensland (CCCQ) ၏ ဥက္ကဌ၊ Australian Karen Organisation (Queensland Chapter) ၏ ဥက္ကဌ၊ Karenni Organisation Queensland ၏ ဥက္ကဌနှင့် အမှုဆောင်အဖွဲ့ဝင်များ၊ Rohingya Community Queensland ၏ ဥက္ကဌနှင့် အတွင်းရေးမှုးများ၊ Queensland Myanmar Youth Community (QMYC) ၏ လူငယ်ကိုယ်စားလှယ်တို့အပြင် မြို့မိမြို့ဖများနှင့် ရင်းနှီးစွာ တွေ့ဆုံခဲ့တယ်လို့သိရပါတယ်။
တွေ့ဆုံရာမှာ နွေဦးတော်လှန်ရေး အခင်းအကျင်းနှင့် အမျိုးသားညီညွတ်ရေးအစိုးရ၏ လုပ်ဆောင်လျက်ရှိသော လုပ်ငန်းများ၊ ရပ်တည်ချက်နှင့် လူ့အခွင့်အရေးဝန်ကြီးဌာနက ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများကို အမြင်ခြင်း ဖလှယ်ခြင်း၊ သိလိုသည်များကို ပြည့်စုံစွာ ရှင်းပြခြင်းများကို ဆောင်ရွက်ခဲ့ပါတယ်။
========================
📌📌 ၄။ CDF-Kanpetlet က၂နှစ်အတွင်းစစ်ကောင်စီတပ်ဖွဲ့ဝင်၂၀၀ ခန့်ကိုသုတ်သင်ရှင်းလင်းနိူင်ခဲ့
မေလအတွင်း CDF_Kanpetlet (၂)နှစ် ပြည့်မှာ စစ်ရေးသတင်းကို အခုလိုအသိပေးဆိုထားပါတယ်။
"(၂)နှစ်တာအတွင်း ချင်းကာကွယ်ရေးတပ်ဖွဲ့-ကန်ပက်လက်နှင့် စစ်ကောင်စီတပ်တို့အကြား ၂ နှစ်အတွင်းတွင် တိုက်ပွဲပေါင်း ၁၀၀ ကျော်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀၀ ခန့်သေဆုံးကာ ချင်းကာကွယ်ရေးတပ်ဖွဲ့-ကန်ပက်လက်ဘက်က ၁၂ ဦးကျဆုံးခဲ့ပါတယ်"လို့ဖော်ပြပါတယ်။
ထို့အပြင် ကန်ပက်လက်မြို့နယ်၊ ပြည်သူ ၆ ဦးကိုလည်း စစ်ကောင်စီတပ်က မတရားဖမ်းဆီးသတ်ဖြတ်ခဲ့ပါတယ်။
CDF-ကန်ပက်လက်အနေဖြင့် တော်လှန်ရေးအင်အားစုများ၊ မဟာမိတ်တပ်ဖွဲ့များနှင့် အတူတကွလက်တွဲပြီး ပန်းတိုင်အောင်မြင်သည့်အထိ ရွံ့ရွံ့ချွံချွံတိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်းဆိုထားပါတယ်။
========================
📌📌 ၅။ တနင်္သာရီမြို့နယ်တွင် စစ်ကောင်စီတပ်များမှ စစ်ကြောင်းထိုးဝင်ရောက်မှုကြောင့် နေအိမ်များမှ စွန့်ခွာ၍ရှောင်တိမ်းနေထိုင်လျက်ရှိသော စစ်ရှောင်ပြည်သူ ၅၀၀၀ ခန့်ကျန်ရှိနေ
မေလ၁၅ရက်
တနင်္သာရီမြို့နယ်တွင် စစ်ကောင်စီတပ်များမှ စစ်ကြောင်းထိုးဝင်ရောက်မှုကြောင့် နေအိမ်များမှ စွန့်ခွာ၍ရှောင်တိမ်းနေထိုင်လျက်ရှိသော စစ်ရှောင်ပြည်သူ ၅၀၀၀ ခန့်ကျန်ရှိနေတယ်လို့ မေလ၁၅ရက် ဒေါနတနင်္သာရီ - စစ်ဘေးရှောင်များအထောက်အကူပြုရေးအဖွဲ့က ဆိုပါတယ်။
"စစ်အုပ်ချုပ်ရေးကြေညာထားသော မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ်များနှင့် စစ်ကောင်စီတပ်များကြား တိုက်ပွဲ မကြာခဏဖြစ်လျက်ရှိပြီး တနင်္သာရီဒေသတစ်ခုလုံးတွင် စစ်ရှောင်အရေအတွက်များသည့် မြို့နယ်တစ်ခုလည်းဖြစ်လာပါတယ်။ပြီးခဲ့သည့် ဧပြီလတွင်ရရှိသည့် မြေပြင်အချက်အလက်များအရ တနင်္သာရီမြို့နယ်တွင် စစ်ကောင်စီတပ်များမှ စစ်ကြောင်းထိုးဝင်ရောက်မှုကြောင့် နေအိမ်များမှ စွန့်ခွာ၍ရှောင်တိမ်းနေထိုင်လျက်ရှိသော စစ်ရှောင်ပြည်သူ ၅၀၀၀ ခန့်ကျန်ရှိနေဆဲဖြစ်ပါတယ်"လို့ဆိုပါတယ်။
ပြည်သူများအနေဖြင့် တရားသောစစ်ပွဲများအတွက် ကူညီထောက်ခံအားပေးကြသကဲ့သို့ စစ်ပွဲများကြောင့် ဖြစ်ပေါ်လာသော စစ်ဘေးရှောင်ပြည်သူများကိုလည်း လူသားချင်းစာနာစွာထောက်ပံ့ကူညီပေးကြပါရန် ဆိုထားပါတယ်။
========================
📌📌 ၆။ မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ (၄၂) ဦး အပါအဝင် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၁၅၄) ဦးရှိလာ
မေလ၁၅
မေလအတွင်း စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍AAPPက အခုလိုဖော်ပြလာပါတယ်။
"၂၀၂၃ ခုနှစ်အထိ နွေဦးတော်လှန်ရေးနှင့်ဆက်စပ်၍ သေဒဏ်ချမှတ်ခံထားရပြီး အကျဉ်းထောင်များတွင် ထိန်းသိမ်းခံနေရသူ စုစုပေါင်း (၁၁၂) ဦးရှိပြီဖြစ်ကာ မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ (၄၂) ဦး အပါအဝင် (၁၂၁) ဦးမှာ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခြင်းခံထားရပါတယ်။ထိုကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၁၅၄) ဦးရှိပြီဖြစ်ပါတယ်"လို့ဆိုပါတယ်။
၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်မှ ၂၀၂၃ ခုနှစ်၊ မေလ ၁၂ ရက်နေ့ထိတိုင် ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၂၂၁၁) ဦးရှိပြီး ထိုအထဲမှ (၁၇၉၁၈) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၅၈၉၃) ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရပါတယ်။
========================
📌📌 ၇။ မြန်မာ့အရေးသည် ကမ္ဘာ့အရေးဖြစ်ကြောင်း ပြည်ပရောက်ဒီမိုကရေစီအင်အားစုများမှ အီတလီနိူင်ငံ ရောမမြို့မှာ ဆန္ဒပြတောင်းဆိုသွားမယ်
မေလ၁၅
မြန်မာ့အရေးသည် ကမ္ဘာ့အရေးဖြစ်ကြောင်း ပြည်ပရောက်ဒီမိုကရေစီအင်အားစုများမှ အီတလီနိူင်ငံ ရောမမြို့မှာ ဆန္ဒပြတောင်းဆိုသွားမယ်လို့ မေလ၁၅ရက်မှာ အီတလီ ကွန်မြူနတီ မြန်မာကအသိပေးဆိုထားပါတယ်။
"မေလ ၁၉ ရက်များတွင် ဂျပန်နိုင်ငံ ဟီရိုးရှီမားမြို့တွင် ကမ္ဘာ့အင်အားကြီး ထိပ်သီးနိုင်ငံ ၇ နိုင်ငံံ နှင့် EU တို့၏ G7 အစည်းအဝေး ကျင်းပသွားမှာ ဖြစ်ပါတယ်။ ထိုနေ့ရက်များတွင် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးများ၊ ပြည်သူလူထု၏ အသက်ပေါင်းများစွာ နေ့စဉ် ဆုံးရှုံးလျက်ရှိသော ပြည်တွင်းရှိပြည်သူလူထုအားလုံးကို ကိုယ်စားပြုပြီး မြန်မာ့အရေးသည် ကမ္ဘာ့အရေးဖြစ်ကြောင်း ပြည်ပရောက်ဒီမိုကရေစီအင်အားစုများမှ အတူတကွ တောင်းဆိုသွားကြမှာ ဖြစ်ပါတယ်။ အီတလီနိုင်ငံ ရောမမြို့၌လည်း မေလ ၂၁ ရက်နေ့၊ တနင်္ဂနွေနေ့၊ မနက် ၁၁ နာရီမှ နေ့လယ် ၁၂ နာရီထိ အီတလီရောက်မြန်မာများမှလည်း Italy - Burma Friendship အဖွဲ့အစည်း၊ ပြည်တွင်းပြည်ပမှ ပြည်သူများနှင့်အတူ ဆန္ဒပြတောင်းဆိုသွားမှာဖြစ်ပါတယ်"လို့ဆိုပါတယ်။
မြန်မာနိူင်ငံ ဒီမိုကရေစီ လမ်းကြောင်းပေါ်ပြန်လည်ရောက်ရှိရေး မြန်မာ့အရေးကို ပြီးခဲ့သည့်လများက အီတလီလွှတ်တော်မှာ ဆွေးနွေးမှုလုပ်ဆောင်ခဲ့ပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment