16th MAY 2023 - Evening Daily News by Radio NUG


၂၀၂၃ မေလ ၁၆ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း နယူးဇီလန်နိင်ငံမြို့တော် ဝယ်လင်တန်သို့ ရောက်ရှိ၍ မြန်မာလူထုနဲ့တွေ့ဆုံ

📌 ၂။ မိုခါမုန်တိုင်းကြောင့် ဖြစ်ပေါ်လာတဲ့ ပြည်သူလူထု လိုအပ်ချက်များကို ဝိုင်းဝန်းကူညီပေးကြရန် ဒုတိယဝန်ကြီး ဦးမော်ထွန်းအောင်တိုက်တွန်း

📌 ၃။ မိုခါမုန်တိုင်း တိုက်ခတ်ပြီးနောက် ကူညီကယ်ဆယ်ရေးနဲ့ ထောက်ပံ့ရေးလုပ်ငန်းများကို အမျိုးသားညီညွတ်ရေးအစိုးရက နိုင်ငံတကာအဖွဲ့အစည်းများအပါအဝင် မြို့နယ်ပအဖ ပကဖများနဲ့ချိတ်ဆက်ဆောင်ရွက်နေ

📌 ၄။ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၏မွေးနေ့အထိမ်းအမှတ်ပွဲအမေရိကန်နိုင်ငံ New York မြို့ရှိ Flatiron Public Plaza မှာကျင်းပမယ်

📌 ၅။ စကစခန့်ရပ်ကျေးအုပ်ချုပ်ရေးမှူးများနှင့် ရပ်ကျေးစာရေးများ ရေနံချောင်းမြို့နယ်မှ အမြန်ဆုံးပြောင်းရွှေ့ထွက်ခွာရန် မကွေးခရိုင်အမှတ်၂တပ်ရင်းသတိပေးထုတ်ပြန်

📌 ၆။ ကနီမြို့နယ်မှာ မုန်တိုင်ကြားထဲ စစ်ကြောင်းထိုးတဲ့စကစတပ်များ တော်လှန်ရေးအင်အားစုများကတိုက်ခိုက်၍ ဗိုလ်တစ်ဦးအပါအဝင် စကစဘက်ကရှစ်ဦးသေဆုံး

📌 ၇။ နွေဦးလည်းကူ ဆုလည်းယူRaffle Ticket Campaign ကံထူးသူများကို နွေဦးအင်းလျားကွန်ဒိုအပါအဝင် ငွေတိုက်စာချုပ်နဲ့ တန်ဖိုးရှိပစ္စည်းများမဲဖောက်ပေးအပ်မယ်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း နယူးဇီလန်နိင်ငံမြို့တော် ဝယ်လင်တန်သို့ ရောက်ရှိ၍ မြန်မာလူထုနဲ့တွေ့ဆုံ


မေလ၁၆


အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းသည် နယူးဇီလန်နိင်ငံမြို့တော် ဝယ်လင်တန်သို့ ရောက်ရှိ၍ မြန်မာလူထုနဲ့တွေ့ဆုံခဲ့ကြောင်းကို မေလ (၁၆) ရက်‌နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ သြစတြေးလျနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးကသတင်းထုတ်ပြန်ခဲ့ပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းသည် ဖိတ်ကြားချက်အရ နယူးဇီလန်နိင်ငံ၊ မြို့တော် ဝယ်လင်တန်သို့ မေလ၁၅ရက်မွန်းလွဲပိုင်းတွင် ဆိုက်ရောက်ခဲ့တယ်လို့ဆိုပါတယ်။


"တနေရာရောက်တိုင်း နွေဦးတော်လှန်ရေးတိုက်ပွဲဝင်ပြည်သူတွေရဲ့ နွေးထွေးမှုက ခွန်အားပါ။ ပြည်သူအားနဲ့အတူ ဆက်လက်ကြိုးပမ်းပါ့မယ်"လို့ လူ့အခွင့်ရေးဆိုင်ရာ ဝန်ကြီး ဦးအောင်မျိုးမင်းကလည်းဆိုထားပါတယ်။


ဝန်ကြီးအား ဝယ်လင်တန်မြို့ရှိ မြန်မာပြည်ဖွား၊ မြန်မာပြည်သားများက လေဆိပ်ဆိုက်ရောက်ဆောင်တွင် လှိုက်လှဲစွာဖြင့် ကြိုဆိုခဲ့ကြပြီး ညနေပိုင်းတွင် Porirua ရှိ Freedom Church Hall တွင် မြန်မာမိသားစုများနှင့် ရင်းနှီးနွေးထွေးစွာ တွေ့ဆုံခဲ့ပြီး စကားဝိုင်းဆွေးနွေးပွဲ တခုတွင်လည်း တက်ရောက်ခဲ့ပါတယ်။


========================


📌📌 ၂။ မိုခါမုန်တိုင်းကြောင့် ဖြစ်ပေါ်လာတဲ့ ပြည်သူလူထု လိုအပ်ချက်များကို ဝိုင်းဝန်းကူညီပေးကြရန် ဒုတိယဝန်ကြီး ဦးမော်ထွန်းအောင်တိုက်တွန်း


မေလ၁၆ရက်


မိုခါမုန်တိုင်းကြောင့် ဖြစ်ပေါ်လာတဲ့ ပြည်သူလူထု လိုအပ်ချက်များကို ဝိုင်းဝန်းကူညီပေးကြရန် ဒုတိယဝန်ကြီး ဦးမော်ထွန်းအောင်က ပြည်သူလူထုကို တိုက်တွန်း‌ပြောဆိုထားပါတယ်။


"အားလုံးဝိုင်းကူကြပါ။ ရေတို၊ လက်ငင်းမှာ- ရေသန့်၊ ဆေးဝါး၊ စားနပ်ရိက္ခာ၊ ယာယီ ခုံလှုံရာ လိုအပ်ချက်များ မြင့်တက်လာမှာဖြစ်ပါတယ်။ ကူညီသင့်သည့် ခေါင်းစဉ်များ၊ ရေသန့်ဆေးပြား၊ ရေသန့်စက်၊ ရေသန့်ဘူးများ၊ အရေးပေါ် စားနပ်ရိက္ခာ နှင့် သန့်ရှင်းရေးသုံးပစ္စည်းများ၊ စက်သုံးဆီ ဆိုလာ အားသွင်းစနစ်၊ ယာယီအဆောက်အအုံနှင့် အရေးပေါ်အခြေအနေသုံးပစ္စည်းကိရိယာများ၊ အခြေခံကျန်းမာရေး စောင့်ရှောက်မှုအတွက် ရှေးဦးသူနာပြုဆေးဝါး၊ ဓာတ်ဆား နှင့် ဝမ်းပျက်ဝမ်းလျှောဆေးဝါးများ၊ အင်တာနက် ဒေတာတို့လိုအပ်မှာဖြစ်ပါတယ်။အထူးသဖြင့် တော်လှန်ရေး အပေါ်မှာ သက်ရောက်မှု ကြီးလာ နိုင်လို့ ပရဟိတ အဖွဲ့တွေ၊ ပြည်တွင်းအလှုရှင်တွေ အနေနဲ့ နာဂစ်၊ ဂီရိ အတွေ့အကြုံ အရ ရေတို၊ ကာလလတ်၊ ရေရှည် ဝင်ရောက်ကူညီမယ့် အစီအမံများကို သက်ဆိုင်ရာ ဒေသက အဖွဲ့အစည်းအသီးသီးနဲ့ ချိတ်ဆက်ပြီးမထပ်ရ၊ မကျန်ရအောင် လက်ဦးမှုယူပြီးကူညီပေးခြင်းဖြင့် နာတာရှည်သက်ရောက်မှုတွေကို ကြိုတင် ဖြေရှင်းနိုင်မှာဖြစ်ပါတယ်"လို့ဆိုပါတယ်။


"မိုခါ ဆိုင်ကလုန်းမုန်တိုင်း နဲ့ဆက်စပ်၍ နောက်ဆက်တွဲ ဖြစ်စဥ်များကြောင့်ရခိုင်၊ရှမ်း၊ ဧရာဝတီ၊ မန္တလေး၊ စစ်ကိုင်း၊မကွေးနဲ့ရန်ကုန်တို့တွင် သေဆုံးသူ စုစုပေါင်း ၁၈ဦးရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရသူများနှင့် နာမကျန်းဖြစ်ပွားသူလည်းရှိတယ်"လို့သိရပါတယ်။


 မေလ၁၅ရက်နေ့အထိ ရရှိထားသောစာရင်းဇယားများအရ ရခိုင်ပြည်နယ်တွင် အထင်ကရနေရာများဖြစ်သည့် ကျောက်တော် မဟာမြတ်မုနိဘုရား၊ စစ်တွေရှုခင်းသာလမ်းများထိခိုက်ပျက်စီးခဲ့ပြီး အိမ်ခြေထောင်သောင်းကျော် အမိုးအကာများပျက်စီးမှုဖြစ်ပွားခဲ့တယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၃။ မိုခါမုန်တိုင်း တိုက်ခတ်ပြီးနောက် ကူညီကယ်ဆယ်ရေးနဲ့ ထောက်ပံ့ရေးလုပ်ငန်းများကို အမျိုးသားညီညွတ်ရေးအစိုးရက နိုင်ငံတကာအဖွဲ့အစည်းများအပါအဝင် မြို့နယ်ပအဖ ပကဖများနဲ့ချိတ်ဆက်ဆောင်ရွက်နေ


မေလ၁၆ရက်


မိုခါမုန်တိုင်း တိုက်ခတ်ပြီးနောက် ကူညီကယ်ဆယ်ရေးနဲ့ ထောက်ပံ့ရေးလုပ်ငန်းများကို အမျိုးသားညီညွတ်ရေးအစိုးရက နိုင်ငံတကာအဖွဲ့အစည်းများအပါအဝင် မြို့နယ်ပအဖ ပကဖများနဲ့ချိတ်ဆက်ဆောင်ရွက်နေတယ်လို့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က Radio NUGကိုအခုလို‌ ဖြေကြားထားပါတယ်။


 ဦးကျော်ဇော်-သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ

အခုမုန်တိုင်းဝင်သွားပြီးတဲ့အခါမှာ ကယ်ဆယ်ရေးအစီအစဉ်တွေကို စပြီးတော့ ကျွန်တော်တို့ရဲ့ သက်ဆိုင်တဲ့ ဝန်ကြီးဌာနတွေကနေပြီးတော့ စတင်ဆောင်ရွက်နေပါပြီ။ ဒီဒေသမှာရှိတဲ့ အုပ်ချုပ်ရေးအဖွဲ့တွေ ဒီcivil society တွေ နောက်နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့လည်း ချိတ်ဆက်ပြီးတော့ ဆောင်ရွက်နေပါတယ်။ ဒေသမှာရှိတဲ့ ဉပမာဆိုရင် ချင်းပြည်နယ်မှာဆိုရင် CNF လို ရခိုင်ပြည်နယ်မှာဆိုရင် Arakan Heritage Foundation တို့လို အဖွဲ့အစည်းတွေနဲ့ အကူအညီတွေပေး ဆောင်ရွက်နေတာရှိပါတယ်။ ဒီ စစ်ကိုင်းတိုင်းတို့ မကွေးတိုင်းတို့ မန္တလေးတိုင်းတို့မှာလည်း ကျွန်တော်တို့ရဲ့ ပကဖတွေ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေကနေတဆင့် ကျွန်တော်တို့တွေမှာရှိတဲ့ မြေပြင်မှာရှိတဲ့ ဝန်ထမ်းတွေ စီဒီအမ်တွေ အစရှိတဲ့ ကျွန်တော်တို့ရဲ့အုပ်ချုပ်ရေးယန္တရားတွေကနေပြီးတော့ ကူညီဆောင်ရွက်ပေးနေတာတွေ ရှိပါတယ်။ NUGအစိုးရဟာ မုန်တိုင်းမဝင်ခင်မှာ အထူးအရေးပေါ်အစည်းအဝေးကျင်းပပြီးတော့ ဒီပဏာမ ဒေါ်လာတစ်သန်း လျာထားပြီးတော့ ဒီဒုက္ခရောက်တဲ့လူတွေကို ကူဖို့အတွက် လျာထားပါတယ်။ ပြည်သူတွေကနေ လှူဒါန်းတာတွေလည်း ကျွန်တော်တို့တွေ လက်ခံရရှိပြီး ပြည်သူတွေ လှူဒါန်းတဲ့ဟာ တွေကလည်း မုန်တိုင်းဒဏ်ခံရတဲ့ ဒေသတွေမှာ လိုအပ်တဲ့နေရာ အလိုအပ်ဆုံးနေရာတွေ လိုအပ်သလိုခွဲပြီးတော့ ကျွန်တော်တို့တွေ စီမံဆောင်ရွက်နေတယ်။ အကူအညီတွေပေး လုပ်ကိုင်နေတယ်ဆိုတာ ပြောကြားချင်ပါတယ်ခင်ဗျ။ "


"မိုခါ ဆိုင်ကလုန်းမုန်တိုင်း အရေးပေါ် တုံ့ပြန်ရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရက ကနဦးထောက်ပံ့ငွေ ကျပ်၅၆၄၅၀ ၀၀၀ စတင်သုံးစွဲကြောင်း ပြည်သူများကိုပြောကြားထားပါတယ်။


"မိုခါ ဆိုင်ကလုန်းမုန်တိုင်း နဲ့ဆက်စပ်၍ နောက်ဆက်တွဲ ဖြစ်စဥ်များကြောင့်ရခိုင်၊ ရှမ်း၊ ဧရာဝတီ၊ မန္တလေး၊ စစ်ကိုင်း၊မကွေးနဲ့ရန်ကုန်တို့တွင် သေဆုံးသူ စုစုပေါင်း ၁၈ဦးရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရသူများနှင့် နာမကျန်းဖြစ်ပွားသူလည်းရှိခဲ့ပါတယ်။


========================


📌📌 ၄။ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၏မွေးနေ့အထိမ်းအမှတ်ပွဲအမေရိကန်နိုင်ငံ New York မြို့ရှိ Flatiron Public Plaza မှာကျင်းပမယ်


မေလ၁၆ရက်


လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အထိမ်းအမှတ်ပွဲကို အမေရိကန်နိုင်ငံ New York မြို့ရှိ Flatiron Public Plaza မှာကျင်းပသွားမှာဖြစ်ပြီး မွေးနေ့အထိမ်းအမှတ်ပွဲနှင့်ပတ်သက်လို့ အခမ်းအနားဦးဆောင်ကျင်းပမယ့်NYCBရဲ့ အမှုဆောင် ဦးနေတင်မြင့်က ယခုလိုပြောပါတယ်။


ဦးနေတင်မြင့်

ကျွန်တော်တို့လာမယ့် ဇွန်လ၁၈ရက်နေ့ တနင်္ဂနွေနေ့မှာ ကျွန်တေ်ာတို့ နယူးယောက်မြို့တော်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ပွဲတစ်ခုကို ကျွန်တော်တို့ကျင်းပဖို့ရှိပါတယ်။ ကျွန်တော်တို့ရဲ့လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် နိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်ဟာ စစ်အကြမ်းဖက်အုပ်စုရဲ့ မတရားဖမ်းဆီး ချုပ်နှောင်ထိန်းသိမ်းထားခြင်းကို ခံနေရတယ်။ လူ့အခွင့်အရေးတွေ ဆုံးရှုံးနေတယ်။ တရားမျှတမှုမရှိတဲ့ ဉပဒေတွေနဲ့ သူ့ကိုချုပ်နှောင်ထားခြင်းဖြစ်တယ်။ အဲ့တာကို ကမ္ဘာ့နိုင်ငံအသီးသီးက ပြည်သူလူထုတွေရော ကမ္ဘာ့နိုင်ငံအသီးသီးက ကျွန်တော်တို့ အစိုးရတွေရော ခေါင်းဆောင်တွေရော သိစေရန်ရည်ရွယ်ပြီးတော့ မွေးနေ့ရှင်မရှိတဲ့ မွေးနေ့ပွဲ မွေးနေ့ရှင်ကိုယ်တိုင်မလုပ်နိုင်တဲ့ မွေးနေ့ပွဲတစ်ခုကို သူ့ကိုချစ်ခင်လေးစားရတဲ့ နိုင်ငံတကာမှာရှိတဲ့ ကျွန်တော်တို့ မြန်မာပြည်ဖွား တိုင်းရင်းသားညီအကိုမောင်နှမတွေက လုပ်ဆောင်တဲ့အခမ်းအနားတစ်ခုဖြစ်ပါတယ်။ ဒါ့အပြင် စစ်အကြမ်းဖက်အုပ်စုရဲ့ မတရားအုပ်ချုပ်နေတဲ့ ဉပဒေမဲ့လုပ်ရပ်တွေကိုလည်း ပြင်းပြင်းထန်ထန်နဲ့ နိုင်ငံတကာမှာရှိတဲ့အစိုးရတွေက မြန်မာပြည်မှာရှိတဲ့ပြည်သူလူထုကို ကူညီပံ့ပိုးပေးဖို့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်ခြင်းဖြစ်ပါတယ်။ အဲ့သည်ပွဲလေးအတွက် ကျွန်တော်တို့ပေါ့လေ အစီအစဉ်တွေ အများကြီးဆွဲထားပါတယ်။ နယူးရောက်စီးတီးမြို့တော်နဲ့ နီးစပ်တဲ့အခြားပြည်နယ်ကညီအကိုမောင်နှမတွေ တိုင်းရင်းသားညီအကိုမောင်နှမတွေ ဖိတ်ကြားထားသလို အထူးဧည့်သည်တော်တွေလည်း ကျွန်တော်တို့ဖိတ်ကြားထားပြီးတော့ ဒီအခမ်းအနားတစ်ခုကို နိုင်ငံတကာမှာရှိတဲ့အစိုးရတွေအားလုံး သိစေဖို့အတွက် ကျွန်တော်တို့ရည်ရွယ်ပြီးတော့လုပ်ဆောင်ခြင်းဖြစ်ပါတယ်။


နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်  ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိူင်ငံတော်အကြီးအကဲများအား အကြမ်းဖက်စစ်အုပ်စုက ၂၀၂၁ ခုနှစ်လဖေဖော်ဝါရီ၁ရက်နေ့ နိူင်ငံတော်အာဏာလုယူစဥ်ကတည်းကဖမ်းဆီးထားတာဖြစ်ပါတယ်။


========================


📌📌 ၅။ စကစခန့်ရပ်ကျေးအုပ်ချုပ်ရေးမှူးများနှင့် ရပ်ကျေးစာရေးများ ရေနံချောင်းမြို့နယ်မှ အမြန်ဆုံးပြောင်းရွှေ့ထွက်ခွာရန် မကွေးခရိုင်အမှတ်၂တပ်ရင်းသတိပေးထုတ်ပြန်


မေလ၁၆ရက်


စကစခန့်ရပ် ကျေးအုပ်ချုပ်ရေးမှူးများနှင့်ရပ်ကျေးစာရေးများ ရေနံချောင်းမြို့နယ်မှ အမြန်ဆုံးပြောင်းရွှေ့ထွက်ခွာရန် မကွေးခရိုင်အမှတ်၂တပ်ရင်းသတိပေးထုတ်ပြန်လိုက်ပါတယ်။


မေလ၁၆ရက်မှာ မကွေးခရိုင်အမှတ်၂တပ်ရင်းကရပ် ကျေးအုပ်ချုပ်ရေးမှူးများနှင့်ရပ်ကျေးစာရေးများကို အသိပေးစာထုတ်ပြန်ခဲ့ပါတယ်။


ထုတ်ပြန်စာအရစကစလက်အောက်ခံ  သက်ဆိုင်ရာ ရပ်ကျေး အုပ်ချုပ်ရေးမှူးအားလုံး အမြန်ဆုံး နုတ်ထွက်၍ ထွက်ခွာရန်နောက်ဆုံးအကြိမ် သတိပေးထုတ်ပြန်ခြင်းဖြစ်တယ်လို့ဆိုပါတယ်။


စကစလက်အောက်ခံ ရပ်ကျေးအုပ်ချုပ်ရေးမှူးများဟာ မြို့နယ်နှင့်ကျေးရွာများတွင် စကစသတင်းပေးအဖြစ်ဆောင်ရွက်ခြင်း၊ ပြည်သူလူထုအပေါ် အနိူင့်အထက်အုပ်ချုပ်ခြင်း စတဲ့ မတရားမှုများကို လုပ်ဆောင်၍ ကာကွယ်ရေးတပ်ဖွဲ့များက လက်မခံဘဲ အကြိမ်ကြိမ်သတိပေးစာများ ကနဦးထုတ်ပြန်ခဲ့ခြင်းဖြစ်ပါတယ်။


========================


📌📌 ၆။ ကနီမြို့နယ်မှာ မုန်တိုင်ကြားထဲ စစ်ကြောင်းထိုးတဲ့စကစတပ်များ တော်လှန်ရေးအင်အားစုများကတိုက်ခိုက်၍ ဗိုလ်တစ်ဦးအပါအဝင် စကစဘက်ကရှစ်ဦးသေဆုံး


မေလ၁၆


စစ်ကိုင်းတိုင်း ကနီမြို့နယ်မှာ မုန်တိုင်ကြားထဲ စစ်ကြောင်းထိုးတဲ့စကစတပ်များ တော်လှန်ရေးအင်အားစုများကတိုက်ခိုက်၍ ဗိုလ်တစ်ဦးအပါအဝင် စကစဘက်ကရှစ်ဦးသေဆုံးခဲ့တယ်လို့ မေလ၁၅ရက်မှာ စစ်ရေးသတင်းကို ကနီနယ် တော်လှန်ရေးအင်အားစုများကအတည်ပြုဆိုပါတယ်။


.က. နှင့် ပျူအင်အား (၂၀၀)ခန့်ရှိသော၄င်းစကစစစ်ကြောင်းဟာ ကနီနယ်ရှိတော်လှန်ရေး အင်အားစုများ ရှိနိုင်သည်ဟု ယူဆရသော နေရာဒေသများကို ဦးတည်၍ နယ်မြေရှင်းလင်းမည့် စစ်ကြောင်းဖြစ်ကာ စစ်ကြောင်း မဝင်မီယခင် ()လကျော်လောက် ကတည်းက အသေးစိတ် စုံစမ်းထောက်လှမ်းမှုများပြုလုပ်ခဲ့ကြောင်းသိရပါတယ်။


========================


📌📌 ၇။ နွေဦးလည်းကူ ဆုလည်းယူRaffle Ticket Campaign ကံထူးသူများကို နွေဦးအင်းလျားကွန်ဒိုအပါအဝင် ငွေတိုက်စာချုပ်နဲ့ တန်ဖိုးရှိပစ္စည်းများမဲဖောက်ပေးအပ်မယ်


မေလ၁၆ရက်


နွေဦးလည်းကူ ဆုလည်းယူRaffle Ticket Campaign ကံထူးသူများကို နွေဦးအင်းလျားကွန်ဒိုအပါအဝင် ငွေတိုက်စာချုပ်နဲ့ တန်ဖိုးရှိပစ္စည်းများမဲဖောက်ပေးအပ်မယ်လို့ဆိုပါတယ်။


ကမ်ပိန်းကာလကဟာ မေလ ၁၃ ရက်ကနေ ဇွန်လ ၁၁ အထိရက် ၃၀ သာဖြစ်ပြီးတော့ ကမ်ပိန်းကို WPC အပါအဝင် နိုင်ငံတကာက Fundraiser တွေ ပူးပေါင်းပြီး CRPH-OFP ရဲ့ ပံ့ပိုးမှုနဲ့ဆောင်ရွက်တာဖြစ်ပါတယ်။


တစ်စောင်ကို အမေရိကန်ဒေါ်လာ၂၀ကျသင့်ပေးချေရမှာဖြစ်ကာ ဗလာမဲမပါတဲ့ Raffle Tickets ဖြစ်ပြီးတော့ လက်မှတ်တိုင်းမှာ သူရဲကောင်း CDM များကို ထောက်ပို့နေတဲ့ နွေဦးထီတစောင် လက်ဆောင်တွဲပေးလိုက်မှာဖြစ်ပါတယ်။


ဆုမဲများအနေနဲ့ Inya  Condo 1B+ တခန်း၊ Spring  Bliss 1B တခန်း၊ USD 100 တန် Bond  စောင်၊ InyaView  share  စောင်၊ NUGPay တသိန်းကျပ်၊ ရွှေထူစိန်လက်စွပ် တကွင်း (USD 4000) မြ နားဆွဲ (USD 1600) တို့ဖြစ်တယ်လို့သိရပါတယ်။


အခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းထောက်မင်းသီဟန်ကပေးပို့ထားတာဖြစ်ပါတယ်။







#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment