၂၀၂၃ မေလ ၃ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ ပြည်သူများ၏ မဆုတ်မနစ်တိုက်ပွဲဝင်မှုများကြောင့် ယခုဆင်နွှဲနေသော နွေဦးတော်လှန်ရေးသည် မုချဧကန်အောင်မြင်မယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရအသိပေး
📌 ၂။ အကြမ်းဖက်စစ်တပ်ရဲ့ ရာဇဝတ်မှုတွေကို ရပ်တန့်နိုင်မှ ချိုးဖောက်ခံပြည်သူတွေအားလုံးအတွက်တာဝန်ကျေတယ်လို့ မှတ်ယူကြောင်း လူ့အခွင့်ရေးဝန်ကြီး ပြောကြား
📌 ၃။ သြစတြေးလျအနေနဲ့ မြန်မာနိုင်ငံနဲ့ ကမ္ဘာတစ်လွှားရှိ စာနယ်ဇင်းလွတ်လပ်ခွင့်နဲ့ သတင်းသမားများရဲ့ လုံခြုံရေးအတွက် ဆက်လက်ပံ့ပိုးသွားမယ်လို့ဆို
📌 ၄။ ဘောလခဲမြို့တွင်း စီးနင်းတိုက်ပွဲမှာ စကစဘက်က ၇ဦးသေဆုံးပြီး ၂၀ဦးထက်မနည်း ဒဏ်ရာရရှိခဲ့
📌 ၅။ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ထန်းတပင်မြို့နယ်၊(ဇရပ်ကြီးတောင်ခြမ်းဒေသ)ဘုမ္မတီးကျေးရွာ၊ သရက်တန်းကျေးရွာနှင့် ကျွဲလမ်းကျေးရွာတို့အားတိုက်လေယာဥ်နှစ်စီးဖြင့်စကစတပ်ကဗုံးကျဲချ၍ အရပ်သားသုံးဦးသေဆုံး
📌 ၆။ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ရူပဗေဒ အထူးပြုဘွဲ့ရ ကျောင်းသားတစ်ဦးကို အကြမ်းဖက် စစ်အုပ်စုက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ (ည) ဖြင့် ထောင်ဒဏ် ၁၀ နှစ်ချမှတ်၍ စုစုပေါင်းထောင်ဒဏ်၈၄နှစ်ထိရှိလာ
📌 ၇။ NUGPay နှင့် ပြည်သူများ၏ “တန်ခူးတိုက်ပွဲ တို့အောင်ပွဲ” Campaign မှ အလှူငွေ စုစုပေါင်း ၆၀ သိန်း ရရှိ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ ပြည်သူများ၏ မဆုတ်မနစ်တိုက်ပွဲဝင်မှုများကြောင့် ယခုဆင်နွှဲနေသော နွေဦးတော်လှန်ရေးသည် မုချဧကန်အောင်မြင်မယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရအသိပေး
မေလ၃ရက်
မေလ၃ရက်နေ့တွင်ကျရောက်သော ကဆုန်လပြည့် (ဗုဒ္ဓနေ့) အထိမ်းအမှတ်အဖြစ် အမျိုးသားညီညွတ်ရေးအစိုးရ၏နှုတ်ခွန်းဆက်သဝဏ်လွှာ တွင် အခုလိုထည့်သွင်းဖော်ပြထားပါတယ်။
ယနေ့သည် ဗုဒ္ဓဘာသာဝင်များ၏ အလေးအမြတ်ထားရာ နေ့ထူးနေ့မြတ်တစ်ရက်ဖြစ် သလို ဗုဒ္ဓသက္ကရာဇ် ၂၅၆၇ ခုနှစ်သို့ ကူးပြောင်းရောက်ရှိရာ နေ့တစ်နေ့လည်းဖြစ်ပါတယ်။ ဤမွန်မြတ်သော နေ့ထူးနေ့မြတ် အချိန်အခါသမယတွင် ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်၏ နိုင်ငံသူ၊ နိုင်ငံသားများအားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာ ချမ်းသာကြပါစေ ကြောင်း မေတ္တာပို့သလျက် နှုတ်ခွန်းဆက်သအပ်ပါတယ်လို့ဖော်ပြပါတယ်။
ဗုဒ္ဓနေ့တွင် အလောင်းတော်ဖွားမြင်တော်မူခြင်း၊ သဗ္ဗေညုတဉာဏ်တော်ကိုရရှိခြင်း၊ ပရိ နိဗ္ဗာန် စံဝင်တော်မူခြင်းဟူသော ဖြစ်စဉ်များသည် ကဆုန်လပြည့်နေ့တွင်သာ တိုက်ဆိုင် စွာ ဖြစ်ပေါ်လာခဲ့ခြင်းကြောင့် အလွန်ထူးခြားသော နေ့ထူးနေ့မြတ်တစ်နေ့လည်းဖြစ်ပါတယ်။ လောကတွင် အကြောင်းအကျိုးမှ လွတ်ကင်းပြီး မည်သည့်အရာမျှ ဖြစ်ပေါ်ခြင်းမရှိ ကြောင်း လက်တွေ့ကျင့်ကြံသိရှိတော်မူခဲ့ပါတယ်လို့ဆိုပါတယ်။
မြတ်စွာဘုရားရှင်သည် သဗ္ဗေညုတဉာဏ်ကို ရရှိတော်မူပြီး နှစ်လအကြာ ဝါဆိုလပြည့် နေ့မှ စတင်ကာ သူ၏ အယူဝါဒများကို လောကတခွင် ပျံ့နှံ့အောင် ကြိုးစားတော်မူခဲ့ ပါတယ်။ သံသရာမှ လွတ်မြောက်ရာလမ်းကို မိမိကိုယ်တိုင်လည်း ရရှိအောင် ကြိုးစား အားထုတ်ခဲ့သလို သတ္တဝါအများကိုလည်း ထိုလမ်းကို ကောင်းမွန်စွာ လျှောက်လှမ်းနိုင် အောင် လမ်းညွှန်ပြသခဲ့ပါတယ်။ ရှေ့ဆောင်ပြီး ကိုယ်တိုင်ကျင့်ကြံခဲ့သလို အများကို လည်း ကျင့်ကြံစေခဲ့ပါတယ်။ မိမိသွားလိုသော၊ မိမိရယူလိုသောအရာကို ကိုယ်တိုင်ရယူ မှသာ အောင်မြင်ရယူပိုင်ဆိုင်နိုင်ကြောင်းကို လက်တွေ့အားဖြင့် ကိုယ်တိုင်ကျင့်ကြံကာ ဟောကြားတော်မူခဲ့ပါတယ်။
ထို့ကြောင့် မိမိတို့လိုလားတောင့်တအပ်သော နိုင်ငံတော်သစ်ကို ကြိုးပမ်းရာတွင် မြန်မာ ပြည်သူ၊ ပြည်သားများ၏ ကြိုးစားအားထုတ်မှုသာ အဓိကကျသည်မှာ ဧကန်မလွဲပင်ဖြစ် ပြီး ပြည်သူများ၏ မဆုတ်မနစ်တိုက်ပွဲဝင်မှုများကြောင့် ယခုဆင်နွှဲနေသော နွေဦးတော်လှန်ရေးသည် မုချဧကန်အောင်မြင်မည်ဖြစ်ပါတယ်လို့ဆိုပါတယ်။
နွေဦးတော်လှန်ရေးတွင် ပါဝင်ရင်း အသက်ပေးလှူသွားကြသော မြန်မာနိုင်ငံသူနိုင်ငံသားများ မြင့်မြတ်ရာ ဘုံဌာနတွင် ရောက်ရှိ ခံစားနိုင်ကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သလျက် ကဆုန်လပြည့် (ဗုဒ္ဓနေ့) အခါသမယတွင် ဗုဒ္ဓမြတ်စွာ၏ စံနမူနာပြုထိုက်သော အကျင့်တရားများကို ကျင့်ကြံအား ထုတ်ပွားများနိုင်ကြပါစေကြောင်း ဆန္ဒပြုရင်း ဤသဝဏ်လွှာကို ပေးပို့အပ်ပါတယ်လို့ဖော်ပြပါရှိပါတယ်။
========================
📌📌 ၂။ အကြမ်းဖက်စစ်တပ်ရဲ့ ရာဇဝတ်မှုတွေကို ရပ်တန့်နိုင်မှ ချိုးဖောက်ခံပြည်သူတွေအားလုံးအတွက်တာဝန်ကျေတယ်လို့ မှတ်ယူကြောင်း လူ့အခွင့်ရေးဝန်ကြီး ပြောကြား
မေလ၃ရက်
အကြမ်းဖက်စစ်တပ်ရဲ့ ရာဇဝတ်မှုတွေကို ရပ်တန့်နိုင်မှ ချိုးဖောက်ခံပြည်သူတွေအားလုံးအတွက်တာဝန်ကျေတယ်လို့ မှတ်ယူမယ်လို့ လူ့အခွင့်ရေးဝန်ကြီးဦးအောင်မျိုးမင်းက မေလ၃ရက်မှာ NUGလူ့အခွင့်ရေးရာဝန်ကြီး ဦးအောင်မျိုးမင်းကဆိုထားပါတယ်။
"ပေးအပ်လာတဲ့တာဝန်တခုကို တာဝန်အရထမ်းဆောင်ခဲ့တာ ဒီနေ့ဆိုရင် (၂)နှစ်ပြည့်ပါပြီ။ကျန်းမာရေးအခက်အခဲတွေကြားက ကြိုးပမ်းထမ်းဆောင်ခဲ့ပေမယ့် ကိုယ့်ကိုယ်ကို အားမရမှုတွေ အမြဲခံစားနေရလျက်ပါ။အကြမ်းဖက်စစ်တပ်ရဲ့ ရာဇဝတ်မှုတွေကို ရပ်တန့်နိုင်မှ ချိုးဖောက်ခံပြည်သူတွေအားလုံးအတွက် တရားမျှတမှုကို ဖော်ဆောင်နိုင်မှ တာဝန်ကျေတယ်လို့ မှတ်ယူပါ့မယ်။အကြမ်းအာဏာရှင်စနစ်ကို ဖယ်ရှားပြီးနိုင်သည့်တိုင်တောင်စစ်မှန်တဲ့ ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသစ်မှာ မှန်ကန်တဲ့ လူ့အခွင့်အရေးယဥ်ကျေးမှုထွန်းကားဖို့ ဆက်လက်ကြိုးစားရအုန်းမှာပါဘဲ"လို့ဝန်ကြီးကဆိုပါတယ်။
လက်ရှိမှာ လူ့အခွင့်ရေးရာဝန်ကြီးဌာနဟာ အကြမ်းဖက်စစ်အုပ်စုရဲ့ စစ်ရာဇဝတ်မှုများနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ရာဇဝတ်မှုများကိုမှတ်တမ်းများပြုစုကာ နိူင်ငံတကာရာဇဝတ်ခုံရုံးများတွင် တရားစွဲဆိုနိူင်ရေးဆောင်ရွက်လျက်ရှိပါတယ်။
========================
📌📌 ၃။ သြစတြေးလျအနေနဲ့ မြန်မာနိုင်ငံနဲ့ ကမ္ဘာတစ်လွှားရှိ စာနယ်ဇင်းလွတ်လပ်ခွင့်နဲ့ သတင်းသမားများရဲ့ လုံခြုံရေးအတွက် ဆက်လက်ပံ့ပိုးသွားမယ်လို့ဆို
မေလ၃ရက်
မေလ၃ရက်နေ့ ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့မှာ သြစတြေးလျသံရုံး(ရန်ကုန်)က အခုလိုအသိပေးဆိုထားပါတယ်။
"ဒီနေ့ဟာ နှစ် ၃၀ ပြည့်၊ ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့ ဖြစ်ပါတယ်။ Media Freedom Coalition အဖွဲ့ဝင်ဖြစ်တဲ့ သြစတြေးလျအနေနဲ့ မြန်မာနိုင်ငံနဲ့ ကမ္ဘာတစ်လွှားရှိ စာနယ်ဇင်းလွတ်လပ်ခွင့်နဲ့ သတင်းသမားများရဲ့ လုံခြုံရေးအတွက် ဆက်လက်ပံ့ပိုးသွားမှာဖြစ်ပါတယ်။ သတင်းသမားများကို အကာအကွယ်ပေးဖို့က ယနေ့ကာလမှာ ယခင်ကထက် ပိုမိုအရေးကြီးလျက်ရှိပါတယ်"လို့ဆိုပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ၁ရက်နေ့မြန်မာ စစ်တပ်က နိူင်ငံတော်အာဏာကို လုယူပြီးနောက်ပိုင်း သတင်းလွတ်လပ်ခွင့်ဟာ ဆိုးရွားစွာ ကျဆင်းခဲ့ပြီး သတင်းသမားများကို ဖမ်းဆီးချုပ်နှောင်ခြင်းနဲ့ သတင်းဌာနများကို ပိတ်သိမ်းခြင်းတို့ဆောင်ရွက်ခဲ့ပါတယ်။
========================
📌📌 ၄။ ဘောလခဲမြို့တွင်း စီးနင်းတိုက်ပွဲမှာ စကစဘက်က ၇ဦးသေဆုံးပြီး ၂၀ဦးထက်မနည်း ဒဏ်ရာရရှိခဲ့
မေလ၃ရက်
မေလ၃ရက်နေ့မှာ စစ်ရေးသတင်းကို ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ်(အမှတ်-၁၁၀၈)ကအခုလို အတည်ပြုဆိုပါတယ်။
"မေလ၁ရက်နေ့ဘောလခဲမြို့တွင်းစီးနင်းတိုက်ပွဲ တွင်အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၊ကယားစစ် ဒေသ ဖားဆောင်း ပြည်သူကာကွယ်ရေးတပ်ဖွဲ့ (PPDF) ၊အမှတ် -၁၁၀၈ တပ်ရင်း နှင့် ဘောလခဲပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (BPDF)၊ အမှတ် -၁၁၀၅ တပ်ရင်းတို့ ပါဝင်သည့် ဘောလခဲခရိုင်ပူးပေါင်းဗျူဟာ စစ်ကြောင်း သည် ဘောလခဲမြို့တွင်းရှိ အကြမ်းဖက်စစ်ကောင်စီများ နေရာယူထားသည့် စစ်မှုထမ်းဟောင်းရုံး၊လ.ဝ.ကရုံး၊မြို့မရဲစခန်း၊ရုပ်\သံ လွှင့်ဌာန၊တို့ကို ဝင်ရောက်စီးနင်း ပစ်ခတ်ခဲ့ပါတယ်"လို့ဆိုပါတယ်။
မနက် ၄နာရီ ၅၀မိနစ် တွင် စတင် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးတိုက်ပွဲကြာချိန် ၂နာရီကျော် ကြာမြင့်ခဲ့ကာ မနက် ၇ နာရီ ခန့်တွင် ပြန်လည်ဆုတ်ခွာခဲ့တယ်လို့ဆိုပါတယ်။
ထိုစီးနင်းတိုက်ခိုက်မှုတွင် စစ်မှုထမ်းဟောင်းရုံးအား မီးရှို့ဖျက်စီးနိုင်ခဲ့ပြီး လ.ဝ.က ရုံးအားလည်းဝင်ရောက်ရှင်းလင်းရာ အကြမ်းဖက်စစ်ကောင်စီ၏ အမှတ် ၄၃၀ တပ်ရင်း မှ စစ်ကူများရောက်ရှိလာသဖြင့် ပြန်လည်ဆုတ်ခွာပေးခဲ့ရတယ်လို့ဆိုပါတယ်။
ထိုစီးနင်းတိုက်ခိုက်မှုတွင် အကြမ်းဖက်စစ်ကောင်စီဖက်မှ ၇ဦးသေဆုံးကာ၂၀ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကာ အကြမ်းဖက်စစ်ကောင်စီထံမှ G4 ၁လက်၊ AK 22 ၁လက်၊ G4 ကျည်ဘောက် ၆ဘောက်၊AK ကျည်ဘောက် ၃ဘောက်၊လက်ပစ်ဗုံး ၁လုံးနှင့် ကျည်ဆံအချို့တို့အားသိမ်းဆည်းရမိခဲ့ပါတယ်။
ထိုတိုက်ပွဲတွင် မဟာမိတ်တပ်ဘောလခဲပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ (BPDF) အမှတ်-၁၁၀၅ တပ်ရင်း မှ ရဲဘော် ၂ ဦး ကျဆုံးခဲ့ပြီး ၁ဦး ဒဏ်ရာပြင်းထန် ရရှိခဲ့ပါတယ်။
========================
📌📌 ၅။ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ထန်းတပင်မြို့နယ်၊(ဇရပ်ကြီးတောင်ခြမ်းဒေသ)ဘုမ္မတီးကျေးရွာ၊ သရက်တန်းကျေးရွာနှင့် ကျွဲလမ်းကျေးရွာတို့အားတိုက်လေယာဥ်နှစ်စီးဖြင့်စကစတပ်ကဗုံးကျဲချ၍ အရပ်သားသုံးဦးသေဆုံး
မေလ၃ရက်
မေလ၃ရက်နေ့မှာ တောင်ငူခရိုင် ထန်းတပင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က လေကြောင်းတိုက်ခိုက်မှုနှင့်ပတ်သက်၍ အခုလိုအသိပေးထုတ်ပြန်ပါတယ်။
"မေလ၂ရက်နေ့ညနေ (၆း၂၀)နာရီနှင့် (၆း၂၄)နာရီတို့တွင်- ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ထန်းတပင်မြို့နယ်၊(ဇရပ်ကြီးတောင်ခြမ်းဒေသ)ဘုမ္မတီးကျေးရွာ၊ သရက်တန်းကျေးရွာနှင့် ကျွဲလမ်းကျေးရွာတို့အား K8-W တိုက်လေယာဥ်နှစ်စီးဖြင့်ဗုံးကျဲခြင်းနှင့် မြေပြင်စခတပ်မှ လက်နက်ကြီးများဖြင့်ရမ်းသမ်းပစ်ခတ်ခြင်းတို့ဖြင့် နှစ်ဖက်ညှပ် ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်"လို့ဆိုပါတယ်။
ဤဖြစ်စဥ်၌ ကျွဲလမ်းကျေးရွာနှင့် သရက်တန်းကျေးရွာ တို့မှ (ကလေးသူငယ်တဦး အပါအဝင်)ပြည်သူ(၆) ဦး၊ ထိခိုက်ဒါဏ်ရာရပြီး၊ ၄င်းတို့အနက်မှ (၃)ဦး သေဆုံးခဲ့ရပါတယ်။
========================
📌📌 ၆။ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ရူပဗေဒ အထူးပြုဘွဲ့ရ ကျောင်းသားတစ်ဦးကို အကြမ်းဖက် စစ်အုပ်စုက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ (ည) ဖြင့် ထောင်ဒဏ် ၁၀ နှစ်ချမှတ်၍ စုစုပေါင်းထောင်ဒဏ်၈၄နှစ်ထိရှိလာ
မေလ၃ရက်
မေလ၂ရက်နေ့မှာ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPPက ထောင်ဒဏ်ချမှတ်တာနှင့်ပတ်သက်ပြီး အခုလိုဖော်ပြအသိပေးပါတယ်။
ဧပြီလ ၂၈ ရက်နေ့တွင် ရန်ကုန်တော်လှန်ရေးအင်အားစု၏ အဖွဲ့ဝင်တစ်ဦးဖြစ်သော ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ရူပဗေဒ အထူးပြုဘွဲ့ရ ကျောင်းသား ကိုဗညားစိုးထက်ကို အင်းစိန်ထောင် အထူးတရားရုံးမှ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ (ည) ဖြင့် ထောင်ဒဏ် ၁၀ နှစ် ထပ်မံချမှတ်ခဲ့ပါတယ်။ကိုဗညားစိုးထက်သည် ရာဇသတ်ကြီးဥပဒေ ပုဒ်မနှစ်ခုအတွက် ထောင်ဒဏ် ၇၄ နှစ် ချမှတ်ခံထားရပြီး ဖြစ်သောကြောင့် စုစုပေါင်း ထောင်ဒဏ် ၈၄ နှစ် ကျခံရမည်ဖြစ်ကြောင်း သိရှိရပါတယ်"လို့ဆိုပါတယ်။
၎င်းသည် အကြမ်းဖက်စစ်အုပ်စုပိုင် Mytel ဆက်သွယ်ရေးကုမ္ပဏီ ရုံးချုပ်၏ အထွေထွေမန်နေဂျာ ဦးသိန်းအောင်ကို လုပ်ကြံသတ်ဖြတ်မှုနှင့် လှိုင်မြို့နယ်၊ (၁၆) ရပ်ကွက်၊ အုတ်ကျင်းဘူတာရုံလမ်းရှိ ကုန်စုံဆိုင်ပိုင်ရှင် လင်မယားနှစ်ဦးကို သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ရာ၌ ပါဝင်သည်ဟု စွပ်စွဲချက်ဖြင့် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလတွင် ဖမ်းဆီးခံခဲ့ရပါတယ်။
========================
📌📌 ၇။ NUGPay နှင့် ပြည်သူများ၏ “တန်ခူးတိုက်ပွဲ တို့အောင်ပွဲ” Campaign မှ အလှူငွေ စုစုပေါင်း ၆၀ သိန်း ရရှိ
မေလ၃ရက်
မေလ၂ရက်နေ့မှာ“တန်ခူးတိုက်ပွဲ တို့အောင်ပွဲ” Campaign ကမ်ပိန်းနှင့်ပတ်သက်လို့ NUG Payကအခုလိုအသိပေးဆိုပါတယ်။
"NUGPay နှင့် ပြည်သူများ၏ “တန်ခူးတိုက်ပွဲ တို့အောင်ပွဲ” Campaign မှ အလှူငွေ စုစုပေါင်း ၆၀ သိန်း ရရှိခဲ့ပြီး၊ တော်လှန်ရေးအင်အားစုများထံ လှူဒါန်းပြီး ဖြစ်ပါတယ်"လို့ဆိုပါတယ်။
စစ်အာဏာရှင်စနစ်ကို အပြီးတိုင် မြေလှန်ပစ်ပြီး၊ မျှော်ရည်မှန်းတဲ့ တော်လှန်ရေးအောင်ပွဲအတွက် ပါဝင်ပေးခဲ့ကြသော ပြည်သူများအား မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါတယ်လို့NUGPayကဖော်ပြပါတယ်။
ယခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment