20th JUN 2023 - Evening Daily News by Radio NUG


၂၀၂၃ ဇွန်လ ၂၀ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ အကြမ်းဖက်စစ်ကောင်စီကို အပြီးတိုင် ချေမှုန်းနိုင်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်း အားထုတ်နေကြပြီး ပြတ်ပြတ်သားသား အနိူင်ရရှိမယ်လို့ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား

📌 ၂။ နွေဦးတော်လှန်ရေးရဲ့အောင်ပွဲ ရောင်နီကိုမြင်တွေ့နေရပြီလို့ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိူင်ပြောကြား

📌 ၃။ အမေရိကန်ပြည်ထောင်စု ဆန်ဖရန်စစ္စကို ရှိ တရုတ်ကောင်စစ်ဝန်ရုံးရှေ့မှာ မြန်မာများ ဆန္ဒပြ

📌 ၄။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ (၇၈) နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ် စစ်ကိုင်းတိုင်းမှာ အရိပ်ရပင်စုစုပေါင်း (၁၅၀၀) ‌ကျော် စုပေါင်း စိုက်ပျိုးခဲ့

📌 ၅။ ကနီတွင် ကင်းလှည့်လာသည့် ရဲ၁၇ဦးနဲ့ကာကွယ်ရေးတပ်များထိတွေ့တိုက်ပွဲ ဖြစ်ပွားရာ ရဲသုံးဦးသေ၍ လက်နက်အချို့နဲ့ကျည်ဆန်များသိမ်းဆည်းရမိ

📌 ၆။ ''တော်လှန်နှုတ်ခမ်းနီ'ကမ်ပိန်းမှ ရရှိငွေများကို တပ်ရင်းသုံးခုကို ထောက်ပို့ပေးအပ်သွားမယ်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ အကြမ်းဖက်စစ်ကောင်စီကို အပြီးတိုင် ချေမှုန်းနိုင်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်း အားထုတ်နေကြပြီး ပြတ်ပြတ်သားသား အနိူင်ရရှိမယ်လို့ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား


ဇွန်လ၂၀


ဇွန်လ၁၉ရက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ (၇၈) နှစ်ပြည့်မွေးနေ့ အခမ်းအနားတွင်  အကြမ်းဖက်စစ်ကောင်စီကို အပြီးတိုင် ချေမှုန်းနိုင်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်း အားထုတ်နေကြပြီး ပြတ်ပြတ်သားသား အနိူင်ရရှိမယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားခဲ့ပါတယ်။


"ကျွန်တော်တို့ဟာ ခေတ်အဆက်ဆက် တော်လှန်ရေးအဆက်ဆက်ကို ဆင်နွှဲပြီး တစ်ပါတီ အာဏာရှင်စနစ်၊ စစ်အာဏာရှင်စနစ်တွေကို မြန်မာနိုင်ငံကနေ အပြီးတိုင် ပျက်သုန်းသွားစေဖို့ ကြိုးစားခဲ့ကြပါတယ်။ ဒါပေမယ့်လည်း တော်လှန်ရေးအဆက်ဆက်မှာ အပြီးသတ်မချေမှုန်းနိုင်ခဲ့တာမို့ ဒီတစ်ကြိမ်တော်လှန်ရေးမှာတော့ အကြမ်းဖက်စစ်ကောင်စီကို အပြီးတိုင် ချေမှုန်းနိုင်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်း အားထုတ်နေကြတာ တော်လှန်ရေးအင်အားစု တွေ အားလုံး သိရှိပြီးသား ဖြစ်ပါတယ်။ ဒီတော်လှန်ရေးမှာတော့ အရင့်အရင်က မစုစည်းဖူးတဲ့ အင်အားတွေပါ စုစည်းနိုင်ခဲ့ပြီး ပြည်သူတွေရဲ့ အဘက်ဘက်က ပူးပေါင်းပါဝင်မှုတွေကလည်း နှစ်ကျော်ကာလ ရောက်သည့်တိုင် မယုတ်လျော့သွားဘဲ အင်အားအပြည့်ဖြင့် ချီတက်နေကြဆဲ ဖြစ်တာကြောင့် ဒီသမိုင်းဝင် တော်လှန်ရေးကြီးဟာ မကြာခင် အချိန်မှာ ပြတ်ပြတ်သားသား အောင်ပွဲရနိုင်တော့မယ်လို့ ကျွန်တော့်အနေနဲ့တော့ အပြည့်အဝ ယုံကြည်ပါတယ်"လို့ဆိုပါတယ်။


၂၀၂၃ ခုနှစ်ဟာ နွေဦးတော်လှန်ရေး အဆုံးသတ်အတွက် အဆုံးအဖြတ်နှစ်တစ်နှစ်ဖြစ်ပြီး စစ်ရေးအရှိန်ကိုမြငွတင်နေတယ်လို့လည်း အမျိုးသားညီညွတ်ရေးအစိုးရကအသိပေးကြေညာထားပါတယ်။


========================


📌📌 ၂။ နွေဦးတော်လှန်ရေးရဲ့အောင်ပွဲ ရောင်နီကိုမြင်တွေ့နေရပြီလို့ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိူင်ပြောကြား


ဇွန်လ၂၀


ဇွန်လ၁၉ရက်စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးကော်မတီမှ ကြီးမှူးကျင်းပသည့် ဒေါ်အောင်ဆန်းစုကြည်၏ ၇၈-နှစ်မြောက်မွေးနေ့ လွတ်မြောက်ရေးနှင့် ငြိမ်းချမ်းရေးဆန္ဒပြပွဲသို့ ပြည်ထောင်စုဝန်ကြီး‌ ဦးတင်ထွန်းနိုင်ပေးပို့သည့်မိန့်ခွန်းမှာ အခုလိုထည့်သွင်းဆိုထားပါတယ်။


"အကြမ်းဖက် စစ်အာဏာရှင်တွေ ဟာ မွေးနေ့ရှင်ကျနော်တို့ရဲ့ခေါင်းဆောင်ကိုသာမက ကျနော်တို့ရဲ့နိူင်ငံကိုပါ အကျဥ်းကျအမှောင်သွင်းနေတာ လပေါင်းသုံးဆယ်ရှိခဲ့ပါပြီ။ဒီကာလတွေမှာ အကြမ်းဖက် စစ်အုပ်စုရဲ့ အဆုံးစွန်ယုတ်မာတဲ့ အကြမ်းဖက်ဖိနှိပ်မှုများစွာကို ကျနော်တို့အားလုံး လက်တွဲညီညီနဲ့ခုခံတွန်းလှန်လျက်ရှိခဲ့တာကြောင့် အခုဆိုရင်ကျနော်တို့ရဲ့ရန်သူဟာ အဖက်ဖက်ကရှုံးနိမ့်ချိနဲ့လာပြီဖြစ်သလို နွေဦးတော်လှန်ရေးရဲ့အောင်ပွဲ ရောင်နီကိုလည်း ကျနော်တို့အားလုံးမြင်တွေ့နေရပြီ ဖြစ်ပါတယ်"လို့ဝန်ကြီးကဆိုပါတယ်။



တစ်ဆက်တည်းမှာပဲ ပြည်သူကို သတင်းစကားပါးချင်တာကတော့ မကြာမီ ဖွင့်လှစ်မယ့် အမျိုးသားညီညွတ်ရေးအစိုးရ၏ "နွေဦးဖွံဖြိုးရေးဘဏ်" Spring Development Bank (SDB)ဟာ ငွေစုဘဏ်အပြင် စာရင်းသေအပ်ငွေများလက်ခံခြင်းနဲ့ ငွေလွှဲခြင်း၊ ရွှေများကိုပါ စုဆောင်းနိူင်မှာဖြစ်ပါတယ်။


ရွှေစုဆောင်းလိုသူများကို ဘဏ်အနေနဲ့ဝယ်ယူပေး၍ မိမိစုဆောင်းလိုသလောက် ရွှေကို ဘဏ်က ထိန်းသိမ်းမှုဝန်ဆောင်ခမယူဘဲ စုဆောင်းပေးထားမှာဖြစ်တယ်လို့ သိရှိရပါတယ်။


========================


📌📌 ၃။ အမေရိကန်ပြည်ထောင်စု ဆန်ဖရန်စစ္စကို ရှိ တရုတ်ကောင်စစ်ဝန်ရုံးရှေ့မှာ မြန်မာများ ဆန္ဒပြ


ဇွန်လ၂၀


ဇွန်လ၁၉ရက်နေ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏မွေးနေ့တွင် အမေရိကန်ပြည်ထောင်စု ဆန်ဖရန်စစ္စကို ရှိ တရုတ်ကောင်စစ်ဝန်ရုံးရှေ့မှာမြန်မာပြည်သူများ ဆန္ဒပြခဲ့ကြတယ်လို့ သိရပါတယ်။


ဆန်ဖရန်စစ္စကို  တရုတ်ကောင်စစ်ဝန်ရုံးရှေ့ ဆန္ဒပြပွဲအကြောင်း ဦးဆောင်လှုံဆော်သူ ခင်သီရိနန္ဒာစိုးက Radio NUGကို ယခုလိုပြောထားပါတယ်။



(((((((ခင်သီရိနန္ဒာစိုး-ဦးဆောင်လှုံဆော်သူ)))))))



အဆိုပါစုဝေးပွဲကို အမေရိကန်ပြည်ထောင်စုရောက် တိုင်းရင်းသားနွယ်ဖွားများ စုဝေးတက်ရောက်ခဲ့ပြီး အခမ်းအနားကို အောင်မြင်စွာကျင်းပနိူင်ခဲ့ပါတယ်။


========================


📌📌 ၄။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ (၇၈) နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ် စစ်ကိုင်းတိုင်းမှာ အရိပ်ရပင်စုစုပေါင်း (၁၅၀၀) ‌ကျော် စုပေါင်း စိုက်ပျိုးခဲ့


ဇွန်လ၂၀


ဇွန်လ၂၀ ရက်မှာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက အခုလိုအသိပေးဖော်ပြပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် (၇၈) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ သယံဇာတစီမံအုပ်ချုပ်မှု အဖွဲ့၏ စီမံမှုဖြင့် ခရိုင်အတွင်းရေးမှူး၊ ခရိုင်ပြည်သူ့လုံခြုံရေးအဖွဲ့ (..) တာဝန်ခံ၊ ခရိုင်သယံဇာတ စီမံအုပ်ချုပ်မှုအဖွဲ့ တာဝန်ခံ၊ ခရိုင်ဘဏ္ဍာရေးတာဝန်ခံ၊ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (..) တာဝန်ခံ၊ မြို့နယ် (.က.) တာဝန်ခံ၊ မြို့နယ် (..) တာဝန်ခံ၊ မြို့နယ်သယံဇာတအဖွဲ့၊ မြို့နယ် (..) (.က.) (..) အဖွဲ့များ  ပြည်သူ့အခြေပြုကျောင်းမှ  ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများမှ မြင်းမူမြို့နယ်၊ ကျေးရွာ () ရွာတွင် အရိပ်ရပင်များစိုက်ပျိုးခဲ့ပါတယ်။


အဆိုပါအပင်များမှာ စိန်ပန်း၊ ယင်းမာ၊ ကျွန်း၊ မယ်ဇယ်၊ မဟော်ဂနီနှင့် တယ်ပင် စုစုပေါင်း (၁၅၀၀) ‌ကျော် စုပေါင်း စိုက်ပျိုးခဲ့ကြတယ်လို့သိရပါတယ်။


========================


📌📌 ၅။ ကနီတွင် ကင်းလှည့်လာသည့် ရဲ၁၇ဦးနဲ့ကာကွယ်ရေးတပ်များထိတွေ့တိုက်ပွဲ ဖြစ်ပွားရာ ရဲသုံးဦးသေ၍ လက်နက်အချို့နဲ့ကျည်ဆန်များသိမ်းဆည်းရမိ


ဇွန်လ၂၀ရက်


ဇွန်လ၂၀ရက်မှာ စစ်ရေးသတင်းကို ယင်းမာပင်ခရိုင် တပ်ရင်း အမှတ်(၃၀) DRPA အဖွဲ့က အခုလိုအသိပေးဆိုပါတယ်။


"ဇွန်လ ၁၉ ရက်နံနက် ၇နာရီအချိန်ယင်းမာပင်ခရိုင် တပ်ရင်း အမှတ်(၃၀) DRPA အဖွဲ့နှင့် ကနီမြို့နယ် ရပ်ကွက် () သုံးဒေါင့်ကျွန်း ကြို့ပင်လှအရပ်တွင် ကင်းလှည့်လာသော ရဲ ၁၇ဦးခန့်နှင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြတယ်"လို့ဆိုပါတယ်။


ပစ်ခတ်မှုတွင် ရဲသုံးဦးသေဆုံးခဲ့ပြီး G3 အမျိုးအစား မောင်းပြန်တစ်လက်၊ G3 ကျည်အတောင့် ၉၀၊ G3 ကျည်ဘောက် သုံးခု၊ ဖုန်းတစ်လုံး၊ စကားပြောစက်တစ်လုံး၊ စာရွက်စာတမ်းများနှင့် ကျပ်နှစ်သိန်း၊ ကျည်ကာ နှစ်ထည်တို့ သိမ်းဆည်းနိုင်ခဲ့တယ်လို့သိရပါတယ်။


အဆိုပါပစ်ခတ်မှုအပြီး မသက်ဆိုင်သည့် ကျေးရွာ သို့ စကစတပ်ကလက်နက်ကြီးနဲ့ရမ်းသမ်းပစ်ခတ်၍ အရပ်သားတစ်ဦးထိမှန်သေဆုံးကာတစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့လည်းသတင်းရရှိပါတယ်။


========================


📌📌 ၆။ ''တော်လှန်နှုတ်ခမ်းနီ'ကမ်ပိန်းမှ ရရှိငွေများကို တပ်ရင်းသုံးခုကို ထောက်ပို့ပေးအပ်သွားမယ်


ဇွန်လ၂၀ရက်


ဇွန်လ၁၆ရက်ကစတင်တဲ့ ''တော်လှန်နှုတ်ခမ်းနီ'ကမ်ပိန်းဟာ OFP fundraiser ဖြစ်တဲ့ Myanmar Care Group မှ စီစဉ်ပြီး နိုင်ငံတကာမှ OFP fundraiser များမှ ကူညီရောင်းချနေတဲ့ ကံစမ်းမဲ လက်မှတ်အစီအစဉ် တခုဖြစ်ပါတယ်။ 


နေအိမ်တွေဖျက်ဆီးမီးရှို့ခံကြရ၊မိသားစုတွေတကွဲတပြားစီဖြစ်သွားကြရရှာတဲ့မိဘပြည်သူတွေဆီကနေ  တော်လှန်ရေးအတွက်အလှူရှင်များမှ လှူဒါန်းထားတဲ့ထောက်ပို့ပစ္စည်း များအပါအဝင် ဆုမဲ (၁၀) မျိုးအထိပါဝင်ပါတယ်။


ကမ်ပိန်းကာလကတော့ June 16 ကနေ July 7 အထိ ၃ပါတ်တာရောင်းချပြီး 9 July မြန်မာစံတော်ချိန် ည၈နာရီ မှာ ကံထူးရှင် ၁၀ ဦးကို online မှနေ၍ Live လွှင့်ပြီးပွင့်လင်းမြင်သာစွာရွေးချယ်ပေးသွားမှာဖြစ်ပါတယ်။


ပထမဆုံးအကြိမ်အဖြစ်ကူညီပေးရန်ရွေးချယ်ထားတဲ့ တပ်ဖွဲ့ ၃ခုကတော့မုံရွာခရိုင်, တပ်ရင်းအမှတ်(၂၀), Battalion of Budalin (BOB), (ဘုတလင်တပ်ရင်း၊ စစ်ကိုင်းတိုင်း)၊ဂန့်ဂေါခရိုင်, တပ်ရင်းအမှတ် (၁၃), The Youth Force (TYF) (ယော-ဆော-ကျောက်ထုအခြေစိုက်၊ မကွေးတိုင်း)၊ယင်းမာပင်ခရိုင်, တပ်ရင်းအမှတ် (၁၆) - တပ်ခွဲ , One Star Task Force (OSTF) (ဆားလင်းကြီးအခြေစိုက်၊ စစ်ကိုင်းတိုင်း)တို့ဖြစ်ပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment