၂၀၂၃ ဇူလိုင်လ ၂၄ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ စစ်အာဏာရှင် စနစ်အပါအဝင် အာဏာရှင်စနစ်ပေါင်းစုံကို ဖယ်ရှားပြီး ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ်ကို အမြန်ဆုံး ရောက်ရှိအောင် ချီတက်ကြဖို့ ယာယီသမ္မတ တိုက်တွန်း
📌 ၂။ ရန်သူနောက်ကျောကို ဖိအားပေးရမယ့်အခြေအနေရောက်လာပြီး တောင်ပိုင်းတိုင်း အမှတ်၂စစ်ဒေသဟာ အရေးကြီးတယ်လို့ ပြည်ထဲရေးဝန်ကြီးပြောကြား
📌 ၃။ မြန်မာနိုင်ငံ စစ်ကျွန်ဘ၀မှ လွတ်လပ်ပြီး ဖက်ဒရယ်ဒီမိုကရေစီရရှိမည်ကို အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် အကြမ်းဖက်စစ်အာဏာရှင်များ ကြောက်ရွံ့တုန်လှုပ်နေ
📌 ၄။ “၂၀၂၃ ခုနှစ်၊ အခြေခံပညာပြီးမြောက်ကြောင်းစစ်ဆေးအကဲဖြတ်ခြင်းဖြေဆိုပြီးမြောက်မှုအသိအမှတ်ပြုလက်မှတ်ကို စာဖြေဆိုမှုမှတ်တမ်းများအား စစ်ဆေးအကဲဖြတ်မှုကာလပြီးဆုံးမှသာ ထုတ်ပေးမယ်
📌 ၅။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပ
📌 ၆။ ယင်းမာပင်နယ် စုန်းချောင်းကျေးရွာမှ အမျိုးသား ရုပ်အလောင်း ၄လောင်း ထပ်မံတွေ့ရှိ၍ သတ်ဖြတ်ခံရသူ၁၈ဦးအထိရှိလာ
📌 ၇။ ဂန့်ဂေါခရိုင် အမှတ် (၁၂) တပ်ရင်းသို့ လက်နက်နဲ့အတူ CDM ဝင်ရောက်လာပြီး တပ်ရင်းတွင် ဆက်လက်တာဝန်ထမ်းဆောင်လျှက်ရှိကြသော ရဲဘော်ကောင်းကင်အား ငွေကျပ်သိန်း (၅၀) ဆုချီးမြှင့်
📌 ၈။ “နေပြည်တော်ကို ဝိုင်းပတ်လို့၊ မမများနဲ့ ပွဲကစို့”သီတင်းပတ် (၃) ပတ် ၊ သိန်းပေါင်း (၁၀,၀၀၀)" ကမ်ပိန်းစတင်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ စစ်အာဏာရှင် စနစ်အပါအဝင် အာဏာရှင်စနစ်ပေါင်းစုံကို ဖယ်ရှားပြီး ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ်ကို အမြန်ဆုံး ရောက်ရှိအောင် ချီတက်ကြဖို့ ယာယီသမ္မတ တိုက်တွန်း
ဇူလိုင်၂၃ရက်
ဇူလိုင် ၂၃ရက်မှာ ကျင်းပပြုလုပ်တဲ့ ကျဆုံး အာဇာနည် သူရဲကောင်းများကို အောက်မေ့ ဂုဏ်ပြုခြင်း အခမ်းအနားမှာ "စစ်အာဏာရှင် စနစ်အပါအဝင် အာဏာရှင်စနစ်ပေါင်းစုံကို ဖယ်ရှားပြီး ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ်ကို အမြန်ဆုံး ရောက်ရှိအောင် ချီတက်ကြဖို့" ယာယီသမ္မတ ကပြောပါတယ်။
"ကျဆုံးခဲ့ကြတဲ့ အာဇာနည်တွေ၊ သူရဲကောင်းတွေရဲ့ ဂုဏ်ကျေးဇူးကို ကျွန်တော် အပါအဝင် တော်လှန်ရေး တပ်သား အားလုံးနဲ့ ပြည်သူလူထု တစ်ရပ်လုံးက လေးလေးနက်နက် တန်ဖိုးထား နှလုံးသွင်းကြဖို့ လိုပါတယ်။ ဒါ့အပြင် အာဇာနည်၊ သူရဲကောင်း အပေါင်းက မျှော်မှန်းလျှောက်လှမ်းခဲ့ကြတဲ့ တော်လှန်ရေး ပန်းတိုင်ကို ရောက်ရှိပိုင်ဆိုင်ရတဲ့အထိ ဆက်လက် ချီတက်ကြရမှာ ဖြစ်ပါတယ်။
ဒါကြောင့် စစ်အာဏာရှင် စနစ်အပါအဝင် အာဏာရှင်စနစ်ပေါင်းစုံကို ဖယ်ရှားပြီး အမျိုးသား တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးတွေကို အာမခံနိုင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ်ကို အမြန်ဆုံး ရောက်ရှိအောင် တော်လှန်ရေး အင်အားစု အားလုံးနဲ့ တော်လှန်ရေး တပ်သား အားလုံးက ညီညီညွတ်ညွတ် ချီတက်ကြဖို့ အထူး တိုက်တွန်းလိုပါတယ်"လို့ဆိုပါတယ်။
လက်ရှိမှာ တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနဲ့ အမျိုးသားညီညွတ်ရေးအစိုးရတို့ဟာ စစ်ရေး၊နိုင်ငံရေးအရလည်း ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။
========================
📌📌 ၂။ ရန်သူနောက်ကျောကို ဖိအားပေးရမယ့်အခြေအနေရောက်လာပြီး တောင်ပိုင်းတိုင်း အမှတ်၂စစ်ဒေသဟာ အရေးကြီးတယ်လို့ ပြည်ထဲရေးဝန်ကြီးပြောကြား
ဇူလိုင်၂၃ရက်
ရန်သူနောက်ကျောကိုဖိအားပေးရမယ့်အခြေအနေရောက်လာပြီး တောင်ပိုင်းတိုင်း အမှတ်၂စစ်ဒေသဟာ အရေးကြီးတယ်လို့ ပြည်ထဲရေးဝန်ကြီးဦးလွင်ကိုလတ်က ဇူလိုင်၂၃ရက်မှာ ကျင်းပတဲ့ ရိုးမခေါ်သံကမ်ပိန်းပိတ်ပွဲအခမ်းအနားမှာ ပြောပါတယ်။
"အကြမ်းဖက်စစ်တပ်က ပြည်သူလူထုကိုနှိပ်စက်ညှင်းပန်းသတ်ဖြတ်လာတဲ့အခါ မခံမရပ်နိုင်ဖြစ်ပြီးတော့ တောတွေထဲကို ပြည်သူတွေဟာကိုယ့်နေရပ်စွန့်ပြီးတော့ ပြည်သူ့ခုခံလက်နက်ကိုင်စစ်ဆင်နွှဲဖို့ရောက်လာကြတယ်။ အထူးသဖြင့်လူငယ်တွေပေါ့။ အခုဆို နှစ်နှစ်တာကာလရောက်လာတဲ့အခါ လူငယ်တွေဟာ တိုက်စွမ်းရည် မြင့်လာတယ်။ ပြည်သူ့စစ်မဟာဗျူဟာအရလည်း ဒုတိယအဆင့်ကနေ တတိယအဆင့် စပ်ကူးမတ်ကူးကာလကိုရောက်နေပြီ။ ပွင့်ပွင့်လင်းလင်းပြောရရင် ဒုတိယအဆင့်ကနေ တတိယအဆင့်ဆိုတာက ရန်သူနောက်ကျောကို ဖိအားပေးရမယ့်အခြေအနေရောက်လာပြီ။ ဒီအဆင့်ကိုကူးတာမှာ အထူးသဖြင့် တောင်ပိုင်းတိုင်း အမှတ်၂စစ်ဒေသဟာ တော်တော်လေးအရေးကြီးပါတယ်။ ဒီအမှတ်၂စစ်ဒေသဟာ စစ်တောင်းမြစ်ဝှမ်းကို ထိန်းချုပ်နိုင်မယ့် စစ်ဒေသဖြစ်တယ်"လို့ ဝန်ကြီးကဆိုပါတယ်။
ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ ဒေသတွေက တော်လှန်ရေးရဲဘော်တွေ အိမ်ပြန်ကြဖို့ ဆယ်လ်မွန်စစ်ဆင်ရေးအတွက် လိုအပ်တဲ့ ဘတ်ဂျက်ကို ရရှိနိုင်ရေးအတွက် “ရိုးမခေါ်သံ” Campaign ကို 25 June မှ 16 July အထိ ပြုလုပ်ခဲ့ပါတယ်။
အဆိုပါကမ်ပိန်းမှ ဒေါ်လာသုံးသိန်းကျော်ရရှိခဲ့ပြီး ဆယ်လ်မွန် စစ်ဆင်ရေးဟာ နွေဦးတော်လှန်ရေးမှာ စစ်ရေးမဟာဗျူဟာ အတွက် အရေးပါလှတဲ့ ပဲခူးရိုးမနှင့် စစ်တောင်းမြစ်ဝှမ်းဒေသကို နယ်မြေစိုးမိုးမှုရရှိစေရန် ရေးဆွဲထားတဲ့ စစ်ဆင်ရေးတစ်ခု ဖြစ်ပါတယ်။
========================
📌📌 ၃။ မြန်မာနိုင်ငံ စစ်ကျွန်ဘ၀မှ လွတ်လပ်ပြီး ဖက်ဒရယ်ဒီမိုကရေစီရရှိမည်ကို အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် အကြမ်းဖက်စစ်အာဏာရှင်များ ကြောက်ရွံ့တုန်လှုပ်နေ
ဇူလိုင်၂၃ရက်
ဇူလိုင်၂၃ရက် ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော် တို့ကို စစ်ကောင်စီက မတရားသတ်ဖြတ် ကြိုးပေးစီရင်သည့် ပထမနှစ် နှစ်ပတ်လည်နေ့ အောက်မေ့ဂုဏ်ပြု အမှာစကားပြောကြားရာမှာ "မြန်မာနိုင်ငံ စစ်ကျွန်ဘ၀မှ လွတ်လပ်ပြီး ဖက်ဒရယ်ဒီမိုကရေစီရရှိမည်ကို အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် အကြမ်းဖက်စစ်အာဏာရှင်များ ကြောက်ရွံ့တုန်လှုပ်နေတယ်”လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာကပြောပါတယ်။
"မြန်မာနိုင်ငံ စစ်ကျွန်ဘ၀မှ လွတ်လပ်ပြီး ဖက်ဒရယ်ဒီမိုကရေစီရရှိမည်ကို ကြောက်ရွံ့တုန်လှုပ်နေသော အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်ဦးဆောင်သည့် အကြမ်းဖက်စစ်အာဏာရှင်များသည် ပြည်သူ့အာဏာကို စစ်လက်နက်အားကိုးပြီး သိမ်းယူခဲ့သည့်နေ့မှစ၍ မြန်မာပြည်သူလူထုများ၏ အသွေးအသားနှင့် ယုံကြည်ခြင်းမှာ ရှိနေသော စစ်အာဏာရှင်စနစ်အမြစ်ပြတ်ခြေမှုန်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီရရှိရေးတို့ကို ရက်စက်ကြမ်းကြုတ်စွာ ဖြိုခွဲရန်နည်းအမျိုးမျိုးဖြင့် ကြိုးစားခဲ့သည်မှာ (၂၈)လ ကျော်ပြီဖြစ်ပါတယ်။ လွန်ခဲ့သော (၂၈)လအတွင်း မြန်မာပြည်သူလူထုကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းအကြိမ်ပေါင်း (၁၄၄)ကြိမ် ကျုးလွန်ခဲ့ပြီး စာသင်ကျောင်း၊ ဘုရားကျောင်း၊ ဘုန်းကြီးကျောင်း၊ ပြည်သူ့ဆေးရုံအပါအ၀င် ပြည်သူလူထုအသက်အိုးအိမ် (၇) သောင်း ကျော်ကိုလည်း ရက်ရက်စက်စက် မီးရှို့ဖျက်စီးခဲ့ပါတယ်။ နိုင်ငံတော်သမ္မတ ဦး၀င်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်ကလေး(၈၀၀)ကျော်အပါအ၀င် အပြစ်မဲ့ပြည်သူ (၂)သောင်း(၄)ထောင် နည်းပါးကို မတရားဖမ်းဆီးချုပ်နှောင်ခဲ့ပြီး (၁၁၅)ဦးကို သေဒဏ်ပေးခဲ့ပါတယ်"လို့ဆိုပါတယ်။
ဒါ့အပြင် လွန်ခဲ့သော (၂၈)လအတွင်း အကြမ်းဖက်စစ်အာဏာရှင်များလက်ထဲမှာ အပြစ်မဲ့ပြည်သူလူထု (၄)ထောင်နည်းပါး အသက်ဆုံးရှုံးခဲ့ပြီး မြန်မာနိုင်ငံ ဖက်ဒရယ်ဒီမိုကရေစီအရေးတွက် အသက်ကို ပေးလှုခဲ့ပြီးဖြစ်ကာ ၎င်းထဲတွင် (၄၀၀)ကျော်သည် ကလေးများဖြစ်တယ်လို့ဆိုပါတယ်။
========================
📌📌 ၄။ “၂၀၂၃ ခုနှစ်၊ အခြေခံပညာပြီးမြောက်ကြောင်းစစ်ဆေးအကဲဖြတ်ခြင်းဖြေဆိုပြီးမြောက်မှုအသိအမှတ်ပြုလက်မှတ်ကို စာဖြေဆိုမှုမှတ်တမ်းများအား စစ်ဆေးအကဲဖြတ်မှုကာလပြီးဆုံးမှသာ ထုတ်ပေးမယ်
ဇူလိုင်၂၃
"၂၀၂၃ ခုနှစ်၊ အခြေခံပညာပြီးမြောက်ကြောင်းစစ်ဆေးအကဲဖြတ်ခြင်း ဖြေဆိုပြီးမြောက်မှုအသိအမှတ်ပြုလက်မှတ်ကို စာဖြေဆိုမှုမှတ်တမ်းများအား စစ်ဆေးအကဲဖြတ်မှုကာလပြီးဆုံးမှသာ ထုတ်ပေးမယ်လို့ ဇူလိုင်၂၃ရက်မှာ ပညာရေးဝန်ကြီးဌာနက တရားဝင်အသိပေးထုတ်ပြန်ပါတယ်။
“အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်းအစီအစဉ် (၂၀၂၃)” ၏ ပထမအကြိမ်နှင့် ဒုတိယအကြိမ် အစီအစဉ်များတွင် ၀င်ရောက်ဖြေဆိုသူအားလုံးဟာ ဖြေဆိုပြီးလျှင်ပြီးချင်း ရမှတ်ပေါင်းကို ချက်ချင်းမြင်တွေ့ရမှာ ဖြစ်ပါတယ်။ သို့သော် ဖြေဆိုသူများ၏ စာဖြေဆိုမှုမှတ်တမ်းများကို မသမာမှု ရှိ/မရှိ သေချာစွာ စစ်ဆေးအကဲဖြတ်မှုကာလပြီးဆုံးမှသာ ရလဒ်များကို အတည်ပြုသည့် BECA Certificate ကို တရားဝင်ထုတ်ပေးမှာ ဖြစ်ပါတယ်"လို့ဖော်ပြပါတယ်။
BECA Certificate အသိအမှတ်ပြုလက်မှတ်ထုတ်ပေးသည့်အခါတွင်လည်း တစ်ဘာသာချင်း၏ ရမှတ်အလိုက် Grading (A*, A, B*, B, C*, C and D) သတ်မှတ်ချက်တွေအတိုင်းသာ ဖော်ပြပေးမှာ ဖြစ်ပါတယ်လို့ဆိုပါတယ်။
“အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်း (၂၀၂၃)" ဖြေဆိုသူများ၏ ရလဒ်များကို မသမာမှု ရှိ/မရှိ စစ်ဆေးလျက်ရှိပြီး သတ်မှတ်စည်းကမ်းချက်များနဲ့အညီ ဖြေဆိုထားတဲ့စာဖြေသူများကိုသာ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ နောက်ပိုင်းတွင် Certificate များကို လုံခြုံတဲ့ Digital နည်းပညာအသုံးပြုပြီး BECA (2023) Certificate များကို တရားဝင် ထုတ်ပေးသွားမှာ ဖြစ်တယ်လို့ဆိုပါတယ်။
========================
📌📌 ၅။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပ
ဇူလိုင် လ ၂၃ ရက်
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းမှ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံ ဆွေးနွေးပွဲအစည်းအဝေး (၂၇/၂၀၂၃)ကို ဇူလိုင်၂၃ရက်မှာ ကျင်းပခဲ့ပါတယ်။
အစည်းအဝေး၌ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အဖွဲ့ဝင်၊အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နိုင်ထွန်းဖေ(ခ)နိုင်သုဝဏ္ဏမှအဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး ယခင်အပတ် (၂၆/၂၀၂၃)၏ ရှေ့လုပ်ငန်းစဉ် ဆောင်ရွက်ပြီးစီးမှုအားရှင်းလင်းပြောကြခဲ့ပြီး၊ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များမှ မူဝါဒ၊ လမ်းညွှန်ချက်များ၊ လုပ်ငန်းဆောင်ရွက်ချက်များ၊ မြေပြင်အခက်အခဲများနှင့်ပတ်သက်၍ သိရှိလိုသည်များကို အပြန်အလှန်ဆွေးနွေးခဲ့ပြီးနောက် ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အဖွဲ့ဝင်၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်မှ နိဂုံးချုပ်စကားပြောကြားခဲ့ပါတယ်။
တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီးများ၊ ဒုဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းမှ မြိုနယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၆။ ယင်းမာပင်နယ် စုန်းချောင်းကျေးရွာမှ အမျိုးသား ရုပ်အလောင်း ၄လောင်း ထပ်မံတွေ့ရှိ၍ သတ်ဖြတ်ခံရသူ၁၈ဦးအထိရှိလာ
ဇူလိုင်၂၃
စစ်ကိုင်းတိုင်း၊ ယင်းမာပင်နယ် စုန်းချောင်းကျေးရွာမှ အမျိုးသား ရုပ်အလောင်း ၄လောင်း ထပ်မံတွေ့ရှိ၍ သတ်ဖြတ်ခံရသူ၁၈ဦးအထိရှိလာတယ်လို့ ဇူလိုင်၂၃ရက်မှာ မြေပြင် တော်လှန်ရေးအင်အားစုအချို့က အတည်ပြုထားပါတယ်။
"ယင်းမာပင်နယ် စုန်းချောင်းကျေးရွာမှ အမျိုးသား ရုပ်အလောင်း ၄လောင်း ထပ်မံရရှိထားကြောင်း ဒေသတွင်းအရင်းအမြစ်များ၏ အတည်ပြုချက်အရ စိတ်မကောင်းစွာ သိရှိရပါတယ်။ ဇူလိုင် ၂၁ရက်နေ့ မနက်အစောပိုင်း ၂နာရီဝန်းကျင်ခန့် ယင်းမာပင်နယ် စုန်းချောင်းကျေးရွာကို အကြမ်းဖက်စစ်တပ် အင်အား ၆၀ကျော်ခန့် စီးနင်းဝင်ရောက်ခဲ့ပြီး ကျေးရွာကင်းစောင့်နေတဲ့ ရဲဘော်၃ဦးကို ဖမ်းဆီး၍ ခေါင်းဖြတ်သတ်ကာ ဖမ်းဆီးခံအပြစ်မဲ့အရပ်သားပြည်သူ ၁၁ဦးကိုလည်း ပစ်သတ်ထားခဲ့သော ရုပ်အလောင်းများကို ရရှိခဲ့ပါတယ် "လို့ဆိုပါတယ်။
ဇူလိုင် ၂၁ ရက်နေ့ သတ်ဖြတ်ခံရသူ ၁၄ဦးအပါအဝင် ဇူလိုင် ၂၂ရက်နေ့ သတ်ဖြတ်ခံရသူ ၄ဦး ပါဝင်ပါက စုစုပေါင်း စုန်းချောင်းကျေးရွာမှ သတ်ဖြတ်ခံရသူ ယနေ့အထိ ၁၈ဦးခန့် ရှိလာပြီဖြစ်ပါတယ် ။
သတ်ဖြတ်ခံရသူ ကာကွယ်ရေးရဲဘော် ၃ဦး အပါအဝင် ၁၄ဦး သတ်ဖြတ်ခံခဲ့ရပြီးနောက် သာမန်အရပ်သားပြည်သူ ၃၀ခန့်လောက်ကို အကြမ်းဖက်စစ်တပ်များမှ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း နေအိမ်များကိုလည်း မီးရှို့ဖျက်ဆီးထားခဲ့ကြောင်း သိရှိရပါတယ်။
========================
📌📌 ၇။ ဂန့်ဂေါခရိုင် အမှတ် (၁၂) တပ်ရင်းသို့ လက်နက်နဲ့အတူ CDM ဝင်ရောက်လာပြီး တပ်ရင်းတွင် ဆက်လက်တာဝန်ထမ်းဆောင်လျှက်ရှိကြသော ရဲဘော်ကောင်းကင်အား ငွေကျပ်သိန်း (၅၀) ဆုချီးမြှင့်
ဇူလိုင်၂၃ရက်
ဂန့်ဂေါခရိုင် အမှတ် (၁၂) တပ်ရင်းသို့ လက်နက်နဲ့အတူ CDM ဝင်ရောက်လာပြီး တပ်ရင်းတွင် ဆက်လက်တာဝန်ထမ်းဆောင်လျှက်ရှိကြသော ရဲဘော်ကောင်းကင်အား ငွေကျပ်သိန်း (၅၀) ဆုချီးမြှင့်ခဲ့ပါတယ်လို့ ဇူလိုင်၂၃ရက်မှာ ဂန့်ဂေါခရိုင် အမှတ် (၁၂) တပ်ရင်းကအသိပေးဆိုပါတယ်။
ဂန့်ဂေါခရိုင် အမှတ် (၁၂) တပ်ရင်းသို့ လက်နက်နဲ့အတူ CDM ဝင်ရောက်လာပြီး တပ်ရင်းတွင် ဆက်လက်တာဝန်ထမ်းဆောင်လျှက်ရှိကြသော ရဲဘော်ကောင်းကင်အား ငွေကျပ်သိန်း (၅၀) ဆုချီးမြှင့်ခြင်းနှင့် လက်နက်နဲ့အတူ CDM ဝင်ရောက်နိုင်ရေး ကူညီဆောင်ရွက်ပေးသော CDM ရဲဘော် Fighter အား ငွေကျပ် (၁၀) သိန်း ဆုချီးမြှင့်ခြင်း အခမ်းအနားကို ဇူလိုင် ၁၇ ရက်နေ့တွင် ကျင်းပခဲ့တယ်လို့ဆိုပါတယ်။
ပြည်သူနဲ့အတူ ပူးပေါင်းပြီး ပြည့်သူရင်ခွင်ခိုလှုံလာကြသည့် အတွက်အတိုင်းမသိ ဝမ်းသာဂုဏ်ယူမိတယ်လို့ဖော်ပြပါတယ်။
========================
📌📌 ၈။ “နေပြည်တော်ကို ဝိုင်းပတ်လို့၊ မမများနဲ့ ပွဲကစို့”သီတင်းပတ် (၃) ပတ် ၊ သိန်းပေါင်း (၁၀,၀၀၀)" ကမ်ပိန်းစတင်
ဇူလိုင်၂၃
“နေပြည်တော်ကို ဝိုင်းပတ်လို့၊ မမများနဲ့ ပွဲကစို့”သီတင်းပတ် (၃) ပတ် ၊ သိန်းပေါင်း (၁၀,၀၀၀)" ကမ်ပိန်းစတင်လိုက်ပြီဖြစ်တယ်လို့ မမများနဲ့ပွဲကမယ် ကမ်ပိန်းက အသိပေးဆိုပါတယ်။
"အောင်ပွဲတွေ အလီလီ ဖန်တီးယူပြကြမယ်၊ လမ်းများအားလုံး နေပြည်တော်ကို ဦးတည်ကြမယ်။ မမတို့အလှည့် တကယ်ရောက်နေပါပြီ။
အထူးသတိပြုရမှာက နေပြည်တော်မှာ လက်ရှိကို တိုက်ပွဲရှိနေကြပြီမို့ မမတို့ ဒီ (၃) ပတ်တွင်း လျာထားချက် ပြည့်မီအောင် အစွမ်းကုန် ရုန်းကြရပါမယ်။ (၃) ပတ်အတွင်း နေပြည်တော်ကို ဝိုင်းပတ်လို့၊ မမများနဲ့ ပွဲကနိုင်စေဖို့ မမတွေ အရောက်ပို့ကြမယ်"လို့ဆိုပါတယ်။
နေပြည်တော်ကို တန်ပြန်ဝိုင်းပတ်ကဖို့ရာ ဇူလိုင် (၂၂) ရက်နေ့ကနေ ဩဂုတ် (၁၅) ရက်နေ့အထ်ိ (၃) ပတ်အတွင်းမှာ သိန်း (၁၀,၀၀၀) ဆိုတဲ့ ပမာဏကိုပြည့်မီအောင်ကြိုးစားကြဖို့ တိုက်တွန်းထားပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment