14th OCT 2023 - Morning Daily News by Radio NUG

 


၂၀၂၃ အောက်တိုဘာလ ၁၄ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက ၂၀၂၃ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကြမ်းအား အတည်ပြုပြဋ္ဌာန်းခဲ့

📌 ၂။ NUGလူ့အခွင့်ရေးဆိုင်ရာဝန်ကြီးဦးအောင်မျိုးမင်း ချက်နိုင်ငံပါလီမန်ရဲ့ မြန်မာမိတ်ဆွေအမတ်များနဲ့တွေ့ဆုံခဲ့

📌 ၃။ မန္တလေးတိုင်း တော်လှန်ရေးအင်အားစုများ တွေ့ဆုံဆွေးနွေးပွဲ  မန္တလေးတိုင်းလွှတ်တော် ကိုယ်စားပြုကော်မတီ မှ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးတို့ ဦးဆောင်တဲ့ ရွေးကောက်ခံ ပြည်သူ့ကိုယ်စားလှယ်အချို့ ပါဝင်တက်ရောက်ခဲ့

📌 ၄။ ထိုင်းနိုင်ငံရှိ ဆောက်လုပ်ရေးလုပ်ငန်းတွင် အလုပ်လုပ်ကိုင်နေသော  မြန်မာရွှေ့ပြောင်းအလုပ်သမား (၂၈)ဦး၏ လုပ်အားခများ၊ Passport နှင့် Work Parmit များ ရရှိအောင် ကူညီဆောင်ရွက်ပေးနိုင်ခဲ့

📌 ၅။ စာသင်ကျောင်းဆင်းချိန်တွင် (၉၇) တပ်ရင်းမှလက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ကော့ကရိတ်မြို့နယ်၊ ဝင်းရေးရပ်ကွက်မှ ၄တန်းကျောင်းသူတစ်ဦး လက်နက်ကြီးပြင်းထန်စွာထိမှန်၍ သေဆုံးသွားပြီး နှစ်ဦးဒဏ်ရာရ

📌 ၆။ အင်အား၅၀ဖြင့် စစ်ကြောင်းထိုးဝင်ရောက်သော စကစတပ်များ မြောင်မြို့နယ် ကကျေးရွာတစ်ရွာမှာ ပြည်သူ့နေအိမ်များကိုမီးရှို့ဖျက်ဆီး

📌 ၇။ တနင်္သာရီတိုင်း၌ အကြမ်းဖက်စစ်အုပ်စုကြောင့် (၇၅) ဦး သေဆုံးခဲ့ပြီး သေဆုံးသူထဲတွင်အမျိုးသား(၆၄) ဦးအများဆုံးပါဝင်

📌 ၈။ INFINITE REVOLUTION FORCE မှ ထပ်မံစမ်းသပ်ထုတ်လုပ်ထားသည့် 5.56 ကျည်သုံး မောင်းပြန် ရိုင်ဖယ်ထုတ်ဖော်ပြသ

📌 ၉။ PRFထောက်ပို့တပ်သားအဖြစ်ပါဝင်ဖို့ ဒါရိုက်တာကိုပေါက်တိုက်တွန်း


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက ၂၀၂၃ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကြမ်းအား အတည်ပြုပြဋ္ဌာန်းခဲ့


အောက်တိုဘာ၁၃ရက်

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၄၁/၂၀၂၃)ကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁၃ ရက်နေ့၊ :၀၀ နာရီအချိန်တွင် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် ကျင်းပခဲ့တယ်လို့သတင်းရရှိပါတယ်။


အစည်းအဝေးတွင် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က ၂၀၂၃ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကြမ်းအား တင်သွင်းခဲ့ပြီး ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီဝင်များနှင့် ဥပဒေရေးရာကော်မတီဝင်များက ဤဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ပြန်လည်ဆွေးနွေးမှုများ ပြုလုပ်ကာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက ၂၀၂၃ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကြမ်းအား အတည်ပြုပြဋ္ဌာန်းခဲ့ပါတယ်။


ထို့နောက် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ပုံမှန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ဆက်လက်ကျင်းပခဲ့ပြီး CRPH လုပ်ငန်းစဉ်များ၊ ဆက်လက်ဆောင်ရွက်ရမည့်ကိစ္စရပ်များအား ဆွေးနွေးခဲ့ပါတယ်။


အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်၊ အတွင်းရေးမှူးများ၊ အဖွဲ့ဝင်များနှင့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြတယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၂။ NUGလူ့အခွင့်ရေးဆိုင်ရာဝန်ကြီးဦးအောင်မျိုးမင်း ချက်နိုင်ငံပါလီမန်ရဲ့ မြန်မာမိတ်ဆွေအမတ်များနဲ့တွေ့ဆုံခဲ့


အောက်တိုဘာ၁၃ရက်

NUGလူ့အခွင့်ရေးဆိုင်ရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းဟာ ချက်နိုင်ငံပါလီမန်ရဲ့ မြန်မာမိတ်ဆွေအမတ်များနဲ့တွေ့ဆုံခဲ့တယ်လို့သတင်းရရှိပါတယ်။


"ချက်နိုင်ငံပါလီမန်ရဲ့ မြန်မာမိတ်ဆွေအမတ်များနဲ့တွေ့ဆုံခဲ့ပါတယ်။ CRPH နဲ့တရားဝင် ချိတ်ဆက်ပူးပေါင်းမှုတွေ လုပ်ဆောင်နိုင်ဖို့၊ ဥရောပပါလီမန်မှာ ပါတီပေါင်းစုံကအမတ်တွေ မြန်မာအရေးကို ပိုမိုတွန်းတွန်းတိုက်တိုက်လုပ်ဆောင်ဖို့ ဆွေးနွေးခဲ့ကြပါတယ်"လို့ ဝန်ကြီးကဆိုပါတယ်။


တွေ့ဆုံပွဲကို NUGလူ့အခွင့်ရေးဆိုင်ရာဝန်ကြီးဦးအောင်မျိုးမင်းအပါအဝင် ချက်နိုင်ငံ NUGကိုယ်စားလှယ် ဦးလင်းသန့်ပါတက်ရောက်ခဲ့ပါတယ်။


"ချက်နိုင်ငံရဲ့ မြန်မာအရေးအပေါ်ရပ်တည်ချက်က ခိုင်မာပြီးသားပါ။ ထိရောက်တဲ့ ကူညီမှုတွေ ဆထက်တပိုးတိုးလာဖို့ တောင်းဆိုခဲ့ပါတယ်"လို့ ဝန်ကြီးကဆိုပါတယ်။


========================


📌📌 ၃။ မန္တလေးတိုင်း တော်လှန်ရေးအင်အားစုများ တွေ့ဆုံဆွေးနွေးပွဲ  မန္တလေးတိုင်းလွှတ်တော် ကိုယ်စားပြုကော်မတီ မှ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးတို့ ဦးဆောင်တဲ့ ရွေးကောက်ခံ ပြည်သူ့ကိုယ်စားလှယ်အချို့ ပါဝင်တက်ရောက်ခဲ့


အောက်တိုဘာ ၁၃ ရက်

အောက်တိုဘာ ၁၃ ရက်မှာ မန္တလေးတိုင်း/ဖက်ဒရယ်ယူနစ်မှ လုပ်ဖော်ကိုင်ဖက် တော်လှန်ရေးအင်အားစုများအကြား အလွတ်သဘော တွေ့ဆုံဆွေးနွေးမှုတခုကို အွန်လိုင်း (Zoom Platform) မှတဆင့် ကျင်းပခဲ့ပါတယ်။


တွေ့ဆုံပွဲတွင် မန္တလေးတိုင်းလွှတ်တော် ကိုယ်စားပြုကော်မတီ (Committee Representing Mandalay Region - CRMH) မှ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးတို့ ဦးဆောင်တဲ့ ရွေးကောက်ခံ ပြည်သူ့ကိုယ်စားလှယ်အချို့ ပါဝင်တက်ရောက်ခဲ့ကြတယ်လို့သတင်းရရှိပါတယ်။


အာဏာရှင်စနစ်ဆန့်ကျင်ရေး ပြည်သူ့အင်အားများ ချိတ်ဆက်ညှိနှိုင်းရေးကော်မတီ (AFCC-Mdy) အဖွဲ့ဝင်များ အပါအဝင် မန်းတိုင်း/ဖက်ဒရယ်ယူနစ်အတွင်းမှ လူထုသပိတ်တိုက်ပွဲ ခေါင်းဆောင်အချို့၊ CDM လှုပ်ရှားမှု ဦးဆောင်သူအချို့၊ တော်လှန်ရေးမှာ အပြည့်အဝ ပါဝင်နေကြတဲ့ နိုင်ငံရေးပါတီဝင်အချို့လည်း ဒီတွေ့ဆုံပွဲမှာ ပါဝင်တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။


တွေ့ဆုံပွဲမှာ မန္တလေးတိုင်း/ဖက်ဒရယ်ယူနစ်အတွက် လက်ရှိတော်လှန်ရေးကာလ ကြားကာလအတွက် နိုင်ငံရေးဆိုင်ရာ၊ တော်လှန်ရေးဆိုင်ရာ ကိစ္စရပ်တွေ၊ အသွင်ကူးပြောင်းရေးကာလဆိုင်ရာ ကိစ္စရပ်တွေနဲ့ စပ်လျဉ်းပြီး တက်ရောက်လာသူများအကြား အမြင်သဘောထားများကို အလွတ်သဘော ရင်းရင်းနှီးနှီး ဆွေးနွေး၊ မျှဝေခဲ့ကြတယ်လို့ဆိုပါတယ်။


ဒါ့အပြင် မန္တလေးတိုင်း/ဖက်ဒရယ်ယူနစ်မှ တော်လှန်ရေးအင်အားစုများအားလုံး ပိုမို လွှမ်းခြုံကျယ်ပြန့်ပြီး စုစည်းခိုင်မာကာ ရှေ့ဆက်၍ တော်လှန်ရေးအလုပ်များကို အရှိန်ကောင်းသထက် ကောင်းအောင် ပူးပေါင်း၊ လက်တွဲ၊ ဖော်ဆောင်နိုင်ရေးအတွက်လည်း ဆွေးနွေးခဲ့ကြပါတယ်။


========================


📌📌 ၄။ ထိုင်းနိုင်ငံရှိ ဆောက်လုပ်ရေးလုပ်ငန်းတွင် အလုပ်လုပ်ကိုင်နေသော  မြန်မာရွှေ့ပြောင်းအလုပ်သမား (၂၈)ဦး၏ လုပ်အားခများ၊ Passport နှင့် Work Parmit များ ရရှိအောင် ကူညီဆောင်ရွက်ပေးနိုင်ခဲ့


အောက်တိုဘာ၁၃ရက်

ထိုင်းနိုင်ငံရှိ ဆောက်လုပ်ရေးလုပ်ငန်းတွင် အလုပ် လုပ်ကိုင်နေသော  မြန်မာရွှေ့ပြောင်းအလုပ်သမား (၂၈)ဦး၏ လုပ်အားခများ၊ Passport နှင့် Work Parmit များ ရရှိအောင် ကူညီဆောင်ရွက်ပေးနိုင်ခဲ့တယ်လို့ အောက်တိုဘာ၁၃ရက်မှာ အလုပ်သမားဝန်ကြီးဌာန၊ တိုင်ကြားရေးယန္တရားကသတင်းထုတ်ပြန်ပါတယ်။


ထိုင်းနိုင်ငံ၊ နွန်ထပ်ပူရီခရိုင်၊ ခေါင်ပင်မြို့ရှိ ဆောက်လုပ်ရေးလုပ်ငန်းတွင် အလုပ် လုပ်ကိုင်နေသော  မြန်မာရွှေ့ပြောင်းအလုပ်သမား (၂၈)ဦး၏ လုပ်အားခများကို တစ်လကျော် ကြာသည်အထိ မရှင်းပေးသည့်အပြင် Passport နှင့် Work Parmit များကိုပါ သူဌေးမှသိမ်းထားသဖြင့်  ကိုရဲမင်း ဦးဆောင်သော (MHAC) မဟာမိတ်အဖွဲ့ထံသို့ အကူအညီတောင်းခံခဲ့တယ်လို့ဆိုပါတယ်။


အဆိုပါဖြစ်ရပ်အား အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနနှင့် (MHAC) မဟာမိတ်အဖွဲ့ဝင်များမှ နွန်ထပ်ပူရီခရိုင် ဆာဝါဒီကန်ရုံးသို့ သွားရောက်တိုင်ကြားခဲ့ပြီး မြန်မာရွှေ့ပြောင်းအလုပ်သမား (၂၈)ဦး၏ လုပ်အားခများ၊ Passport နှင့် Work Parmit များ ရရှိအောင် ကူညီဆောင်ရွက် ပေးခဲ့တယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၅။ စာသင်ကျောင်းဆင်းချိန်တွင် (၉၇) တပ်ရင်းမှလက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ကော့ကရိတ်မြို့နယ်၊ ဝင်းရေးရပ်ကွက်မှ ၄တန်းကျောင်းသူတစ်ဦး လက်နက်ကြီးပြင်းထန်စွာထိမှန်၍ သေဆုံးသွားပြီး နှစ်ဦးဒဏ်ရာရ


အောက်တိုဘာ၁၃ရက်

အောက်တိုဘာ၁၃ရက်နေ့မှာ အကြမ်းဖက်စစ်တပ်မှ ပစ်ခတ်ကျူးလွန်ခဲ့ကြောင်းJustice soldier PDFကအတည်ပြုပါတယ်။


"အောက်တိုဘာ. ၁၃ ရက်နေ့ ညနေ စာသင်ကျောင်းဆင်းချိန်တွင် (၉၇) တပ်ရင်းမှ အဆင်အခြင်မဲ့ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ကော့ကရိတ်မြို့နယ်၊ ဝင်းရေးရပ်ကွက်မှ ၄တန်းကျောင်းသူတစ်ဦး လက်နက်ကြီးဒဏ်ပြင်းထန်စွာထိမှန်၍ သေဆုံးသွားခဲ့ပြီး ကလေးငယ် ၂ဦးလည်း ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရပါတယ်။။


အကြမ်းဖက်စစ်တပ်အဖွဲ့သည် ပြည်သူများအား အစဉ်ဒုက္ခပေးနေပါသဖြင့် ပြည်သူများအနေဖြင့် လုံခြုံရေး အသိ၊ သတိ ရှိကြပါရန်အသိပေးနှိုးဆော်ထားပါတယ်။


========================


📌📌 ၆။ အင်အား၅၀ဖြင့် စစ်ကြောင်းထိုးဝင်ရောက်သော စကစတပ်များ မြောင်မြို့နယ် ကကျေးရွာတစ်ရွာမှာ ပြည်သူ့နေအိမ်များကိုမီးရှို့ဖျက်ဆီး


အောက်တိုဘာ၁၃ရက်

အင်အား၅၀ဖြင့် စစ်ကြောင်းထိုးဝင်ရောက်သော စကစတပ်များ မြောင်မြို့နယ် ကကျေးရွာတစ်ရွာမှာ ပြည်သူ့နေအိမ်များကိုမီးရှို့ဖျက်ဆီးခဲ့ကြောင်း အောက်တိုဘာ၁၃ရက်မှာ အမျိုးသမီးစစ်သည်တော်မြောင်က အတည်ပြုဆိုပါတယ်။


"အင်အား၅၀ ဖြင့် စစ်ကြောင်းထိုးဝင်ရောက်လာသော ကျောက်ရစ် စခန်းမှ အကြမ်းဖက်စကစများသည် မြောင်မြို့နယ် ခေါင်းခွဲ ကျေးရွာအား ညနေ နာရီ ၂၀ မိနစ်ခန့်တွင် မီးရှို့ ဖျက်ဆီးသွားခဲ့ပါတယ်"လို့ဆိုပါတယ်။


အကြမ်းဖက်စကစဟာ တနိုင်ငံလုံးမှာ အိုးအိမ်ပေါင်း ခုနစ်သောင်းကျော်ကိုမီးရှို့ဖျက်ဆီးခဲ့ပြီး စစ်ကိုင်းတိုင်းနဲ့မကွေးတိုင်းမှာ ပျက်စီးဆုံးရှုံးမှုအများဆုံးဖြစ်ပါတယ်။


========================


📌📌 ၇။ တနင်္သာရီတိုင်း၌ အကြမ်းဖက်စစ်အုပ်စုကြောင့် (၇၅) ဦး သေဆုံးခဲ့ပြီး သေဆုံးသူထဲတွင်အမျိုးသား(၆၄) ဦးအများဆုံးပါဝင်


အောက်တိုဘာ၁၃ရက်

အောက်တိုဘာ၁၃ရက်မှာ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ အသိပေးဆိုပါတယ်။


၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ အောက်တိုဘာလ ၁၃ ရက်နေ့အထိ တနင်္သာရီတိုင်း၌ အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသမီး (၁၁) ဦးနှင့် အမျိုးသား (၆၄) ဦး စုစုပေါင်း (၇၅) ဦး သေဆုံးခဲ့တယ်လို့ဆိုပါတယ်။


အောက်တိုဘာလ ရက်နေ့တွင် တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာကို အကြမ်းဖက်စစ်အုပ်စုက စစ်ကြောင်းထိုး ဝင်ရောက်လာခဲ့ပြီး အသက်မပြည့်သူတစ်ဦးအပါအဝင် အမျိုးသားသုံးဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး အောက်တိုဘာလ ရက်နေ့တွင် ဖမ်းဆီးခံရသူ သုံးဦးအနက် တစ်ဦးဖြစ်သော ကိုသားဂန်း၏ ရုပ်အလောင်းကို လည်ပင်းဒဏ်ရာများနှင့် လောင်းလုံးမြို့နယ်၊ ကမြောကင်းကျေးရွာအနီးရှိ ထားဝယ်မြစ်အတွင်း၌ တွေ့ရှိခဲ့ရပါတယ်။


အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် ပြည်သူ စုစုပေါင်းမှာ (၄၁၄၆) ဦး ရှိခဲ့ပြီဖြစ်ပါတယ်။


========================


📌📌 ၈။ INFINITE REVOLUTION FORCE မှ ထပ်မံစမ်းသပ်ထုတ်လုပ်ထားသည့် 5.56 ကျည်သုံး မောင်းပြန် ရိုင်ဖယ်ထုတ်ဖော်ပြသ


အောက်တိုဘာ၁၃ရက်

အောက်တိုဘာ၁၃ရက်မှာ INFINITE REVOLUTION. FORCE မှ ထပ်မံစမ်းသပ်ထုတ်လုပ်ထားသည့် 5.56 ကျည်သုံး မောင်းပြန် ရိုင်ဖယ်ထုတ်ဖော်ပြသခဲ့ပါတယ်။


"ကျွန်ုပ်တို့ INFINITE REVOLUTION. FORCE မှ ထပ်မံစမ်းသပ်ထုတ်လုပ်ထားသည့် 5.56 ကျည်သုံး မောင်းပြန် ရိုင်ဖယ်ဖြစ်ပါတယ်"လို့ဆိုထားပါတယ်။


သြဂုတ်လအတွင်းမှာလည်း AK 47 MADE IN SAGAINGကို ထုတ်လုပ်အောင်မြင်ကြောင်း အသိပေးခဲ့ပြီး  ချေမှုန်းရေး၊ တိုက်ပွဲဝင်ချေမှုန်းရေး သေနတ်တစ်လက်ဖြစ်အောင် အရည်အသွေးမြှင့်တင်သွားမယ်လို့ဆိုခဲ့ပါတယ်။


========================


📌📌 ၉။ PRFထောက်ပို့တပ်သားအဖြစ်ပါဝင်ဖို့ ဒါရိုက်တာကိုပေါက်တိုက်တွန်း


အောက်တိုဘာ၁၃ရက်

အောက်တိုဘာလအတွင်း ထောက်ပို့အစီအစဥ်နဲ့ပတ်သက်လို့ PRFထောက်ပို့တပ်သားစည်းရုံးရေးမှူးဒါရိုက်တာ ကိုပေါက်က PRFထောက်ပို့တပ်သားအဖြစ်ပါဝင်ဖို့တိုက်တွန်းလိုက်ပါတယ်။


"ကျနော်က ထောက်ပို့တပ်သားစည်းရုံးရေးမှူး တစ်ယောက်ပါ။ ထောက်ပို့တပ်သားများအဖြစ် ကျနော့အမျိုးတို့ကို ဖိတ်ခေါ်ပါရစေ။ မြန်မာပြည်ထဲကနေပြီး ဘေးကင်းစွာနဲ့ပါဝင်လို့ရပါတယ်။ စိတ်မပူပါနဲ့။ ထောက်ပို့တပ်သား နံပါတ်ရတာနဲ့ အဲ့နံပါတ်ကိုအပြင်မှာမှတ်ထား၊ ကျန်အချက်အလက် အကုန်ဖျက်ထားလိုက်။ လစဉ်လွှဲနေရမှာ အလီလီဖြစ်မှာစိုးရင် တစ်ခါတည်းတစ်နှစ်စာထည့်ထားလိုက်။ မြန်မာငွေနဲ့ တစ်လ ၃၀၀၀၀၊ထိုင်းဘတ်နဲ့ တစ်လ ၃၀၀ တစ်နှစ်လုံးမှ ကျပ်၃၆၀၀၀၀ဗျာ။ ကျနော်ကတော့ တစ်နှစ်စာ ထည့်ထားပြီးပါပြီ။ မအလ လက်အောက်ခေတ်ဆိုးထဲမှာ စီးပွားဖြစ်နေသူတွေအများကြီးတွေ့နေ မြင်နေရပါတယ်။ အခြေအနေမပျက် စီးပွားတက်နေသူတွေလည်း 

PRF 2.0 မှာပါဝင်သင့်တာပေါ့။ ဒါတွေဟာ နောင်တချိန် သက်သေပြပြီး ရင်ကော့နေလို့ရမယ့် မှတ်တမ်းတွေဖြစ်မှာပါ"လို့ဆိုပါတယ်။


ပြည်သူ့တော်လှန်ရေးထောက်ပို့မိသားစု . (PRF 2.0) အစီအစဥ်အသစ်အတွက် ထောက်ပို့တပ်သားကတ်များ ထုတ်ပေးရာတွင်လည်း မည်သည့်ဒေသအတွက် ထောက်ပံ့ပို့ဆောင်နေသည့် တပ်သားဖြစ်ကြောင်းကိုလည်း ကတ်ပြားတွင် တပါတည်း ဖော်ပြပေးသွားမှာဖြစ်ပါတယ်။


ထောက်ပို့တပ်သားကတ်တွင် ပါဝင်သည့် QR Code ကို အသုံးပြု ဖတ်ရှုသောအခါတွင် မိမိထောက်ပို့ခဲ့သည့် မှတ်တမ်းကိုလည်း ပြန်လည်ကြည့်ရှုနိုင်မည့်အပြင် လစဥ်မပြတ် ထောက်ပို့ခဲ့သော ထောက်ပို့တပ်သားများကိုလည်း ထူးချွန်သော ထောက်ပို့တပ်သားဆိုင်ရာ အသိအမှတ်ပြု တံဆိပ် များကို ထောက်ပို့တပ်သားကဒ်တွင် ထည့်သွင်းဖော်ပြသွားမှာဖြစ်ပါတယ်။.


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။




#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment