25th OCT 2023 - Morning Daily News by Radio NUG


၂၀၂၃ အောက်တိုဘာလ ၂၅ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ ခုခံတော်လှန်စစ်အရှိန်ရလာသည်နှင့်အမျှ တိုင်းရင်းသားမဟာမိတ်ဆက်ဆံရေး အတိမ်းအစောင်းခံ၍ မရဘဲ ပိုမိုပူပေါင်းရန်လိုအပ်လာသည်ဟု ယာယီသမ္မတပြော

📌 ၂။ စစ်ကောင်စီသည် အကျင့်ပျက်ခြစားနေသောအဖွဲ့အစည်းတစ်ခုအဖြစ်သာ ရပ်တည်နေဟု ပြည်ထောင်စုဝန်ကြီးချုပ်ပြော

📌 ၃။  ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီနှင့် စစ်ကိုင်းတိုင်းရှိ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြုလုပ်

📌 ၄။ ဆက်သွယ်ရေး ၊သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် စစ်ကိုင်းတိုင်း ဒေသကြီး လွှတ်တော်ကိုယ်စားပြုကော်မတီတို့ တွေ့ဆုံဆွေးနွေး

📌 ၅။ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနနှင့် မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့များ တွေ့ဆုံ ဆွေးနွေး

📌 ၆။ Gender-Based Violence and Case Management TOT သင်တန်းကျင်းပ

📌 ၇။ မြန်မာစစ်တပ်အပေါ် နိုင်ငံတကာက အရေးယူရန်ပျက်ကွက်နေသမျှ ပြည်သူများ ပိုမိုသတ်ဖြတ်ခံနေရမည် ဖြစ်၍ ထိရောက်သောအရေးယူမှုများချမှတ်ပေးရန် ကုလထံ မြန်မာအမြဲတမ်းကိုယ်စားလှယ် တောင်းဆို

📌 ၈။ ထောင်ဝင်စာ လူချင်းတွေ့ခွင့် ပြန်ဖွင့်ပေးခဲ့ပေမယ့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် နှင့် သူမ၏ ရှေ့နေအဖွဲ့ တွေ့ဆုံခွင့်ကို စစ်ကောင်စီ ခွင့်မပြုသေး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ခုခံတော်လှန်စစ်အရှိန်ရလာသည်နှင့်အမျှ တိုင်းရင်းသားမဟာမိတ်ဆက်ဆံရေး အတိမ်းအစောင်းခံ၍ မရဘဲ ပိုမိုပူပေါင်းရန်လိုအပ်လာသည်ဟု ယာယီသမ္မတပြော


နွေဦးတော်လှန်ရေးရဲ့ ခုခံတော်လှန်စစ် အရှိန်ရလာပြီး အပြန့်ကျယ်လာတာနဲ့အမျှ အစိုးရအဖွဲ့နဲ့ တိုင်းရင်းသားမဟာမိတ်တွေအကြား စစ်ရေး၊ နိုင်ငံရေးဆက်ဆံမှုတွေဟာ အရေးကြီးလာပြီး အတိမ်းအစောင်းခံလို့ မရတော့တဲ့အတွက် အထူးဂရုစိုက်ရမှာဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက အောက်တိုဘာလ ၂၄ ရက်နေ့က ပြုလုပ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ၃၃ ကြိမ်မြောက် အစည်းအဝေးမှာ ပြောကြားလိုက်တာဖြစ်ပါတယ်။ 

အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့နဲ့ တိုင်းရင်းသား မဟာမိတ်အဖွဲ့အစည်းတွေကြား စစ်ရေးအရ ပူးပေါင်းဆောက်ရွက်မှုတွေကို တိုးမြှင့်ဖို့လိုနေပါတယ်။ နိုင်ငံရေးအရ ပိုမိုပေါင်းစည်းလာမှုလည်း အထူးလိုအပ်လာတယ်ဆိုတာတွေ့ရတယ်။ ဒါ့ကြောင့် ကျွန်တော်တို့အစိုးရအဖွဲ့ဝင်ခေါင်းဆောင်တွေနဲ့ တိုင်းရင်းသားမဟာမိတ်ခေါင်းဆောင်တွေအကြားမှာ ရင်းနှီးမှု၊ ချစ်ခင်မှုနဲ့ ယုံကြည်မှုတို့ကို ယခုကထက် ပိုမိုခိုင်မာကျယ်ပြန့်လာအောင် ဆက်လက် တည်ဆောက်ထိန်းသိမ်းဖို့ လိုအပ်ပါတယ်လို့ ယာယီသမ္မတက ပြောပါတယ်။

ဒါ့အပြင် နွေဦးတော်လှန်ရေးမှာ နိုင်ငံတကာသံခင်းတမန်ခင်း ချည်းကပ်ပုံဟာ အလွန်အရေးကြီးတဲ့ အဓိကမဏ္ဍိုင်ထဲမှာ ပါဝင်နေပါတယ်။ ကျွန်တော်တို့ဟာ ဒီမိုကရေစီဖြစ်ထွန်းပြီးသားဖြစ်တဲ့ အနောက်နိုင်ငံကြီးတွေနဲ့ ချိတ်ဆက်ဆောင်ရွက်ရာမှာ အထူးအရေးကြီးသလို၊ ဒေသတွင်းနိုင်ငံတွေရဲ့ အခြေအနေကိုလည်း လက်လွှတ်ထားလို့မရပါဘူး။ သိပ်မကြာခင်က EU Appeal Letter ကို တော်လှန်ရေး အင်အားစုတွေအကြားမှာ ပူးတွဲထုတ်ပြန်နိုင်မှုဟာ နွေဦးတော်လှန်ရေးမှာ မှတ်ကျောက်တင်ထိုက်တဲ့ သံတမန်ရေးရာ အောင်မြင်မှုတစ်ခုဖြစ်ပါတယ်။ ဒါ့အပြင် EU နိုင်ငံတွေအနေနဲ့လည်း အထူးအလေးထားဖို့ ကျွန်တော်တို့ဘက်က တိုက်တိုက်တွန်းတွန်း ဆောင်ရွက်ဖို့လိုပါတယ်လို့ ယာယီသမ္မတက ပြောကြားခဲ့ပါတယ်။

အဓိကပြောချင်တဲ့ အချက်ကတော့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ Public Relations လို့ ခေါ်တဲ့ ပြည်သူ့ဆက်ဆံ ရေးလုပ်ငန်းစဉ်တွေကို proactive ဖြစ်အောင်တိုးချဲ့ လုပ်ဆောင်သွားဖို့ ဖြစ်ပါတယ်။ ဒီနေရာမှာ အခြေခံအားဖြင့် အပိုင်း ပိုင်း ရှိတယ်လို့ ယူဆကြောင်း ယာယီသမ္မတက ပြောပါတယ်။ 

ပြည်တွင်းကို ဗဟိုပြုတဲ့ ချည်းကပ်မှုနဲ့ ပြည်ပကို ဗဟိုပြုတဲ့ ချည်းကပ်မှုတွေ ရှိပါတယ်။ ဒါ့အပြင် လူထုကို ဦးတည်ချက်ထားတဲ့ လူထုဗဟိုပြု ဆက်သွယ်ဆောင်ရွက်ရေးနည်းလမ်းတွေနဲ့ သက်ဆိုင်ရာ stakeholder တွေကို ဦးတည်ချက်ထားတဲ့ ဆက်သွယ်ရေးဗျူဟာတွေ ရှိနေပါလိမ့်မယ်။ ဒါတွေကို ကဏ္ဍအလိုက် တိုးချဲ့လုပ်ဆောင်ဖို့လည်း ပြောကြားခဲ့ပါတယ်။ 

ဒီနေရာမှာ အထူးသတိပြု ပြောချင်တာကတော့ လူထုနဲ့ပဲဖြစ်ဖြစ်၊ သက်ဆိုင်ရာ အစုအဖွဲ့တွေ၊ အဖွဲ့အစည်းတွေနဲ့ပဲ ဖြစ်ဖြစ် ဆက်သွယ်ဆောင်ရွက်ရာမှာ၊ လှေနံဓားထစ် တွေးခေါ်တာမျိုး၊ အပြုအမူမျိုးတွေကို အလေးအနက်ထား ရှောင်ရှားကြဖို့ တိုက်တွန်းလိုပါတယ်။ လူထုချစ်အောင် မနေတတ်ရင် တော်လှန်ရေးရလဒ်ကောင်း ထွက်ပေမယ့်၊ နိုင်ငံရေးအရ ရှုံးနိုင်တယ်ဆိုတာကို သတိထားကြဖို့လည်း သတိပေးပြောကြားခဲ့ပါတယ်။

ဒါ့ကြောင့် မဟာမိတ်ဆက်ဆံရေးမှာ ဖြောင့်မတ်သောနိုင်ငံရေးစိတ်ဖြင့်သာ ယုံကြည်မှုကိုခိုင်မာအောင် တည်ဆောက်နိုင်မှာဖြစ်ကြောင်း ခုခံတော်လှန် စစ်ကာလ ကြာလာလေလေ ယုံကြည်မှုအကျပ်အတည်းကို ပုံစံအမျိုးမျိုးဖြင့် ကဏ္ဍ အသီးသီးမှာ ကြုံရနိုင်တာကြောင့် ယုံကြည်မှုတည်ဆောက်ရေးလုပ်ငန်းတွေနဲ့ ပြည်သူ့ဆက်ဆံရေး နည်းဗျူဟာတွေကို အထူးအလေးထားကာ အားထည့်ဖို့လိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားခဲ့ပါတယ်။


========================


📌📌 ၂။ စစ်ကောင်စီသည် အကျင့်ပျက်ခြစားနေသောအဖွဲ့အစည်းတစ်ခုအဖြစ်သာ ရပ်တည်နေဟု ပြည်ထောင်စုဝန်ကြီးချုပ်ပြော


အကြမ်းဖက်စစ်ကောင်စီဟာ စစ်တိုက်ဖို့ထက်အကျင့်ပျက်ခြစားနေသော အဖွဲ့အစည်းတစ်ခုအဖြစ်သာ ရပ်တည်နေသည်ဟု ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက အောက်တိုဘာလ ၂၄ ရက်နေ့မှာ ကျင်းပတဲ့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ၃၃ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းအဝေးတွင် ပြောကြားခဲ့တာဖြစ်ပါတယ်။ 

အခု ကျွန်တော်တို့ ဆင်နွှဲနေကြတဲ့ စစ်အာဏာရှင် အမြစ်ဖြတ်ချေမှုန်းရေး တော်လှန်ရေးဆိုတာ စစ်ပွဲတစ်ခုထက် အများကြီးပိုတယ်ဆိုတာကို ကျွန်တော်တို့အားလုံး နက်ရှိုင်းစွာ နားလည်ပြီးဖြစ်ပါတယ်။ အခုချိန်မှာ စစ်ပွဲတွေဟာ တနိုင်ငံလုံးအနှံ့ အားကောင်းနေပြီး စစ်ကောင်စီဟာလည်း စစ်တိုက်ဖို့ အင်စတီကျူးရှင်းအနေနဲ့ လုံးဝနီးပါးပျက်ပြားနေပြီး ဖိနှိပ်တတ်တဲ့၊ အကျင့်ပျက်ခြစားနေတဲ့ အင်စတီကျူးရှင်းအဖြစ်သာ ဆက်လက်ရပ်တည်နေတာကို မြင်တွေ့လာရပါတယ်လို့  ဝန်ကြီးချုပ်က ပြောပါတယ်။

သို့သော် စစ်အာဏာရှင်များအနေနှင့် ၎င်းတို့ မည်မျှပင်အားနည်းနေစေကာမူ အတိုက်အခံများထက် အနည်းငယ်မျှ စုစည်းနေရုံဖြင့် အာဏာကို ဆက်လက်ဆုပ်ကိုင်ထားနိုင်မယ်ဆိုတဲ့ အယူအဆ စွဲမြဲစွာရှိနေတယ်လို့ အသိပေးပြောကြားခဲ့ပါတယ်။ 

ဒါကလည်း သမိုင်းတလျှောက် ဖြတ်သန်းခဲ့ကြတဲ့ တော်လှန်ရေးတွေရဲ့ အတွေ့အကြုံအရ သူတို့ အင်အားမကောင်းရင်တောင် တော်လှန်ရေးအင်အားစုတွေက ဘယ်တော့မှ စည်းလုံးမှုမရှိခဲ့တာကြောင့် မကြာခင် အင်အားတွေပြိုကွဲမယ်လို့ အထင်ရောက်နေပုံရပါတယ်။ ဒါပေမဲ့ ယခု နွေဦးတော်လှန်ရေး မှာတော့ သူတို့ရဲ့ အထင်နဲ့အမြင်ဟာ အတော်လေးကွဲပြားနေတာကို မမျှော်လင့်ဘဲ သူတို့အနေနဲ့ ကြုံတွေ့နေရတာဖြစ်ပါတယ်။ ယခုအချိန်ထိ မဟာမိတ်အစုအဖွဲ့များ အကြားမှာ ပိုမို ယုံကြည်မှုတွေ တည်ဆောက်နိုင်ပြီး ပိုမို စုစည်းမိလာကာ စစ်အာဏာရှင် အမြစ်ဖြတ်ဖို့ထိ သန္နိဋ္ဌာန် ချထားပြီးဖြစ်လို့ သူတို့အတွက် အတော်လေး အကျပ်တည်းဆိုက်ရတဲ့ အခြေအနေဖြစ်နေပါတယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။

ဒီလိုအခြေအနေမျိုးမှာ ကျွန်တော်တို့ ပိုမိုသတိထားရမှာတော့ရှိပါတယ်။ စစ်ကောင်စီဟာ သူတို့ အကျပ်တည်းဆိုက်လေ သူတို့ရှင်သန်ရေးအတွက် ရှိသမျှနည်းလမ်းနဲ့ တော်လှန်ရေးအင်အားစုများ ချိနဲ့အားနည်းစေဖို့ လုပ်ဆောင်မှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ စုစည်းမှု နည်းနည်းလေး လျော့နည်း သွားရင်တောင် စစ်ကောင်စီအနေနဲ့ ဆက်လက် ရပ်တည်နိုင်ဖို့ အများကြီး အခွင့်အရေးရရှိသွားနိုင်ပြီး သူတို့အနေနဲ့ မျှော်လင့်ချက်ရှိသွားမှာဖြစ်ပါတယ်လို့ သတိပေး ပြောကြားခဲ့ပါတယ်။

တော်လှန်ရေးအင်အားစုတွေဘက်က ကြည့်ရင်လည်း စစ်တပ်လို အင်စတီကျူးရှင်းတစ်ခုတည်းကလာတာမဟုတ်တဲ့အပြင်၊ သမိုင်းအခြေခံနဲ့ ဖြစ်တည်မှုများ၊ အလေ့အထများ မတူညီကြတဲ့အတွက် အလုံးစုံပြီးပြည့်စုံတဲ့ ညီညွတ်မှုမျိုးဖြစ်ဖို့ ခက်ခဲမှာဖြစ်ပါတယ်။ သို့သော် ကျွန်တော်တို့အချင်းချင်းကြား အားသာချက်များကို အပြန်အလှန် လေးစားမှု၊ အားနည်းချက်များကို နားလည်ရန်ကြိုးစားမှု၊ အငြင်းပွားစရာများကို မရှောင်ရှားနိုင်သည့်အခါ ဆွေးနွေးငြင်းခုံညှိနှိုင်း အဖြေရှာရင်းနဲ့ တော်လှန်ရေးအင်အားစုများ ဆက်လက်အားကောင်းစေရန် အားထုတ်ကြိုးပမ်းကြရမှာ ဖြစ်ပါတယ်။ သို့မှသာ ယခုလို စုံလင်ကွဲပြားမှုများဟာ စစ်တပ်ထင်သလို အားနည်းမှုမဟုတ်ဘဲ ၎င်းတို့ ဘယ်တုန်းကမှ မမျှော်မှန်းနိုင်တဲ့ ကြီးမားတဲ့ အင်အားတစ်ရပ်ရှိနေမှာဖြစ်ပါတယ်။ ထိုအင်အားကသာ စစ်အာဏာရှင်စနစ်နဲ့ မည်သည့် အာဏာရှင်စနစ်ကိုမဆို ခြိမ်းခြောက်နိုင်မယ့် အင်အားတစ်ရပ် ဖြစ်တယ်ဆိုတာကို ကျွန်တော်တို့အားလုံး စွဲစွဲမြဲမြဲ နားလည်ထားကြဖို့လိုမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့အားလုံးရဲ့စုစည်းမှုဟာ တော်လှန်ရေးအောင်မြင်ဖို့ သာမက နောင်လာမယ့် အနာဂတ်ဖက်ဒရယ်ပြည်ထောင်စု ရေရှည်ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးအတွက်ပါ အလွန်အရေးပါတဲ့အတွက် ကျွန်တော်တို့အားလုံး သတိရှိရှိနဲ့ တစိုက်မတ်မတ် ကြိုးစားအားထုတ်ကြဖို့လိုတယ်လို့ ဝန်ကြီးချုပ်က တိုက်တွန်းပြောကြားခဲ့ပါတယ်။


========================


📌📌 ၃။  ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီနှင့် စစ်ကိုင်းတိုင်းရှိ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြုလုပ်


အမျိုးသားညီညွတ်ရေး အစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီနှင့် စစ်ကိုင်းတိုင်း မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ အစည်းအဝေး (၄၂/၂၀၂၃) ကို အောက်တိုဘာ ၂၃ ရက် နေ့လယ် နာရီအချိန်မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အစည်းအဝေးတွင် ကြားကာလ ဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီ၊ အတွင်းရေးမှူး အဖွဲ့ဝင်၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံရေး ဝန်ကြီးဌာန၊ အမြဲတမ်း အတွင်းဝန်မှ အဖွင့်စကား ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး ဝန်ကြီးဌာနများမှ လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး  မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ဝင်များမှ မူဝါဒ၊ လမ်းညွှန်ချက်များ၊ လုပ်ငန်းဆောင်ရွက်ချက်များ၊ မြေပြင် အခက်အခဲများ အပေါ် သိရှိလိုသည်များကို မေးမြန်း‌ဆွေးနွေးခဲ့ရာ ဝန်ကြီးဌာန တာဝန်ရှိသူများ မှ ပြန်လည်ဖြေကြားခဲ့ပါတယ်။

ထို့နောက် ကြားကာလ ဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီ၊ အဖွဲ့ဝင်၊ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နိုင်ထွန်းဖေ () နိုင်သုဝဏ္ဏမှ နိဂုံးချုပ်စကား ပြောကြားခဲ့ပြီး အစည်းအဝေးကို ညနေ နာရီ ၃၀ မိနစ် အချိန်တွင်‌ ရပ်နားခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ အစည်းအဝေးကို ပြည်ထောင်စုဝန်ကြီး နိုင်ထွန်းဖေ () နိုင်သုဝဏ္ဏမှ ဦးဆောင်ကာ ပြည်ထောင်စုဝန်ကြီးများ၊ ဝန်ကြီးဌာနအသီးသီးမှ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အမြဲတမ်း အတွင်းဝန်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ စစ်ကိုင်းတိုင်းရှိ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ခေါင်းဆောင်များ၊ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၄။ ဆက်သွယ်ရေး ၊သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် စစ်ကိုင်းတိုင်း ဒေသကြီး လွှတ်တော်ကိုယ်စားပြုကော်မတီတို့ တွေ့ဆုံဆွေးနွေး


ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော် ကိုယ်စားပြု ကော်မတီတို့ အောက်တိုဘာလ ၂၄ ရက်နေ့ နေ့လည် ၁၁ နာရီ အချိန်တွင် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

တွေ့ဆုံဆွေးနွေးပွဲတွင် ဝန်ကြီးဌာနဘက်မှ ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်နှင့်အတူ အမြဲတမ်းအတွင်းဝန်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဌ ဦးမြင့်ထွေးနှင့် တိုင်းဒေသကြီးလွှတ်တော် ရေးရာကော်မတီများမှ တာဝန်ရှိသူများ၊ လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌမှ နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီး စစ်ကိုင်းတိုင်း ဒေသကြီး လွှတ်တော်၏ ဆောင်ရွက်ပြီးစီးခဲ့သော လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့ကာ ပြည်ထောင်စုဝန်ကြီးကလည်း ဝန်ကြီးဌာနမှ စစ်ကိုင်းတိုင်းအတွင်း လုပ်ငန်းဆောင်ရွက်ခဲ့မှုများ‌ အခြေအနေ၊ ရရှိလာသော ရန်ပုံငွေမှ ဆောင်ရွက်နေရမှုအပေါ် စိန်ခေါ်မှုများ၊ ဝန်ကြီးဌာန၏ ရှေ့လုပ်ငန်းစဥ်များကို ရှင်းလင်းပြောကြားခဲ့ပါတယ်။ 

ထို့နောက် တက်ရောက်လာတဲ့ လွှတ်တော်ကိုယ်စားလှယ်များမှ အပြန်အလှန် ဆွေးနွေးညှိနှိုင်းခဲ့ကြပြီး နေ့လည် ၁နာရီ ၃၀ မိနစ်တွင် အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါတယ်။


========================


📌📌 ၅။ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနနှင့် မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့များ တွေ့ဆုံ ဆွေးနွေး


အမျိုးသားညီညွတ်ရေး အစိုးရ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနနှင့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့များ တွေ့ဆုံဆွေးနွေးမှု အစည်းအဝေး (၂၁/၂၀၂၃) ကို အောက်တိုဘာလ ၂၃ ရက်နေ့ မနက် ၁၀ နာရီ အချိန်တွင် ကျင်းပ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အစည်းအဝေးတွင် ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ တွဲဖက်အမြဲတမ်းအတွင်းဝန်မှ အမှာစကား ပြောကြားခဲ့ပြီး ရှေ့လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပါတယ်။

ထို့နောက် မြို့နယ်ပြည်သူ့အုပ်ချုပ်‌ရေး အဖွဲ့ဝင်များမှ မူဝါဒ၊ လမ်းညွှန်ချက်များ၊ မြေပြင်အုပ်ချုပ်ရေးဆောင်ရွက်နေမှုများ၊ ကြုံတွေ့နေရတဲ့ အခက်အခဲများကို မေးမြန်းဆွေးနွေးရာ ဝန်ကြီးဌာန တာဝန်ရှိသူများမှ ပြန်လည်ဖြေကြား ပေးခဲ့ပါတယ်။

အစည်းအဝေးကို တွဲဖက်အမြဲတမ်း အတွင်းဝန်မှ ဦးဆောင်ကာ ပြည်သူ့အုပ်ချုပ်ရေး ဦးစီးဌာန၊ ပြည်သူ့ရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာန၊ အထူးစုံစမ်း‌ထောက်လှမ်းရေး ဦးစီးဌာနတို့မှ တာဝန်ရှိသူများ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်‌ရေး အဖွဲ့ဝင်များ တက်ရောက်ခဲ့ပြီး နေ့လယ် ၁၂ နာရီအချိန်မှာ  အစည်းအဝေး အောင်မြင်စွာ ရပ်နားခဲ့တယ် လို့ သိရပါတယ်။


========================


📌📌 ၆။ Gender-Based Violence and Case Management TOT သင်တန်းကျင်းပ


လက်နက်ကိုင် ပဋိပက္ခကာလအတွင်း အမျိုးသမီးထုများအား အကြမ်းဖက်ခံရမှု၊ အခွင့်အရေး ချိုးဖောက်ခံရမှုနှင့် မုဒိမ်းမှုများ လျော့နည်းပပျောက်သွားရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီးလူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာနရဲ့ စီစဉ်ပံ့ပိုးမှုဖြင့် Gender-Based Violence and Case Management TOT Training ကို ကျင်းပခဲ့တယ်လို့ သိရပါတယ်။

အောက်တိုဘာ ၁၇ရက် မှ ၂၀ရက် နေ့အထိ Zoom မှတဆင့် ပြုလုပ်ကျင်းပခဲ့တဲ့ အဆိုပါ သင်တန်းကို စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းအတွင်းမှ အမျိုးသမီးလူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန မြေပြင်ရှိ မြို့နယ် တာဝန်ခံများအတွက် စီစဉ်ပေးခဲ့တာ ဖြစ်ပါတယ်။

အမျိုးသမီး လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနက ပဋိပက္ခ ဒေသများအတွင်း မုဒိမ်းမှုအပါအဝင် အမျိုးသမီးများ၏  အခွင့်အရေး ချိုးဖေါက်ခံရမှုကို ထိရောက်စွာ ကိုင်တွယ်ဟန့်တားနိုင်ရေးအတွက် ဝန်ကြီးဌာနအောက်တွင် မြေပြင်မြိုနယ်တာဝန်ခံများကို စနစ်တကျ ဖွဲ့စည်းထားပြီး သင်တန်းများ၊ အလုပ်ရုံဆွေးနွေးပွဲများနှင့် ပညာပေးလုပ်ငန်းများ စဉ်ဆက်မပြတ် ကျင်းပပေးလျှက်ရှိတယ်လို့ ဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


========================


📌📌 ၇။ မြန်မာစစ်တပ်အပေါ် နိုင်ငံတကာက အရေးယူရန်ပျက်ကွက်နေသမျှ ပြည်သူများ ပိုမိုသတ်ဖြတ်ခံနေရမည် ဖြစ်၍ ထိရောက်သောအရေးယူမှုများချမှတ်ပေးရန် ကုလထံ မြန်မာအမြဲတမ်းကိုယ်စားလှယ် တောင်းဆို


အောက်တိုဘာလ ၂၃ ရက်နေ့ကကျင်းပတဲ့ ၇၈ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၏ တတိယကော်မတီ အစည်းအဝေးတွင် မြန်မာနိုင်ငံတွင်ဖြစ်ပေါ်နေသည့် လူ့အခွင့်အရေးအခြေအနေများနှင့်စပ်လျဉ်း၍ ပေါင်းစပ်အစည်းအဝေး ကျင်းပပြုလုပ်ခဲ့ရာမှာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက တောင်းဆိုလိုက်ခြင်း ဖြစ်ပါတယ်။ 

ကုလသမဂ္ဂ၊ အာဆီယံနှင့် နိုင်ငံများအားလုံးအနေဖြင့် မြန်မာပြည်သူပြည်သားများ၏ ဒီမိုကရေစီမျှော်မှန်းချက်များကိုရှေးရှုပြီး မြန်မာနိုင်ငံအရေးကိစ္စအပေါ် ဟန်ချက်ညီစွာထိတွေ့ဆက်ဆံရန်နှင့် ဆောင်ရွက်ချက်များ ချမှတ်ရန် တောင်းဆိုကြောင်း၊ နိုင်ငံတကာမှ စစ်တပ်အပေါ် အရေးယူဆောင်ရွက်ချက်များချမှတ်ရန် ပျက်ကွက်နေသည့် ကာလပတ်လုံး ပြည်သူများ၏ ဆင်းရဲ ဒုက္ခသည်လည်း ပိုမိုဆိုးရွားလာနေမည်ဖြစ်ပြီး ပြည်သူအများအပြား ပိုမိုသတ်ဖြတ်ခံနေရမည်သာဖြစ်ကြောင်း သံအမတ်ကြီးက ပြောကြားခဲ့ပါတယ်။ 

ဒါ့အပြင် မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းက မြန်မာနိုင်ငံရဲ့ လက်ရှိနိုင်ငံရေးအခြေအနေ၊ လူသားချင်း စာနာမှုအခြေအနေ၊ စစ်တပ်ကကျူးလွန်လျက်ရှိတဲ့ ကြီးလေးသောနိုင်ငံတကာရာဇဝတ်မှုများနှင့် တာဝန်ခံမှုနှင့် ရိုဟင်ဂျာများ နေရပ်ပြန်လည်သွားရောက်နိုင်ရေး အချက် ချက်ကိုရှင်းပြခဲ့ပြီး မြန်မာပြည်သူများအတွက် ရေရှည်တည်တံ့တဲ့ အနာဂတ်ဖြစ်ပေါ်လာစေရေး ဖြေရှင်းပေးနိုင်မယ့် နည်းလမ်း သွယ်ကိုလည်း ရှင်းလင်းပြောကြားခဲ့တယ်လို့ သိရပါတယ်။ 

မြန်မာပြည်သူများက စစ်အာဏာရှင်စနစ်အား ခုခံတော်လှန်နေခြင်းသည် အိမ်နီးချင်းနိုင်ငံများအတွက်သာမက မည်သည့်နိုင်ငံ၏ အကျိုးစီးပွားကိုမျှ ထိပါးစေမည်မဟုတ်ကြောင်း၊ သိုရာတွင် တရားမဝင် စစ်အာဏာသိမ်းမှုကြောင့်မူ ဒေသအတွင်းသို စိုးရိမ်ဖွယ်ကောင်းသော အကျိုးသက်ရောက်မှုများ ဖိတ်စင်နေပြီဖြစ်ကြောင်း၊ ထိုကြောင့် မြန်မာနိုင်ငံအရေးကိစ္စအား ရေရှည်တည်တံ့သော နည်းလမ်းဖြင့်ဖြေရှင်းခြင်းကသာ အားလုံးအတွက် အကောင်းဆုံး အကျိုးစီးပွား ဖြစ်ထွန်းစေမည်ဖြစ်ကြောင်း၊ သိုဖြစ်ပါ၍ ကုလသမဂ္ဂ၊ အာဆီယံနှင့် နိုင်ငံများအားလုံးအနေဖြင့် မြန်မာပြည်သူ ပြည်သားများ၏ ဒီမိုကရေစီမျှော်မှန်းချက်များကို ရှေးရှုလျက် မြန်မာနိုင်ငံအရေးကိစ္စအပေါ် ဟန်ချက်ညီစွာ ထိတွေ့ဆက်ဆံရန်နှင့် ဆောင်ရွက်ချက်များချမှတ်ရန် သံအမတ်ကြီးက တောင်းဆိုခဲ့ပါတယ်။ 

နိုင်ငံတကာက မြန်မာစစ်တပ်အပေါ် အရေးယူဆောင်ရွက်ချက်များချမှတ်ရန် ပျက်ကွက်နေသည့် ကာလပတ်လုံး ပြည်သူများ၏ ဆင်းရဲဒုက္ခသည်လည်း ပိုမိုဆိုးရွားလာနေမည်ဖြစ်ပြီး ပြည်သူအများအပြား ပိုမို သတ်ဖြတ်ခံနေရမည်သာဖြစ်ကြောင်း၊ ကုလသမဂ္ဂ၊ အထူးသဖြင့် လုံခြုံရေးကောင်စီအနေဖြင့် ထိရောက်မှုရှိသော အရေးယူဆောင်ရွက်ချက်များကို ယခုပင် ချမှတ်ရန်လိုအပ်ကြောင်းလည်း သံအမတ်ကြီးကတိုက်တွန်း ပြောဆိုခဲ့ပါတယ်။


========================


📌📌 ၈။ ထောင်ဝင်စာ လူချင်းတွေ့ခွင့် ပြန်ဖွင့်ပေးခဲ့ပေမယ့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် နှင့် သူမ၏ ရှေ့နေအဖွဲ့ တွေ့ဆုံခွင့်ကို စစ်ကောင်စီ ခွင့်မပြုသေး


COVID ကာလကတည်းက ပိတ်ထားခဲ့တဲ့ ထောင်ဝင်စာ လူချင်းတွေ့ဆုံခွင့်ကို စစ်ကောင်စီက အောက်တိုဘာလ ၂၄ ရက်နေ့မှာ ပြန်ဖွင့်ပေးခဲ့ပေမယ့် မိသားစုဝင်သာ တွေ့ခွင့်ရမယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ကို သူမ၏ ရှေ့နေအဖွဲ့နဲ့ တွေ့ဆုံခွင့် မပေးသေးဘူး လို့ တရားရုံးနှင့် နီးစပ်သည့်အသိုင်းအဝိုင်းကနေ သိရပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အမှုကိစ္စများ ဆွေးနွေးနိုင်ရန်အတွက် တွေ့ဆုံခွင့်ပြုရန် ရှေ့နေအဖွဲ့က ပြီးခဲ့သည့် ဇန်နဝါရီလ ထဲကစပြီး စာဖြင့် အကြိမ်ကြိမ် တင်ပြမှုများ ပြုလုပ်ထားသော်လည်း စစ်ကောင်စီက လက်ရှိအချိန်ထိ အကြောင်းမပြန်သေးဘူးလို့ သိရပါတယ်။

အောက်တိုဘာ ၂၃ ရက်နေ့က နေပြည်တော် အချုပ်ထောင်တွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အတွက် ထောင်ဝင်စာပစ္စည်း သွားရောက်ပေးပို့ခဲ့ရာမှာ အကျဉ်းထောင် တာဝန်ရှိသူများက စာထပ်တင်ရန် ပြောဆိုခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

စစ်ကောင်စီက ပြန်လည် ခွင့်ပြုပေးခဲ့တဲ့ ထောင်ဝင်စာ လူချင်းတွေ့ဆုံခွင့်မှာ တစ်လလျှင် တစ်ကြိမ်သာ သတ်မှတ်ထားပြီး အိမ်ထောင်စု စာရင်းတွင် ပါဝင်တဲ့ မိသားစုဝင်များသာ တွေ့ခွင့်ရသေးကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက်က ပြောပါတယ်။

ထို့အပြင် ထောင်ဝင်စာ တွေ့ဆုံလိုသူများ အနေဖြင့် မှတ်ပုံတင်မူရင်း၊ အိမ်ထောင်စုဇယား မူရင်း၊ တစ်ပတ်အတွင်း ပြုလုပ်ထားသည့် ရပ်ကွက်ထောက်ခံစာ၊ ရဲစခန်းထောက်ခံစာ COVID ကာကွယ်ဆေး ထိုးနှံပြီးစီးကြောင်း အထောက်အထား စတာတွေကို ယူဆောင်လာဖို့ လိုအပ်ကြောင်း လည်းသိရပါတယ်။

တချို့အိမ်ထောင်ကျသွားတယ်။ ဒါပေမဲ့ အိမ်ထောင်စု ဇယားထဲမှာ စာရင်းမထည့်ရသေးဘူး။ အဲ့ဒီလိုမျိုး လူတွေဆိုရင် တွေ့ခွင့်မရဘူး။ အဲ့ဒီမှာပါတဲ့ မိသားစုဝင်ပဲ သွားတွေ့လို့ရတာပေါ့နော်။ အရင်တုန်းကတော့ တစ်ဦးလို့ သိခဲ့ပေမယ့် ဒီနေ့မှာတော့ နှစ်ဦးထိ လက်ခံတယ် ပြောတယ်ဗျဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက်မှ တာဝန်ရှိသူက မီဒီယာတွေကို ဖြေဆိုထား ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် မြန်မာနိုင်ငံတွင် မိသားစုဝင်များ မရှိသကဲ့သို့ ဖမ်းဆီးထိန်းသိမ်းခံရပြီး နောက်ပိုင်း တွေ့ဆုံခွင့်ရခဲ့သည့် ရှေ့နေအဖွဲ့ နှင့်လည်း ၂၀၂၂ ခုနှစ် ဒီဇင်ဘာ လကုန်ပိုင်းထဲက လူချင်းတွေ့ဆုံခွင့် အဆက်အသွယ် ဖြတ်တောက်ခဲ့တာ ဖြစ်ပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက်ကိုခန့် နဲ့ မင်းစစ်သွေးတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment