၂၀၂၃ နိုဝင်ဘာလ ၂၀ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ သံတောင်ကြီးမြို့နယ်တွင်ဖြစ်ခဲ့သောတိုက်ပွဲ၌ စစ်ကောင်စီဘက်က ၄ ဦးသေဆုံး
📌 ၂။ တိုက်လေယာဉ်ပျက်ကျစဉ် လေထီးဖြင့် လွတ်မြောက်ခဲ့သည့် ဗိုလ်မှူးကို ဖမ်းမိအသက် ၄၃ နှစ်အရွယ် ဗိုလ်မှူးခိုင်သန့်မိုးကို ရှာဖွေတွေ့ရှိ
📌 ၃။ ကိုးကန့်ဒေသ ပန်ဆိုင်းမြို့ နယ်စပ်ဂိတ်တွင် MNDAA အလံလွှင့်ထူ
📌 ၄။ ထားဝယ်တွင် စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား ၁၀ ဦးခန့် ထိခိုက်သေဆုံးခဲ့
📌 ၅။ တရုတ်နိုင်ငံဘက်ထွက်ပြေးတဲ့ စစ်ကောင်စီ ဒုဗိုလ်မှူးကြီးကို ပန်ဆိုင်းဂိတ်တွင် MNDAA ဖမ်းမိ
📌 ၆။ (၇၂) နာရီအတွင်းမှာပဲ နွေဦးဘဏ် အစုရှယ်ယာ တိုကင် ဝယ်ယူမှု အမှာစာ အမေရိကန်ဒေါ်လာ (၅) သန်းအထိ ရရှိခဲ့တဲ့အပြင် အကောင့် အသစ်ဖွင့်သူ (၂၀,၀၀၀) ခန့်ကို ကြိုဆိုလက်ခံခဲ့
📌 ၇။ တပ်မတော်သားများလက်နက်ချပြီး ပြည်သူ့ဘက်သို့ကူးပြောင်းကြရန် မုံရွာသပိတ်အင်အားစုနှင့်ကျောင်းသားများသမဂ္ဂတို့ တိုက်တွန်း
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ သံတောင်ကြီးမြို့နယ်တွင်ဖြစ်ခဲ့သောတိုက်ပွဲ၌ စစ်ကောင်စီဘက်က ၄ ဦးသေဆုံး
ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်အတွင်းဖြစ်ခဲ့တဲ့တိုက်ပွဲမှာ အကြမ်းဖက်စစ်ကောင်စီဘက်က ၄ ဦးသေဆုံး ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် နေပြည်တော်စစ်တိုင်းဌာန တပ်ရင်း ၈ဝ၄ က ယနေ့ နိုဝင်ဘာလ ၂ဝ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။
အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် နေပြည်တော်စစ်တိုင်းဌာန ဗျူဟာ -၁၊ အမှတ် ၈ဝ၄ တပ်ရင်းနဲ့ အလယ်ပိုင်းတိုင်း အထူး စစ်ဆင်ရေးအဖွဲ့တို့ပါတဲ့ ပူးပေါင်းစစ်ကြောင်းဟာ နိုဝင်ဘာလ ၁၄ ရက်နေ့က နယ်မြေစစ်ဆင်ရေး ဆောင်ရွက်နေစဉ် သံတောင်ကြီးမြို့နယ် ကမာဒီပိုလီရွာအနီးမှာ စခန်းချတပ်စွဲနေတဲ့ အကြမ်းဖက်စစ်သား အင်အား ၁ဝဝ ခန့်နဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
ဒီတိုက်ပွဲမှာ ရန်သူ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေရှိခဲ့ပြီး တော်လှန်ရေးရဲဘော်တဦး တင်ပါးကို ကျည်ရှပ်ထိတဲ့ ဒဏ်ရာရရှိခဲ့တယ်လို့ အသိပေးထားပါတယ်။
နိုဝင်ဘာလ ၁၇ ရက်နေ့မှာလည်း အကြမ်းဖက်စစ်ကောင်စီအဖွဲ့နဲ့ ထပ်မံထိတွေ့တိုက်ပွဲဖြစ်ခဲ့ရာမှာ စစ်တပ်ဘက်က ၄ ဦး သေဆုံးပြီး ၁၂ ဦး ဒဏ်ရာရရှိသွားသလို တော်လှန်ရေးရဲဘော် ၃ ဦးလည်း မစိုးရိမ်ရဒဏ်ရာ ရခဲ့တယ်လို့ သိရပါတယ်။
သေဆုံးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို ကမာဒီပူလီရွာအနီးက တောင်ယာတွေမှာ မြှုပ်နှံခဲ့ပြီး ဒဏ်ရာရသူတွေကို ထမ်းပိုး ခေါ်ဆောင်ဖို့ ဒေသခံရွာသားတွေကို အဓမ္မခေါ်ဆောင်သွားတယ်လို့လည်း နေပြည်တော်စစ်တိုင်းဌာန တပ်ရင်း ၈ဝ၄ က ထုတ်ပြန်ထားပါတယ်။
========================
📌📌 ၂။ တိုက်လေယာဉ်ပျက်ကျစဉ် လေထီးဖြင့် လွတ်မြောက်ခဲ့သည့် ဗိုလ်မှူးကို ဖမ်းမိအသက် ၄၃ နှစ်အရွယ် ဗိုလ်မှူးခိုင်သန့်မိုးကို ရှာဖွေတွေ့ရှိ
ကရင်နီတော်လှန်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲအပြင်းအထန်ဖြစ်နေသည့် ကယားပြည်နယ်တွင် လွန်ခဲ့သည့် သီတင်းပတ်အတွင်းက တိုက်လေယာဉ်ပျက်ကျစဉ် လေထီးဖြင့် ခုန်ထွက်လွတ်မြောက်ခဲ့သည့် စစ်ကောင်စီ၏ လေတပ်အရာရှိနှစ်ဦးအနက် ဗိုလ်မှူးအဆင့်ရှိသူကို ဖမ်းမိပြီဖြစ်ကြောင်း နီးစပ်သူများထံမှ သိရတယ်လို့ Myanmar Now သတင်းဌာနမှဖေါ်ပြထားပါတယ်။
တော်လှန်ရေးအဖွဲ့များက ယမန်နေ့ (နိုဝင်ဘာ ၁၉) ကရင်နီဒေသတစ်နေရာတွင် ဖမ်းဆီးရမိသည့် လေတပ်အရာရှိမှာ အသက် ၄၃ နှစ်အရွယ် ကိုယ်ပိုင်အမှတ် (လေ) ၂၈၅၃ ဗိုလ်မှူးခိုင်သန့်မိုးဖြစ်ပြီး စစ်တက္ကသိုလ်အပတ်စဉ် ၄၄ တက်ရောက်ခဲ့သူဖြစ်သည်ဟု သိရသည်။
စစ်ကောင်စီလေတပ်မှ K-8 အမျိုးအစား တိုက်လေယာဉ်ပျက်ကျစဉ် လေထီးဖြင့် လွတ်မြောက်ခဲ့သူ ဗိုလ်မှူးခိုင်သန့်မိုးကို ဖမ်းမိထားကြောင်း၊ ကျန်တွဲဖက်လေယာဉ်မှူးဖြစ်သည့် ဗိုလ်အဆင့်ရှိသူ ဇာနည်မောင်ကို ဆက်လက်ရှာဖွေနကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက အတည်ပြုသည်။
တိုက်ပွဲဖြစ်နေစဉ် စစ်ကောင်စီ၏ တိုက်လေယာဉ်တစ်စီးကို ပစ်ချနိုင်ခဲ့သည်ဟု ကရင်နီအမျိုးသားများကာကွယ်ရေးတပ်မတော် (KNDF) တာဝန်ရှိသူက ယခုလ ၁၁ ရက်နေ့က ထုတ်ဖော်ပြောဆိုခဲ့ပြီး လေယာဉ်မှူးနှစ်ဦး လေးထီးဖြင့် ခုန်ထွက်လွတ်မြောက်ခဲ့ကာ၊ စစ်လေယာဉ်သုံးပစ္စည်းများ သိမ်းဆည်းရရှိထားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ကာကွယ်ရေးဝန်ကြီးဌာနက နောက်တစ်ရက်တွင် ထုတ်ပြန်ခဲ့သည်။
တိုက်လေယာဉ်မောင်း အရာရှိ ဗိုလ်မှူးခိုင်သန့်မိုးကို ကရင်နီတပ်မတော် (KA)၊ နေပြည်တော် PDF နှင့် KNDF တို့မှ တပ်ဖွဲ့ဝင်များ ပူးပေါင်းဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကာ လက်ရှိတွင် ကရင်နီတော်လှန်ရေးအဖွဲ့များထံ အပ်နှံထားသည်ဟု သိရသည်။
“သူက လမ်းလျှောက်ပြီးတော့မှ တောထဲတောင်ထဲတွေ ပတ်သွားနေတာမှာ ကျွန်တော်တို့တပ်ဖွဲ့ စုပေါင်းပြီးတော့ နယ်မြေရှင်းလင်းရေးလုပ်တဲ့အခါမှာ သူ့ကို တွေ့တာ” ဟု စစ်မြပြင်သတင်းရင်းမြစ်တစ်ခုက ပြောသည်။
========================
📌📌 ၃။ ကိုးကန့်ဒေသ ပန်ဆိုင်းမြို့ နယ်စပ်ဂိတ်တွင် MNDAA အလံလွှင့်ထူ
ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ဒေသ ပန်ဆိုင်းမြို့မှာရှိတဲ့ မြန်မာ-တရုတ်နယ်စပ်ဂိတ်မှာ ကိုးကန့်တပ်မတော် MNDAA အလံ လွှင့်ထူထားတယ်လို့ MNDAA က ရုပ်သံနဲ့တကွ ထုတ်ပြန်ထားပါတယ်။
ပန်ဆိုင်းမြို့ကို ၁၀၂၇ စစ်ဆင်ရေးစတင်ချိန် အစောပိုင်းကတည်းက MNDAA နဲ့ မဟာမိတ်တပ်တွေ တိုက်ခိုက် သိမ်းပိုက်ထားတာဖြစ်ပေမယ့် MNDAA တပ်တွေ ဆုတ်ခွာသွားချိန်မှာ စစ်ကောင်စီဘက်က ပြန်လည်နေရာယူခဲ့ တာကြောင့် နိုဝင်ဘာလ ၁၉ ရက်နေ့မှာ ထပ်မံတိုက်ခိုက်သိမ်းယူခဲ့ရတာလို့ သိရပါတယ်။
မုံးကိုးခရိုင်မှာရှိတဲ့ ပန်ဆိုင်းနယ်စပ်ဂိတ်ဟာ တရုတ်နိုင်ငံ ဝမ်တင်ဂိတ်ပေါက်နဲ့ ဆက်သွယ်ထားတဲ့ ဂိတ် ဖြစ်တယ် လို့လည်း သိရပါတယ်။
ဒါ့ကြောင့် ကိုးကန့်တပ်မတော် MNDAA အနေနဲ့ ချင်းရွှေဟော်၊ မုံးကိုး၊ပန်ဆိုင်းစတဲ့ နယ်စပ်ဂိတ် ၃ ခုနဲ့ နယ်စပ် လမ်းကြောင်းတွေကို သိမ်းပိုက်ထားနိုင်ပြီဖြစ်တယ်လို့လည်း အသိပေးထားပါတယ်။
လက်ရှိမှာ ပန်ဆိုင်း၊မုံးကိုး၊ဖောင်းဆိုင်၊ချင်းရွှေဟော်၊သိန္နီနဲ့ကွမ်းလုံမြို့တွေကို ညီနောင်မဟာမိတ်တပ်တွေက တိုက်ခိုက်သိမ်းပိုက်ထားပြီး ဖြစ်ပါတယ်။
MNDAA အနေနဲ့ ချင်းရွှေဟော်နယ်စပ်ဂိတ်မှာ အောက်တိုဘာ ၂၇ ရက်နေ့က MNDAA အလံလွှင့်တင်နိုင်ခဲ့သလို မုံးကိုး နယ်စပ်ဂိတ်မှာလည်း MNDAA အလံကို နိုဝင်ဘာလ ၇ ရက်နေ့မှာ လွှင့်ထူခဲ့ပြီးဖြစ်ပါတယ်။
========================
📌📌 ၄။ ထားဝယ်တွင် စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား ၁၀ ဦးခန့် ထိခိုက်သေဆုံးခဲ့
နိုဝင်ဘာ ၂၀။
တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် မောင်မယ်ရှောင်ကျေးရွာ ရှင်ဓာတ်ဝဲဘုရားအနီး ဝိုင်းဖွဲ့မူးယစ် သောက်စားနေတဲ့ စစ်ကောင်စီတပ်ကို အလစ်အငိုက် ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ Dawei Guerrilla Revolutionary Foce-DGRF (ထားဝယ်-ပကဖ) မှ သိရပါတယ်။
နိုဝင်ဘာ ၁၉ ရက်နေ့ နေ့လယ် ၂ နာရီခွဲ ခန့်က ဓာတ်ရှင်ဝဲဘုရားအနီး အထိုင်ချထားတဲ့ မူးယစ်သောက်စားနေသော အင်အား ၂၅ ဦးခန့်ရှိ စစ်ကောင်စီတပ်ကို DGRF တပ်ခွဲ(၂)မှ အလစ်အငိုက် ဝင်ရောက်ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။
ပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်သား ခြောက်ဦး နေရာတွင် ပွဲချင်းပြီးသေဆုံးကာ ဒဏ်ရာရသူ အများအပြားရှိခဲ့ပြီး ယင်းဒဏ်ရာရသူများအနက် လေးဦး ထပ်မံသေဆုံး ခဲ့တယ်လို့ သိရကြောင်း DGRF မှ တာဝန်ရှိသူတစ်ဦးက ပြောပြပါတယ်။
အလားတူ နိုဝင်ဘာလ ၁၈ ရက်နေ့ ညနေ ၆ နာရီ ၂၀ မိနစ် ခန့်တွင် မောင်မယ်ရှောင်ကျေးရွာ ဘုရားမဲ စစ်ဆေးရေးဂိတ်အနီး၊ ဖောင်တော်ဦးဘုရားအနီးသို့ အင်အား ၄၀ ခန့်ဖြင့် ရောက်ရှိနေသော စစ်ကောင်စီတပ်ကို DGRF တပ်ခွဲ (၂) မှ အသင့်စောင့်စိုင်းကာ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် နာရီဝက်ကြာ ပစ်ခတ်တိုက်ခိုက် ခဲ့သေးတယ်လို့ သိရပါတယ်။
အဆိုပါ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်များ ဖောင်တော်ဦးဘုရားအနီးမှ ဘုရားမဲဂိတ် ဘက်သို့ ပြန်ဆုတ်သွားကာ စစ်ကူအလာကို စောင့်စိုင်းနေကြတယ်လို့ DGRFက ဆိုပါတယ်။
၎င်းတိုက်ပွဲ ဖြစ်ပွားချိန်မှာ ညနေ အမှောင်သန်းလာပြီ ဖြစ်တာကြောင့် စစ်ကောင်စီ တပ်မှ ထိခိုက်သေဆုံးမှု အခြေအနေကို အတိအကျ မသိရသေးဘဲ စုံစမ်းအတည်ပြု နေဆဲဖြစ်တယ်လို့ DGRF က အသိပေးထားပါတယ်။
အထက်ပါ တိူက်ခိုက်မှုများမှာ DGRF (ထားဝယ်-ပကဖ) မှ တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။
========================
📌📌 ၅။ တရုတ်နိုင်ငံဘက်ထွက်ပြေးတဲ့ စစ်ကောင်စီ ဒုဗိုလ်မှူးကြီးကို ပန်ဆိုင်းဂိတ်တွင် MNDAA ဖမ်းမိ
နိုဝင်ဘာ ၂၀။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ဒေသ၊ ပန်ဆိုင်း နယ်စပ်ဂိတ်တွင် တရုတ်နိုင်ငံဘက်ကို ထွက်ပြေးရန် ကြိုးစားနေတဲ့ စစ်ကောင်စီတပ်မှ ဒုဗိုလ်မှူးကြီးတစ်ဦးကို ကိုးကန့်တပ်မတော် (MNDAA) က ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
ပန်ဆိုင်းကို မဟာမိတ်တပ်များက တိုက်ခိုက်သိမ်းပိုက်ထားပြီးနောက် ပြန်လည်ထွက်ခွာစဉ် စစ်ကောင်စီတပ်က နေရာဝင်ယူခဲ့တာကြောင့် နိုဝင်ဘာ ၁၉ ရက်နေ့က ပြန်လည်သိမ်းပိုက် တိုက်ခိုက် ရှင်းလင်းခဲ့တယ်လို့ MNDAA မှသတင်းထုတ်ပြန်ထားပါတယ်။
MNDAA ရဲ့ သတင်းထုတ်ပြန်ချက်မှာ ဒုဗိုလ်မှူးကြီးတစ်ဦးကို ဖမ်းဆီးရမိတဲ့ အချက် ထည့်သွင်း ဖော်ပြထားခြင်း မရှိပေမယ့် ဖမ်းမိတဲ့ သတင်း ဓါတ်ပုံမှတ်တမ်း လူမှုကွန်ယက်မှာ ဖော်ပြနေကြ ပါတယ်။
၎င်းဂိတ်ပေါက်ဟာ တရုတ်နိုင်ငံ ဝမ်တိန် ဂိတ်ပေါက်နှင့် ဆက်သွယ်ထားတာ ဖြစ်ပြီး MNDAA တပ်က အဆိုပါ ဂိတ်အပါအဝင် ချင်းရွှေဟော်၊ မုံးကိုး နယ်စပ်ဂိတ်များကိုလည်း ထိန်းချုပ်ထားနိုင်ပြီလို့ သိရပါတယ်။
MNDAA က ၁၀၂၇ စစ်ဆင်ရေး သုံးပတ်ကျော်အတွင်း စစ်ကောင်စီ တပ်စခန်း ၁၅၄ ခု သိမ်းပိုက်ရရှိထားပြီး ဖြစ်ကြောင်း နိုဝင်ဘာ ၁၉ ရက်နေ့က ထုတ်ပြန်ထားပါတယ်။
========================
📌📌 ၆။ (၇၂) နာရီအတွင်းမှာပဲ နွေဦးဘဏ် အစုရှယ်ယာ တိုကင် ဝယ်ယူမှု အမှာစာ အမေရိကန်ဒေါ်လာ (၅) သန်းအထိ ရရှိခဲ့တဲ့အပြင် အကောင့် အသစ်ဖွင့်သူ (၂၀,၀၀၀) ခန့်ကို ကြိုဆိုလက်ခံခဲ့
နိူဝင်ဘာ၂၀ရက်
(၇၂) နာရီအတွင်းမှာပဲ နွေဦးဘဏ် အစုရှယ်ယာ တိုကင် ဝယ်ယူမှု အမှာစာ အမေရိကန်ဒေါ်လာ (၅) သန်းအထိ ရရှိခဲ့တဲ့ အပြင် နိုင်ငံပေါင်း (၃၃) နိုင်ငံက အကောင့် အသစ်ဖွင့်သူ (၂၀,၀၀၀) ခန့်ကို ကြိုဆိုလက်ခံခဲ့တယ်လို့ နိူဝင်ဘာ၂၀ရက်မှာ နွေဦးဖွံဖြိုးရေးဘဏ်မှ အမှုဆောင်အရာရှိချုပ် ဦးကယ်လ်ဗင်ကအသိပေးဆိုပါတယ်။
"လွန်ခဲ့တဲ့ (၇၂) နာရီအတွင်းမှာပဲ နွေဦးဘဏ် အစုရှယ်ယာ တိုကင် ဝယ်ယူမှု အမှာစာ အမေရိကန်ဒေါ်လာ (၅) သန်းအထိ ရရှိခဲ့တဲ့ အပြင် နိုင်ငံပေါင်း (၃၃) နိုင်ငံက အကောင့် အသစ်ဖွင့်သူ (၂၀,၀၀၀) ခန့်ကို ကြိုဆိုလက်ခံခဲ့တဲ့ အထူးခြားဆုံး သမိုင်းမှတ်တိုင်တွေကို ကျွန်တော်တို့ စိုက်ထူခဲ့ကြပါတယ်။ ယခုလို အောင်မြင်မှုတွေဟာ နွေဦးဘဏ်မှာသက်ဆိုင်ပါဝင်သူတွေရဲ့ ယုံကြည်မှု နှင့် ကတိကဝတ်ပြုမှု ကို ထင်ဟပ်စေပါတယ်။ဒီအောင်မြင်မှုမှာ ပါဝင်ခဲ့သူတိုင်း အားလုံးကို ကျွန်တော်တို့ လှိုက်လှဲစွာကျေးဇူးတင်ရှိပါတယ်"လို့ဆိုပါတယ်။
နွေဦးဘဏ် ဝိုင်းတော်သားများဟာ နိုင်ငံပေါင်း (၂၃) နိုင်ငံမှာ ဘဏ်ဝန်ဆောင်မှုပေးနေကာပြည်သူ့ဓန ဆက်ဆံရေး အရာရှိ RMs ပေါင်း (၁၈၀) ဟာ ကိုယ်ရေးကိုယ်တာနဲ့ သက်ဆိုင်ရာ အလုပ်တာဝန်တွေကြား ဟန်ချက်ညီစွာ အကောင်းဆုံးဖြစ်အောင် ဂန္တဝင်မြောက်တဲ့ ပေးဆပ်အနစ်နာခံခဲ့တယ်လို့ဆိုပါတယ်။
========================
📌📌 ၇။ တပ်မတော်သားများလက်နက်ချပြီး ပြည်သူ့ဘက်သို့ကူးပြောင်းကြရန် မုံရွာသပိတ်အင်အားစုနှင့်ကျောင်းသားများသမဂ္ဂတို့ တိုက်တွန်း
စစ်ကိုင်းတိုင်း မုံရွာမြို့ပေါ်မှာ တပ်မတော်သားများ လက်နက်ချပြီး ပြည်သူ့ဘက်သို့ အမြန်ကူးပြောင်းကြဖို့ တိုက်တွန်းတဲ့ လှုပ်ရှားမှုတရပ်ကို မုံရွာသပိတ်အင်အားစုနှင့် ကျောင်းသားများသမဂ္ဂတို့ပူးပေါင်းပြီး နိုဝင်ဘာလ ၁၉ ရက်နေ့မှာ ပြုလုပ်ခဲ့ကြ ပါတယ်။
တပ်မတော်သားတွေအနေနဲ့ ကိုယ့်အကျိုးစီးပွား တကိုယ်ကောင်းသမားအာဏာရူး လူတစုအတွက် မိမိတို့အသက်တွေ ပေးနေရတာ လုံးဝမတန်ပါဘူးလို့ လှုပ်ရှားမှုမှာပါဝင်ခဲ့သူတဦးက ဆိုပါတယ်။
အာဏာရှင်တစုဟာ ၎င်းတို့မိသားစုကောင်းစားရေးနဲ့အာဏာရဖို့အတွက် အောက်ခြေကစစ်သားတွေကို ချနင်းနေတယ် ဆိုတာ တပ်မတော်သားတွေ အသိဆုံးဖြစ်ပါလိမ့်မယ်။ ဒါကြောင့် တပ်မတော်သားတွေအနေ နဲ့ အချိန်မနှောင်းခင်မှာ ပြည်သူ့ဘက်ကို အမြန်ဆုံး ကူးပြောင်းလာကြဖို့ မုံရွာသပိတ်အင်အားစုနဲ့ ကျောင်းသားများသမဂ္ဂတို့က တိုက်တွန်းလိုက် တာဖြစ်ပါတယ်။
လက်နက်ချတာဟာ အညံ့ခံတာမဟုတ်ပါဘူး ပြည်သူ့လူထုတရပ်လုံးအတွက် သူရဲကောင်းအဖြစ် သတ်မှတ်ထားပါတယ်။ ပြည်သူ့လူထုအနေနဲ့လည်း တပ်မတော်သားတွေကို နွေးနွေးထွေးထွေးကြိုဆိုပါတယ်။ အမြန်ဆုံးကူးပြောင်းခဲ့ပါလို့ ဖိတ်ခေါ်ပါတယ်လို့ မုံရွာသပိတ်အင်အားစုက ဆိုပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက်ကိုခန့်နှင့်မင်းစစ်သွေးတို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment