၂၀၂၃ နိုဝင်ဘာလ ၂၁ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ ကမ္ဘာကလေးများနေ့ အထိန်းအမှတ် ပန်းချီပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနားကို ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး တက်ရောက်ဂုဏ်ပြု
📌 ၂။ ပြည်သူကို ဗုံးကြဲသတ်ဖြတ်နေသည့် စစ်ကောင်စီ၏ လေယာဥ်မှူးကို ဖမ်းမိဟု NUG ကာကွယ်ရေး ဝန်ကြီးဌာန ထုတ်ပြန်
📌 ၃။ လွိုင်ကော်တက္ကသိုလ်ပါမောက္ခချုပ်အပါအဝင် non-CDM ဆရာ ဆရာမများနှင့်မိသားစုဝင်များ လုံခြုံဘေးကင်းစွာရှိနေဟု KNDF ကြေညာ
📌 ၄။ နမ့်ခမ်းနှင့် နမ့်ဆန့်မြို့သစ်ရှိကျေးရွာများကို စစ်တပ်က လေယာဉ်ဖြင့်ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ်အပါအဝင် ၂ဦး သေဆုံးကာ ၉ ဦး ဒဏ်ရာရ
📌 ၅။ လွိုင်ကော်တွင် စစ်ကောင်စီတပ်က လေထီးနဲ့ ချပေးတဲ့ လက်နက်သေတ္တာ အချို့ကို PDF အဖွဲ့တွေ ရရှိခဲ့
📌 ၆။ နောင်ချိုမြို့နယ်ရှိ အကျဉ်းဦးစီးဌာန ၄ ခုကိုတိုက်ခိုက်သိမ်းပိုက်၊ လက်နက်ခဲယမ်း အမြောက်အများ သိမ်းဆည်းရရှိ
📌 ၇။ ထားဝယ်တွင် ၂ ရက်ဆက် တိုက်ပွဲဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီဘက်က ၁ဝ ဦး သေဆုံး
📌 ၈။ ကျဆုံးရဲဘော် ၂ ဦးရဲ့ မိသားစုတွေကို YRPA က ဂုဏ်ပြုငွေ ထောက်ပံ့
📌 ၉။ ကျောက်တော်မြို့မှာ ရဲတပ်ဖွဲ့ဝင် ၆ ဦး လက်နက် ခဲယမ်း အပြည့်အစုံနဲ့ AA ထံ အလင်းဝင်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ ကမ္ဘာကလေးများနေ့ အထိန်းအမှတ် ပန်းချီပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနားကို ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး တက်ရောက်ဂုဏ်ပြု
နိုဝင်ဘာလ ၂၀ရက်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဂျာထွယ်ပန်က ကမ္ဘာကလေးများနေ့ အထိန်းအမှတ် ပန်းချီပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနားကို တက်ရောက်ပြီး ဂုဏ်ပြုအားပေးစကား ပြောကြားခဲ့တယ်လို့ သိရပါတယ်။
နိုဝင်ဘာလ (၂၀) ရက်နေ့မှာ ကျရောက်တဲ့ "ကမ္ဘာ့ကလေးများနေ့” အထိမ်းအမှတ်အဖြစ် NUG ပညာရေးဝန်ကြီးဌာန၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနတို့ ပူးပေါင်းပြီး “ငါတို့ဘဝ ငါတို့အိမ်မက်” ခေါင်းစဉ်နဲ့ ကလေးသူငယ် ပန်းချီပြိုင်ပွဲတစ်ရပ် ပြုလုပ်ကျင်းပခဲ့တာ ဖြစ်ပါတယ်။
အဆိုပါ ပန်းချီပြိုင်ပွဲတွင် ကြားကာလ အခြေခံအပညာ ပြည်သူ့ပညာရေး Online ကျောင်း ၃၈ ကျောင်းနဲ့ မြေပြင်ကျောင်း ၂၇ ကျောင်းတို့မှ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ဆုချီးမြှင့်ပွဲ အခမ်းအနားကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်နေ့၊ မနက် ၁၀ နာရီအချိန်မှာ Online မှတဆင့် ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
အဆိုပါအခမ်းအနားကို ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဂျာထွယ်ပန်မှ တက်ရောက်ပြီး ဂုဏ်ပြုအားပေးစကား ပြောကြားခဲ့တယ်လို့ ပညာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန် ထားပါတယ်။
========================
📌📌 ၂။ ပြည်သူကို ဗုံးကြဲသတ်ဖြတ်နေသည့် စစ်ကောင်စီ၏ လေယာဥ်မှူးကို ဖမ်းမိဟု NUG ကာကွယ်ရေး ဝန်ကြီးဌာန ထုတ်ပြန်
နိုဝင်ဘာလ၂၀ရက်။
ပြည်သူလူထုကို ဗုံးကြဲတိုက်ခိုက် သတ်ဖြတ်နေတဲ့ စစ်ရာဇဝတ်သား စစ်လေယာဉ်မှူးတစ်ဦးဖြစ်တဲ့ ဗိုလ်မှူးတစ်ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ NUG ကာကွယ်ရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန် ထားပါတယ်။
၎င်းလေတပ် ဗိုလ်မှူးမှာ ကရင်နီဒေသ ‘၁၁,၁၁ စစ်ဆင်ရေး” စတင်တဲ့ နိုဝင်ဘာလ ၁၁ ရက်က တော်လှန်ရေး အင်အားစုများက ပစ်ချခဲ့လို့ ပျက်ကျခဲ့တဲ့ စစ်လေယာဉ်မှ လေထီးခုန် လွတ်မြောက်ခဲ့တဲ့ လေယာဉ်မှူး နှစ်ဦးထဲက တစ်ဦးဖြစ်ပါတယ်။
အဆိုပါ ပျက်ကျခဲ့တဲ့ K-8 စစ်လေယာဉ်မှ လေယာဉ်မှူး ဗိုလ်မှူး ခိုင်သန့်မိုးဆိုသူကို နိုဝင်ဘာလ ၁၉ ရက် နေ့လည် ၂ နာရီမှာ ဖမ်းဆီးရမိခဲ့တာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ဗိုလ်မှူး ခိုင်သန့်မိုးက စစ်တက္ကသိုလ် အပတ်စဉ် ၄၄ မှဖြစ်ပြီး ပစ်ချခံလိုက်ရတဲ့ စစ်လေယာဉ်မှ လေထီးခုန်ထွက် လွတ်မြောက်ခဲ့ပြီး ထွက်ပြေးပုန်းအောင်းနေခဲ့ရာမှ ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF)၊ နေပြည်တော်တိုင်း စစ်ဌာန လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့များ၊ KNDF နှင့် KA တပ်ဖွဲ့ဝင်များက ဝိုင်းဝန်းရှာဖွေ ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
စစ်ကောင်စီက မြေပြင်တိုက်ပွဲများမှာ အထိနာလာပြီးနောက် လေကြောင်းကိုသာ အားကိုးပြီး ဗုံးကျဲတိုက်ခိုက် အကြမ်းဖက်ခဲ့ရာ နိုင်ငံတစ်ဝန်း ပြည်သူ ရာနှင့်ချီ သေဆုံးဒဏ်ရာရခဲ့ပါတယ်။
========================
📌📌 ၃။ လွိုင်ကော်တက္ကသိုလ်ပါမောက္ခချုပ်အပါအဝင် non-CDM ဆရာ ဆရာမများနှင့်မိသားစုဝင်များ လုံခြုံဘေးကင်းစွာရှိနေဟု KNDF ကြေညာ
နိုဝင်ဘာလ ၂၀ ရက်။
လွိုင်ကော်တက္ကသိုလ်ပါမောက္ခချုပ်အပါအဝင် non-CDM ဆရာ ဆရာမများနှင့်ဝန်ထမ်းများအပါအဝင် မိသားစုဝင်များအားလုံး လုံခြုံဘေးကင်းစွာရှိနေတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDFက ရုပ်သံနဲ့တကွ အသိပေး ထုတ်ပြန်လိုက်ပါတယ်။
ကယားပြည်နယ် လွိုင်ကော်မြို့သို့ ဝင်ရောက်လာတဲ့ KNDF စစ်ကြောင်း၏ ၁၁၁၁ စစ်ဆင်ရေးမှာ စစ်ကောင်စီတပ်က လွိုင်ကော်တက္ကသိုလ်ကနေ ဆီးကြိုတိုက်ခိုက်ခဲ့တဲ့အတွက် အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ပြီး တက္ကသိုလ်ဝန်ထမ်းများနဲ့ ၎င်းတို့မိသားစုဝင်များ ကျောင်းဝင်းအတွင်း ပိတ်မိနေခဲ့ပေမယ့် KNDF က ကယ်ထုတ်နိုင်ခဲ့တယ်လို့ နိုဝင်ဘာ ၂ဝ ရက်နေ့ ညပိုင်းမှာ ထုတ်ပြန်ခဲ့ပါတယ်။
စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတာ လက်နက်ကြီးနဲ့ အဆက်မပြတ်ပစ်ခတ်လာတာကြောင့် လွိုင်ကော်တက္ကသိုလ်က ဝန်ထမ်းတွေနဲ့ မိသားစုတွေနဲ့ စက်မှုကျောင်းက ဝန်ထမ်းတွေအပါအဝင် ၂၀၄ ဦးကို လက်နက်ကြီးကျရောက်မှု အနည်းငယ် လျော့နည်းလာချိန်မှာ KNDF က ဘေးကင်းရာသို့ အရေးပေါ် ကူညီရွေ့ပြောင်းခဲ့တာလို့ အသိပေးထားပါတယ်။
လွိုင်ကော်တက္ကသိုလ်က non-CDM ဝန်ထမ်းတွေနဲ့ ၎င်းတို့ရဲ့မိသားစုဝင်များကို လူသားချင်းစာနာထောက်ထားရေး၊ လူ့အခွင့်အရေးများနှင့်အညီ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ -IEC က ဘေးကင်းလုံခြုံစွာ စောင့်ရှောက်ထားပြီး ၎င်းတို့မိသားစုများတွေနဲ့ အမြန်ဆုံး ပြန်လည်ဆုံတွေ့နိုင်စေရေးလုပ်ငန်းတွေကိုလည်း IEC က ဆက်လက် လုပ်ဆောင်ပေးနေတယ်လို့ KNDF ဗဟို သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားပါတယ်။
========================
📌📌 ၄။ နမ့်ခမ်းနှင့် နမ့်ဆန့်မြို့သစ်ရှိကျေးရွာများကို စစ်တပ်က လေယာဉ်ဖြင့်ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ်အပါအဝင် ၂ဦး သေဆုံးကာ ၉ ဦး ဒဏ်ရာရ
နိုဝင်ဘာလ ၂၀ ရက်။
ရှမ်းမြောက်ဒေသရှိ နမ့်ခမ်းနှင့် နမ့်ဆန့်မြို့သစ်ရှိကျေးရွာတွေကို အကြမ်းဖက်စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲခဲ့တာကြောင့် ကလေးငယ်အပါအဝင် အရပ်သား ၂ဦးသေဆုံးပြီး ၇ ဦး ဒဏ်ရာရရှိကာ နေအိမ် အလုံး ၅ဝ နီးပါးပျက်စီးခဲ့တယ်လို့ TNLA က ထုတ်ပြန်လိုက်ပါတယ်။
နိုဝင်ဘာလ ၁၉ ရက်နေ့ ညနေ ၅ နာရီခန့်အချိန်က တအာင်းပြည်နယ် တပ်မဟာ ၁ စစ်ဒေသ နမ့်ခမ်းမြို့နယ်ရှိ မန်ခိုင်ကျေးရွာကို လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အသက် ၆၆ နှစ်အရွယ် ယာခမ်းလိုင်ပန်းနဲ့ မိုင်းညမ်းဘတို့ လက်မောင်းမှာ ဒဏ်ရာရရှိခဲ့ပြီး အိမ် ၁၂ လုံး ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
အလားတူ တအာင်းပြည်နယ် တပ်မဟာ ၂ စစ်ဒေသ နမ့်ဆန်မြို့နယ် မြို့သစ်ကျေးရွာကိုလည်း နိုဝင်ဘာလ ၁၉ ရက်နေ့ ည ၁ဝ နာရီဝန်းကျင်အချိန်မှာ တိုက်ပွဲဖြစ်တာမရှိဘဲ ပေါင် ၅ဝဝ ဗုံးနဲ့ ကြဲချခဲ့တယ်လို့ အသိပေးထားပါတယ်။
ထိုသို့ စစ်တပ်က ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ်တဦးအပါအဝင် ၂ဦး သေဆုံးကာ ရွာသား ၇ ဦး ဒဏ်ရာရရှိခဲ့ပြီး လူနေအိမ် ၂ လုံး မီးလောင်ပျက်စီးကာ ၂၃ လုံး ဗုံးစထိမှန်ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
တအာင်းပြည်နယ်မှာ တိုက်ပွဲဖြစ်နေတဲ့ကာလအတွင်း စစ်ကောင်စီက အရပ်သားပြည်သူတွေနေထိုင်ရာနေရာတွေကို ပစ်မှတ်ထားပြီး လက်နက်ကြီးနဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သား ၄ဝ သေဆုံးပြီး ၅၈ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားပါတယ်။
========================
📌📌 ၅။ လွိုင်ကော်တွင် စစ်ကောင်စီတပ်က လေထီးနဲ့ ချပေးတဲ့ လက်နက်သေတ္တာ အချို့ကို PDF အဖွဲ့တွေ ရရှိခဲ့
နိုဝင်ဘာလ ၂၀ရက်။
ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့မှာ စစ်ကောင်စီတပ်က လေထီးနဲ့ ချပေးတဲ့ လက်နက်သေတ္တာ တွေထဲက တစ်ချို့ကို ကာကွယ်ရေးတပ်တွေ ရရှိခဲ့တယ်လို့ DMO Local PDF အဖွဲ့က ဆိုပါတယ်။
နိုဝင်ဘာလ ၁၉ ရက်နေ့ နေ့လည်တွင် စစ်ကောင်စီတပ်က လွိုင်ကော်အကျဥ်းထောင်ထဲကို ဝေဟင်ကနေ လေထီးနဲ့ လက်နက် သေတ္တာ ၁၅ လုံးကျော်ကို ချပေးခဲ့တာ ဖြစ်ပြီး အဆိုပါ သေတ္တာများထဲကနေ ၄၀ မမ ပြောင်းသီးတွေပါတဲ့ သေတ္တာ ၃ လုံးကို ရရှိခဲ့တာ ဖြစ်ပါတယ်။
"သူတို့က နေ့ညမပြတ် ဆက်တိုက်ပစ်နေတော့ ခဲယမ်းတွေ လျော့နည်းနေတဲ့ အနေအထားမျိုး ထင်တယ်။ အဲ့တော့ ဝေဟင်ကနေ ချတော့ ထောင်ထဲကွက်တိ မကျဘူးလေ။ အဲ့တော့ ကျွန်တော်တို့ ရခဲ့တာပေါ့။" လို့ DMO Local PDF အဖွဲ့ ပြန်ကြားရေးတာဝန်ခံ ကိုခွန်းဖရန့်စစ်က ပြောပါတယ်။
စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေး တပ်တွေကြား နိုဝင်ဘာ ၁၁ ရက်က စပြီး လွိုင်ကော် မြို့မှာ တိုက်ပွဲများ ပြင်းထန်နေပြီး စစ်ကောင်စီတပ်မှ လက်နက်ကြီးတွေ အပြင် လေကြောင်းကနေ ဗုံးကျဲတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူတွေ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရကာ အရပ်သားပြည်သူ ၆၀ ကျော်ထက်မနည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။
နှစ်ဖက်ထိတွေ့ တိုက်ပွဲတွေကြောင့် စစ်ကောင်စီဘက်က အယောက် ၁၅၀ ကျော် သေဆုံးခဲ့ပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိကာ စစ်သုံ့ပန်းတွေ ဖမ်းဆီးရမိထားတာတွေလည်း ရှိပါတယ်။
========================
📌📌 ၆။ နောင်ချိုမြို့နယ်ရှိ အကျဉ်းဦးစီးဌာန ၄ ခုကိုတိုက်ခိုက်သိမ်းပိုက်၊ လက်နက်ခဲယမ်း အမြောက်အများ သိမ်းဆည်းရရှိ
နိုဝင်ဘာလ ၂၀ ရက်။
နောင်ချိုမြို့နယ်မှာရှိတဲ့ အကျဉ်းဦးစီးဌာန ၄ ခုကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့ တိုက်ခိုက်သိမ်းပိုက်ခဲ့ရာမှာ လက်နက် ခဲယမ်းအမြောက်အများ သိမ်းဆည်းရရှိခဲ့တယ်လို့ TNLA က နိုဝင်ဘာ ၂ဝ ရက်နေ့မှာ ထုတ်ပြန်လာပါတယ်။
တပ်မဟာ ၂ စစ်ဒေသ နောင်ချိုမြို့နယ်မှာရှိတဲ့ လွင်ကြီးအကျဉ်းဦးစီးစခန်း၊ ကျုအင်အကျဉ်းဦးစီးစခန်း၊ ခိုဟို အကျဉ်းဦးစီးစခန်းနဲ့ ကုန်စံအကျဉ်းဦးစီးစခန်းတွေကို တအာင်းတပ်မတော် PSLF/TNLA နဲ့ မန္တလေး PDF ပူးပေါင်းအဖွဲ့ တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တာလို့ သိရပါတယ်။
အကျဉ်းဦးစီးစခန်း ၄ ခုကို တိုက်ခိုက်သိမ်းခဲ့ရာမှာ တိုက်ပွဲအတွင်း MA-11 ၅ဝ လက်၊ MA-12 ၉ လက်၊ MA-5 ၁၃ လက်၊ Shot Gun ၃၂ လက်၊ 5ပွိုင့်56 ကျည် ၈၂၄၅၈ တောင့်၊ 9 MM ကျည် ၅၁၁ တောင့်၊ 12 Bolt ကျည် ၁၅၉၂ တောင့်အပါအဝင် ဆက်စပ်စစ်သုံးပစ္စည်းများ သိမ်းပိုက်ရရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနကလည်း အသိပေးထုတ်ပြန်ထားပါတယ်။
========================
📌📌 ၇။ ထားဝယ်တွင် ၂ ရက်ဆက် တိုက်ပွဲဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီဘက်က ၁ဝ ဦး သေဆုံး
နိုဝင်ဘာလ ၂၀ ရက်။
တနင်္သာရီတိုင်း ထားဝယ်မြို့နယ်မှာ ၂ ရက်ဆက် တိုက်ပွဲဖြစ်ခဲ့တာမှာ အကြမ်းဖက်စစ်ကောင်စီဘက်က စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁ဝ ဦးသေဆုံးခဲ့တယ်လို့ Dawei Guerilla Revolutionary Force – DGRF က ထုတ်ပြန်လိုက်ပါတယ်။
နိုဝင်ဘာလ ၁၈ ရက်နေ့ ညနေ ၆ နာရီခွဲခန့်အချိန်က ထားဝယ်မြို့နယ် မောင်မယ်ရှောင်ကျေးရွာ ဘုရားမဲစစ်တပ်ဂိတ်ကနေ ဖောင်တော်ဦးဘုရားအနီးသို့ရောက်ရှိလာသော အင်အား ၄၀ ခန့်ရှိ အကြမ်းဖက်စစ်ကောင်စီအဖွဲ့ကို DGRF တပ်ခွဲ ၂ က ရဲဘော်များက လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
မိနစ် ၃၀ ခန့်ကြာ အပြန်အလှန်ပစ်ခတ်တိုက်ခဲ့တာမှာ အကြမ်းဖက်စစ်ကောင်စီဘက်က ဘုရားမဲဂိတ်ကို ပြန်လည်ဆုတ်ခွာ သွားပြီး စစ်ကူလာချိန်ကို စောင့်ဆိုင်းနေခဲ့တာနဲ့ ညအချိန်ဖြစ်နေတာကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဘက်က ထိခိုက် သေဆုံးမှုကို အတည်ပြုနိုင်ခြင်းမရှိဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
နိုဝင်ဘာလ ၁၉ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲခန့်အချိန်မှာလည်း ထားဝယ်မြို့နယ် မောင်မယ်ရှောင်ကျေးရွာ ရှင်ဓာတ်ဝဲဘုရားအနီး အရက်ဝိုင်းဖွဲ့သောက်နေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို အလစ်အငိုက်တိုက်ခိုက်ခဲ့တာမှာ ၆ ဦး အခင်းဖြစ်နေရာမှာ သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူတွေထဲက ၄ ဦး ထပ်မံသေဆုံးခဲ့တယ်လို့ သိရပါတယ်။
လက်ရှိမှာ တိုက်ပွဲဖြစ်နေရာတွေမှာ နှစ်ဖက်တပ်တွေ အသင့်ရှိနေကြတာကြောင့် တိုက်ပွဲတွေအချိန်မရွေးဖြစ်လာနိုင်တဲ့ အတွက် ဒေသခံပြည်သူတွေအနေနဲ့ စစ်ရေးသတိရှိကြဖို့နဲ့ သွားလာရာမှာလည်း သတိရှိကြဖို့ ထားဝယ်ပြောက်ကျား တော်လှန်ရေးတပ်ဖွဲ့ DGRF က အသိပေးထားပါတယ်။
========================
📌📌 ၈။ ကျဆုံးရဲဘော် ၂ ဦးရဲ့ မိသားစုတွေကို YRPA က ဂုဏ်ပြုငွေ ထောက်ပံ့
နိုဝင်ဘာလ ၂၀ရက်။
မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ အမှတ် (၁) စစ်ဒေသ နယ်မြေအတွင်း ကျဆုံးခဲ့ရတဲ့ ရဲဘော် ၂ ဦးရဲ့ မိသားစုဝင်တွေကို ထောက်ပံပေးခဲ့တယ်လို့ PDF အမှတ် ၁၂ တပ်ရင်း Gangaw Battalion - YRPA တပ်ဖွဲ့ဆီက သိရပါတယ်။
တိုက်ပွဲမှာ ကျဆုံးခဲ့တဲ့ ရဲဘော် ၂ ဦးစလုံးရဲ့ နာရေးမှာ ဆွမ်းသွပ်တရားနာတာနဲ့ ကျွေးမွေး ဧည့်ခံတာကို တပ်ရင်းက ပြုလုပ်ပေးခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာနဲ့ တစ်ဦးကို ထောက်ပံငွေ ၁၀ သိန်းစီ ပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။
ကျဆုံးခဲ့သူ ၂ ဦးထဲက ၁ ဦးဖြစ်တဲ့ ဂန့်ဂေါခရိုင် အမှတ် ၁၂ တပ်ရင်း ဒုတပ်စိတ်မှူး သူရဖြိုး ဟာ ၂၀၂၂ ခုနှစ် မတ် ၁၆ ရက်က မြောက်ခင်ရန်းရွာအနီး မိုင်းစစ်ဆင်ရေးပြုလုပ်ရာ မိုင်းမတော်တဆဖြစ်ပြီး ကျဆုံးခဲ့တာလို့ သိရပါတယ်။
အလားတူ ရဲဘော် ဇော်မင်းထူး ကတော့ ၂၀၂၃ ခုနှစ် ဇူလိုင် ၈ ရက်မှာ တော်လှန်တိုက်ခိုက်ရင်း ကျဆုံးခဲ့တာဖြစ်တယ်လို့ YRPA တပ်ခွဲမှူး ဗိုလ်ရဲကြီးက ဆိုပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၃ ရက်က မင်းရွာရဲစခန်းနဲ့ နိုဝင်ဘာ ၄ ရက်မှာ တောင်ခင်ရန်း ရဲစခန်းကို မဟာမိတ်တပ်ဖွဲ့တွေနဲ့ ပူးပေါင်းတိုက်ခိုက်ရာမှာ ဂန့်ဂေါခရိုင် အမှတ် ၁၂ တပ်ရင်း PDF - Gangaw Battalion -YRPA တပ်ဖွဲ့လည်း ပါဝင်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
========================
📌📌 ၉။ ကျောက်တော်မြို့မှာ ရဲတပ်ဖွဲ့ဝင် ၆ ဦး လက်နက် ခဲယမ်း အပြည့်အစုံနဲ့ AA ထံ အလင်းဝင်
နိုဝင်ဘာလ ၂၀ရက်။
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ ပစ္ဆပနဒီတံတားထိပ်မှာ တာဝန်ကျနေတဲ့ စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့ဝင် ၆ ဦး နိုဝင်ဘာ ၁၉ ရက်နေ့က လက်နက်ခဲယမ်း အပြည့်အစုံနဲ့ ရက္ခိုင့်တပ်တော် (AA) ထံမှာ အလင်းဝင်ရောက်ခဲ့တယ်လို့ DVB သတင်းဌာနက ဖော်ပြထားပါတယ်။
ရဲတပ်ဖွဲ့ဝင် ၆ ဦး လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်သွား ပြီးတဲ့နောက် ညနေ ၆ နာရီခွဲ လောက်မှာ တံတားထိပ်တွင် တပ်စွဲထားတဲ့ ရဲတွေအားလုံးကို စစ်ကောင်စီတပ်က သူတို့တပ်စွဲထားတဲ့ ကျောက်တော်တောင်ပေါ်ကို ခေါ်သွားကြတယ်လို့ နီးစပ်သူတွေက ဆိုပါတယ်။
အဲ့ဒီ တံတားထိပ်မှာ စစ်ကောင်စီဘက်က အင်အား ၃၀ လောက်နဲ့ အခိုင်အမာ တပ်စွဲထားပြီး စစ်ဆေးရေးဂိတ် ပြုလုပ်ထားတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၃ ရက်နေ့ကလည်း ကျောက်တော်မြို့မရဲစခန်းက ရဲတပ်ဖွဲ့ဝင် အယောက် ၂၀ နီးပါး လက်နက်ခဲယမ်း အပြည့်စုံနဲ့ ရက္ခိုင့်တပ်တော်ထံမှာ အလင်းဝင်ရောက် ခဲ့ပါသေးတယ်။
ရက္ခိုင်ဒေသအတွင်းရှိ စစ်ကောင်စီတပ်သားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ အနေနဲ့ အသက်မသေဘဲ မိသားစု၊ ဆွေမျိုး၊ မောင်နှမတွေနဲ့ ကောင်းမွန်စွာ တွေ့ခွင့်ရလိုပါက မိမိတို့ရဲ့ နီးစပ်ရာ စခန်းတွေကို အမြန်ဆုံး ဆက်သွယ်ပြီး လက်နက်ချ အညံခံဖို့ အေအေက အသိပေး ထုတ်ပြန်ထားပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက်ကိုခန့် နဲ့ မင်းစစ်သွေးတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment