20th DEC 2023 - Morning Daily News by Radio NUG


၂၀၂၃ ဒီဇင်ဘာလ ၂၀ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -

📌 ၁။ တိုင်းရင်းသားတော်လှန်ရေးအောင်ပွဲများသည် နွေဦးတော်လှန်ရေးအောင်ပွဲနှင့် ထပ်တူဖြစ်သည်ဟု ယာယီသမ္မတပြော

📌 ၂။ ခရစ်စ္စမတ်နှင့်နှစ်သစ်ကူးကာလသည် မြန်မာနိုင်ငံအတွက် ကောင်းခြင်းတွေသယ်ဆောင်လာပေးမယ့် နှစ် ဖြစ်တယ်လို့ပြည်ထောင်စုဝန်ကြီးချုပ်ပြော

📌 ၃။ စစ်ရေးအရ မယှဉ်နိုင်သည့် အကြမ်းဖက်စစ်တပ်က နိုင်ငံရေးညစ်လုံးများဖန်တီးကာ သတင်းတု သတင်းမှား များဖြန့်ဝေနေဟု ရခိုင့်တပ်တော် AA ပြော

📌 ၄။ စစ်တပ်က အပြင်းအထန်ခုခံနေတဲ့ နမ့်ခမ်းမြို့ရှိ စခန်းသစ်ကုန်းကို TNLA အပြီးသတ်သိမ်းပိုက်

📌 ၅။ ဖယ်ခုံမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးအင်အားစုများ တိုက်ခိုက်သိမ်းပိုက်

📌 ၆။ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကိုယ်စားပြုခွင့် ဆက်လက်ရရှိ

📌 ၇။ ကျောက်မဲမြို့နယ်အတွင်းသို့ အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့သဖြင့် အရပ်သားတဦး သေဆုံးကာ ဦး ဒဏ်ရာရ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ တိုင်းရင်းသားတော်လှန်ရေးအောင်ပွဲများသည် နွေဦးတော်လှန်ရေးအောင်ပွဲနှင့် ထပ်တူဖြစ်သည်ဟု ယာယီသမ္မတပြော


ဒီဇင်ဘာလ ၁၉ရက်။

တိုင်းရင်းသားတော်လှန်ရေးအောင်ပွဲတွေဟာ နွေဦးတော်လှန်ရေးအောင်ပွဲနဲ့ ထပ်တူဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလ က ပြောကြားလိုက်ပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရရဲ့  ၃၉ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းအဝေးကို ဒီဇင်ဘာလ ၁၉ ရက်နေ့ မနက်ပိုင်းက ပြုလုပ်ခဲ့ရာမှာ ယာယီသမ္မတက အခုလို ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။


လက်ရှိ ပြည်တွင်းရေးအခြေအနေဟာ ခုခံတော်လှန်စစ်အောင်ပွဲတွေနဲ့ လူမျိုးစုတော်လှန်ရေးအောင်ပွဲတွေကို တလှိုင်းပီးတလှိုင်း ဆင်နွှနေတဲ့အချိန်ဖြစ်ပါတယ်။ ဒါ့ကြောင့် စစ်ပွဲရဲ့ဘောင်ဟာ ကျယ်ပြန့်သထက် ကျယ်ပြန့်လာသလို နက်ရှိင်းသထက် နက်ရှိင်းလာတာကိုလည်းတွေ့ရပါတယ်။ ခုခံတော်လှန်စစ်ရဲ့ အဓိက ရည်မှန်းချက်ဟာ ကျွန်တော်တို့ ပြည်သူလူထုကို ကာကွယ်စောင့်ရှောက်ဖို့ဖြစ်တယ်ဆိုတာ မေ့ထားလို့မရဘူးလို့ ယာယီသမ္မတ ကပြောပါတယ်။ 


ဒါ့ကြောင့် ခုခံတော်လှန်စစ်အောင်ပွဲကိုလည်း တဆင့်ပြီးတဆင့် တက်လှမ်းနိုင်အောင်လုပ်ရမှာဖြစ်သလို စစ်ကိုဗဟိုပြုပြီး ပြည်သူလူထုကို လျစ်လျှူရှုတာမျိုး လုပ်လို့ မရဘူးလို့လည်း ၎င်းက ဆက်လက် ပြောဆိုခဲ့ပါတယ်။


ယင်းအချက်ကို အစိုးရအဖွဲ့ကသာမက မြေပြင်မှာတိုက်ရိုက်ထိတွေ့ဆက်ဆံနေရတဲ့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ များနှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များလည်း လိုက်နာလုပ်ဆောင်ရမှာဖြစ်တယ်လို့ ယာယီသမ္မတ က သတိပေးပြောကြားခဲ့ပါတယ်။


မြောက်ပိုင်းမဟာမိတ် ဖွဲ့၏ စစ်ရေးထိုးစစ်တွေ မြင့်မားကျယ်ပြန့်လာပြီး အောင်ပွဲများရရှိနေတာနဲ့ ပတ်သက်လို့ NUG ယာယီသမ္မတ ကတိုင်းရင်းသားတော်လှန်ရေးအောင်ပွဲတွေဟာ နွေဦးတော်လှန်ရေး အောင်ပွဲနဲ့ ထပ်တူဖြစ်တယ်ဆိုတာကို နားလည်လက်ခံထားဖို့ဖြစ်ပါတယ်။ ဒါ့ကြောင့် တိုင်းရင်းသားမဟာမိတ်အဖွဲ့တွေရဲ့ စစ်ရေးထိုးစစ်တွေကို ကဏ္ဍနယ်ပယ်အသီးသီးကနေ ပုံစံမျိုးစုံနဲ့ ဝိုင်းဝန်းကြဖို့ လိုအပ်တယ်လို့ လည်း ဆက်လက်ပြောဆိုခဲ့ပါတယ်။ 


စစ်ရေးအခြေအနေတိုးတက်ပြောင်းလဲလာမှုနှင့်အတူ အမျိုးသားညီညွတ်ရေးအစိုးရက ချမှတ်ထားတဲ့ တော်လှန်ရေးမူဝါဒနှင့် အုပ်ချုပ်ရေး လုပ်ထုံးလုပ်နည်းတွေကို စနစ်တကျအသက်သွင်းဖို့ အရေးကြီးကြောင်းနဲ့ ပြည်သူ့အရေးများကို စီမံကွပ်ကဲရာမှာလည်း လူထုကို ကာကွယ်စောင့်ရှောက်ဖို့ဟာ ဗဟိုရည်မှန်းချက် ဖြစ်တယ်ဆိုတာ သတိရှိနေဖို့လိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလ က ပြောကြားခဲ့ပါတယ်။


========================


📌📌 ၂။ ခရစ်စ္စမတ်နှင့်နှစ်သစ်ကူးကာလသည် မြန်မာနိုင်ငံအတွက် ကောင်းခြင်းတွေသယ်ဆောင်လာပေးမယ့် နှစ် ဖြစ်တယ်လို့ပြည်ထောင်စုဝန်ကြီးချုပ်ပြော


ဒီဇင်ဘာလ ၁၉ရက်။

မကြာမီရောက်ရှိလာမယ့် ခရစ်စ္စမတ်ကာလနှင့်နှစ်သစ်ကူးကာလသည် မြန်မာနိုင်ငံအတွက် ကောင်းခြင်းတွေ သယ်ဆောင်လာပေးမယ့် နှစ် ဖြစ်တယ်လို့ယုံကြည်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားလိုက်ပါတယ်။ 


ဒီဇင်ဘာလ ၁၉ ရက်နေ့ မနက်ပိုင်းကကျင်းပတဲ့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ၃၉ ကြိမ်မြောက် အစည်းအဝေးမှာ ပြည်ထောင်စု ဝန်ကြီးချုပ်က အခုလို ပြောကြားလိုက်တာဖြစ်ပါတယ်။


ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကကမ္ဘာတစ်ဝှမ်းလုံးမှာ အခုလို ခရစ္စမတ်အချိန်အခါဆိုတာ မိသားစုတွေ အေးအေးချမ်းချမ်းနဲ့ ပြန်လည်တွေ့ဆုံကြပြီး စုံစုံညီညီ ပျော်ပျော်ရွှင်ရွှင်ရှိကြတဲ့ အချိန်အခါမျိုး ဖြစ်ပါတယ်။ ဒီလိုအချိန်မျိုးမှာ ကျွန်တော်တို့နိုင်ငံက ပြည်သူတွေကတော့ မိသားစုတွေနဲ့ ဝေးကွာနေကြရသူ တွေ၊ ပြန်စရာအိမ်မရှိတော့သူတွေနဲ့ အေးချမ်းသာယာမှုကို မခံစားနိုင်ကြတော့တဲ့သူတွေဖြစ်နေရတာကို အလွန်ပဲ စိတ်ထိခိုက်ရပါတယ် လို့ ပြောပါတယ်။


မည်သို့ပင်ဆိုစေ ဒီခရစ်စ္စမတ်အချိန်ကာလ၊ နှစ်သစ်ကူးအချိန်သမယဟာ ကျွန်တော်တို့ မြန်မာနိုင်ငံအတွက် ကောင်းခြင်းတွေ သယ်ဆောင်လာပေးမယ့် နှစ်ဖြစ်တယ်လို့လည်း ယုံကြည်ပါတယ်။ ခရစ်စ္စမတ်ကာလပင် ဖြစ်သော်ငြားလည်း မအားမလပ် အားထုတ်ကြိုးပမ်းနေကြတဲ့ တော်လှန်ရေးအင်အားစုများအားလုံးနဲ့ အစိုးရအဖွဲ့ဝင်များကို ကျေးဇူးတင်ကြောင်းလည်း ၎င်းက ပြောကြားခဲ့ပါတယ်။


၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်းမှာ နိုင်ငံတကာက အမျိုးသားညီညွတ်ရေးအစိုးရရဲ့ အုပ်ချုပ်ရေးယန္တရား တည်ဆောက်နိုင်မှုအခြေအနေကို စောင့်ကြည့်လေ့လာနေတာကြောင့် စနစ်တကျစီမံခန့်ခွဲနိုင်မှုဟာ တော်လှန်‌ရေးအတွက်အရေးကြီးသလို အုပ်ချုပ်ရေးယန္တရား တည်ဆောက်နေတဲ့အပိုင်းကို အားထည့် စီမံပေးကြဖို့လိုတယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်က သတိပေးထားပါတယ်။


ပြည်ထောင်စုအစိုးရအနေနဲ့ မြိုနယ်တခုချင်းစီရဲ့ ပြဿနာတွေ၊ လုပ်ငန်းဆောင်တာတွေမှာ ဝင်ရောက် ဖြေရှင်း ပါဝင်ဆောင်ရွက်နေရတာ မလွယ်ကူပေမယ့် တိုင်းအဆင့် အုပ်ချုပ်ရေးယန္တရား မထူထောင်နိုင်သေးခင်မှာ အချိန်ပေးလုပ်ဆောင်ကြရမှာပဲဖြစ်တယ်လို့လည်း ၎င်းက ဆက်လက်ပြောကြားခဲ့ပါတယ်။ 


အခုဆိုရင် ကရင်နီပြည်မှာ ကရင်နီပြည် ကြားကာလအုပ်ချုပ်‌ရေးကောင်စီ (IEC) ရှိနေပြီဖြစ်လို့ ပြည်ထောင်စုအစိုးရနဲ့ ပြည်နယ်/ဖက်ဒရယ်ယူနစ်များအကြား ပူးပေါင်းဆောင်ရွက်ရေးကော်မရှင် (FSCC) ကတဆင့် ချိတ်ဆက်စီမံဆောင်ရွက်ရတာ အင်မတန်အဆင်ပြေပြေ လုပ်ဆောင်နိုင်နေပြီဖြစ်ပါတယ်။ နောက်ပိုင်းမှာ တိုင်းအဆင့် အုပ်ချုပ်ရေးတွေ ထူထောင်လာနိုင်ပြီဆိုရင်တော့ စီမံဆောင်ရွက်ရတာတွေ ပိုမိုချောမွေ့သွားမှာဖြစ်ပါတယ်လို့ ပြောပါတယ်။ 


ထို့အပြင် အမျိုးသားညီညွတ်ရေးအစိုးရအပါအဝင် တော်လှန်ရေးအင်အားစုတွေအားလုံး နိုင်ငံရေးအရ စီမံဆောင်ရွက်စရာတွေကို ခပ်စိတ်စိတ်တွေ့ဆုံပြီး ဆွေးနွေးနေကြပြီး ရရှိလာတဲ့ ရလဒ်ကောင်းတွေနဲ့ လက်ရှိလုပ်ဆောင်နေမှုအခြေအနေတွေကို အချိန်နဲ့တပြေးညီ နိုင်ငံတကာအသိုင်းအဝိုင်းဘက်ကို သတင်းစကားပါးနိုင်ဖိုလည်း ကြိုးစားအားထုတ်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက တိုက်တွန်းထားပါတယ်။


========================


📌📌 ၃။ စစ်ရေးအရ မယှဉ်နိုင်သည့် အကြမ်းဖက်စစ်တပ်က နိုင်ငံရေးညစ်လုံးများဖန်တီးကာ သတင်းတု သတင်းမှား များဖြန့်ဝေနေဟု ရခိုင့်တပ်တော် AA ပြော


ဒီဇင်ဘာလ ၁၉ရက်။

စစ်ရေးအရ ယှဉ်ပြိုင်နိုင်စွမ်းမရှိသည့် အကြမ်းဖက်စစ်တပ်က နိုင်ငံရေးညစ်လုံးများဖန်တီးကာ သတင်းတု သတင်းမှား များဖြန့်ဝေပြီး ပြည်သူလုထုနှင့် သွေးခွဲရန်တိုက်ပေးနေတယ်လို့ ရခိုင့်တပ်တော် AA က ဒီဇင်ဘာလ ၁၉ ရက်နေ့မှာ အသိပေးထုတ်ပြန်လိုက်ပါတယ်။ 


အကြမ်းဖက်စစ်တပ်ဟာ နိုင်ငံရေးညစ်လုံးများ ဖန်တီးခြင်းဖြင့် သတင်းတု၊ သတင်းမှားများကို ရည်ရွယ်ချက် ရှိရှိ ဖြန့်ဝေကာ ၎င်းတို့ကို စစ်ရေးအရ ယှဉ်ပြိုင်တိုက်ခိုက်နေတဲ့ အဖွဲ့အစည်းတွေကို နိုင်ငံရေး အောက်လုံးတွေသုံးပြီး ထိုးနှက်တိုက်ခိုက်လေ့ရှိတဲ့အတိုင်း ရခိုင့်အမျိုးသားအဖွဲ့ချုပ် ရခိုင့်တပ်တော်ကို  တိုက်ခိုက်နေတာဖြစ်တယ်လို့ AA က အသိပေးထားပါတယ်။ 


ထို့အပြင် ရခိုင်ဒေသအတွင်း မြို့ ရွာများကို ပိတ်ဆို့ကာ ပြည်သူလူထုတရပ်လုံး အငတ်ဘေးဆိုက်အောင် ပြုလုပ်ထားခြင်း၊ အသက်ရှင်သန်ရေးအတွက် အဓိကလိုအပ်တဲ့ အခြေခံစားသောက်ကုန်များကို ပိတ်ဆို့ထားခြင်း၊ တမြို့နယ်မှ တမြို့နယ် တနေရာမှ တနေရာ မပို့နိုင်အောင် ရေလမ်း၊ ကုန်းလမ်းတွေကို ပိတ်ဆို့ ဖြတ်တောက်ထားခြင်းတွေကို ယခင်ကထက် ပိုပြီး လုပ်ဆောင်နေတယ်လို့လည်း ပါဝင်ပါတယ်။ 


ပြည်သူ့အာဏာကို မတရားသိမ်းပိုက်ထားတဲ့ စစ်ကောင်စီဟာ ၎င်းတို့လက်ဝေခံမီဒီယာတွေကနေ ထုတ်ပြန်တဲ့ မူးယစ်ဆေးဝါးကိစ္စဟာ ရခိုင့်တပ်တော်ကို စွပ်စွဲပြောဆိုခြင်းသာဖြစ်ပြီး မိမိတို့အဖွဲ့အစည်းနဲ့ သက်ဆိုင်မှု မရှိဘူးလို့ ပြည်သူလူထုကို အသိပေးထုတ်ပြန်ထားပါတယ်။ 


ယခုလို စွတ်စွဲချက်ဟာ စစ်ကောင်စီက လုပ်လေ့လုပ်ထရှိတဲ့ နိုင်ငံရေးညစ်လုံးတခုသာဖြစ်တယ်လို့လည်း ရခိုင့်တပ်တော် AA က အသိပေးထုတ်ပြန်ထားပါတယ်။


========================


📌📌 ၄။ စစ်တပ်က အပြင်းအထန်ခုခံနေတဲ့ နမ့်ခမ်းမြို့ရှိ စခန်းသစ်ကုန်းကို TNLA အပြီးသတ်သိမ်းပိုက်


ဒီဇင်ဘာလ ၁၉ရက်။

အကြမ်းဖက်စစ်တပ်က စခန်းမကျရေး အပြင်းအထန်ခုခံခဲ့တဲ့ နမ့်ခမ်းမြို့က စခန်းသစ်ကုန်းကို တအာင်းတပ် TNLA က အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီလို့ ဒီဇင်ဘာလ ၁၉ ရက်နေ့ ညပိုင်းမှာ တရားဝင်သတင်းထုတ်ပြန် ပါတယ်။  


စစ်ကောင်စီဘက်က လေကြောင်းပစ်ကူ အကြိမ် ၄ဝဝ ကျော်ပေးပြီး ခုခံခဲ့တဲ့ စခန်းသစ်ကုန်းကို ဒီဇင်ဘာလ ၁၈ ရက်နေ့ညပိုင်းမှာ အပြီးသတ်သိမ်းပိုက်ရရှိခဲ့တာလို့ သိရပါတယ်။ 


အဆိုပါစခန်းသစ်ကုန်းကိုရရှိနိုင်ဖို့ နိုဝင်ဘာလ ၁၇ ရက်နေ့ကစပြီး တိုက်ခိုက်ခဲ့တာဖြစ်တဲ့အတွက် တလကျော်ကြာ တိုက်ခိုက်ခဲ့ရတယ်လို့လည်းအသိပေးထားပါတယ်။ 


စစ်ကောင်စီရဲ့ စခန်းသစ်ကုန်းအပါအဝင် တပ်စခန်းတွေဖြစ်တဲ့ ကံ့ကော်စခန်း၊ ၁၂မိုင်၊ ၁၃မိုင်၊ မိုက်ခရိုဝိတ်စခန်း၊ ပန်ဆေး၊ တာကွန့်စခန်း၊ ဟဲယိုင်စခန်း၊ မိုင်းဝီးတပ်စခန်း၊ ထိန်ကန်တပ်စခန်း၊ မန်ပူးတပ်စခန်း၊ မန်ဝိန်တပ်စခန်း၊ ရဲစခန်းနဲ့ စစ်တပလက်အောက်ခံ ဌာနဆိုင်ရာရုံးများအားလုံးကို အလုံးစုံသိမ်းပိုက်ရရှိခဲ့ပြီ ဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။   

နမ့်ခမ်းမြို့က  စစ်ကောင်စီတပ်စခန်းဟာ အင်အား ၉၀၀ နီးပါးရှိပြီး စကခ- နှင့် လက်အောက်ခံ တပ်တွေ ဖြစ်တဲ့ ခလရ-၂၆၁၊ ခမရ-၂၄၆၊ ၂၄၅ နှင့် ဒကစ တို့ လာရောက်ထိုးစစ်ဆင်စခန်းချနေတဲ့ တပ်စခန်းတွေဖြစ်တယ်လို့ သိရပါတယ်။ 


ထို့အပြင် တပ်စခန်းကို တအာင်းတပ်မတော် PSLF/TNLA က တိုက်ခိုက်နေစဥ်အတွင်း စစ်ကောင်စီက အရပ်သားတွေကို ဦးတည်တိုက်ခိုက်ခဲ့တာကြောင့် နမ့်ခမ်းမြိုနယ်က ဒေသခံ ကလေး၃ ဦးအပါအဝင် ၁၃ ဦး သေဆုံးခဲ့ရပြီး ၄၃ ဦး ဒဏ်ရာရရှိကာ ဘာသာရေးအဆောက်အအုံ၊ ဘုရားကျောင်း၊ ဆေးရုံနဲ့လူနေအိမ် ၇၀ လုံး လက်နက်ကြီးနဲ့ လေယာဥ်ဗုံးစထိမှန်ပျက်စီးခဲ့ပြီး အိမ် ၂၄ လုံး မီးလောင်ပျက်စီးခဲ့တယ်လို့လည်း အသိပေးထားပါတယ်။ 


နမ့်ခမ်းစခန်းသစ် တိုက်ပွဲကာလအတွင်း စစ်ကောင်စီဘက်က ဗိုလ်မှူးအဆင့်အပါအဝင် သေဆုံးသူများစွာရှိခဲ့ပြီး စစ်သုံးပန်း ဦးနဲ့ လက်နက်ကြီးအပါအဝင် လက်နက်ခဲယမ်းမျိုးစုံ နဲ့ စစ်အသုံးအဆောင်တွေ သိမ်းဆည်း ရရှိခဲ့တယ်လို့ သိရပါတယ်။ 


စစ်တပ်ဘက်က သေဆုံးသူတွေများသလို တအာင်းတပ်မတော် PSLF/TNLA ဘက်က စစ်သည်တော် ၄၅ ဦး တိုင်းပြည်နဲ့လူမျိုးအတွက် အသက်ပေးလှူခဲ့ရကာ ၁၄၅ ဦး ဒဏ်ရာရရှိခဲ့တာကြောင့် TNLA ဘက်ကလည်း အသက်၊ ခန္ဓာ၊ သွေး၊ ချွေးများစွာ ရင်းနှီးပေးဆပ်ခဲ့ရတယ်လို့ ထုတ်ပြန်ထားပါတယ်။


========================


📌📌 ၅။ ဖယ်ခုံမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးအင်အားစုများ တိုက်ခိုက်သိမ်းပိုက်


ဒီဇင်ဘာလ ၁၉ရက်။

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတခုကို တော်လှန်ရေးအင်အားစုများ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ 1107 Battalion - Mobye People Defence Force က ဒီဇင်ဘာလ ၁၉ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ 


အကြမ်းဖက်စစ်ကောင်စီရဲ့ ပွိုင့်ကုန်းစခန်းကို ဒီဇင်ဘာလ ၁၁ ရက်နေ့ ညနေ နာရီခွဲခန့် အချိန်မှာ တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပေမယ့် လုံခြုံရေးအခြေအနေအရ စခန်းသိမ်းပြီး တပတ်အကြာမှ အခုလို အသိပေး ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။  


အဆိုပါ တောင်ပေါ်ပွိုင့်ကုန်းစခန်းကို ဒီဇင်ဘာလ ၁၁ ရက်နေ့ မနက် နာရီခန့်အချိန်က စတင်တိုက်ခိုက်ခဲ့ တာဖြစ်ပြီး တိုက်ပွဲဖြစ်ချိန် နာရီကျော် ကြာမြင့်ခဲ့ပြီး မွန်းလွဲ နာရီခွဲခန့်မှ သိမ်းပိုက်နိုင်ခဲ့တာလို့လည်း အသိပေးထားပါတယ်။


တိုက်ပွဲဖြစ်နေချိန်အတွင်းမှာ စစ်ကောင်စီဘက်က လက်နက်ကြီးပစ်ခတ်မှု ၉၂ ကြိမ်၊ လေကြောင်းတိုက်ခိုက် မှု ၁၂ ကြိမ် ပြုလုပ်ခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 


စစ်ကောင်စီရဲ့ တောင်ပေါ်ပွိုင့်ကုန်းစခန်းသိမ်းတိုက်ပွဲကို အလယ်ပိုင်းတိုင်းစစ်ဌာန ရှမ်းတောင်စစ်ဒေသခွဲ ဗျူဟာ ၁၀၀၁ (MB PDF-1) ၁၀၀၂ (PK PDF-1) ၁၀၀၄ (PKS PDF) ၁၀၀၆ (PK PDF-2) ၁၀၀၇ (MB PDF-2) KNDF ဗျူဟာ- B-03 B-11နှင့် B-22 မြို့ပြတော်လှန်ရေးတပ်ဦး (Urban Revolutionary Front U.R.F) ဗျူဟာ - ၁၀၀၃ တပ်ရင်း၊ ၁၀၀၈ SSRY တပ်ရင်းနဲ့ ၁၀၀၉ IPDF တပ်ရင်း တို့ပါဝင်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမှာလည်း စစ်ရေးအရ ကျန်ရှိနေသေးတဲ့ စစ်ကောင်စီတပ်ခြေကုတ်ယူထားတဲ့ ကင်းစခန်းနဲ့ ထောက်ပို့စခန်းတွေကို ထိုးစစ်ဆင်နိုင်ဖို့ ကြိုးစားနေတယ်လို့ မိုးဗြဲ-ဖယ်ခုံစစ်ဆင်ရေး မဟာမိတ် အင်အားစုများက အသိပေးထုတ်ပြန်ထားပါတယ်။


========================


📌📌 ၆။ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကိုယ်စားပြုခွင့် ဆက်လက်ရရှိ


ဒီဇင်ဘာ ၁၉ရက်။

ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မြန်မာနိုင်ငံအတွက် ကိုယ်စားပြုခွင့်အတွက် စစ်ကောင်စီရဲ့ တတိယအကြိမ်မြောက် ကြိုးပမ်းမှု ကျရှုံးခဲ့ပြီး ပြည်သူလူထုနဲ့ တစ်သားထဲ ရပ်တည်ခဲ့တဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက်ကိုယ်စားပြုခွင့် ရရှိခဲ့တယ်လို့ သိရပါတယ်။


ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများရဲ့ ကိုယ်စားပြုခွင့်ကို ဆုံးဖြတ်ခွင့်ရှိတဲ့ Credentials Committee က ဒီဇင်ဘာလ ၁၈ ရက်တွင် ကော်မတီ၏ အစီရင်ခံစာကို ကုလအထွေထွေညီလာခံသို့ တင်သွင်းခဲ့ပြီး ယင်းအစီရင်ခံစာအရ လက်ရှိကိုယ်စားပြုခွင့် ရရှိနေသူ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးကို ဆက်လက်ခန့်အပ်ရန် ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။


လက်ရှိ အမြဲတမ်း ကိုယ်စားလှယ်အနေနဲ့ အရင်လို ပြည်သူတွေရဲ့ ဆန္ဒ၊ ပြည်သူတွေရဲ့ အသံကို နိုင်ငံတကာက ကြားအောင်၊ သိရှိအောင် ကုလသမဂ္ဂ ကနေတစ်ဆင့် ဆက်လက်ပြောကြား ပေးနိုင်နေမှာ ဖြစ်ပါတယ်၊ ဆက်လက်ပြော ကြားသွားပါမယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက သတင်းစကား ပါးလိုက်ပါတယ်။


ကုလသမဂ္ဂတွင် သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက်ရှိနေခြင်းက မြန်မာပြည်သူများ အတွက်၊ နွေဦးတော်လှန်ရေး အတွက်၊ ဒီမိုကရေစီနှင့် လူ့အခွင့်ရေး အတွက် မှန်ကန်တဲ့ သတင်း အချက်အလက်များကို ကမ္ဘာက သိမြင်နိုင်ရန် ခွန်အား ဖြစ်စေကြောင်း အမျိုးသားညီညွတ်ရေး အစိုးရ NUG ပြောခွင့်ရပုဂ္ဂိုလ် ဦးနေဘုန်းလတ်က မှတ်ချက်ပြုထားပါတယ်။


စစ်တပ်က ၎င်းတို့ကိုယ်တိုင် စိတ်ကြိုက်ရေးဆွဲထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ချိုးဖောက်ကာ ရွေးကောက်ခံ အရပ်သား အစိုးရထံမှ အာဏာသိမ်းယူခဲ့တဲ့ ၂၀၂၁ ခုနှစ် ကတည်းက ကုလသမဂ္ဂတွင် ကိုယ်စားပြုခွင့် ရရှိရန် ကြိုးစားခဲ့သော်လည်း ယခုနှစ်အထိ မရရှိနိုင်သေးတာ ဖြစ်ပါတယ်။


အမေရိကန်၊ ရုရုားနဲ့ တရုတ်တို့ အမြဲတမ်းကော်မတီ အဖွဲ့ဝင်အဖြစ် ပါဝင်နေတဲ့ Credentials Committee က မြန်မာပြည်သူလူထုနဲ့ တသားတည်း ရပ်တည်ကာ အမျိုးသားညီညွတ်ရေး အစိုးရ NUG ရဲ့ မူဝါဒ သဘောထားများကို ထင်ဟပ်တဲ့ မိန့်ခွန်းများ၊ ဆွေးနွေးမှုများကို ပြောကြားနေတဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂစင်မြင့်မှာ မြန်မာနိုင်ငံ ကိုယ်စားပြုသူအဖြစ် ဆက်လက် အတည်ပြုခဲ့တာ ဖြစ်ပါတယ်။


========================


📌📌 ၇။ ကျောက်မဲမြို့နယ်အတွင်းသို့ အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့သဖြင့် အရပ်သားတဦး သေဆုံးကာ ဦး ဒဏ်ရာရ


ဒီဇင်ဘာလ ၁၉ရက်။

အကြမ်းဖက်စစ်ကောင်စီတပ်က ကျောက်မဲမြို့နယ်အတွင်းသို့ အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာကြောင့် အရပ်သား တဦးသေဆုံးကာ ကလေးငယ် ဦးအပါအဝင် အရပ်သား ဦး ဒဏ်ရာရရှိခဲ့တယ် လို့ TNLA က ဒီဇင်ဘာလ ၁၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။


ဒီဇင်ဘာလ ၁၈ ရက်က်နေ့ ညနေ နာရီခွဲခန့်အချိန်က တအာင်းတပ်မဟာ စစ်ဒေသ ကျောက်မဲမြို့နယ် အတွင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီဘက်က ဂျက်လေယာဉ်အသုံးပြုကာ ပေါင် ၅ဝဝ ဗုံး လာရောက် ကြဲချတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။


စစ်ကောင်စီဘက်က ဂျက်လေယာဉ်အသုံးပြုပြီး လာရောက်ဗုံးကြဲခဲ့ရာမှာ ကျောက်မဲမြို့နယ် ဟူးကောင်း ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အသက် ၆၅ နှစ်အရွယ်ရှိ ဦးကျော်ဝင်း  သေဆုံးခဲ့ပြီး အသက် ၁၆ နှစ်နဲ့ ၁၅ နှစ်အရွယ် ကလေးငယ် ၂ဦးအပါအဝင် အသက် ၅၅ နှစ်အရွယ် အမျိုးသားတဦးနဲ့ အသက် ၅၇ နှစ်အရွယ် အမျိုးသမီးတဦး ဒဏ်ရာရရှိခဲ့တယ်လို့ TNLA က  ထုတ်ပြန်ထားပါတယ်။


အသက် ၁၆ နှစ်အရွယ် လွေးရွှေမြတ်မွန်နဲ့ အသက် ၁၅ နှစ်အရွယ် လွေးမွေသဇင်အောင်တို့ဟာ ဒဏ်ရာပြင်း ထန်တာကြောင့် ဆေးကုသမှုခံယူနေရတယ်လို့လည်း သိရပါတယ်။


ထို့အပြင် အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သာသနသုခကျောင်း၊ ကျေးရွာဇရပ်နဲ့ လူနေအိမ် လုံး ထိခိုက်ပျက်စီးခဲ့ရတယ်လို့ TNLA သတင်းနှင့်ပြန်ကြားရေးက ထုတ်ပြန်ထားပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက်ကိုခန့် နဲ့ မင်းစစ်သွေးတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment