21st DEC 2023 - Morning Daily News by Radio NUG


၂၀၂၃ ဒီဇင်ဘာလ ၂၁ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -

📌 ၁။ အကြမ်းဖက်စစ်ကောင်စီကို ဆန့်ကျင်ခဲ့ကြသော ပြည်ပရောက် မြန်မာရွေ့ပြောင်းလုပ်သားများကို NUG အစိုးရ မှတ်တမ်းတင်ဂုဏ်ပြု

📌 ၂။ ဝပြည် သွေးစည်းညီညွတ်ရေး ပါတီ တည်ထောင်ခြင်း (၃၅) နှစ်ပြည့်သို့ ကာကွယ်ရေး ဝန်ကြီးဌာန သဝဏ်လွှာ ပေးပို့

📌 ၃။ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီနှင့် မန္တလေးတိုင်း၊ မကွေးတိုင်း မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြုလုပ်

📌 ၄။ ထီးချိုင့်မြို့သိမ်းတိုက်ပွဲစတင်ချိန်မှ တလကျော်အတွင်း စစ်တပ်က လေကြောင်းတိုက်ခိုက်မှု အကြိမ် ၁၅၀ ကျော် ပြုလုပ်ခဲ့

📌 ၅။ မတူပီမြို့နယ်ရှိ ထယ်ဘွေးစခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ စခန်းစွန့်ခွာထွက်ပြေး

📌 ၆။ မြောင်မှာ စစ်ကြောင်းထိုးပြီး ကျောက်ရစ်ရဲစခန်းကို ပြန်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို PDF များ တိုက်ခိုက်

📌 ၇။ သထုံမြို့နယ်တွင် စစ်ကောင်စီရဲ့ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီး တစ်ဦးသေဆုံး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ အကြမ်းဖက်စစ်ကောင်စီကို ဆန့်ကျင်ခဲ့ကြသော ပြည်ပရောက် မြန်မာရွေ့ပြောင်းလုပ်သားများကို NUG အစိုးရ မှတ်တမ်းတင်ဂုဏ်ပြု


ဒီဇင်ဘာလ ၂၀ရက်။

အကြမ်းဖက်စစ်ကောင်စီက အခွန်ငွေကောက်ခံမည့်အစီအစဉ်ကို ဆန့်ကျင်ဆန္ဒပြခဲ့ကြတဲ့ ပြည်ပရောက် မြန်မာရွှေ့ပြောင်းလုပ်သားတွေကို မှတ်တမ်းတင်ဂုဏ်ပြုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက ဒီဇင်ဘာ ၂ဝ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။


ရွှေ့ပြောင်း မြန်မာအလုပ်သမားများအနေနဲ့ မိမိတို့ကျရာ နိုင်ရာအခန်းကဏ္ဍကနေ အကြမ်းဖက် စစ်ကောင်စီထံ လွှဲပို့ငွေများ မရောက်ရှိစေရေး အချိန်ကိုက်ဆောင်ရွက်ခြင်းဟာ ဘဏ္ဍာရေးတိုက်စစ်မှာ တတပ်တအား ပါဝင်ခြင်းဖြစ်တဲ့အတွက် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် နိုင်ငံအသီးသီးသို့ ရောက်ရှိနေတဲ့ မြန်မာ ရွှေ့ပြောင်းအလုပ်သမားတွေ အထူးကျေးဇူးတင် မှတ်တမ်းတင်ဂုဏ်ပြုလိုက်ပါတယ်လို့ ဖော်ပြထားပါတယ်။ 


အဖက်ဖက်က မရှုမလှရှုံးနိမ့်နေတဲ့ စစ်ကောင်စီဟာ ၎င်းတို့ သက်ဆိုးရှည်စေရေးနဲ့ ပြည်သူလူထုကို အကြမ်း ဖက်သတ်ဖြတ်ရန် အရေးတကြီးလိုအပ်နေတဲ့ နိုင်ငံခြားငွေ ဖြည့်ဆည်းနိုင်ရေးအတွက် ရွှေ့ပြောင်းမြန်မာ လုပ်သားတွေဆီကနေ အခွန်ကောက်ဖို့ စီစဉ်နေတာနဲ့ပတ်သက်လို့ NUG အစိုးရက ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။


အလုပ်သမားဝန်ကြီးဌာန၊ စစ်ကောင်စီဗဟိုဘဏ်၊ စစ်ကောင်စီ ထောက်တိုင်ဘဏ်များပူးပေါင်းပြီး ပြည်ပရောက် ရွှေ့ပြောင်းအလုပ်သမားတွေ သမ္မာအာဇီဝ ချွေးနှဲစာကို အတင်းအဓမ္မ ခေါင်းပုံဖြတ်ရယူဖို့ နည်းလမ်းပေါင်းစုံနဲ့ ကြိုးပမ်းဆောင်ရွက်နေတာဖြစ်တယ်လို့လည်း အသိပေးထားပါတယ်။


 အကြမ်းဖက်စစ်ကောင်စီဟာ ဩဂုတ်လ ၃ဝ ရက်နေ့ ရက်စွဲနဲ့ ညွှန်ကြားစာထုတ်ပြန်ပြီး ရွှေပြောင်း အလုပ်သမားတွေရဲ့ မိသားစုလွှဲပို့ငွေထဲကနေ လစာရဲ့ ၂၅ ရာခိုင်နှုန်းကို လစဉ် သို့မဟုတ် တကြိမ် ၎င်းတို့သတ်မှတ်ထားတဲ့ ငွေလွှဲဝန်ဆောင်မှုလုပ်ငန်းတွေကနေ လွှဲပို့ကြဖို့ ပြည်ပအလုပ်အကိုင်ရှာဖွေရေး အကျိုးဆောင် အေဂျင်စီတွေကို  ဖိအားပေး ညွှန်ကြားခဲ့တာ တွေ့ရှိရတယ်လို့ ထုတ်ပြန်ချက်အရ သိရပါ တယ်။


အခုလိုကောက်ခံတာကို ပြည်ပရောက် မြန်မာရွှေ့ပြောင်းလုပ်သားတွေက တရားဝင်မှုမရှိတဲ့ အကြမ်းဖက် စစ်ကောင်စီရဲ့ အမိန့်အာဏာကို တော်လှန်လိုစိတ်ပြင်းပြစွာနဲ့ တုန့်ပြန်ခဲ့တဲ့အတွက် ယခုအခါမှာ မြန်မာရွှေ့ ပြောင်းအလုပ်သမားတွေ မြန်မာနိုင်ငံအတွင်း ပြန်လည်လွှဲပို့ငွေဟာ ယခင်ကထက် ၁ဝ ပုံ တပုံသာ ရှိတော့တာကိုလည်း လေ့လာတွေ့ရှိရတယ်လို့ အသိပေးထားပါတယ်။


မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ စိတ်အားထက်သန်စွာ အာဏာဖီဆန်မှုကြောင့် အကြမ်းဖက်စစ်ကောင်စီ အတွက် နိုင်ငံခြားငွေရရှိမှု သိသာစွာလျော့နည်းခဲ့ပြီး  အကြမ်းဖက်လုပ်ရပ်များ ဆက်လက်ကျူးလွန်နိုင်ဖို့ အကြပ်အတည်းဆိုက်ရောက်စေခဲ့တယ်လို့ NUG က ထုတ်ပြန်ထားပါတယ်။


========================


📌📌 ၂။ ဝပြည် သွေးစည်းညီညွတ်ရေး ပါတီ တည်ထောင်ခြင်း (၃၅) နှစ်ပြည့်သို့ ကာကွယ်ရေး ဝန်ကြီးဌာန သဝဏ်လွှာ ပေးပို့


ဒီဇင်ဘာလ၂၀ရက်။

စစ်အာဏာရှင်စနစ် ပြုတ်ကျရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံသစ် ပေါ်ပေါက်လာရေးအတွက် လက်တွဲညီညီ လုပ်ကိုင်ဆောင်ရွက်လိုကြောင်း ဝပြည် သွေးစည်းညီညွတ်ရေး ပါတီ တည်ထောင်ခြင်း (၃၅) နှစ်ပြည့်သို့ ကာကွယ်ရေး ဝန်ကြီးဌာန သဝဏ်လွှာပေးပို့ခဲ့တယ်လို့ သိရပါတယ်။


သဝဏ်လွှာတွင် ယနေ့ကျရောက်တဲ့ ဝပြည် သွေးစည်းညီညွတ်ရေးပါတီ တည်ထောင်ခြင်း ၃၅ နှစ် ပြည့်တွင် ဝလူမျိုးများနှင့်တကွ ဝဒေသအတွင်း စုစည်းညီညွတ်စွာ နေထိုင်ကြသော လူမျိုးစုများ အားလုံး ကိုယ်စိတ်နှလုံးသုံးပါး ကျန်းမာပြည့်စုံပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သတယ်လို့ ဦးစွာဖော်ပြပါတယ်။


ထိုနောက် ဝစာပေ၊ ယဥ်ကျေးမှု၊ အနုပညာနှင့် ရိုးရာဓလေ့ ထုံးတမ်းစဥ်လာများကို ဆက်လက် ထိန်းသိမ်း မြှင့်တင်နိုင်ပြီး ဒေသတွင်းရှိ လူမျိုးစုများကိုလည်း ကူညီစောင့်ရှောက် နိုင်ပါစေကြောင်း ကာကွယ်ရေး ဝန်ကြီးဌာနက ဆုမွန်ကောင်း တောင်းထားပါတယ်။


ဆက်လက်ပြီး ယနေ့ အချိန်အခါဟာ စစ်အာဏာရှင် စနစ်ကြောင့် တနိုင်ငံလုံး နှလုံးစိတ်ဝမ်း မအေးချမ်းသော ကာလဖြစ်ကာ တနိုင်ငံလုံး ဘေးဒုက္ခကြီးမားစွာ ဖြစ်စေပြီး ဖွံ့ဖြိုးမှု နောက်ကျစေတဲ့ စစ်အာဏာရှင်စနစ် ပြုတ်ကျစေရေးအတွက် တနိုင်ငံလုံး အတိုင်းအတာဖြင့် တောင်ပေါ် မြေပြန့် အားလုံး လက်တွဲ ညီညွတ်စွာဖြင့် ခုခံတိုက်ပွဲဝင်နေတဲ့ ကာလဖြစ်တယ်လို့ ဖော်ပြထားပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ ဝပြည်သွေးစည်းညီညွတ်ရေး ပါတီရဲ့ နိုင်ငံရေး ရပ်တည်ချက်များကို လေးစား အသိမှတ်ပြုပါကြောင်းနဲ့ စစ်အာဏာရှင်စနစ် ပြုတ်ကျရေး၊ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံသစ် ပေါ်ပေါက်လာရေး အတွက် လက်တွဲညီညီ လုပ်ကိုင် ဆောင်ရွက်လိုကြောင်း ဖော်ပြရင်း ဤသဝဏ်လွှာကို သွေးသောက် ညီရင်းအကို၊ မောင်ရင်းနှမ သစ္စာစိတ်ဖြင့် ပေးပို့အပ်တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။


========================


📌📌 ၃။ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီနှင့် မန္တလေးတိုင်း၊ မကွေးတိုင်း မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြုလုပ်


ဒီဇင်ဘာလ ၂၀ရက်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလ ဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီနှင့် မန္တလေးတိုင်း၊ မကွေးတိုင်းမှ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့များ တွေ့ဆုံ ဆွေးနွေးပွဲ အစည်းအဝေး (၄၅/၂၀၂၃) ကို ဒီဇင်ဘာလ ၂၀ ရက်နေ့ နေ့လယ် နာရီ အချိန်မှာ ကျင်းပ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ 


အစည်းအဝေးတွင် ကြားကာလ ဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီ၊ အဖွဲ့ဝင် အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏမှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ခူးထဲဘူးမှ နှုတ်ခွန်းဆက် စကား ပြောကြားခဲ့ပါတယ်။


ထိုနောက် ဝန်ကြီးဌာနများမှ ဌာနနှင့် သက်ဆိုင်တဲ့ လုပ်ငန်းများအား မှာကြားဆောင်ရွက်ခဲ့ပြီး မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ဝင်များမှ မူဝါဒ လမ်းညွန်ချက်များ၊ လုပ်ငန်းဆောင်ရွက်ချက်များ၊ မြေပြင်အခက်အခဲများနှင့် ပတ်သက်ပြီး သိရှိလိုတာများကို မေးမြန်းခဲ့ရာ ဝန်ကြီးဌာန တာဝန်ရှိသူများ မှ ပြန်လည်ဖြေကြား ခဲ့ပါတယ်။


အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏမှ ဦးဆောင်ကာ ဒုတိယဝန်ကြီး၊ အမြဲတမ်း အတွင်းဝန်များ၊ တွဲဖက် အတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် မန္တလေးတိုင်း၊ မကွေးတိုင်းမှ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး အစည်းအဝေးကို နေ့လယ် နာရီအချိန်တွင်‌ ရပ်နားခဲ့သည်။


========================


📌📌 ၄။ ထီးချိုင့်မြို့သိမ်းတိုက်ပွဲစတင်ချိန်မှ တလကျော်အတွင်း စစ်တပ်က လေကြောင်းတိုက်ခိုက်မှု အကြိမ် ၁၅၀ ကျော် ပြုလုပ်ခဲ့


ဒီဇင်ဘာလ ၂၀ရက်။

စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်မှာ မြို့သိမ်းတိုက်ပွဲစတင်ချိန်ကနေ လက်ရှိအချိန်အထိ တလကျော်ကာလ အတွင်း အကြမ်းဖက်စစ်တပ်က လေကြောင်းတိုကိခိုက်မှု အကြိမ် ၁၅ဝ ကျော် ပြုလုပ်ခဲ့တယ်လို့ Tigying Revolution -TR က ထုတ်ပြန်လိုက်ပါတယ်။


ထီးချိုင့်မြို့သိမ်းတိုက်ပွဲကို နိုဝင်ဘာလ ရက်က စတင်ခဲ့တာဖြစ်ပြီး ဒီဇင်ဘာ ၁၉ ရက်နေ့အထိ ရက်ပေါင်း ၄၁ ရက်အတွင်း အကြမ်းဖက်စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တာနဲ့ပတ်သက်လို့  Tigying Revolution -TR က အသိပေးထုတ်ပြန်လိုက်တာဖြစ်ပါတယ်။


လေကြောင်းတိုက်ခိုက်မှုများကို မြစ်ကြီးနား၊ တံတားဦးနှင့် မုံရွာမြို့ရှိ အနောက်မြောက်တိုင်း စစ်ဌာနချုပ် တို့ကနေ ဂျက်ဖိုက်တာများ၊ Mi-35 တိုက်ခိုက်ရေးရဟတ်ယာဉ်တွေ အသုံးပြုခဲ့တယ်လို့ သိရပါတယ်။ 


ထို့အပြင် မုံရွာမြို့ရှိ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကနေ MI 17 ထောက်ပို့ရဟတ်ယာဉ်၊ MI-2 ရဟတ် ယာဉ်တွေအသုံးပြုကာ မြတောင်ရွာဘက်နဲ့ နိကယ်စက်ရုံများအတွင်းကို ကြိမ်ထက်မနည်း ကျည်၊ လက်နက် ရိက္ခာတွေ ပို့ဆောင်ထားတယ်လို့လည်း အသိပေးထားပါတယ်။ 


လေကြောင်းတိုက်ခိုက်ရာမှာ YAK 130 K8W A5 အမျိုးအစား ဂျက်ဖိုက်တာတွေကို အများဆုံးအသုံးပြုခဲ့တယ်လို့ သိရပါတယ်။ 


အကြမ်းဖက်စစ်တပ်က ထီးချိုင့်မြို့ပေါ်ရပ်ကွက်တွေအပြင် ဘေးပတ်ဝန်းကျင်က ကျေးရွာတွေကိုပါ လေကြောင်းကနေ တိုက်ခိုက်နေတာကြောင့် နေအိမ်အများအပြား ပျက်စီးခဲ့ရပြီဖြစ်တယ်လို့ ဒေသခံတွေက  ပြောပါတယ်။


ထီးချိုင့်မြို့နယ်ဟာ တောင်ကုန်းတောင်တန်းထူထပ်ပြီး ထီးချိုင့်မြို့ပေါ်နဲ့ မြသိန်းတန်တောင်ပေါ်မှာ ဘန်ကာတွေ အခိုင်အမာတည်ဆောက်ပြီး တပ်စွဲထားတဲ့ စစ်တပ်ဟာ ဘန်ကာထဲကနေမထွက်ဘဲ လေကြောင်းကနေသာ တိုက်ခိုက်မှု နေ့စဉ်လုပ်ဆောင်နေတာလို့ သိရပါတယ်။ 


ထီးချိုင့်မြို့မှာရှိတဲ့ စစ်ကောင်စီစခန်းတွေကို KIA ABSDF နဲ့ PDF တပ်ဖွဲ့တွေက နိုဝင်ဘာ ရက်ကစပြီး တိုက်ခိုက်နေတာကြောင့် ဒေသခံပြည်သူတွေဟာ နီးစပ်ရာဒေသတွေကို သွားရောက်တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။


========================


📌📌 ၅။ မတူပီမြို့နယ်ရှိ ထယ်ဘွေးစခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ စခန်းစွန့်ခွာထွက်ပြေး


ဒီဇင်ဘာလ ၂၀ရက်။

ချင်းပြည်နယ် မတူပီမြို့နယ်မှာရှိတဲ့ ထယ်ဘွေးစစ်ကောင်စီစခန်းကို ချင်းအမျိုးသားကာကွယ်ရေး ပူးပေါင်း အဖွဲ့က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီအဖွဲ့ စခန်းစွန့်ခွာထွက်ပြေးသွားတယ်လို့ CDF မတူပီက ထုတ်ပြန်ပါတယ်။


ဒီဇင်ဘာလ ၁၈ ရက်နေ့က မတူပီ-ပလက်ဝလမ်းပေါ်က ထယ်ဘွေးကျေးရွာမှာ အထိုင်ချထားတဲ့ စစ်ကောင်စီ စခန်းကို စခန်းသိမ်းတိုက်ပွဲ ဆင်ဖြူတိုက်ပွဲအဖြစ် CDF မတူပီ၊ ချင်းအမျိုးသားကာကွယ်ရေးတပ် (CNO/CNDF) CDF လောက်တူ၊ CDF မင်းတပ်တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။


ထယ်ဘွေးစခန်းကို ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့တဲ့ ရုပ်သံမှတ်တမ်းကိုလည်း CDF မတူပီက လူမှုကွန်ယက် ကနေ ထုတ်ပြန်ပေးထားပါတယ်။


တိုက်ပွဲစတင်တဲ့ ဒီဇင်ဘာလ ၁၈ ရက်နေ့ မွန်းလွဲပိုင်းမှာ စစ်ကောင်စီတပ်ဟာ စစ်ရေးပစ်မှတ်မဟုတ်တဲ့ မတူပီမြို့နယ်က ဗန်ကိုင်ကျေးရွာနဲ့ လေဆင်ကျေးရွာကို တိုက်လေယာဉ်နဲ့ ဗုံးကြဲခဲ့တာကြောင့် အရပ်သား ဦး သေဆုံးကာ တဦး ဒဏ်ရာရရှိခဲ့တယ်လို့လည်း အသိပေးထားပါတယ်။


ဒီဇင်ဘာလ ၁၈ ရက်နေ့ ညပိုင်းက ဖြစ်ခဲ့တဲ့တိုက်ပွဲမှာ CDF မတူပီက ရဲဘော်တဦး တိုင်းပြည်နဲ့လူမျိုးအတွက် အသက်ပေးခဲ့ရတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


ဒီဇင်ဘာလ ၁၉ ရက်နေ့ မနက် နာရီခန့်အချိန်မှာ ချင်းအမျိုးသားကာကွယ်ရေး ပူးပေါင်းအဖွဲ့က ထယ်ဘွေး စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီတပ်ဖွဲ့ဟာ စခန်းစွန့်ခွာထွက်ပြေးသွားတာကြောင့် စခန်းမှာ CDF-Matupi အလံ စိုက်ထူထားပြီး ပူးပေါင်းအဖွဲ့က ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို လိုက်လံ ရှာဖွေနေတယ်လို့ အသိပေးထားပါတယ်။


မတူပီမြို့နယ်အတွင်းမှာ တိုက်ပွဲတွေဆက်လက်ဖြစ်လာနိုင်တာကြောင့် မိဘပြည်သူများအနေနဲ့ စစ်ရေး သတိရှိကြဖို့ CDF မတူပီက တိုက်တွန်းထားပါတယ်။


========================


📌📌 ၆။ မြောင်မှာ စစ်ကြောင်းထိုးပြီး ကျောက်ရစ်ရဲစခန်းကို ပြန်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို PDF များ တိုက်ခိုက်


ဒီဇင်ဘာလ၂၀ရက်။

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်ရှိ သနပ်ကုန်းရွာ၊ ကျောက်တန်းရွာများကို စစ်ကြောင်းထိုးပြီး ကျောက်ရစ်ရဲစခန်းကို ပြန်လာတဲ့ စစ်ကောင်စီတပ်အား မောင်းသူမဲ့ လေယာဉ်ငယ်များဖြင့် ဗုံးသီး အလုံး ၅၀ နီးပါး ကျဲချ တိုက်ခိုက်ခဲ့တယ်လို့ စစ်ကိုင်းခရိုင်၊ အမှတ် () တပ်ရင်း Myaung Special People Defence Force - MSPDF အဖွဲ့က သတင်းထုတ်ပြန် ထားပါတယ်။


ဒီဇင်ဘာ ၁၈ ရက် နံနက် နာရီခန့်က စတင်ပြီး အဆိုပါ စစ်ကောင်စီ စစ်ကြောင်းကို မဟာမိတ် တပ်ဖွဲ့များက Shar Htoo Waw နည်းပညာသုံး တိုက်ခိုက်ရေး မောင်းသူမဲ့ တိုက်ခိုက်ရေး လေယာဥ်ငယ်များဖြင့် Air Bomb (၁၂) လုံး လက်လုပ် Rocket (၁၂) လုံး လက်လုပ် (၆၀) မမ ၂၃ လုံး တို့အား နံနက် ၁၀ နာရီ ၄၅ မိနစ်ခန့် အထိ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ MSPDF အဖွဲ့က အသိပေး ထားပါတယ်။


အဆိုပါ တိုက်ခိုက်မှုများတွင် စစ်ကောင်စီတပ်မှ အများအပြား ထိခိုက်ဒါဏ်ရာ ရရှိခဲ့ပြီး နှစ်ဦး ဒါဏ်ရာပြင်းထန်ကြောင်း MSPDF အဖွဲ့ရဲ့ ပြန်ကြားရေး တာဝန်ခံက ပြောပြပါတယ်။


အဆိုပါ စစ်ဆင်ရေးကို စစ်ကိုင်းခရိုင် အမှတ် () တပ်ရင်း MSPDF/MSDF နဲ့ မြင်းခြံခရိုင် အမှတ် () တပ်ရင်း၊ အမှတ် () တပ်ရင်း၊ အမှတ် () တပ်ရင်း၊ အမှတ် () တပ်ရင်း၊ မိတ္ထီလာခရိုင် အမှတ် () တပ်ရင်း၊ အမှတ် () တပ်ရင်း၊ ချောက် PDF ကျေးရွာတပ်ပေါင်းစု၊ ချင်းတွင်းတပ်ပေါင်းစု (Zone 6) MBTT-LDF အောင်သပြေညီနောင် (ကျောက်ဆည်) KTTM(GBF) တို့ ပူးပေါင်း တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။


ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၂ ရက် ကလည်း ကျောက်ရစ်စခန်းမှ ထွက်လာတဲ့ အင်အား ၄၀ ခန့်ပါ စစ်ကောင်စီ စစ်ကြောင်းကို CDSOM 001 ဒရုန်းအဖွဲ့က ဒရုန်းဖြင့် ဗုံးချ တိုက်ခိုက်ခဲ့ ပါသေးတယ်။


========================


📌📌 ၇။ သထုံမြို့နယ်တွင် စစ်ကောင်စီရဲ့ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီး တစ်ဦးသေဆုံး


သထုံ၊ ဒီဇင်ဘာ ၂၀ရက်။

သထုံမြို့နယ်၊ ကျုံမှိန်ကျေးရွာတွင် စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦး လက်နက်ကြီး ထိမှန်သေဆုံးခဲ့တယ်လို့ ဒေသခံတွေ ဆီကနေ သိရပါတယ်။


ဒီဇင်ဘာလ ၁၉ ရက်နေ့ ၁၁ နာရီ ဝန်းကျင်ခန့်တွင် သထုံမြို့နယ် အခြေစိုက် စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ ၂၄ နဲ့ အမြောက်တပ် အမတ ၄၀၂ တို့မှ ကော့လှိုင်းကျေးရွာအုပ်စုဘက်ကို လက်နက်ကြီးဖြင့် အချက်ရေ ၄၀ နီးပါး ပစ်ခတ်ခဲ့တယ်လို့ ဒေသခံက ဆိုပါတယ်။


စစ်ကောင်စီရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့်  ကော့လှိုင်းကျေးရွာအုပ်စု ကျုံမှိန်ကျေးရွာနေ အသက် ၂၆ နှစ် အရွယ်ရှိ နော်ဖောတမော လက်နက်ကြီးကျည် ထိမှန်ကာ သေဆုံးခဲ့တယ်လို့ ဒေသခံက ပြောပြပါတယ်။


အဆိုပါ သေဆုံးသူ အမျိုးသမီးတွင် ကိုယ်ဝန် ရှိနေပြီး အသက် နှစ်အရွယ် ကလေးငယ် တစ်ဦးလည်း ကျန်ရစ်ခဲ့တယ်လို့ ဒေသခံက ဆက်ပြောပြပါတယ်။


ပြီးခဲ့တဲ့ ဒီဇင်ဘာလ ရက်နေ့ကလည်း စစ်ကောင်စီ အမြှောက်တပ် အမတ ၃၁၄ က ဘီးလင်း မြို့နယ်နဲ့ သထုံမြို့နယ် အတွင်းရှိ ကျေးရွာတွေကို လက်နက်ကြီး ၂၃ ချက်ထက်မနည်း ပစ်ခတ်ခဲ့ပြီး အဝန်းကြီး ကျေးရွာနေ အသက် ၄၆ နှစ်အရွယ် ရွာသားတစ်ဦး လက်နက်ကြီး ထိမှန်သေဆုံး ခဲ့ပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက်ကိုခန့် နဲ့ မင်းစစ်သွေးတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment