📌 (ချင်း တိုင်းရင်းသား - Mün မွန်း ဘာသာစကား) ထုတ်လွှင့်မှု အစီအစဥ် ၂၀၂၄ မတ်လ ( ၂၄ ) ရက်နေ့ နောက်ဆုံးရပြည်တွင်းသတင်းများ
📌📌 ၁။ မင်းတပ်မြို့နယ်မှာ လေပြင်းတိုက်ခတ်သွား၊ နေအိမ်၊ အဆောက်အအုံတွေ အမိုးလန်ပျက်စီး
မင်းတပ်မြို့နယ် တိုက်နယ်အမှတ် ၁၊ ၂၊ ၃ အပါအဝင် ကျေးရွာအများစုမှာ မတ်လ ၂၁ ရက် ည ၆ ကျော်က စတင်တို၊က်ခတ်တဲ့ လေပြင်းကြောင့် ကျေးရွာအတွင်းရှိ နေအိမ်အဆောက်အအုံတွေ ပျက်စီးမှုရှိတယ်လို့ သိရပါတယ်။
လေပြင်းကြောင့် နေအိမ်အမိုးလန်တာ၊ အကာတွေပျက်စီးမှုရှိတယ်လို့ The Mindat Post က ဆက်သွယ်မေးမြန်းတဲ့ တိုက်နယ်အမှတ် ၁၊ ၂၊ ၃ ဒေသခံတွေက ပြောပါတယ်။
ဒီရက်ပိုင်း မင်းတပ်မြို့နယ်အပါအဝင် ချင်းပြည်အတွင်းက မြို့နယ်တွေမှာ မိုးသည်းထန်ပြီး ရွာသွန်းနေတာပါ။
မိုး၊ဇလနဲ့ မိုးလေဝသဆိုင်ရာ ကျွမ်းကျင်သူတွေကတော့ (မတ် ၂၂) အထိ ချင်းပြည်အပါအဝင် ဒေသတချို့မှာ မိုးရွာသွန်းမှု ဆက်ရှိနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။
========================
📌📌 ၂။ မြန်မာစစ်ဘေးရှောင် ကျောင်းသားတဦး မီဇိုရမ်ပြည်နယ်အဆင့် အိုလံပစ်ပြိုင်ပွဲမှာ ပထမရရှိ
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ မြန်မာစစ်ဘေးရှောင်စခန်းတခုမှာ နေထိုင်တဲ့ အသက် ၁၇ နှစ်အရွယ် ချင်းလူမျိုး၊ မင်းတပ်မြို့နယ်ဒေသခံ ဆလိုင်းပီတာဟာ မီဇိုရမ်ပြည်နယ်အဆင့် အိုလံပစ်ပြိုင်ပွဲမှာ ဝင်ယှဉ်ပြိုင်ခဲ့ပြီး ပထမရတယ်လို့ သိရပါတယ်။
(မတ်လ ၂၀) က မီဇိုရမ်ပြည်နယ်၊ အိုက်ဇောမြို့မှာ ပြုလုပ်တဲ့ ပြည်နယ်အဆင့်အိုလံပစ်မှာ သူသင်ကြားနေတဲ့ကျောင်း Class – 9 (ကိုးတန်း) ကိုယ်စားပြုအဖြစ် ဝင်ရောက် ဖြေဆိုရတာပါ။
“ကျနော်တို့ဖြေတဲ့သူက ၆ တန်းကနေ ၁၀ တန်းထိပေါ့ အယောက် ၈၀ နီးပါးဖြစ်မယ်၊ တကျောင်းကို တယောက်နှုန်းဖြေရပါတယ်။ Mathematic နဲ့ Science ဖြေရတာ။” လို့ ဆလိုင်းပီတာက ပြောပါတယ်။
ဆလိုင်းပီတာရဲ့ မိဘနှစ်ပါးလုံးဟာ မြန်မာနိုင်ငံ စစ်တပ်အာဏာသိမ်းမှုကို အကြမ်းမဖက်ဆန့်ကျင်တဲ့ CDM မှာ ပါဝင်ထားသူတွေဖြစ်ပြီး မင်းတပ်မြို့နယ်ကနေ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ကို စစ်ဘေးရှောင်နေရသူတွေလို့လည်း သိရပါတယ်။
========================
📌📌 ၃။ မင်းတပ်မှာ မြေမြှပ်မိုင်းပေါက်လို့ အမျိုးသားတဦး ခြေနှစ်ဖက်လုံး ဆုံးရှုံးပြီး ဇနီးဖြစ်သူ ထိခိုက်ဒဏ်ရာရ
မင်းတပ်မြို့ပေါ်မှာ စစ်ကောင်စီထောင်တဲ့ မြေမြှပ်မိုင်းပေါက်ကွဲလို့ အရပ်သားတဦး ပြင်းထန်ဒဏ်ရာ ရထားတယ်လို့ သိရပါတယ်။
(မတ်လ ၁၈) မနက်ပိုင်း မင်းတပ်မြို့ အရှေ့ပြင်ရပ်ကွက်မှာ ဇနီးမောင်နှံ နှစ်ဦး အခုလိုမြေမြှပ်မိုင်း နင်းမိတာလို့ အရှေ့ပြင်မှာ နေထိုင်သူက The Mindat Post ကို ပြောပါတယ်။
“ဥယျာဉ်သွားတဲ့လမ်းမှာ မို၊င်းထိသွားတာလို့ ကြားရတယ်ပေါ့နော်၊ အခုဆေးကုပေးနေကြတယ်တဲ့၊ အမျိုးသားက ခြေထောက် တဖက်မရှိတော့ဘူး၊ နောက်တဖက်က ပေါင်ကျိုးတယ်၊ သူ့ဇနီးလည်း မစိုးရိမ်ရတဲ့ ဒဏ်ရာရတယ်။”
မြေမြှပ်မို၊င်းနင်းမိတဲ့ အမျိုးသားဟာ အသက် ၂၅ နှစ်ဝန်းကျင်လို့သိရပြီး ဇနီးဖြစ်သူကတော့ အသက် ၂၈ နှစ်လောက်ရှိတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၅ ရက်နေ့ကလည်း မင်းတပ်မြို့၊ အရှေ့ပြင်ရပ်ကွက် မီးသတ်ရုံးအနီး မြေမြှပ်မိုင်းနင်းမိတဲ့ အသက် ၁၄ နှစ်အရွယ် အမျိုးသမီးကလေးငယ်တဦး ခြေထောက်တဖက်ဆုံးရှုံးရပြီး ထိခိုက်သူတချို့ရှိခဲ့ပါတယ်။
မင်းတပ်မြို့နဲ့ ၁၀ မိုင်ပတ်လည်မှာ စစ်ကောင်စီက မြေမြှပ်မိုင်းထောင် တင်းကျပ်ထားတာမျိုးရှိနေသလို ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်) ကလည်း ပြည်သူသွားလာတဲ့ လမ်းပေါ်က မြေမြှပ်မို၊င်းတွေ ရှင်းလင်းဆောင်ရွက်မှု ပြုလုပ်နေတာရှိတယ်လို့ ပြောဆိုထားပါတယ်။
အခု မတ်လထဲမှာ မင်းတပ်မြို့နယ်အတွင်း စစ်ကောင်စီရဲ့ လေကြောင်းတို၊က်ခိုက်မှုအပါအဝင် ခလရ ၂၇၄ ကနေ လ၊က်နက်ကြီး ပစ်ခတ်တာတွေကြောင့် အရပ်သားထိခိုက်သေ၊ဆုံးမှုနဲ့ နေအိမ်အဆောက်အအုံ ပျက်စီးမှုတွေလည်း များနေပါတယ်။
========================
📌📌 ၄။ ဟားခါးမှာ လူငယ်တွေ စစ်မှုထမ်းဖို့ စခေါ်
ချင်းပြည်၊ ဟားခါးမြို့မှာ စစ်ကောင်စီက အရွယ်ရောက်ပြီးတဲ့ လူငယ်တွေ စစ်မှုထမ်းရမယ်လို့ စတင်ဆင့်ခေါ်နေပါတယ်။
ဆင့်ခေါ်ခံရသူတွေအနေနဲ့ သတင်းပေးပို့ဖို့ ပျက်ကွက်ရင် အရေးယူမယ်လို့လည်း ဟားခါးမြို့နယ်စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့က ဆိုပါတယ်။
စစ်ကောင်စီဟာ အသက်ပြည့်ပြီးနိုင်ငံသားတိုင်း စစ်မှုမထမ်းမနေရ ဥပဒေကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၀ ရက်က အတည်ပြုကြေညာပြီးတဲ့နောက် လာမယ့်ဧပြီလကုန်မှာ အပတ်စဉ် ၁ ခေါ်ယူသွားမှာ ဖြစ်ပါတယ်။
၂၀၂၄ ဧပြီလကုန်မှာ စစ်မှုထမ်းဥပဒေ အပတ်စဉ် ၁ ခေါ်ယူသွားဖို့ စစ်ကောင်စီကပြင်ဆင်နေပြီး အမျိုးသမီးတွေကို ဆင့်ခေါ်ဖို့ လတ်တလော အစီအစဉ်မရှိသေးကြောင်း (ဖေဖော်ဝါရီ ၂၀) မှာ နောက်ထပ် ထုတ်ပြန်ပါတယ်။
စစ်ကောင်စီရဲ့ ပြည်သူ့စစ်မှုထမ်းတာဝန် ထမ်းဆောင်တဲ့နေရာမှာ ၂၀၁၉ ကြားဖြတ်သန်းခေါင်စာရင်းအရ အကျုံးဝင်တဲ့ လူဦးရေ ၁၃ သန်းရှိပြီး အဲဒီထဲမှာ အမျိုးသားလူဦးရေ ၆ သန်းကျော်ရှိတယ်လို့ စစ်ကောင်စီ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
စစ်ကောင်စီရဲ့ စစ်မှုထမ်း ဥပဒေအရ အသက် ၁၈ နှစ် ကနေ ၃၅ နှစ်အကြား အမျိုးသားတိုင်းနဲ့ အသက် ၁၈ နှစ်ကနေ အသက် ၂၇ နှစ်ထိအမျိုးသမီးတိုင်း စစ်မှုထမ်းရမှာပါ။
စစ်မှုထမ်းကာလဟာ သာမန်လူတွေအတွက် ၂ နှစ်ဖြစ်ပြီး၊ ပညာသည်တွေအတွက် ၃ နှစ် ဖြစ်ပါတယ်။
ဒါပေမယ့် အရေးပေါ် အခြေအနေတွေမှာ ဘယ်သူ့ကိုမဆို စစ်မှုထမ်းကာလ ၅ နှစ်အထိ တာ၀န်ထမ်းဆောင်ဖို့ သက်တမ်းတိုးမြှင့်နိုင်တယ်လို့ ပြဋ္ဌာန်းပါတယ်။
စစ်မှုထမ်းဖို့ ငြင်းဆန်သူတွေ၊ စစ်မှုထမ်းခြင်းမှ ရှောင်လွဲဖို့ကြိုးစားသူတွေကို ထောင်ဒဏ်ကျခံစေမယ်လို့ စစ်ကောင်စီက ခြိမ်းခြောက်ထားပါတယ်။
စစ်မှုထမ်းဥပဒေနဲ့ ပတ်သက်ပြီး စာရင်းကောက်ယူမှုတွေ မင်းတပ်မြို့ပေါ်မှာလည်း စစ်ကောင်စီက ပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်မှုထမ်းဥပဒေကြေညာချက် ထွက်လာအပြီး အမှန်တကယ်လ၊က်နက်ကိုင်တော်လှန်လိုသူ၊ အလင်းဝင်လိုသူတွေအနေနဲ့ CDF မင်းတပ်ရဲ့ လူမှုကွန်ယက် စာမျက်နှာကတဆင့် ဆက်သွယ်နိုင်သလို ကာကွယ်ရေးဖက်ကနေ စိစစ်ပြီး လက်ခံသွားမယ်လို့ ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်) စစ်ဦးစီးချုပ်ရုံးက ဖေဖော်ဝါရီ ၁၂ ရက်နေ့ The Mindat post ကို ပြောပါတယ်။
No comments:
Post a Comment