အကြမ်းဖက်စစ်တပ်က ဆန်ဈေးတက်တာကို အတင်းအကျပ် ဈေးချခိုင်းလို့ ဆန်ရောင်းသူများ အရှုံးခံ ရောင်းချနေရ









အကြမ်းဖက်စစ်တပ်က ဆန်ဈေးတက်တာကို အတင်းအကျပ် ဈေးချခိုင်းလို့ ဆန်ရောင်းသူများ အရှုံးခံ ရောင်းချနေရ

ကိုမြင့်သူ (Radio NUG) ဇွန် ၂၈၊ ၂၀၂၄


အကြမ်းဖက်စစ်တပ်က ၂၀၂၁ အာဏာသိမ်းပြီးတဲ့နောက် ၃ နှစ်အတွင်း ရွှေနဲ့ဒေါ်လာငွေကြေးကအစ ဆန်နဲ့ ဆီလို အခြေခံစားကုန်တွေမှာလည်း ကုန်ဈေးနှုန်းမတည်ငြိမ်တာ အဆမတန် ဈေးတက်လာတာတွေ ဖြစ်ပွားပြီးတဲ့နောက် စစ်အာဏာရှင်တို့ရဲ့ ထုံးစံအတိုင်း ကုန်စည်ထုတ်လုပ်မှု ကွင်းဆက်ကို လုပ်ထုံးလုပ်နည်းနဲ့ ဥပဒေအရ ပုံမှန်ထိန်းကျောင်းနိုင်တာမရှိဘဲ ဈေးကွက်ထဲကို ရောက်ရှိလာတဲ့ ကုန်စည်တွေကို အကြပ်ကိုင် ဖိအားပေး ဈေးချပစ်တဲ့နည်းကို အစဥ်တစိုက် ကျင့်သုံးလာခဲ့ပါတယ်။ 

လတ်တလောမှာလည်း ဆန်ဈေးတက်တာကို စနစ်တကျ ဖြေရှင်းနိုင်တဲ့ အစီအမံတွေထက် ဆန်ကုန်သည်တွေကို ခေါ်ယူ စစ်ဆေးပြီး ဆန်တတင်းခွဲအိတ် လက်လီဈေးကို ဈေးကွက်ပေါက် ဈေးထက် ဆန်အမျိုးအစားအလိုက် အမြင့်ဆုံး ကျပ်ငါးသောင်းလောက်အထိ ချပစ်ထားသလို ဆန်ကုန်သည်တွေ အရှုံးခံ ရောင်းချနေရပါတယ်။ ဒီအခြေအနေကို ရန်ကုန်မြို့ အခြေစိုက်ဝါးတန်းဆန် ကုန်စည်ဒိုင်မှ ဆန်အကျိုးဆောင်တဦးက အခုလို ပြောပါတယ်။

“လောလောဆယ်ကတော့ ဆုံးရှုံးမှုကတော့ ရှိတာပေါ့ အစ်မ။ အပြင်မှာ ပေါက်တဲ့ ဈေးနဲ့ အောက်ခြေမှာဖြစ်တဲ့ဈေးက အနည်းဆုံး တစ်သောင်းလောက် ဟတော့ အနည်းဆုံးတော့ ပွင့်ပွင့်လင်းလင်းပြောရင်တော့ နိုင်ငံတော်နဲ့ ပြည်သူတွေ အဆင်ပြေအောင် အရှုံးခံပြီးတော့ ပူးပေါင်းဆောင်ရွက်တာပေါ့ အစ်မရယ်။ ဒါပေမဲ့ တခု ပိုကောင်းအောင်ကတော့ အောက်ခြေမှာလည်း စပါးဈေးတွေကျအောင် လုပ်ပေးနိုင်ရင်တော့ ပိုကောင်းတာပေါ့။ အဲဒါဆိုရင် ကျွန်တော်တို့လည်း ရေရှည်မှာ ၁၄ ခွဲနဲ့ ကွာလတီကောင်းကောင်းကို ရေရှည် လိုက်လုပ်ပေးနိုင်မှာပေါ့နော်။”

စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် တိုးတက်လာနိုင်တာမရှိတဲ့ မြန်မာ့စီးပွားရေးအခြေအနေကို ကမ္ဘာ့ဘဏ်က ထောက်ပြခဲ့သလိုပဲ ခေါင်းပုံဖြတ်ထားတဲ့ ပို့ကုန်ရငွေမူဝါဒတွေကြောင့် မြန်မာ့စီးပွားရေး ကျဆင်းလာခဲ့ပါတယ်။ သွင်းကုန်ပစ္စည်းတွေကလည်း ၃ ဆမက တက်လာတဲ့အတွက် မြန်မာ့လယ်ယာလုပ်ငန်းမှာ တဧက စိုက်ပျိုး ကုန်ကျစရိတ်တွေ မြင့်တက်လာပါတယ်။ အဲဒီနောက် စပါးကနေ ဆန်ဖြစ်လာအောင် ကြိတ်ခွဲထုတ်လုပ်တဲ့ လုပ်ငန်းမှာလည်း လျှပ်စစ်မီး မရရှိတဲ့အတွက် စက်သုံးဆီကို ဝယ်ယူ အသုံးပြုရလို ဆန်ကြိတ်ခွဲစရိတ်တွေကလည်း အဆင့်ဆင့် မြင့်တက်လာပါတယ်။ ဒါကြောင့် ဆန်ဈေးကစားလိုသူ အချို့ရှိနေပေမယ့်လည်း စိုက်ပျိုးထုတ်လုပ်မှုစရိတ်တွေကလည်း သိသိသာသာ မြင့်တက်လာတဲ့အတွက် ဈေးကွက် ပေါက်ဈေးကို ကျော်လွန်ပြီး ဆန်ဈေးတွေကို ဖိအားပေးချပစ်တာက ဆန်စပါး စိုက်ပျိုးထုတ်လုပ်တဲ့ လုပ်ငန်းကွင်းဆက်တခုလုံးကို ထိခိုက်လာစေမှာ ဖြစ်ပါတယ်။ ဒီအခြေအနေကို ရွှေဘိုမြို့နယ်က ပေါ်ဆန်းစပါး စိုက်ပျိုး ထုတ်လုပ်သူ တောင်သူတဦးက အခုလို ပြောပါတယ်။


“တို့ရဲ့ ထုတ်လုပ်တဲ့ကုန်ပေါ့၊ စပါး(ဈေး)ဟာ သိပ်ပြီးတော့ နိမ့်သွားရင် ငါတို့မှာ ကျေးဇူးမများနိုင်ဘူး။”

ဒါကြောင့် အကြမ်းဖက်စစ်တပ်ရဲ့ မတည်ငြိမ်နိုင်တဲ့ ကုန်ဈေးနှုန်းကို ထိန်းချုပ်ပုံက စနစ်တကျ ကိုင်တွယ်ဆောင်ရွက်နိုင်တာ မရှိတဲ့အတွက် အကျိုးစီးပွားကို ဖြစ်ထွန်းစေတဲ့ ဈေးကွက်စီးပွားရေးစနစ်ကို ကျောခိုင်းလို့လာနေပါတယ်။ ဒီအခြေအနေက ကုန်သည်တွေကို ဖိအားပေး အကျပ်ကိုင်ပြီးရင် တောင်သူကိုလည်း ကျွန်လို၊ နွားလိုရုန်း စပါးစိုက်ခိုင်းပြီး ဝမ်းစာပါမချန် ခေါင်းပုံဖြတ်စပါး ပြန်သိမ်းတဲ့ ကုန်သွယ်လယ်ယာ တာဝန်ကျေ စပါးသွင်းရတဲ့ အခြေအနေကို ပြန်ရောက်တဲ့အထိ ခေတ်နောက်ပြန်ဆွဲ ဆုတ်ယုတ်လာစေမှာ ဖြစ်ပါတယ်။

Share:

No comments:

Post a Comment