၂၀၂၄ ဇူလိုင်လ ၂၆ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ စစ်ရေးလှိုင်းတွေဟာ မန္တလေး အထိဆင်းလာပြီဖြစ်တဲ့အတွက် NUGအစိုးရအနေနဲ့ စစ်ရေးကဏ္ဍနဲ့အတူ အုပ်ချုပ်ရေးကဏ္ဍအတွက်ပါ စဥ်းစားပြင်ဆင် လုပ်ဆောင်စရာတွေများတဲ့ကာလလို့ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား
📌 ၂။ မိုးကုတ်အောင်ပွဲမှာ ပြည်သူများကသပြေပန်းများနှင့် မိသားစုသဖွယ်နွေးထွေးစွာဖြင့် တော်လှန်ရေးရဲဘော်များကို ကြိုဆိုမှု ပြည်သူ့မေတ္တာဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီး မှတ်ချက်ပြု
📌 ၃။ ဘီလူးချောင်းအောက်ပိုင်းတွင်နေထိုင်ကြသော စစ်ဘေးရှောင်များအနေဖြင့် အထူးသတိထားနေထိုင်ကြရန်နှင့် အရေးပေါ် ရွှေ့ပြောင်းရန်လိုအပ်ပါက မိုးဗြဲကယ်ဆယ်ရေးအဖွဲ့ထံ ချိတ်ဆက်အကူအညီ တောင်းခံနိုင်တယ်လို့ ဒုဝန်ကြီးခွန်စောဖူးအသိပေးဆို
📌 ၄။ "ရမခ" ကို ရအောင်သိမ်းပေးတဲ့အတွက် MNDAA နဲ့ ပူးပေါင်းတပ်ဖွဲ့များကို ကျေးဇူးအထူးတင်ရှိတယ်လို့ ဒေါက်တာထွန်းအောင်ရွှေပြောကြား
📌 ၅။ လားရှိုးမြို့အနီး စစ်စခန်းများ ဆုတ်ခွာရပြီး မိုးကုတ်မှ စစ်စခန်းများ ပြန်လည် ပေါင်းစည်းရမှုသာရှိကာ မြို့ ၂ ခုစလုံး မကျဟု အကြမ်းဖက်စစ်ကောင်စီ၏ သတင်းမှန်ကြားရေးက ငြင်းဆို
📌 ၆။ စစ်တပ်ကျေးရွာအုပ်ချုပ်ရေးမှူးတွေ ကောက်ယူထားတဲ့ ပြည်သူ့ငွေကြေး ပြည်သူ့ထံ ပြန်လည်အပ်နှံ
📌 ၇။ နိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသား(၄၉)ဦး သေဆုံးခဲ့ပြီး ထိုအရေအတွက်တွင် အသက် ၁၈ နှစ်အောက် သေဆုံးသူ(၃)ဦး ပါဝင်
၂၀၂၄ ခုနှစ် ဇူလိုင်လ ၂၆ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ မိုးကုတ်မြို့သိမ်းစစ်ဆင်ရေးတွင် ပါဝင်နေတဲ့ မန္တလေး PDFမှ တိုက်ပွဲဓာတ်ပုံများ ထုတ်ပြန်
🚩 ၂။ သပိတ်ကျင်းမြို့နယ်၊ တွင်းငယ်ရဲစခန်းကို KIA ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်
🚩 ၃။ နောင်ချိုမြို့နှင့် မိုးမိတ်မြို့တွင် တိုက်ပွဲဆက်လက်ဖြစ်ပွား
🚩 ၄။ ၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂) တိုက်ပွဲဖြစ်ပွားခဲ့သည့် (၁)လအတွင်း စစ်ကောင်စီမှလေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား (၁၂၅)ဦး သေဆုံးပြီး(၁၆၇)ဦး ဒဏ်ရာရ
🚩 ၅။ ကရင်အမျိုးသားအစည်းအရုံး - KNU ၏ စံပြခေါင်းဆောင် ပဒိုနော်စီဖိုးရာစိန် ကွယ်လွန်ခြင်းအပေါ် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA မှ ဝမ်းနည်းကြောင်းသဝဏ်လွှာ ပေးပို့
🚩 ၆။ ထန်တလန်မြို့ပေါ်က စစ်သား ၁ ဦး ရဲ ၁ ဦး ချင်းပြည်အစိုးရတပ်ဖွဲ့ထံ လက်နက်နှင့်တကွ အလင်းဝင်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ စစ်ရေးလှိုင်းတွေဟာ မန္တလေး အထိဆင်းလာပြီဖြစ်တဲ့အတွက် NUGအစိုးရအနေနဲ့ စစ်ရေးကဏ္ဍနဲ့အတူ အုပ်ချုပ်ရေးကဏ္ဍအတွက်ပါ စဥ်းစားပြင်ဆင် လုပ်ဆောင်စရာတွေများတဲ့ကာလလို့ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား
ဇူလိုင်လ ၂၅ရက်။
RadioNUG
စစ်ရေးလှိုင်းတွေဟာ မန္တလေး အထိဆင်းလာပြီဖြစ်တဲ့အတွက် NUGအစိုးရအနေနဲ့ စစ်ရေးကဏ္ဍနဲ့အတူ အုပ်ချုပ်ရေးကဏ္ဍအတွက်ပါ စဥ်းစားပြင်ဆင်လုပ်ဆောင်စရာတွေ များတဲ့ကာလလို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကပြောပါတယ်။
ဇူလိုင်၂၅ရက် ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ် (၂၇/၂၀၂၄)ကျင်းပရာ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကပြောပါတယ်။
"မြောက်ပိုင်းစစ်ဒေသရဲ့ စစ်ရေးအရှိန်မြှင့်မှုတွေနဲ့ အောင်မြင်မှုတွေဟာ ကျွန်တော်တို့ တော်လှန်ရေးအတွက် အင်မတန်စိတ်အားတက်စရာတွေ ဖြစ်ပါကြောင်း။ စစ်ရေးလှိုင်းတွေဟာ မန္တလေးအထိဆင်းလာပြီဖြစ်တဲ့အတွက် ကျွန်တော်တို့အစိုးရအနေနဲ့ စစ်ရေးကဏ္ဍနဲ့အတူ အုပ်ချုပ်ရေး ကဏ္ဍအတွက်ပါ စဥ်းစားပြင်ဆင်လုပ်ဆောင်စရာတွေ အင်မတန်များတဲ့ ကာလလည်းဖြစ်ပါကြောင်း။ စစ်ရေးအခြေအနေတွေကို လေ့လာပြီး နယ်မြေဒေသအလိုက် လိုအပ်သလို ပြင်ဆင်ထားမှသာ နယ်မြေစိုးမိုးမှုနဲ့အတူ အုပ်ချုပ်ရေးယန္တရား ထူထောင်မှုတွေကို ကောင်းကောင်းလုပ်ဆောင် နိုင်မှာဖြစ်ပါကြောင်း။ ကော်မတီအနေနဲ့တော့ သက်ဆိုင်ရာဝန်ကြီးဌာနအလိုက် စီမံရတာတွေကလည်း ပိုပိုများလာ နိုင်ဖွယ်ရှိတာကြောင့် ရှိတဲ့လူ့စွမ်းအားအရင်းအမြစ်နဲ့ အကန့်အသတ်ရှိတဲ့အချိန်ကို ကောင်းစွာစီမံနိုင်ကြဖို့ လိုအပ်ပါကြောင်း"ဝန်ကြီးချုပ်ကပြောပါတယ်။
ဒါ့အပြင် စစ်အုပ်စုရဲ့ ဒုက္ခ ပေးဒဏ်တွေကို ခါးစည်းခံနေရတဲ့ ပြည်သူတွေကိုအစိုးရ အဆင့်ဆင့် တာဝန်ရှိသူတွေက တတ်နိုင်သမျှကြိုးစား အကာအကွယ်ပေးကြရမှာဖြစ်တယ်လို့ ဝန်ကြီးချုပ်ကထပ်လောင်းပြောပါတယ်။
ဆက်လက်ပြီး တက်ရောက်လာကြသော ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအဖွဲ့ဝင်များမှ(၂၆/၂၀၂၄)တွင် ချမှတ်ထားသော ဆုံးဖြတ်ချက်၊ ရှေ့လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ပြီးစီးမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိနေသည့် လုပ်ငန်းစဉ်များကို ချပြရှင်းလင်းပြီး တက်ရောက်လာသော တာဝန်ရှိသူများမှ အကျယ်တဝင့် ဆွေးနွေးခဲ့ကြပါတယ်။
========================
📌📌 ၂။ မိုးကုတ်အောင်ပွဲမှာ ပြည်သူများကသပြေပန်းများနှင့် မိသားစုသဖွယ်နွေးထွေးစွာဖြင့် တော်လှန်ရေးရဲဘော်များကို ကြိုဆိုမှု ပြည်သူ့မေတ္တာဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီး မှတ်ချက်ပြု
ဇူလိုင်လ ၂၅ရက်။
RadioNUG
မိုးကုတ်မြို့အောင်ပွဲမှာ ပြည်သူများကသပြေပန်းများနှင့် မိသားစုသဖွယ်နွေးထွေးစွာဖြင့် တော်လှန်ရေးရဲဘော်များကို ကြိုဆိုမှု ပြည်သူ့မေတ္တာဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကမှတ်ချက်ပြုဆိုပါတယ်။
ဇူလိုင်၂၅ရက် ဆိုရှယ်မီဒီယာမှာ NUGနိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က "ပြည်သူ့မေတ္တာ"လို့ဆိုထားပါတယ်။
မိုးကုတ်မြို့သိမ်းတိုက်ပွဲမှာ အောင်ပွဲရရှိ၍ မြို့ထဲဝင်လာသော တော်လှန်ရေးရဲဘော်များကို ပြည်သူများက သပြေခက်များကမ်းပေး၍ ကြိုဆိုခဲ့ပြီး သက်ကြီးရွယ်အို အဘွားအိုတချို့ကလည်းတော်လှန်ရေးရဲဘော်များကို မြေးအဘွားသဖွယ်ကြိုဆိုခဲ့ကြပါတယ်။
အဆိုပါရုပ်သံများကိုပြည်သူလူထုတရပ်လုံးကနှစ်သက်သဘောကျကာပျော်ရွှင်မှုများကူးစက်ခဲ့တယ်လို့သိရပါတယ်။
တအာင်းပြည် တပ်မဟာ(၂)နယ်မြေ မိုးကုတ်မြို့ရှိ စစ်ကောင်စီတပ်စခန်း အားလုံးတို့ကို တအာင်းတပ်မတော် TNLA မှဇူလိုင်၂၄ရက်ညနေ(၅း၀၀)နာရီအချိန်တွင် ရှင်းလင်းချေမှုန်း သိမ်းပိုက်နိုင်ခဲ့ပါတယ်။
========================
📌📌 ၃။ ဘီလူးချောင်းအောက်ပိုင်းတွင်နေထိုင်ကြသော စစ်ဘေးရှောင်များအနေဖြင့် အထူးသတိထားနေထိုင်ကြရန်နှင့် အရေးပေါ် ရွှေ့ပြောင်းရန်လိုအပ်ပါက မိုးဗြဲကယ်ဆယ်ရေးအဖွဲ့ထံ ချိတ်ဆက်အကူအညီ တောင်းခံနိုင်တယ်လို့ ဒုဝန်ကြီးခွန်စောဖူးအသိပေးဆို
ဇူလိုင်လ ၂၅ရက်။
RadioNUG
ဘီလူးချောင်းအောက်ပိုင်းတွင် နေထိုင်ကြသော စစ်ဘေးရှောင်များအနေဖြင့် အထူးသတိထားနေထိုင်ကြရန်နှင့် အရေးပေါ် ရွှေ့ပြောင်းရန်လိုအပ်ပါက မိုးဗြဲကယ်ဆယ်ရေးအဖွဲ့ထံ ချိတ်ဆက်အကူအညီ တောင်းခံနိုင်တယ်လို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုဝန်ကြီးခွန်စောဖူးက ဇူလိုင်လ ၂၅ရက်မှာပြောပါတယ်။
"မိုးဗြဲတောင်ဘက်တစ်ကြောနဲ့ စစ်ရှောင်တွေတော့ ပစ္စည်းတွေစပြီးရွှေ့နေကြပြီ။ စစ်ရှောင်နေရင်းနဲ့ပဲရေဘေးကို ထပ်ရှောင်နေရတာရှိတယ်။ ကရင်နီထဲဘုရားဖြူနေရာလည်း မကြာမီမှာရေမြုပ်သွားနိုင်တဲ့အနေအထားရောက်သွားလိမ့်မယ်ဗျ"လို့ဒုဝန်ကြီးခွန်စောဖူးကradio NUGကိုဖြေကြားပါတယ်။
လက်ရှိမှာ ဘီလူးချောင်းရေအမှတ်သည် နှစ်စဉ် စီးဆင်းသည့်ရေမာဏထက် ကျော်လွန်လာပြီဖြစ်ကာ ဇူလိုင်၂၄ရက်မှ ၂၅ရက်အထိ ၆ပေကျော်အထိ လျင်မြန်စွာ ရေတက်လာပြီဖြစ်တယ်လို့သိရပါတယ်။
ထို့ကြောင့်ဘီလူးချောင်း အောက်ပိုင်းတွင်နေထိုင်ကြသော စစ်ဘေးရှောင်များအနေဖြင့် အထူးသတိထားနေထိုင်ကြရန်နှင့် အရေးပေါ် ရွှေ့ပြောင်းရန်လိုအပ်ပါက မိုးဗြဲကယ်ဆယ်ရေးအဖွဲ့ထံ ချိတ်ဆက်အကူအညီ တောင်းခံနိုင်တယ်လို့ဒုဝန်ကြီးက ဆိုပါတယ်။
========================
📌📌 ၄။ "ရမခ" ကို ရအောင်သိမ်းပေးတဲ့အတွက် MNDAA နဲ့ ပူးပေါင်းတပ်ဖွဲ့များကို ကျေးဇူးအထူးတင်ရှိတယ်လို့ ဒေါက်တာထွန်းအောင်ရွှေပြောကြား
ဇူလိုင်လ ၂၅ရက်။
RadioNUG
"ရမခ"ကို ရအောင်သိမ်းပေးတဲ့အတွက် MNDAA နဲ့ ပူးပေါင်းတပ်ဖွဲများကို ကျေးဇူး အထူးတင်ရှိတယ်လို့ဒေါက်တာထွန်းအောင်ရွှေပြောကြားလိုက်ပါတယ်။
ဇူလိုင်၂၅ရက် ဆိုရှယ်မီဒီယာမှာသြစတြေးလျ NUGကိုယ်စားလှယ်ဒေါက်တာထွန်းအောင်ရွှေကပြောပါတယ်။
"၃၁.၇.၂၀၂၄ မတိုင်မီ "ရမခ" ကို ရအောင်သိမ်းပေးတာ နိုင်ငံရေးအရ အရမ်းကို အဓိပ္ပာယ်ရှိသွားပါတယ်။ MNDAAနဲ့ ပူးပေါင်းတပ်ဖွဲများကို ကျေးဇူးအထူးပါ"လို့ပြောပါတယ်။
"၂၃ ရက်ကြာ တိုက်ပွဲများ ဖြစ်ပွားပြီးနောက် MNDAAတပ်မတော်မှ လားရှိုးမြို့ အရှေ့မြောက်စစ်ဒေသဌာနချုပ်ကို ဇူလိုင် ၂၅ ရက် နံနက် ၄ နာရီတွင် လုံးဝသိမ်းပိုက်နိုင်ခဲ့တယ်"လို့ထုတ်ပြန်ဖော်ပြပါတယ်။
========================
📌📌 ၅။ လားရှိုးမြို့အနီး စစ်စခန်းများ ဆုတ်ခွာရပြီး မိုးကုတ်မှ စစ်စခန်းများ ပြန်လည် ပေါင်းစည်းရမှုသာရှိကာ မြို့ ၂ ခုစလုံး မကျဟု အကြမ်းဖက်စစ်ကောင်စီ၏ သတင်းမှန်ကြားရေးက ငြင်းဆို
ဇူလိုင်လ ၂၅ရက်။
RadioNUG
လားရှိုးမြို့အနီး စစ်စခန်းများ ဆုတ်ခွာရပြီး မိုးကုတ်မှ စစ်စခန်းများ ပြန် လည် ပေါင်းစည်းရမှုသာရှိကာ မြို့ ၂ ခုစလုံး မကျဟု အကြမ်းဖက်စစ်ကောင်စီ၏ သတင်းမှန်ကြားရေးမှ ပုံမှန်ငြင်းဆိုတတ်တဲ့ အကြမ်းဖက် ဇော်မင်းထွန်းအစား အကြမ်းဖက် ဗိုလ်မှူးဇော်မင်းက ငြင်းဆိုခဲ့ပါတယ်။
မိုးကုတ်တွင် စစ်ရေးအခြေအနေအရ စစ်တပ်က လုံခြုံရေးစခန်းများကို ပေါင်းစည်းမှုများ လုပ်ဆောင်ကြောင်း၊ မိုးကုတ်တွင် ပြည်သူများ TNLA အပါအဝင် တော်လှန်ရေးတပ်များကို သောင်းသောင်းဖျဖျ ကြိုဆိုမှုမှာလည်း အစစ်အမှန်မဟုတ်ဘဲ ဝါဒဖြန့်နိုင်ရန် လုပ်ကြံရိုက်ကူးထားခြင်း ဖြစ်ကြောင်း၊ ကြိုဆိုသူများ သက်ဆိုင်ရာတော်လှန်ရေးအဖွဲ့များ၏ မိသားစုဝင်များနှင့် သစ္စာမဲ့ CDM ဝန်ထမ်းများ စုစည်းပြီး ဝါဒဖြန့် လုပ်ကြံ ရိုက်ကူးခြင်းဖြစ်ကြောင်း ပြောဆိုထားပါတယ်။
လားရှို့မြို့ ကျသွားသည်၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များ လက်နက်ချသည်ဆိုမှာ မဟုတ်မှန်ကြောင်း၊ လားရှိုးမြို့ကို ဆက်လက်တိုက်ခိုက်ရာတွင် စိတ်ဓာတ်စစ်ဆင်ရေးအတွက် ကုန်းညောင်ရွာအနီးရှိ လေ့ကျင့်ရေးတပ်ကို တိုက်ခိုက်သည့်နေရာတွင် ဖမ်းဆီးရရှိသည့် စစ်ပညာကို လုံလုံလောက်လောက် သင်ကြားရရှိမှု မရှိသေးသည့် သင်တန်းသားများနှင့် နည်းပြအချို့ကို အသုံးချကာ လက်နက်ချသည့်ပုံစံ ဝါဒဖြန့်နေကြောင်း၊ လားရှိုးမြို့အနီးဝန်းကျင်က စစ်စခန်းများကို စွန့်လွှတ်စွန့်ခွာထားရသော်လည်း MNDAA အဆင့်ဆင့် ခံစစ်ဆင် ချေမှုန်းလျက်ရှိကြောင်း၊ လားရှိုးမြို့ကို အမြန်ဆုံး ထိန်းချုပ်နိုင်ရေး ဆောင်ရွက်နေကြောင်း အကြမ်းဖက်စစ်ကောင်စီက ငြင်းဆိုသွားပါတယ်။
========================
📌📌 ၆။ စစ်တပ်ကျေးရွာအုပ်ချုပ်ရေးမှူးတွေ ကောက်ယူထားတဲ့ ပြည်သူ့ငွေကြေး ပြည်သူ့ထံ ပြန်လည်အပ်နှံ
ဇူလိုင်လ ၂၅ရက်။
RadioNUG
ရေတာရှည်မြို့နယ် အနောက်ခြမ်း ဆံတော်ပို့အုပ်စုရှိ စစ်တပ်ကျေးရွာအုပ်ချုပ်ရေးမှူးတွေက တစ်အုပ်စုလျှင် ပြည်သူ့စစ် ၂ယောက် ပေးရမည်ဖြစ်ကာ လူမပေးနိုင်ပါက တစ်အုပ်စုကို ငွေသိန်း ၅၀ ပေးရတယ်လို့ ပကဖအသံမှ သတင်းဖော်ပြထားပါတယ်။
ဒေသခံလူထုကို ခြိမ်းခြောက်ကာ ငွေတောင်းခံနေတဲ့အကြောင်း ကျေးရွာပကဖများထံ တိုင်ကြားခဲ့တယ်လို့ သိရပါတယ်။
ဒါကြောင့် ရေတာရှည်ပကဖအဖွဲ့က လူထုထံက ကောက်ခံထားတဲ့ ငွေကြေးတွေကို အုပ်ချုပ်ရေးမှူးများထံ သွားရောက်တောင်းယူပြီး ဒေသခံတွေဆီ ပြန်လည်ပေးအပ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
========================
📌📌 ၇။ နိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသား(၄၉)ဦး သေဆုံးခဲ့ပြီး ထိုအရေအတွက်တွင် အသက် ၁၈ နှစ်အောက် သေဆုံးသူ(၃)ဦး ပါဝင်
ဇူလိုင်လ ၂၅ရက်။
RadioNUG
နိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသား(၄၉)ဦး သေဆုံးခဲ့ပြီး ထိုအရေအတွက်တွင် အသက် ၁၈ နှစ်အောက် သေဆုံးသူ (၃)ဦး ပါဝင်တယ်လို့သိရပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသော သတင်းအချက်အလက်များအရ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့မှ ၂၅ ရက်နေ့အထိ နိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသား (၄၉)ဦး သေဆုံးခဲ့သည်ကို အမည်နှင့်တကွ မှတ်တမ်းတင်နိုင်ခဲ့ပြီး ထိုအရေအတွက်တွင် အသက် ၁၈ နှစ်အောက် သေဆုံးသူ (၃)ဦး ပါဝင်တယ်လို့ဖော်ပြပါတယ်။
အဆိုပါ(၄၉)ဦးအနက် သေဆုံးရသည့် အကြောင်းအရင်းအနေဖြင့် (၂၃)ဦးမှာ စစ်အုပ်စု၏ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် အများဆုံး သေဆုံးခဲ့ပြီး၊ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် (၇)ဦး သေဆုံးခဲ့ရပါတယ်။
ဇူလိုင်လ ၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှ ဆားလင်းကြီးမြို့နယ်သို့ ချင်းတွင်းမြစ်ကို ဖြတ်ကူးလာသည့် အကြမ်းဖက်စစ်အုပ်စုသည် ပေါင်းဝကျေးရွာ၌ ဆိုင်ကယ်စီးနင်းလာသော အသက် ၁၃ နှစ်အရွယ် မောင်မင်းခန့်ကျော်ကို သေနတ်ဖြင့် ပစ်ခတ်ခဲ့သောကြောင့် ဦးခေါင်းကျည်ထိမှန်၍ နေရာတွင်ပင် သေဆုံးခဲ့ကာ ထိုရုပ်အလောင်းကို မြစ်အတွင်းသို့ စွန့်ပစ်ခဲ့ပြီး ဒေသခံများက လိုက်ရှာစဉ် မြစ်ကမ်းစပ်တစ်နေရာ၌ ယင်းည ၁၂ နာရီခွဲခန့်အချိန်တွင် ရုပ်အလောင်းကို ပြန်လည်တွေ့ရှိခဲ့ပါတယ်။
အခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းထောက်မင်းသီဟန်နဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ မိုးကုတ်မြို့သိမ်းစစ်ဆင်ရေးတွင် ပါဝင်နေတဲ့ မန္တလေး PDFမှ တိုက်ပွဲဓာတ်ပုံများ ထုတ်ပြန်
ဇူလိုင်လ ၂၅ရက်။
RadioNUG
ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)ဦးဆောင်သော မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များသည် ၂၀၂၄ ခုနှစ် ဇူလိုင်လ(၂၄)ရက်နေ့ ညနေ(၅)နာရီဝန်းကျင်တွင် မိုးကုတ်မြို့အား အပြီးသတ် သိမ်းယူနိုင်ခဲ့ပြီဖြစ်ပြီး မိုးကုတ် စစ်ဆင်ရေးများတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)၏ ဒရုန်းတပ်ဖွဲ့သည် မဟာမိတ်များနှင့် ဟန်ချက်ညီညီ လက်တွဲ၍ စစ်ဆင်ရေးများကို ဖော်ဆောင်ခဲ့နိုင်ခဲ့တယ်လို့ မန္တလေး PDFက သတင်းထုတ်ပြန်ပါတယ်။
မိုးကုတ်မြို့သည် ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)မှ ဆင်နွှဲနေသော စစ်ဆင်ရေးများတွင် နောင်ချို၊ စဉ့်ကူးအပြင် တတိယမြောက် သိမ်းယူနိုင်ခဲ့သောမြို့လည်း ဖြစ်ပါတယ်။
========================
🚩🚩 ၂။ သပိတ်ကျင်းမြို့နယ်၊ တွင်းငယ်ရဲစခန်းကို KIA ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်
ဇူလိုင်လ ၂၅ရက်။
Radio NUG
ဇူလိုင်လ ၂၅ ရက်နေ့ နံနက် ၁၁ နာရီ ၂၀ မိနစ်ခန့်တွင် မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ တွင်းငယ်ရဲစခန်းကို KIA ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်နိုင်ကြောင်း စစ်ရေးသတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။
လက်နက်ခဲယမ်းများနှင့် ကားများ သိမ်းဆည်းရရှိခဲ့ပြီး KIA ၊ KPDF နှင့်ABSDF ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရပါတယ်။
========================
🚩🚩 ၃။ နောင်ချိုမြို့နှင့် မိုးမိတ်မြို့တွင် တိုက်ပွဲဆက်လက်ဖြစ်ပွား
ဇူလိုင်လ ၂၅ရက်။
RadioNUG
ဇူလိုင်လ ၂၅ရက်နေ့ မွန်လွဲပိုင်း (၂:၅၀)နာရီအချိန်မှာ တအာင်းပြည် တပ်မဟာ(၂)နယ်မြေ နောင်ချိုမြို့ ရေဖြူရွာတွင် စစ်အင်အားဖြည့်တင်းလာသော စစ်ကောင်စီတပ်နှင့် ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း TNLAမှ သတင်းထုတ်ပြန်ပါတယ်။
အလားတူ တပ်မဟာ(၃)နယ်မြေ မိုးမိတ်မြို့တွင် ညနေ(၅:၁၆)နာရီအချိန်မှာ စစ်ကောင်စီ လက်ကျန်တပ်စခန်းတစ်ခု ဖြစ်သည့် မိုးမိတ်ဗျူဟာကုန်းကို တအာင်းတပ်မတော် TNLA မှ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ထို့ပြင် မိုးမိတ်မြို့တွင် စစ်ကောင်စီတပ် ကျန်ရှိနေသော ဗျူဟာကုန်းအတွင်းသို့ စစ်ကောင်စီတပ်မှ Y12ဖြင့် လက်နက်ခဲယမ်းများ (၁)ကြိမ် လာရောက်ကျဲကြခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၄။ ၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂) တိုက်ပွဲဖြစ်ပွားခဲ့သည့် (၁)လအတွင်း စစ်ကောင်စီမှလေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား (၁၂၅)ဦး သေဆုံးပြီး(၁၆၇)ဦး ဒဏ်ရာရ
ဇူလိုင်လ ၂၅ရက်။
RadioNUG
PSLF/TNLA နှင့် မဟာမိတ်တပ်များက ၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂)ကို ဇွန်လ(၂၅)ရက်နေ့တွင် စတင်ဆင်နွှဲခဲ့ကာ ဇူလိုင်(၂၅)ရက်နေ့သည်(၁)လပြည့်ခဲ့ပြီဖြစ်ပြီး တိုက်ပွဲဖြစ်ပွားခဲ့သည့်(၁)လအတွင်း စစ်ကောင်စီမှ လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သား (၁၂၅)ဦးသေဆုံးပြီး (၁၆၇)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အပြင် နေအိမ်(၉၃)အိမ်၊ ဘုန်းကြီးကျောင်း (၈)ကျောင်းနှင့် စာသင်ကျောင်း (၇)ကျောင်း ထိခိုက်ပျက်စီးသွားခဲ့ကြောင်း TNLAမှ သတင်းထုတ်ပြန်ပါတယ်။
ကျောက်မဲမြို့နယ်တွင် တိုက်ပွဲ (၁)လအတွင်း စစ်ကောင်စီမှ လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုကြောင့် အမျိုးသမီး(၁၄)ဦး၊ အမျိုးသား(၂၄)ဦး သေဆုံးပြီး အမျိုးသား(၁၅)ဦးနှင့် အမျိုးသမီး (၂၁)ဦး၊ ကလေး(၄)ဦး ထိခိုက်ဒဏ်ရာရရှိကာ နေအိမ် (၃၇) အိမ်၊ ဘုန်းကြီးကျောင်း(၂)ကျောင်းနှင့် စာသင်ကျောင်း(၂)ကျောင်း ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။
နောင်ချိုမြို့နယ်တွင်လည်း အရပ်သား အမျိုးသား(၁၀)ဦး၊ အမျိုးသမီး(၈)ဦးသေဆုံးပြီး အမျိုးသမီး(၃)ဦးနှင့် အမျိုးသား(၁)ဦး ထိခိုက်ဒဏ်ရာရရှိကာ အရပ်သားနေအိမ်(၁၃)အိမ်၊ ဘုန်းကြီးကျောင်း(၁)ကျောင်းနှင့် စာသင်ကျောင်း (၁)ကျောင်း ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ထို့အပြင် မိုးကုတ်မြို့နယ်တွင်လည်း အမျိုးသမီး(၈)ဦး၊ ကလေး(၉)ဦး၊ အမျိုးသား (၁၁)ဦး သေဆုံးပြီး အမျိုးသား (၂၆)ဦး၊ အမျိုးသမီး (၂၂)ဦးနှင့် ကလေး (၁၀)ဦး ထိခိုက်ဒဏ်ရာရကာ လူနေအိမ်(၂၉)အိမ် ဘုန်းကြီးကျောင်း (၂)ကျောင်း ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
မိုးမိတ်မြို့နယ်တွင်လည်း အရပ်သား အမျိုးသား(၁)ဦးနှင့် အမျိုးသမီး(၂)ဦးသေဆုံးပြီး အမျိုးသား (၈)ဦး၊ အမျိုးသမီး (၄)ဦး ဒဏ်ရာရရှိကာ နေအိမ် (၅)အိမ် စာသင်ကျောင်း (၂)ကျောင်း ထိခိုက်ပျက်စီးခဲ့ပါတယ်။
အလားတူ လားရှိုးမြို့တွင်လည်း အမျိုးသား (၂၁)ဦး၊ အမျိုးသမီး(၁၂)ဦး ကလေး(၅)ဦးသေဆုံးပြီး အမျိုးသား(၂၇)ဦး၊ အမျိုးသမီး(၂၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ အရပ်သားနေအိမ်(၉)အိမ်၊ ဘုန်းကြီးကျောင်း (၃)ကျောင်းနှင့် စာသင်ကျောင်း(၂)ကျောင်းထိခိုက်ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။
သီပေါမြို့တွင်လည်း အရပ်သားပြည်သူ(၅)ဦး လက်နက်ကြီးစထိမှန် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
တိုက်ပွဲ (၁)လအတွင်း စစ်ကောင်စီက စစ်ရှုံး၍ အရပ်သားများရှိရာသို့ ဦးတည်ကာ လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်လာခဲ့မှုကြောင့် ဒေသခံ (၃၀၀၀၀)ကျော် ဘေးလွတ်ရာ တိမ်းရှောင်နေကြရကြောင်း ထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၅။ ကရင်အမျိုးသားအစည်းအရုံး - KNU ၏ စံပြခေါင်းဆောင် ပဒိုနော်စီဖိုးရာစိန် ကွယ်လွန်ခြင်းအပေါ် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA မှ ဝမ်းနည်းကြောင်းသဝဏ်လွှာ ပေးပို့
ဇူလိုင်လ ၂၅ရက်။
RadioNUG
ကရင်အမျိုးသားအစည်းအရုံး - KNU ၏ ခေါင်းဆောင်ကောင်း၊ ကရင်လူမျိုးတို့၏ စံပြခေါင်းဆောင် ပဒိုနော်စီဖိုးရာစိန်၊ အသက် ၆၉ နှစ်အရွယ်တွင် ကွယ်လွန်သည်ဟု ကြားသိရသည့်အတွက် မိမိတို့ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး - PSLF/TNLA မှ ကရင်လူမျိုး၊ KNU အဖွဲ့အစည်း အပါအဝင် မိသားစုဝင်များနှင့် ထပ်တူ ဝမ်းနည်းညှိုးငယ်ရပါကြောင်း သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။
စစ်အာဏာရှင် အပြီးတိုင်ချေမှုန်းရှင်းလင်းပြီး၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုနိုင်ငံကို အားလုံး အတူတကွ ကြိုးပမ်းတည်ဆောက်နေဆဲကာလတွင် ရပ်တည်ချက် ခိုင်မာပြတ်သားသည့် ခေါင်းဆောင်ကောင်းကို ဆုံးရှုံးရသည်မှာ ဖော်ပြ၍မရနိုင်သည့် ဆုံးရှုံးမှုကြီးတစ်ရပ် ဖြစ်ပါကြောင်း၊
ကရင်အမျိုးသမီးအရေး၊ ကရင်လူမျိုးအရေးတို့အပြင် မြန်မာပြည်အမျိုးသမီးအရေး၊ မြန်မာတိုင်းရင်းသား ပြည်သူလူထုတစ်ရပ်လုံးအရေးတို့ကို KNU ဒုတိယဥက္ကဋ္ နှင့် အထွေထွေအတွင်းရေးမှူးဟူသော မြင့်မားသည့် တာဝန်များကို ထမ်းဆောင်ခဲ့သည့် ပဒိုနော်စီဖိုးရာစိန်၏ ခေါင်းဆောင်မှုကို မိမိတို့ အစဉ်အမြဲ အောက်မေ့သတိရ မှတ်တမ်းတင်နေမည် ဖြစ်ပါကြောင်း၊
တော်လှန်ရေးခေါင်းဆောင်ကောင်းတို့မည်သည် သေလွန်သော် ဖြူစင်မြင့်မြတ်ရာတွင် ကိန်းဝပ်ရမြဲဖြစ်ပြီး၊ ပြည်သူတို့၏ စိတ်နှလုံး၌ ထင်ကျန်ရစ်မြဲဖြစ်ကြောင်း၊
ပဒိုနော်စီဖိုးရာစိန် ကောင်းရာသုဂတိဘုံတွင် ရောက်ရှိခံစားနိုင်ပါစေကြောင်း ဝမ်းနည်းကြောင်းသဝဏ်လွှာတွင် ရေးသားဖော်ပြထားပါတယ်။
========================
🚩🚩 ၆။ ထန်တလန်မြို့ပေါ်က စစ်သား ၁ ဦး ရဲ ၁ ဦး ချင်းပြည်အစိုးရတပ်ဖွဲ့ထံ လက်နက်နှင့်တကွ အလင်းဝင်
ဇူလိုင်လ ၂၅ရက်။
RadioNUG
ဇူလိုင်လ ၂၅ ရက်နေ့တွင် ထန်တလန်မြို့ပေါ်ရှိ စကစတပ်သား တစ်ဦးနှင့် ရဲတစ်ဦးတို့က အကြမ်းဖက်စကစထံ တာဝန်ထမ်းဆောင်လိုခြင်း မရှိတော့သည့်အပြင် ပြည်သူ့တော်လှန်ရေးတွင် ပါဝင်မည်ဟု ဝန်ခံလျက်
ချင်းပြည်အစိုးရတပ်ဖွဲ့ထံ လက်နက်နှင့်တကွ အလင်းဝင်လာကြောင်း Chinland Defense Force Thantlang မှ သတင်းထုတ်ပြန်ပါတယ်။
MA 2 တစ်လက်၊ G3 တစ်လက်၊ ကျည်ဘောက် ၈ ခု၊ ကျည်ဆံ ၁၈၅ တောင့်၊ Grenade ၁ ခု၊ ၄၀ မမ နှစ်ခု နှင့် ကျည်ကာ တစ်ခု)နှင့်အတူ ပူးပေါင်းပါဝင်ခဲ့တယ်လို့ သိရပါတယ်။
ထိုသို့ ပါဝင်ပူးပေါင်းသည့် နှစ်ဦးကို ချီးမြှင့်ငွေ သိန်း ၅၀ စီ ပေးအပ်ပြီး လုံခြုံသည့် နေရာသို့ ပို့ဆောင်ပေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ချင်းပြည်အစိုးရတပ်ဖွဲ့က Tilim Operation ၄ ဖော်ဆောင်တိုက်ပွဲဝင်လျက်ရှိသည့်အတွက် ပြည်သူ့တော်လှန်ရေးအတွင်း ပါဝင်ရန် ဆန္ဒရှိပါက အမြဲတခါးဖွင့် ကြိုဆိုလျက်ရှိကြောင်း အသိပေးထုတ်ပြန်ထားပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း ကောက်နုတ်ချက်တွေကိုတော့ Radio NUGသတင်းထောက် မင်းသီဟန်နဲ့ ခါးရှဲလ်တို့ကပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment