၂၀၂၄ ဇူလိုင်လ ၂၇ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့နှင့် ပျဉ်းကတိုးကုန်းကျေးရွာအုပ်စုရှိ ကျောက်တန်းကလေးရွာအား အကြမ်းဖက်စစ်အုပ်စုက လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခတ်ကျူးလွန်မှုများကို အပြစ်ပေးအရေးယူနိုင်ရေး အစွမ်းကုန်တာဝန်ယူဆောင်ရွက်သွားပါမည်ဟုထုတ်ပြန်
📌 ၂။ စစ်ခေါင်းဆောင်မွေးနေ့မှာကျွေးတဲ့ အစားအသောက်တွေကြောင့် အင်းစိန်ထောင်က အကျဥ်းသား ၁၅၀ ကျော် ဝမ်းပျက်၊ ဝမ်းလျှောဖြစ်
📌 ၃။ သာယာဝတီမှာ မြစ်မခမြစ်ရေအတက်ကြမ်းတာကြောင့် ရေတိုက်စားပြီး စံရွေးတံတား ပြိုကြပျက်စီး
📌 ၄။ သူဌေးချောင်းဆည် စိုးရိမ်ရေမှတ်ကိုကျော်လွန်လာပြီဖြစ်တာကြောင့် ဆည်အနီးမှာရှိတဲ့ဒေသခံတွေ ချက်ချင်း ရွှေ့ပြောင်း ကြဖို့ AA သတိပေး
၂၀၂၄ ခုနှစ် ဇူလိုင်လ ၂၇ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ လားရှိုးမြို့သိမ်းတိုက်ပွဲမှာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်က ဦးစီးအရာရှိ၊ဆေးတပ်ရင်းမှူးနဲ့ တိုက်စည်း ဒုကျောင်းအုပ် အပါအဝင် အဆင့်မြင့် အရာရှိများသေဆုံး
🚩 ၂။ MNDAA က လားရှိုးမြို့ကို သိမ်းပိုက်ထိန်းချုပ်ထားမှုအခြေအနေ ညီနောင်၃ဖွဲ့က ထုတ်ပြ
🚩 ၃။ မိုးကုတ်ဗျူဟာကုန်း သိမ်းပိုက်ရရှိမှု မှတ်တမ်းဓာတ်ပုံများ ထုတ်ပြန်
🚩 ၄။ မိုးမောက် ခမရ-၄၃၇ တပ်ရင်းသိမ်းပိုက်နိုင်ရေး AA၊PDF၊ KPDFတို့နဲ့ ပူးပေါင်းတိုက်ခိုက်နေတယ်လို့ KIA အသိပေး
🚩 ၅။ ကျွန်းစုမြို့နယ်တိုက်ပွဲမှာ စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့နှင့် ပျဉ်းကတိုးကုန်းကျေးရွာအုပ်စုရှိ ကျောက်တန်းကလေးရွာအား အကြမ်းဖက်စစ်အုပ်စုက လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခတ်ကျူးလွန်မှုများကို အပြစ်ပေးအရေးယူနိုင်ရေး အစွမ်းကုန်တာဝန်ယူဆောင်ရွက်သွားပါမည်ဟုထုတ်ပြန်
ဇူလိုင်လ ၂၇ရက်
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့နှင့် ပျဉ်းကတိုးကုန်းကျေးရွာအုပ်စုရှိ ကျောက်တန်းကလေးရွာအား အကြမ်းဖက်စစ်အုပ်စုက လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခတ်ခဲ့သည့် ဖြစ်စဉ်အား အရေးယူဆောင်ရွက်သွားမည်ဟု ဇူလိုင်လ ၂၇ရက်တွင် လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနမှ ထုတ်ပြန်လိုက်ပါသည်။
၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်နေ့နှင့် ၂၃ ရက်နေ့များတွင် မွန်ပြည်နယ်၊ သိမ်ဇရပ်မြို့နှင့် ကျိုက်ထိုမြို့နယ်တို့၌ အကြမ်းဖက်စစ်အုပ်စုက လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သည်။ထို့သို့ ပစ်ခတ်မှုကြောင့် သိမ်ဇရပ်မြို့အရှေ့တောင်ဘက် ရွာ(၄) ရပ်ကွက်၊ ၇ လမ်း၊ လူနေရပ်ကွက် မှအရပ်သား (၁)ဦးနှင့် ပျဉ်းကတိုးကုန်းကျေးရွာအုပ်စု၊ကျောက်တန်းကလေးရွာမှ အရပ်သား(၇)ဦး စုစုပေါင်းပြည်သူ(၈)ဦးတို့ လက်နက်ကြီး အစအနများ ထိမှန် သေဆုံးခဲ့ရသည်။ ထို့ပြင် ကိုယ်ဝန်ဆောင်အမျိုးသမီးအပါအဝင် ပြည်သူ (၉)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ထိုသို့ သေဆုံး၊ထိခိုက်ဒဏ်ရာရသူများအားလုံးသည် စစ်ပွဲကြောင့် စစ်ရှောင်နေရသူများဖြစ်ကြောင်း အသေးစိတ်အချက်အလက်များကို Infograph တွင် လေ့လာနိုင်ပါသည်။
လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေဖြင့် ပြည်သူတစ်ရပ်လုံး တန်းတူညီမျှမှုရရှိရေး၊ ငြိမ်းချမ်းရေးနှင့်တရားမျှတမှုရရှိရေးတည်းဟူသော ဦးတည်ချက်များကို ခိုင်ခိုင်မာမာလက်ကိုင်ဆွဲထား၍ အကြမ်းဖက်စစ်အုပ်စု၏ ကျူးလွန်မှုများကိုအပြစ်ပေးအရေးယူနိုင်ရေး အစွမ်းကုန်တာဝန်ယူဆောင်ရွက်သွားပါမည်ဟုထုတ်ပြန်ထားပါသည်။
========================
📌📌 ၂။ စစ်ခေါင်းဆောင်မွေးနေ့မှာကျွေးတဲ့ အစားအသောက်တွေကြောင့် အင်းစိန်ထောင်က အကျဥ်းသား ၁၅၀ ကျော် ဝမ်းပျက်၊ ဝမ်းလျှောဖြစ်
ဇူလိုင်လ ၂၇ရက်
အဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်မွေးနေ့အဖြစ်ကျွေးတဲ့ အစားအသောက်တွေကြောင့် အင်းစိန်ဗဟိုအကျဉ်း ထောင်မှာရှိတဲ့ နိုင်ငံရေးအကျဉ်းသားတွေအပါအဝင် အကျဥ်းသား ၁၅၀ကျော် ဝမ်းပျက်၊ဝမ်းလျှောဖြစ်ပွားခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် - PPNM က ဒီနေ့ ဇူလိုင် ၂၇ ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။
ဇူလိုင် ၃ ရက်က စစ်ခေါင်းဆောင် မင်းအောင်လှိုင်မွေးနေ့အဖြစ် အင်းစိန်ထောင်ပိုင်ဇော်လင်းအောင်နဲ့ ထောင်အာဏာပိုင် တွေက အင်းစိန်ဗဟိုအကျဉ်းထောင်က အကျဉ်းသားတွေကို ကြက်သားနှင့်ပဲဟင်း ကျွေးခဲ့တာကြောင့် အိမ်ကပို့တဲ့ အစား အသောက်တွေ စားသုံးခွင့်မပြုဘူးလို့ ထောင်တွင်းအမိန့်ထုတ်ပြန်ခဲ့တယ်လို့ ဆိုပါတယ်။
ထောင်အာဏာပိုင်တွေကျွေးတဲ့ ပဲဟင်းနဲ့ကြက်သားဟာ လက်ဆက်မှုမရှိဘဲ သိုးနံ့ထွက်နေတယ်လို့ အကျဉ်းထောင်မှာရှိတဲ့ အကျဉ်းဦးစီးဝန်ထမ်းတွေကို နိုင်ငံရေးအကျဉ်းသားတွေက တင်ပြပြောဆိုခဲ့ပေမယ့် လက်မခံဘဲ ထောင်ကကျွေးတဲ့ အစားအသောက်ကိုသာ စားသောက်ရမယ်လို့ ပြောဆိုခဲ့ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါကြောင့် ဇူလိုင် ၃ ရက်နေ့က အင်းစိန်ဗဟိုအကျဥ်းထောင်အတွင်း မတရားအကျဉ်းချခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူတွေအပါအဝင် အခြားအကျဉ်းသား၊အကျဉ်းသူတွေဟာ ထောင်ကကျွေးတဲ့ ပဲဟင်းနဲ့ကြက်သားဟင်းကိုသာ စားသောက်ခဲ့ရတယ်လို့ PPNMက ပြောပါတယ်။
အခုလို ဖိအားပေးမှုကြောင့် ပဲဟင်းအသိုးတွေကိုစားသောက်ခဲ့ရတဲ့ အကျဉ်းသား၊ အကျဥ်းသူတွေဟာ ဇူလိုင် ၄ ရက်ကစပြီး ဝမ်းပျက်၊ဝမ်းလျှောတာတွေ စတင်ဖြစ်ပွားခဲ့တယ်လို့ PPNM က အသိပေးထားပါတယ်။
ဒါ့အပြင် လုံလောက်တဲ့ ဆေးဝါးတွေမပေးတာကြောင့် ဇူလိုင် ၂၀ ရက်အထိ နေ့စဉ် အကျဉ်းသား ၅ဦးမှ ၁၀ဦးအထိ ကူးဆက်ရောဂါခံစားခဲ့ရပြီး ဝမ်းပျက်ဝမ်းလျောရောဂါခံစားရသူ အနည်းဆုံး ၁၅၀ ခန့်ရှိခဲ့တယ်လို့ သိရပါတယ်။
ဒီဖြစ်စဥ်ကို အင်းစိန်ထောင်အာဏာပိုင်တွေက ဖုံးဖိထားပြီး မိသားစုဝင်တွေပို့တဲ့ အစားအသောက်တွေကြောင့် ဝမ်းပျက် ဝမ်းလျောရောဂါဖြစ်သယောင် ပြောဆိုကာ မိသားစုဝင်တွေပို့တဲ့ ထောင်ဝင်စာများကို ကန့်သတ်နေတယ်လို့လည်း မြန်မာ နိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် - PPNM က အသိပေးထုတ်ပြန်ထားပါတယ်။
========================
📌📌 ၃။ သာယာဝတီမှာ မြစ်မခမြစ်ရေအတက်ကြမ်းတာကြောင့် ရေတိုက်စားပြီး စံရွေးတံတား ပြိုကြပျက်စီး
ဇူလိုင်လ ၂၇ရက်
ပဲခူးတိုင်းအနောက်ခြမ်း သာယာ၀တီမြို့နယ်မှာ မြစ်မခမြစ်ရေအတက်ကြမ်းနေတာကြောင့် စံရွေးတံတား ပြိုကျပျက်စီး သွားတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။
သာယာဝတီမြို့နယ်အတွင်း ဖြတ်သန်းစီးဆင်းနေတဲ့ မြစ်မခမြစ်ရေတက်နေတာကြောင့် ရေတိုက်စားပြီး ကမ်းပါးပြိုသွား တဲ့အတွက် စံရွေးရွာနဲ့ ညောင်ပင်သာရွာကို ဆက်သွယ်ထားတဲ့ စံရွေးအမှတ်-၂ တံတားဟာ ဇူလိုင်လ ၂၆ ရက်နေ့က ပျက်စီးသွားတယ်လို့ ဒေသခံတွေကဆိုပါတယ်။
မြစ်မခမြစ်ရေအတက်ကြမ်းပြီး တံတားတဘက်တချက် ကမ်းပြိုလို့ပျက်စီးသွားပေမယ့် လူထိခိုက်မှုမရှိဘူးလို့ သိရပါတယ်။
ပြိုကျသွားတဲ့တံတားဟာ ညောင်ပင်သာဘက်ကိုသွားတဲ့ အမှတ်-၂ တံတားဖြစ်ပြီး ဖိုးခေါင်ဘက်သွားတဲ့ တံတားကတော့ လက်ရှိအချိန်ထိ စိတ်ချရတယ်လို့ ဒေသခံတွေရဲ့ပြောဆိုချက်ကို ကိုးကားပြီး Tharyarwaddy 8 City သတင်းဌာနက ဖော်ပြ ထားပါတယ်။
မြစ်မခမြစ်ရေဝင်ရောက်မှုကြောင့် သာယာဝတီမြို့နယ်ထဲက ကြခတ်အိုင်၊ စံရွေး၊ ဇွဲငူ၊ ဇီးပွဲ၊ ဒေါဝိ၊ နိဗ္ဗာန်ကုန်း၊ ပတ္တော်၊ ပြည့်စင်ကုန်း၊ ဖိုးခေါင်၊ ဘီးလင်း၊ မြစ်ကျိုး၊ ရှမ်းတော၊ သာယာကုန်း၊ သပြေကုန်း၊ အိပ်လဟာ၊ အိုင်ဂဒုန်၊ အသနော် စတဲ့ ကျေးရွာတွေက ဒေသခံပြည်သူ ထောင်နဲ့ချီပြီး ရေဘေးဒုက္ခကြုံနေရကာ ဆေးရုံဆေးခန်းတွေနဲ့ စာသင်ကျောင်းတွေလည်း ပိတ်ထားရရတယ်လို့ သိရပါတယ်။
========================
📌📌 ၄။ သူဌေးချောင်းဆည် စိုးရိမ်ရေမှတ်ကိုကျော်လွန်လာပြီဖြစ်တာကြောင့် ဆည်အနီးမှာရှိတဲ့ဒေသခံတွေ ချက်ချင်း ရွှေ့ပြောင်း ကြဖို့ AA သတိပေး
ဇူလိုင်လ ၂၇ရက်
ရခိုင်ပြည် သံတွဲမြို့နယ်မှာရှိတဲ့ သူဌေးချောင်းဆည်ရေဟာ စိုးရိမ်ရေမှတ် (အနီရောင်အဆင့်) ကို ကျော်လွန်လာပြီဖြစ်တာ ကြောင့် ဆည်အနီးပတ်ဝန်းကျင်နဲ့ ဆည်ကျရေစီးဆင်းရာလမ်းကြောင်းမှာရှိတဲ့ ကျေးရွာတွေကဒေသခံတွေအနေနဲ့ နီးစပ်ရာ ကုန်းမြင့်တွေနဲ့ ရေဘေးလွတ်ရာနေရာတွေကို "အမြန်ဆုံး" ချက်ချင်းရွှေ့ပြောင်းပေးကြဖို့ ရခိုင့်တပ်တော် AA က အရေးပေါ် သတိပေးလိုက်ပါတယ်။
အဆိုပါ အရေးပေါ် ရေဘေးအန္တရာယ် သတိပေးချက်ကို ဒီနေ့ ဇူလိုင် ၂၇ ရက် မနက် ၁၁ နာရီဝန်းကျင်မှာ ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။
ယခုရက်များအတွင်း ရခိုင်ဒေသအပါအဝင် မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေမှာ အဆက်မပြတ် သည်းထန်စွာရွာသွန်းနေတဲ့ မိုးများကြောင့် မိုးရေချိန်အမှတ်ဟာ စိုးရိမ်ရေမှတ်ကို ကျော်လွန်လာခဲ့ပြီဖြစ်တယ်လို့ ဆိုပါတယ်။
ဒီနေ့ ဇူလိုင်လ ၂၇ ရက် မနက် ၁၀ နာရီခွဲအချိန် တိုင်းတာချက်အရ သံတွဲမြို့ သူဌေးချောင်းဆည်ရေဟာ စိုးရိမ်ရေမှတ် (အနီရောင်အဆင့်) ကို ကျော်လွန်လာနေပြီး ထက်တိုးလာနိုင်တဲ့အလားအလာတွေကို တွေ့နေရလို့လည်း အသိပေးထားပါတယ်။
ရခိုင့်တပ်တော်အနေနဲ့ ပြီးခဲ့တဲ့ရက်ပိုင်းကတည်းက မိုးရွာသွန်းမှုနဲ့ မိုးရေချိန်အမှတ်တွေကြောင့် စိုးရိမ်ရေမှတ် ရောက်လာနိုင် တယ်လို့ ကြိုတင်အသိပေးထားခဲ့ပေမယ့် ဒီနေ့မှာ စိုးရိမ်ရေမှတ်အထက်ကို ကျော်လွန်လာနေပြီဖြစ်တာကြောင့် အခုလို အရေးပေါ် ထုတ်ပြန်ရတာလို့လည်း သိရပါတယ်။
မိဘပြည်သူများအနေနဲ့ မိမိတို့ ကယ်ဆယ်ရေး စေတနာ့ဝန်ထမ်းများတွေနဲ့ပူးပေါင်းဆောင်ရွက်ပေးကြဖို့လည်း ရက္ခိုင် အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် သတင်းနှင့်ပြန်ကြားရေးက တိုက်တွန်းထားပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက်ကိုခန့်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ လားရှိုးမြို့သိမ်းတိုက်ပွဲမှာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်က ဦးစီးအရာရှိ၊ဆေးတပ်ရင်းမှူးနဲ့ တိုက်စည်း ဒုကျောင်းအုပ် အပါအဝင် အဆင့်မြင့် အရာရှိများသေဆုံး
ဇူလိုင်လ ၂၇ရက်
ရှမ်းပြည်နယ်မြောက်ပိုင်းက လားရှိုးမြို့သိမ်းတိုက်ပွဲမှာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်က ဦးစီးအရာရှိ၊ဆေးတပ်ရင်းမှူးနဲ့ တိုက်စည်း ဒုကျောင်းအုပ် အပါအဝင် အဆင့်မြင့် အရာရှိများသေဆုံးသွားတယ်လို့ CDM ဗိုလ်ကြီး ဇင်ယော်က ၎င်းရဲ့ လူမှုကွန်ယက်စာမျက်နှာကနေ အသိပေးထားပါတယ်။
အရှေ့မြောက်တိုင်းစစ်ဌာနချုပ်က ဦးစီးအရာရှိ G1၊ အမှတ် ၁၀ စစ်မြေပြင်ဆေးတပ်ရင်းမှူး၊ တိုက်ပွဲဝင်စည်းရုံးရေး သင်တန်းကျောင်း ဒုကျောင်းအုပ် အပါအဝင် အဆင့်မြင့်စစ်အရာရှိကြီးတွေ သေဆုံးသွားတယ်လို့ ဆိုပါတယ်။
MNDAA စတိုက်ချိန် ဇူလိုင် ၂၆ ရက်နေ့က အမှတ် ၁၀ စစ်မြေပြင်ဆေးတပ်ရင်းမှူးဟာ တပ်ရင်းလိုက် မော်တော်ယာဉ်တပ်ခွဲ ကနေ တိုင်းစစ်ဌာနချုပ်ဘက်ထွက်ပြေးသွားချိန်မှာ ကျည်ထိမှန် သေဆုံးခဲ့တာလို့ သိရပါတယ်။
အရှေ့မြောက်တိုင်းစစ်ဌာနချုပ်က ပြည်သူ့စစ် G1 မှာမူ တိုင်းစစ်ဌာနချုပ်နဲ့ AD မီးပွိုင့်ကြားမှာ သေဆုံးခဲ့တာဖြစ်ပြီး တိုက်ပွဲဝင် စည်းရုံးသင်တန်းကျောင်းမှ ဒုတိယကျောင်းအုပ်မှာမူ ဇူလိုင် ၂၇ ရက်နေ့တိုက်ပွဲမှာ သေဆုံးသွားတာလို့လည်း သိရပတယ်။။
လက်ရှိမှာ MNDAA တပ်တွေက လားရှိုးမြို့တော်ခန်းမ၊ ခလရ ၄၁၊ ခမရ ၅၀၇ ၊ အင်ဂျင်နီယာတပ်ရင်း ၊ အမှတ် ၉၅၉ ဆောက်လုပ်ရေးတပ်ခွဲ၊ အမှတ် ၉၁၂ စစ်မြေပြင် အင်ဂျင်နီယာတပ်ရင်း၊ ရဲစခန်း၊ မူးယစ်ရဲတပ်ဖွဲ့၊ မီးသတ်ဌာန၊ ဆေးရုံကြီး စတဲ့နေရာတွေအပါအဝင် လားရှိုးမြို့လယ်နေရာအားလုံးကို သိမ်းပိုက်ထားနိုင်မှုအခြေအအနေကို ဓာတ်ပုံမှတ်တမ်းနဲ့တကွ ညီနောင်မဟာမိတ် ၃ ဖွဲ့က ထုတ်ပြန်ထားပြီဖြစ်ပါတယ်။
ဒီနေ့ ဇူလိုင်လ ၂၇ နေ့ဟာ ၅၂ နှစ်မြောက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တပ်မွေးနေ့လို့ CDM ဗိုလ်ကြီးတွေက ပြောဆိုနေ တာလည်းရှိပါတယ်။
အကြမ်းဖက်စစ်ကောင်စီပြောခွင့်ရ ဇော်မင်းထွန်းကတော့ လားရှိုးမြို့ကို သိမ်းပိုက်နိုင်ပြီဟု ကြေညာထားမှုဟာ သတင်းအမှားသာဖြစ်ပြီး မဟုတ်မမှန် လုပ်ကြံဝါဒဖြန့်ခြင်းသာဖြစ်တယ်လို့ ငြင်းဆိုနေဆဲဖြစ်ပါတယ်။
========================
🚩🚩 ၂။ MNDAA က လားရှိုးမြို့ကို သိမ်းပိုက်ထိန်းချုပ်ထားမှုအခြေအနေ ညီနောင်၃ဖွဲ့က ထုတ်ပြ
ဇူလိုင်လ ၂၇ရက်
ရှမ်းမြောက်ဒေသက လားရှိုးမြို့ကို MNDAA က သိမ်းပိုက်ထားနိုင်မှုအခြေအနေကို ညီနောင်မဟာမိတ် ၃ ဖွဲ့က ဓာတ်ပုံ မှတ်တမ်းများနဲ့တကွ ထုတ်ဖော်ပြသလိုက်လိုက်ပါတယ်။
လားရှိုးမြို့တော်ခန်းမ၊ ခလရ ၄၁၊ ခမရ ၅၀၇၊ အင်ဂျင်နီယာတပ်ရင်း၊ အမှတ် ၉၅၉ ဆောက်လုပ်ရေးတပ်ခွဲ၊ ရဲစခန်း၊ မူးယစ်ရဲတပ်ဖွဲ့၊ မီးသတ်ဌာနနဲ့ ဆေးရုံကြီးအပါအဝင် လားရှိုးမြို့လယ်ကနေရာတွေမှာ MNDAA တပ်ဖွဲ့ဝင်တွေ အောင်ပွဲ ခံနေတဲ့ ဓာတ်ပုံမှတ်တမ်းတွေကို ညီနောင်မဟာမိတ် ၃ ဖွဲ့က ထုတ်ပြလိုက်တာဖြစ်ပါတယ်။
လားရှိုးမြို့နယ်ကို သိမ်းပိုက်ရရှိထားကြောင်း MNDAA က ဇူလိုင်လ ၂၅ ရက်နေ့မှာ ကြေညာခဲ့ပြီးနောက်တရက်မှာပဲ ညီနောင်မဟာမိတ် ၃ ဖွဲ့က ထပ်မံထုတ်ပြလိုက်တာလည်းဖြစ်ပါတယ်။
အကြမ်းဖက်စစ်ကောင်စီနဲ့ ၎င်းတို့ရဲ့ လော်ဘီတွေဘက်က အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နဲ့လားရှိုးမြို့မကျသေးဘူးလို့ အကြိမ်ကြိမ်ငြင်းဆိုနေတာကို ဓာတ်ပုံမှတ်တမ်းတွေနဲ့တကွ သက်သေပြလိုက်တာလဲဖြစ်ပါတယ်။
လက်ရှိမှာ လားရှိုးမြို့မှာ စစ်ရေးအုပ်ချုပ်မှုကော်မတီဖွဲ့စည်းပြီး အုပ်ချုပ်သွားမယ်လို့ ကိုးကန့်တပ် MNDAA က ကြေညာ ထားပြီးဖြစ်ပါတယ်။
========================
🚩🚩 ၃။ မိုးကုတ်ဗျူဟာကုန်း သိမ်းပိုက်ရရှိမှု မှတ်တမ်းဓာတ်ပုံများ ထုတ်ပြန်
ဇူလိုင်လ ၂၇ရက်
မန္တလေးတိုင်း မိုးကုတ်မြို့မှာရှိတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ မိုးကုတ်ဗျူဟာကုန်းကို သိမ်းပိုက်ရရှိပြီး ဝင်ရောက်စစ်ဆေး နေတဲ့ မှတ်တမ်းဓာတ်ပုံများကို ပြည်သူ့ကာကွယ်ရေးတပ်မတော် မိုးကုတ်ဗျူဟာက ဒီနေ့ ဇူလိုင်လ ၂၇ မှာ ထုတ်ပြန်ပါ တယ်။
TNLA ဦးဆောင်တဲ့ ပူးပေါင်းတပ်ဖွဲ့ဟာ ဇူလိုင်လ ၂၄ ရက် ညနေ ၅ နာရီခန့်မှာ မိုးကုတ်ဗျူဟာကုန်းကို အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး TNLA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့ဝင်တွေ ဝင်ရောက်စစ်ဆေးခဲ့တာလို့ သိရပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေးနဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ဦးဆောင်တဲ့ မဟာမိတ်ပူးပေါင်းတပ်တွေဟာ ဇူလိုင်လ ၂၄ ရက်နေ့ ညနေ ၅ နာရီဝန်းကျင်မှာ မိုးကုတ်မြို့တမြို့လုံးကို အပြီးသတ် သိမ်းယူနိုင်ခဲ့တာလို့ မန္တလေး- PDF ကလည်း ထုတ်ပြန်ထားပြီးဖြစ်ပါတယ်။
အဲဒီမြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေများခဲ့ပြီး လက်နက်ခဲယမ်းအခြောက်အများလည်း သိမ်းဆည်းရရှိခဲ့ပါတယ်။
မြို့သိမ်းတိုက်ပွဲအပြီးမှာ မြို့တွင်းကိုဝင်လာကြတဲ့ TNLA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့ဝင်တွေကို ဒေသခံပြည်သူတွေက သောင်းသောင်းဖျဖျ ကြိုဆိုခဲ့ကြပါတယ်။
ပြည်သူတွေရဲ့ ပျော်ရွှင်မှုဟာ တိုက်ပွဲဝင်ရဲဘော်တွေအတွက် ခွန်အားနဲ့ အင်အားဖြစ်စေကြောင်းနဲ့ မိုးကုတ်မြို့သးမြို့သား အားလုံးဒ ဘေးအန္တရယ်ကင်းပါစေကြောင်း မိုးကုတ်ဗျူဟာက ဆုတောင်းပေးထားပါတယ်။
========================
🚩🚩 ၄။ မိုးမောက် ခမရ-၄၃၇ တပ်ရင်းသိမ်းပိုက်နိုင်ရေး AA၊PDF၊ KPDFတို့နဲ့ ပူးပေါင်းတိုက်ခိုက်နေတယ်လို့ KIA အသိပေး
ဇူလိုင်လ ၂၇ရက်
ကချင်ပြည်နယ် မိုးမောက်မြို့မှာ ကျန်ရှိနေသေးတဲ့ ခမရ-၄၃၇ တပ်စခန်းကို သိမ်းပိုက်ရရှိနိုင်ဖို့ AA၊PDF၊ KPDF တို့နဲ့အတူ ပူးပေါင်းတိုက်ခိုက်နေတယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော်-KIA သတင်းပြန်ကြားရေးဌာနက အသိပေးထားပါတယ်။
KIA၊ AA၊ PDF၊ KPDF ပူးပေါင်းတပ်ဖွဲ့တွေ မိုးမောက်မြို့မှာတပ်စွဲထားတဲ့ ခမရ-၄၃၇ ကို ဇူလိုင် ၂၄ ရက် မနက်ကစပြီး ပြန်လည်ထိုးစစ်ဆင်နေပြီလို့လည်း ဆိုပါတယ်။
ဇူလိုင်လ ၂၅ ရက် ညနေ ၆ နာရီခွဲဝန်းကျင်မှာ မံစီမြို့နယ်မှာရှိတဲ့ ခလရ ၄၇ ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်နဲ့ စစ်သုံးပစ္စည်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့လည်း သိရပါတယ်။
ကချင်လွတ်လပ်ရေးတပ်မတော်-KIA အနေနဲ့ မံစီနှင့်မိုးမောက်မြို့တိုကို ထိန်းချုပ်ထားပြီး လက်ကျန်တပ်စခန်းတွေကို သိမ်းပိုက်နိုင်ရေးကြိုးစားနေတာပဲဖြစ်ပါတယ်။
ဒါနဲ့ပတ်သက်ပြီး CDM ဗိုလ်ကြီးဇင်ယော်က KIA က ခမရ ၄၃၇ ရဲ့ ၀န်းကျင်ကို ထပ်ပြီးရှင်းလင်း နေပြီဖြစ်ပါတယ်။ ဗန်းမော်-မံစီ လမ်းပိုင်းက မံရွတ်စေတီကုန်းကိုလည်းရခဲ့ပြီဖြစ်ပါတယ်။ခမရ ၄၃၇ ဟာ စကခ ၂၁ လက်အောက်ခံတပ် ဖြစ်ပါတယ်လို့ ဆိုပါတယ်။
========================
🚩🚩 ၅။ ကျွန်းစုမြို့နယ်တိုက်ပွဲမှာ စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများ
ဇူလိုင်လ ၂၇ရက်
တနင်္သာရီတိုင်း ကျွန်းစုမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေကြား တိုင်ပွဲတွေဖြစ်နေ ရာမှာ စစ်တပ်ဘက်က ထိခိုက်သေဆုံမှုများနေတယ်လို့ ဒေသတွင်းသတင်းတွေနဲ့ စစ်ရေးသတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။
ကျွန်းစုမြို့နယ်ထဲက ဂျိုးတောင်ရွာနဲ့ဝါးရစ်ရွာများအနီးမှာ ဇူလိုင်လ ၂၀ ရက်ကတည်းက တိုက်ပွဲတွေစတင်ခဲ့တာဖြစ်ပြီး ဇူလိုင် ၂၆ အထိ တိုက်ပွဲငယ်တွေ ဆက်ရှိနေဆဲလို့ မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း-၂က တာဝန်ရှိသူ ကလည်း အတည်ပြုထားပါတယ်။
ဇူလိုင် ၂၄ ရက်နေ့ မနက်ပိုင်းက ဂျိုးတောင်နဲ့ဝါးရစ်ရွာလမ်းဆုံအနီးမှာ တော်လှန်ရေးတပ်တွေနဲ့ အကြမ်းဖက်စစ်ကောင်စီ တပ်တို့ကြား နာရီဝက်ခန့်တိုက်ပွဲဖြစ်ခဲ့ရာမှာ စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုတွေရှိခဲ့ပေမယ့် တော်လှန်ရေးပူးပေါင်းတပ် ဘက်က ထိခိုက်မှုမရှိဘူးလို့ သိရပါတယ်။
အဲဒီနောက် မွန်းလွဲ ၂ နာရီခန့်မှာတော့ ဝါရစ်ရွာအနီးကို အင်အား ၁၀၀ ခန့်နဲ့စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် တွေဟာ တော်လှန်ရေးပူးပေါင်းတပ်တွေထောင်ထားတဲ့ မိုင်းတွေနင်းမိပြီး ၁၀ ဦးကျော် ထိခိုက်သေဆုံးသွားတယ်လို့ ဆိုပါတယ်။
ကျွန်းစုမြို့နယ်မှာ ယခုရက်ပိုင်းအတွင်း ဖြစတဲ့တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်မှ ၃၀ ကျော်သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ အများအပြားရှိခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ပြောဆိုထားတာရှိပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကိုတော့ Radio NUG သတင်းထောက်ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment