၂၀၂၄ ဇူလိုင်လ ၂၇ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ တော်လှန်ရေးအင်အားစုများ သိမ်းပိုက်ထားတဲ့မြို့အချို့မှာ အင်တာနက်ရရှိအောင် လုပ်ပေးနေတယ်လို့ ပြည်ထောင်စုဝန်ကြီးဦးထင်လင်းအောင်ပြောကြား
📌 ၂။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်/ဖက်ဒရယ်ယူနစ်များအကြား ပူးပေါင်းဆောင်ရွက်ရေးကော်မရှင်(FSCC)အတွင်းရေးမှူးအဖွဲ့နှင့် မန္တလေးဒေသ တော်လှန်ရေးအင်အားစုများ တွေ့ဆုံ၍မန္တလေးဒေသ ကြားကာလနိုင်ငံရေးအစီအမံရေးဆွဲရေး အခြေအနေဆိုင်ရာများကိုဆွေးနွေး
📌 ၃။ ပြည်သူတွေရဲ့တော်လှန်ရေးက အရှိန်အဟုန်ရပြီး အကြမ်းဖက်စစ်ကောင်စီ ကျရှုံးလာတာကို ပိုမိုထင်ရှားစွာ တွေ့မြင်လာရတယ်လို့ဆို
📌 ၄။ PDF တွေဟာ တိုက်ပွဲတိုင်းမှာ ပါဝင်နေကြပြီး တိုင်းရင်းသားအင်အားစုတွေနဲ့အတူ အောင်ပွဲခံတာရော စွန့်လွှတ်ပေးဆပ်ရတာရော အတူတူရှိနေကြတယ်လို့ ချက်သမ္မတနိုင်ငံNUG ကိုယ်စားလှယ်ပြောကြား
📌 ၅။ “ကြားကာလတက္ကသိုလ်များ၏ တက္ကသိုလ်ဝင်ခွင့်(ဒုတိယအကြိမ်)လျှောက်ထားနိုင်မည့်ကာလ ရက်တိုးမြှင့်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာန အသိပေးကြေညာ"
📌 ၆။ လားရှိုးမြို့မှာ စစ်ရေးအုပ်ချုပ်မှုကော်မတီ ဖွဲ့စည်းပြီး အုပ်ချုပ်မှာဖြစ်တဲ့အတွက် ဆရာဝန်၊ သူနာပြု၊ ဆရာ၊ဆရာမများနဲ့ အစိုးရဝန်ထမ်းများကို MNDAA ဖိတ်ခေါ်
📌 ၇။ တနင်္သာရီမြို့နယ်အတွင်း ကြားကာလပြည်သူ့အခြေပြု စာသင်ကျောင်းများတွင် ပညာသင်ယူလျက်ရှိသော ကလေးသူငယ်အချို့ပညာသင်စရိတ်အတွက် တနှစ်စာကျပ်တသိန်းပါဝင်ထောက်ပံ့ကူညီနိူင်
📌 ၈။ အကြမ်းဖက်စစ်ကောင်စီမှ ဇော်မင်းထွန်းက ပြည်သူနဲ့ တော်လှန်ရေးတပ်တွေကို ရန်တိုက်ပြီး BPLAကို ဗမာသစ္စာဖောက်လောက်ကောင်ဟု ပြောဆို
၂၀၂၄ ခုနှစ် ဇူလိုင်လ ၂၇ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)မှ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုအန္တရာယ် ကာကွယ်ရေး လမ်းညွန်ပညာပေးမှုများ ဆောင်ရွက်
🚩 ၂။ လားရှိုးမြို့မှာ MNDAA တပ်ဖွဲ့ဝင်တွေ ကင်းလှည့်နေပြီး ထိတွေ့တိုက်ပွဲများ ဆက်ရှိနေ
🚩 ၃။ ၁၀၂၇ စစ်ဆင်ရေးအပိုင်း (၂)(၃၂)ရက်မြောက် မိုးမိတ်မြို့နှင့် ကျောက်မဲမြို့တွင် တိုက်ပွဲဆက်လက်ဖြစ်ပွား
🚩 ၄။ ပုသိမ်ကြီးမြို့နယ်မှ စစ်ကောင်စီ ဒေါက်တိုင် ပျူဒလန်တဦးကို ပစ်ခတ်ရှင်းလင်းခဲ့
🚩 ၅။ သပိတ်ကျင်းမြို့နယ် ချောင်းကြီးကျေးရွာအတွင်းရှိ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းနှင့် လူနေအိမ်များကို(၇)ရက်တိုင်တိုင်အကြိမ်ရေ၅၀ ကျော်ဆက်တိုက်ဗုံးကြဲ၍ အရပ်သားထိခိုက်သေဆုံးမှုများရှိ
🚩 ၆။ မူးမြို့နယ်အတွင်း စစ်ကောင်စီ လက်နက်ကြီးကြောင့် ပြည်သူ ၁ ဦး ထိခိုက်ပြီး နေအိမ် ၃ လုံး ပျက်စီးခဲ့
🚩 ၇။ လားရှိုးတွင် စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား (၃)ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရ
🚩 ၈။ CNO/CNDF က ပြုလုပ်တဲ့ အမျိုးသမီးများ ပါဝင်တဲ့ စနိုက်ပါသင်တန်း ပြီးမြောက်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ တော်လှန်ရေးအင်အားစုများ သိမ်းပိုက်ထားတဲ့မြို့အချို့မှာ အင်တာနက်ရရှိအောင် လုပ်ပေးနေတယ်လို့ ပြည်ထောင်စုဝန်ကြီးဦးထင်လင်းအောင်ပြောကြား
ဇူလိုင်လ ၂၆ရက်။
Radio NUG
တော်လှန်ရေးအင်အားစုများသိမ်းပိုက်ထားတဲ့မြို့အချို့မှာ အင်တာနက်ရရှိအောင် လုပ်ပေးနေတယ်လို့ ပြည်ထောင်စုဝန်ကြီးဦးထင်လင်းအောင်ပြောကြားလိုက်ပါတယ်။
ဇူလိုင်လအတွင်း ဆိုရှယ်မီဒီယာမှာ ဆက်သွယ်ရေး၊သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးထင်လင်းအောင်က အရပ်သားပြည်သူတဦး၏ မေးမြန်းချက်ကိုဖြေကြားခဲ့ပါတယ်။
"လုပ်ပေးနေပါတယ်။ နေရာစုံတော့ မဖြန့်ကျက်နိုင်သေးပါ"လို့ဝန်ကြီးကဆိုပါတယ်။
star link အင်တာနက်ကို သိမ်းပိုက်ခံမြို့ကလူထုသုံးလို့ရအောင် လုပ်ပေးဖို့ အရပ်သားတဦးကတောင်းဆိုပြောကြားခဲ့ပါတယ်။
ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနဟာFederal Net အင်တာနက်ကို တော်လှန်ရေးအင်အားစုတွေတင်မက လူထုပါသုံးစွဲနိုင်ရန် Federal Net အဖွဲ့သားတွေရဲ့ စွမ်းဆောင်ချက်နဲ့ စစ်ကိုင်းတိုင်းအပါအဝင် အချို့မြို့နယ် တိုက်နယ်တွေမှာ စတင်အသုံးပြုလို့ရအောင်ဆောင်ကြည်းပေးနိုင်ခဲ့ပြီးဖြစ်ပါတယ်။
========================
📌📌 ၂။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်/ဖက်ဒရယ်ယူနစ်များအကြား ပူးပေါင်းဆောင်ရွက်ရေးကော်မရှင်(FSCC)အတွင်းရေးမှူးအဖွဲ့နှင့် မန္တလေးဒေသ တော်လှန်ရေးအင်အားစုများ တွေ့ဆုံ၍မန္တလေးဒေသ ကြားကာလနိုင်ငံရေးအစီအမံရေးဆွဲရေး အခြေအနေဆိုင်ရာများကိုဆွေးနွေး
ဇူလိုင်လ ၂၆ရက်။
Radio NUG
အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်/ဖက်ဒရယ်ယူနစ်များအကြား ပူးပေါင်းဆောင်ရွက်ရေးကော်မရှင်(FSCC)အတွင်းရေးမှူးအဖွဲ့နှင့် မန္တလေးဒေသ တော်လှန်ရေးအင်အားစုများ တွေ့ဆုံ၍မန္တလေးဒေသ ကြားကာလနိုင်ငံရေးအစီအမံရေးဆွဲရေး အခြေအနေဆိုင်ရာများကိုဆွေးနွေးခဲ့တယ်လို့သတင်းရရှိပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်/ဖက်ဒရယ်ယူနစ်များအကြား ပူးပေါင်းဆောင်ရွက်ရေးကော်မရှင် (FSCC) အတွင်းရေးမှူးအဖွဲ့နှင့် မန္တလေးဒေသ တော်လှန်ရေးအင်အားစုများအကြား တွေ့ဆုံအစည်းအဝေးကို ယနေ့ ၂၀၂၄ ခုနှစ် ဇူလိုင်လ ၂၆ ရက်တွင် Zoom Platform မှတဆင့် ကျင်းပခဲ့ပါတယ်။
တွေ့ဆုံဆွေးနွေးမှုတွင် FSCC၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေနှင့် မန္တလေးတော်လှန်ရေး အင်အားစုများဘက်မှ မန္တလေးဒေသ ကြားကာလနိုင်ငံရေးအစီအမံရေးဆွဲရေး အခြေအနေဆိုင်ရာများကို တင်ပြကြပြီးနောက် အပြန်အလှန်ရင်းနှီးပွင့်လင်းစွာ တိုင်ပင်ဆွေးနွေးခဲ့တယ်လို့သတင်းရရှိပါတယ်။
အစည်းအဝေးသို့ FSCCအတွင်းရေးမှူးအဖွဲ့ဝင်များ၊ မန္တလေးတိုင်းလွှတ်တော် ကိုယ်စားပြုကော်မတီ(CRMH)နှင့် မန်းဒေသတွင်း ရွေးကောက်ခံ ပြည်သူ့ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီဝင်များ၊ လူထုသပိတ်တိုက်ပွဲ၊ လူထုလှုပ်ရှားမှုဆိုင်ရာ အင်အားစုများ၊ သမဂ္ဂ၊ ကျောင်းသား၊ လူငယ်၊ အမျိုးသမီး အင်အားစုများ၊ CDM ဆိုင်ရာအင်အားစုများ၊ အရပ်ဖက်အဖွဲ့အစည်းဝင်များ၊ တက်ကြွလှုပ်ရှားသူများ၊ မန္တလေးတိုင်းတွင်း ပြည်သူ့အုပ်ချုပ်ရေး၊ ပြည်သူ့ကာကွယ်ရေးကဏ္ဍ တာဝန်ရှိသူများ အစရှိသဖြင့် ကဏ္ဍပေါင်းစုံမှ တော်လှန်ရေး ရဲဘော်ရဲဘက်၊ လုပ်ဖော်ကိုင်ဖက်ဦးရေ (၅၂)ဦးကျော်ပါဝင် တက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၃။ ပြည်သူတွေရဲ့တော်လှန်ရေးက အရှိန်အဟုန်ရပြီး အကြမ်းဖက်စစ်ကောင်စီ ကျရှုံးလာတာကို ပိုမိုထင်ရှားစွာ တွေ့မြင်လာရတယ်လို့ဆို
ဇူလိုင်လ ၂၆ရက်။
Radio NUG
ပြည်သူတွေရဲ့တော်လှန်ရေးကအရှိန်အဟုန်ရပြီး အကြမ်းဖက်စစ်ကောင်စီ ကျရှုံးလာတာကို ပိုမိုထင်ရှားစွာ တွေ့မြင်လာရတယ်လို့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူဦးကျော်ဇော်ကဆိုပါတယ်။
ဇူလိုင်၂၆ရက်မှာ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူဦးကျော်ဇော်က radio NUGကိုအသိပေးပြောကြားပါတယ်။
ဦးကျော်ဇော်(သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ)
"ကျွန်တော်တို့ ပြည်သူတွေရဲ့ တော်လှန်ရေးက အရှိန်အဟုန်ရနေပြီးတော့ အကြမ်းဖက်စစ်ကောင်စီက ကျရှုံးနေတာ ပိုမိုပြီးတော့ ထင်ထင်ရှားရှားတွေ့နေရပြီ။ ကျွန်တော်တို့တော်လှန်ရေး အင်အားစုတွေရဲ့ စစ်ရေးအရအောင်မြင်မှု ကဏ္ဍပေါင်းစုံ အောင်မြင်မှုတွေက တနေ့တခြားပိုမိုတိုးတက်လာတာ မျက်ဝါးထင်ထင်တွေ့မြင်ရပြီပေါ့။ မြို့ကြီးတွေ ကျေးလက်တောရွာတွေမက မြို့ကြီးတွေ စစ်တိုင်းဌာနချုပ်တွေ သိမ်းပိုက်နိုင်တဲ့အထိ တော်လှန်ရေး၊ စစ်ရေးမှာ တိုးတက်လာနေကြတယ်။ တိုးတက်လာနေတဲ့တချိန်တည်းမှာပဲ
ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ဟာ တိုင်းရင်းသားတော်လှန်ရေး အင်အားစုတွေနဲ့ အစဉ်မပြတ် လက်တွဲပြီးတော့ တော်လှန်ရေးအောင်မြင်ဖို့ စစ်အာဏာရှင်အမြန်ဆုံး ချုပ်ငြိမ်းဖို့အတွက် ဆောင်ရွက်နေတယ်။ ဆောင်ရွက်နေတဲ့အခါမှာ စစ်ရေးပူးပေါင်းဆောင်ရွက်မှုတင်မက နိုင်ငံရေးပူးပေါင်း ဆောင်ရွက်မှုတွေအတွက်လည်း ကျွန်တော်တို့တွေ ဆွေးနွေးတိုင်ပင်ပြီးတော့
နိုင်ငံရေးဘုံသဘောတူညီချက်လည်း ရရှိခဲ့တာ ဇန်နဝါရီ ၃၁ ရက်နေ့မှာ ကျွန်တော်တို့ ပြည်သူတွေနဲ့ နိုင်ငံတကာကို ကျွန်တော်တို့ NUG K3C Joint Statement ထုတ်ပြီးတော့ နိုင်ငံရေးဘုံသဘောတူညီချက်ကို အကျဉ်းချုပ်တင်ပြခဲ့တာဖြစ်ပါတယ်"
ဒါ့အပြင်တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရတို့ဟာ နိူင်ငံရေးဘုံသဘောတူညီချက်တွေ ရရှိထားပြီး အချို့အချက်အလက်များကို မထုတ်ပြန်သေးတာဖြစ်တယ်လို့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။
========================
📌📌 ၄။ PDF တွေဟာ တိုက်ပွဲတိုင်းမှာ ပါဝင်နေကြပြီး တိုင်းရင်းသားအင်အားစုတွေနဲ့အတူ အောင်ပွဲခံတာရော စွန့်လွှတ်ပေးဆပ်ရတာရော အတူတူရှိနေကြတယ်လို့ ချက်သမ္မတနိုင်ငံNUG ကိုယ်စားလှယ်ပြောကြား
ဇူလိုင်လ ၂၆ရက်။
Radio NUG
PDF တွေဟာ တိုက်ပွဲတိုင်းမှာ ပါဝင်နေကြပြီးတိုင်းရင်းသားအင်အားစုတွေနဲ့အတူ အောင်ပွဲခံတာရောစွန့်လွှတ်ပေးဆပ်ရတာရောအတူတူရှိနေကြတယ်လို့ ချက်သမ္မတနိူင်ငံNUG ကိုယ်စားလှယ်ဦးလင်းသန့်ကပြောကြားလိုက်ပါတယ်။
ဇူလိုင်၂၆ရက်မှာ ချက်သမ္မတနိုင်ငံNUGကိုယ်စားလှယ် ဦးလင်းသန့်ကradio NUGမေးမြန်းချက်ကိုဖြေကြားခဲ့ပါတယ်။
"ကျနော်တို့ NUGဟာ နွေဦးတော်လှန်ရေး ကာလတလျှောက်လုံးမှာ မဟာမိတ် တိုင်းရင်းသား အင်အားစုတွေနဲ့အတူ လူသားအရင်းအမြစ်ရော ဘဏ္ဍာအရင်းအမြစ်ရော အတူ မျှဝေသုံးစွဲကြပါတယ်။ ဆိုလိုတာက ကျနော်တို့ PDF တွေဟာ တိုက်ပွဲတိုင်းမှာ ပါဝင်နေကြပြီးတိုင်းရင်းသားအင်အားစုတွေနဲ့အတူ အောင်ပွဲခံတာရော စွန့်လွှတ်ပေးဆပ်နေရတာပါ အတူတူရှိနေကြတာပါ"လို့ပြောပါတယ်။
လက်ရှိမှာ၁၀၂၇စစ်ဆင်ရေးဒုတိယပိုင်းဟာ အရှိန်အဟုန်နဲ့ဆင်နွှဲနေပြီး မန္တလေးပြည်သူ့ကာကွယ်ရေးတပ်မတော်အပါအဝင်တပ်ရင်းတပ်ဖွဲ့အသီးသီးဟာ ပါဝင်ဆင်နွှဲလျက်ရှိပါတယ်။
========================
📌📌 ၅။ “ကြားကာလတက္ကသိုလ်များ၏ တက္ကသိုလ်ဝင်ခွင့်(ဒုတိယအကြိမ်)လျှောက်ထားနိုင်မည့်ကာလ ရက်တိုးမြှင့်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာန အသိပေးကြေညာ"
ဇူလိုင်လ ၂၆ရက်။
Radio NUG
“ကြားကာလတက္ကသိုလ်များ၏ တက္ကသိုလ်ဝင်ခွင့် (ဒုတိယအကြိမ်)လျှောက်ထားနိုင်မည့်ကာလ ရက်တိုးမြှင့်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာန အသိပေးကြေညာ"လိုက်ပါတယ်။
၂၀၂၄ - ၂၀၂၅ ပညာသင်နှစ်၊ ကြားကာလတက္ကသိုလ်များ၏ တက္ကသိုလ်ဝင်ခွင့်(ဒုတိယအကြိမ်)လျှောက်ထားနိုင်မည့်ကာလသည် ၂၀၂၄ ခုနှစ်၊ ဇွန်လ(၂၇)ရက်မှ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ(၂၇)ရက်နေ့အထိ ဖြစ်တယ်လို့ဖော်ပြပါတယ်။
သို့သော် မြေပြင်အခြေအနေများ၊ သက်ဆိုင်ရာပညာရေးအစုအဖွဲ့များ၏ ညှိနှိုင်းပန်ကြားချက်များ၊ မိဘပြည်သူများ၏ အကြံပြုပန်ကြားချက်များအရ အကြောင်းအမျိုးမျိုးကြောင့် တက္ကသိုလ်ဝင်ခွင့် လျှောက်ထားကြရန် ကျန်ရှိနေသည့် ကျောင်းသား၊ ကျောင်းသူများအတွက် ဤကြားကာလတက္ကသိုလ်များ၏ တက္ကသိုလ်ဝင်ခွင့် (ဒုတိယအကြိမ်)လျှောက်ထားနိုင်မည့်ကာလကို ၂၀၂၄ ခုနှစ်၊ သြဂုတ်လ (၃) ရက်၊ မြန်မာစံတော်ချိန် ည (၁၂:၀၀) နာရီအထိ တိုးမြှင့်သတ်မှတ် လက်ခံပေးမည်ဖြစ်ကြောင်း အသိပေး ကြေညာအပ်တယ်လို့ဆိုပါတယ်။
သို့ဖြစ်ပါ၍ ကျောင်းသား၊ ကျောင်းသူများသည် ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ်၊ ကြားကာလတက္ကသိုလ်များ၏ တက္ကသိုလ်ဝင်ခွင့်လမ်းညွှန် (ဒုတိယအကြိမ်)(ဇွန်လ၊ ၂၀၂၄ ခုနှစ်)တွင်ဖော်ပြပါရှိသော တက္ကသိုလ်အလိုက် ဝင်ခွင့်ခေါ်ယူသည့် အကြောင်းအရာ၊ အချက်အလက်အသေးစိတ်တို့ကို ကြိုတင်လေ့လာပြီး သတ်မှတ်ချက်များနှင့်အညီ တက္ကသိုလ်ဝင်ခွင့် အချိန်မီ တင်သွင်းလျှောက်ထားကြပါရန် တိုက်တွန်းထားပါတယ်။
========================
📌📌 ၆။ လားရှိုးမြို့မှာ စစ်ရေးအုပ်ချုပ်မှုကော်မတီ ဖွဲ့စည်းပြီး အုပ်ချုပ်မှာဖြစ်တဲ့အတွက် ဆရာဝန်၊ သူနာပြု၊ ဆရာ၊ဆရာမများနဲ့ အစိုးရဝန်ထမ်းများကို MNDAA ဖိတ်ခေါ်
ဇူလိုင်လ ၂၆ရက်။
Radio NUG
ရှမ်းမြောက်ဒေသက အရေးပါတဲ့ လားရှိုးမြို့ ကို စစ်ရေးအုပ်ချုပ်မှုကော်မတီဖွဲ့စည်းပြီး အုပ်ချုပ်မှာဖြစ်တဲ့အတွက် ဆရာဝန်၊ သူနာပြု၊ ဆရာ၊ဆရာမများနဲ့ အစိုးရဝန်ထမ်းတွေကို MNDAA က ဖိတ်ခေါ်လိုက်ပါတယ်။
မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် စစ်ရေးကော်မတီက လားရှိုးမြို့ရဲ့ အုပ်ချုပ်ရေးယန္တရားတွေကို ဆက်ခံလိုက်ပြီဖြစ်တာကြောင့် MNDAA က အခုလို ဖိတ်ခေါ်လိုက်တာဖြစ်ပါတယ်။
ကိုးကန့်တပ် MNDAA ဦးဆောင်တဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့တွေဟာ လားရှိုးမြို့လွတ်မြောက်ရေးအတွက် စစ်ကောင်စီ တပ်တွေကို ၂၃ ရက်ကြာ တိုက်ထုတ်ခဲ့ရပြီး လွတ်မြောက်အောင် ဆောင်ရွက်နိုင်ခဲ့ပြီလို့ ဆိုပါတယ်။
လက်ရှိမှာတော့ မြို့တွင်းမှာ ခိုအောင်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို လိုက်လံခြေမှုန်းနေတယ်လို့လည်း အသိပေးထားပါတယ်။
လားရှိုးမြို့ အုပ်ချုပ်ရေးယန္တရားကို ပြည်ထောင်စု မြန်မာနိုင်ငံ အထူးဒေသ-၁ အုပ်ချုပ်ရေးကော်မတီက တာဝန်ယူထားပြီး မြို့လုံခြုံရေးကို အထူးဒေသ-၁ ရဲတပ်ဖွဲ့က တာဝန်ယူထားကာ မြို့နယ်ကာကွယ်ရေးတာဝန်ကို MNDAA က ဆက်ခံလိုက်ပြီလို့ MNDAA စစ်ရေးကော်မတီက ဇူလိုင် ၂၆ ရက်မှာ ထုတ်ပြန်ပါတယ်။
ဒါကြောင့် တိုက်ပွဲပြီးချိန်မှာ မြို့နယ်အုပ်ချုပ်ရေးနဲ့ ပြန်လည်ထူထောင်ရေးဆောင်ရွက်မှာဖြစ်တဲ့အတွက် လားရှိုးမြို့က အစိုးရဝန်ထမ်းများ၊ ကျောင်းဆရာ၊ ဆရာမများ၊ ဆရာဝန်များနဲ့ သူနာပြုများအနေနဲ့ မိမိတို့ရဲ့ လုပ်ငန်းတာဝန်တွေကို ပြန်လည် လာရောက်ထမ်းဆောင်ကြဖို့နဲ့ တရုတ်အမျိုးသား လူမှုရေးအဖွဲ့အစည်းများအနေနဲ့ လားရှိုးဧရိယာ စစ်အုပ်ချုပ်ရေး ကော်မတီကို ကူညီပံ့ပိုးကြဖို့ ပန်ကြားထားပါတယ်။
ဒါ့အပြင် MNDAA ရဲဘော်များအနေနဲ့ ကျင့်ဝတ်နဲ့စည်းကမ်းတွေကို လိုက်နာရမှာဖြစ်ပြီး ရာထူးကိုသုံးပြီး အလွဲသုံးစားလုပ်တာ အရပ်သားတွေရဲ့ အကျိုးအမြတ်ကို လုယူတာနဲ့ အရပ်သားတွေရဲ့ စည်းစိမ်ဥစ္စာတွေကို သိမ်းယူတာတွေ ကျူးလွန်မယ်ဆိုရင် ပြင်းပြင်းထန်ထန် အရေးယူမယ်လို့ သတိပေးထားပါတယ်။
ပြည်သူများအနေနဲ့ MNDAA တပ်ဖွဲ့ဝင်များ ဝင်ရောက်လာတာကို စိုးရိမ်ထိတ်လန့်ဖို့မလိုဘဲ ဆိုင်ခန်းများ ဆက်လက်ဖွင့်နိုင်ကြောင်းနဲ့ ကုန်စျေးနှုန်းမြှင့် ရောင်းတာတွေကို ကန့်ကွက်ပြီး မူလနေထိုင်ရေးစနစ်ကို အမြန်ဆုံး ပြန်လည်တည်ဆောက်ကြဖို့ တိုက်တွန်းထားပါတယ်။
========================
📌📌 ၇။ တနင်္သာရီမြို့နယ်အတွင်း ကြားကာလပြည်သူ့အခြေပြု စာသင်ကျောင်းများတွင် ပညာသင်ယူလျက်ရှိသော ကလေးသူငယ်အချို့ပညာသင်စရိတ်အတွက် တနှစ်စာကျပ်တသိန်းပါဝင်ထောက်ပံ့ကူညီနိူင်
ဇူလိုင်လ ၂၆ရက်။
Radio NUG
တနင်္သာရီမြို့နယ်အတွင်း ကြားကာလပြည်သူ့အခြေပြု စာသင်ကျောင်းများတွင် ပညာသင်ယူလျက်ရှိသော ကလေးသူငယ်အချို့ ပညာသင်စရိတ်အတွက် တနှစ်စာကျပ်တသိန်းပါဝင်ထောက်ပံ့ကူညီနိူင်တယ်လို့ဆိုပါတယ်။
ဇူလိုင်လအတွင်း မြို့နယ်ပညာရေးဘုတ်အဖွဲ့ တနင်္သာရီမြို့နယ်ကအသိပေးကြေညာပါတယ်။
"တနင်္သာရီမြို့နယ်အတွင်း ကြားကာလပြည်သူ့အခြေပြု စာသင်ကျောင်းများတွင် ပညာသင်ယူလျက်ရှိသော ကလေးသူငယ်အချို့သည် တော်လှန်ရေးကာလအတွင်း စစ်ဘေးရှောင်ရခြင်းကြောင့် စား၀တ်နေရေးကြပ်တည်းခြင်း၊ လိုအပ်သည့် ပညာရေးကို ဆက်လက်သင်ယူနိုင်မည့်အခွင့်အလမ်းနည်းပါးခြင်း စသော အခက်အခဲများရင်ဆိုင်နေရပါတယ်။ အခက်အခဲရှိ ကလေးငယ်များ ပညာပြီးမြောက်အောင် သင်ယူနိုင်ရေး လိုလားသော ပြည်တွင်းပြည်ပမှ အလှူရှင်များအားလုံးကို ပညာသင်ထောက်ပံ့ကြေးပေးအပ်ရေး ကဏ္ဍတွင်ပါဝင် အားဖြည့်နိုင်ပါကြောင်း ဖိတ်ခေါ်အပ်ပါတယ်"လို့ဆိုထားပါတယ်။
လက်ရှိ အခက်အခဲရှိသောကလေးများပေါ်မူတည်၍တစ်လ - ၁၀၀၀ဝိ/-( တစ်သောင်းကျပ်)၊ပညာသင်နှစ်တစ်နှစ် - ၁၀၀,၀၀ဝိ/- ( တစ်သိန်းကျပ်)အခြေခံ ပညာသင်စရိတ်ထောက်ပံ့နိုင်တယ်လို့ သိရပါတယ်။
ရရှိသောအလှူငွေ ပေါ်မူတည်ပြီး ကလေးငယ်များအား လစဉ်ထောက်ပံ့ကြေးကို တိုးမြင့်သွားမည်ဖြစ်ကာ အလှူငွေများလှူဒါန်းလိုပါက မြို့နယ်ပညာရေးဘုတ်အဖွဲ့ page chat box သို့ ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
========================
📌📌 ၈။ အကြမ်းဖက်စစ်ကောင်စီမှ ဇော်မင်းထွန်းက ပြည်သူနဲ့ တော်လှန်ရေးတပ်တွေကို ရန်တိုက်ပြီး BPLAကို ဗမာသစ္စာဖောက်လောက်ကောင်ဟု ပြောဆို
ဇူလိုင်လ ၂၆ရက်။
Radio NUG
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်ရှုံးသွားသဖြင့် အကြမ်းဖက်စစ်ကောင်စီမှ ဇော်မင်းထွန်းက ပြည်သူနဲ့ တော်လှန်ရေးတပ်တွေကို ရန်တိုက်ပြီး BPLAကို ဗမာသစ္စာဖောက်လောက်ကောင်ဟု ဇူလိုင်လ ၂၆ရက်နေ့မှာ ပြောဆိုခဲ့ပါတယ်။
“ဒီနေ့ ဒီအချိန်မှာ အခြေအနေ၊ အချိန်အခါတွေအရ ဓားပြသာသာစစ်ဘုရင်ဝါဒဟာ ဖုံးကွယ်မှု အမျိုးမျိုး၊ ဝါဒဖြန့်မှုအမျိုးမျိုး၊ လူမျိုးရေးမှိုင်းအမျိုးမျိုးနဲ့ ခေါင်းထောင်ထလာတာကို တွေ့ရမှာဖြစ်ပါတယ်။ ဒီနိုင်ငံ၊ ဒီပြည်သူလူထုအပေါ်မှာ အဖျက်စိတ်ဓာတ်ရှိတဲ့ သစ္စာမဲ့တဲ့ လောက်ကောင်များနဲ့ အဖွဲ့အစည်းများရဲ့ ယုတ်မာသော ပူးပေါင်း ကြံစည်မှု၊ ဓားပြသာသာ စစ်ဘုရင်ဝါဒကို ပံ့ပိုးနေမှုတွေကိုလည်း တွေ့ရမှာဖြစ်ပါတယ်။ ဒီကိစ္စတွေဟာ အဆုံးသတ် ခါနီးဖြစ်နေပါပြီ။”ဟု အကြမ်းဖက် ဇော်မင်းထွန်းက ပြောဆိုထားပါတယ်။
“ပြည်ထောင်စုစိတ်၊ မြန်မာစိတ်ရှိတဲ့ ပြည်သူလူထုက လူသားချင်းစာနာစိတ်နဲ့ ဆောင်ရွက်နေချိန်မှာ ပြည်သူ့အသက်အိုးအိမ်၊ စည်းစိမ်တွေကိုဖျက်ဆီးနေတဲ့ သောင်းကြမ်းသူအဖွဲ့တွေကို အားပေးအားမြောက်လုပ်နေတဲ့ ပြည်ပကိုထွက်ပြေးတိမ်းရှောင်ပြီး ပြည်ပအားကိုး ပုဆိန်ရိုးလုပ်နေသူတွေ၊ အဖွဲ့အစည်းတွေ မီဒီယာတွေကိုလည်း စိတ်ပျက်ဖွယ်တွေ့ရပါတယ်။”ဟု အကြမ်းဖက် ဇော်မင်းထွန်းက တော်လှန်ရေးပြည်သူတွေနဲ့ မီဒီယာတွေကို ပုတ်ခတ်ပြောဆိုပါတယ်။
MNDAA က လားရှိုးမြို့ကို သိမ်းပိုက်နိုင်သည်ဟု ကြေညာမှုအပေါ် BPLA မှ ခေါင်းဆောင် ကိုဆောင်းခက မီဒီယာတချို့တွင် သတင်း ဖြေဆိုမှုအပေါ် စစ်ကောင်စီ၏ အကြမ်းဖက် ဇော်မင်းထွန်းက ကိုဆောင်းခကို ဗမာသစ္စာဖောက်လောက်ကောင်အဖွဲ့ဟုလည်းကောင်း၊ သတင်းကို ဖော်ပြခဲ့သည့် မီဒီယာများကိုလည်း ပြည်ပအားကိုး ပုဆိန်ရိုး ပြည်ဖျက်မီဒီယာများဟုလည်းကောင်း ဒေါကြီးမောကြီး တိုက်ခိုက်ပြောဆိုနေသည်ကို မြင်တွေ့ရသည်။
“တိုင်းရင်းသား ပြည်သူလူထုရဲ့ သေကြေပျက်စီးမှု၊ အိုးအိမ်နေရာဖျက်ဆီးဆုံးရှုံးခံရမှု၊ ပြည်သူပိုင်လမ်း၊ တံတား၊ စာသင်ကျောင်း၊ ဆေးရုံ၊ ကိုးကွယ်ရာနေရာတွေဖြစ်တဲ့ ဘုရား၊ ကျောင်း ဘာသာရေးအဆောက်အဦးတွေ ပျက်စီးရမှုတွေကို ဝမ်းသာအားရဖြစ်နေရသူတွေဟာ သူတို့ရဲ့စိတ်ထဲမှာ ကျွန်တော်တို့နိုင်ငံ၊ ကျွန်တော်တို့ လူမျိုး၊ ကျွန်တော်တို့ ပြည်သူလူထုအပေါ်မှာ ဘယ်လောက်အထိ ကောက်ကျစ်စဉ်းလဲသည့်စိတ်၊ ဖျက်လိုဖျက်ဆီးစိတ် ရှိတယ်ဆိုတာကို အထင်းသား ပေါ်လွင်ပြသနေတာဖြစ်ပါတယ်။”ဟု ပြည်သူနဲ့ ရန်တိုက်ပေးထားပါသေးတယ်။
ထို့ပြင် အကြမ်းဖက် ဇော်မင်းထွန်းသည် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်သည် အစဉ်အလာကြီးမားသည့် စစ်တိုင်းကြီးဖြစ်ပြိး လားရှိုးမြို့ကို MNDAA ပူးပေါင်းတပ်များက တိုက်ခိုက်စဉ် မြန်မာပြည်သူများ၊ ဒေသခံများ၊ တရုတ်နိုင်ငံသားများက ဝိုင်းဝန်းကန့်ကွက်ခဲ့ပြီး တိုင်းရင်းသားပြည်သူလူထု၏ စည်းရုံးမှုကို ဖြိုခွဲရန်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟုလည်း ဝါဒမှိုင်းတိုက်ပြောဆိုခဲ့ပါတယ်။
အခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းထောက်မင်းသီဟန်၊ ကိုခန့်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)မှ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုအန္တရာယ် ကာကွယ်ရေး လမ်းညွန်ပညာပေးမှုများ ဆောင်ရွက်
ဇူလိုင်လ ၂၆ ရက်။
Radio NUG
လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှု အန္တရာယ်ကင်းရှင်းရေး လမ်းညွန်ချက်နဲ့ လိုက်နာကျင့်သုံးရမယ့် အချက်များကို ပြည်သူများ နားလည်သဘောပေါက်စေဖို့ ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး)၊ ပြည်သူ့ ဆက်ဆံရေးနှင့် စည်းရုံးရေးဌာနမှ လမ်းညွန်ပညာပေးမှုများ ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။
အကြမ်းဖက် စစ်ကောင်စီဟာ စစ်ရှုံးလာတာနဲ့အမျှ ရှုံးမဲမဲကာ ပြည်သူများနဲ့ အရပ်သား ပစ်မှတ်များကို လေကြောင်းတိုက်ခိုက်မှုများ သိသိသာသာ ကျူးလွန်လာတာကြောင့် ပြည်သူများအနေနဲ့ လမ်းညွန်ချက်များကို အတက်နိုင်ဆုံး လိုက်နာကျင့်သုံးကြဖို့ကိုလည်း MDY-PDF က မေတ္တာရပ်ခံ တိုက်တွန်းထားပါတယ်။
MDY - PDF က ထုတ်ပြန်ထားတဲ့ လက်နက်ကြီးနှင့် လေကြောင်း တိုက်ခိုက်မှု အန္တရာယ် ကာကွယ်ရေး လမ်းညွန်ချက်များမှာ -
(က) နေအိမ်အနီးအနားနှင့် ခြံဝင်းအတွင်း၌ ဗုံးခိုကျင်း၊ ဘန်ကာများ စနစ်တကျ တူးဖော်ပြုလုပ်ထားပါ။
(ခ) လမ်းပေါ်၊ ကွင်းပြင်ပေါ် ရောက်နေသည်ဆိုပါက နီးစပ်ရာ အဆောက်အအုံသို့ ဦးတည်၍ ပြေးလွှား ပုန်းရှောင်ပါ။
(ဂ) လေကြောင်းတိုက်ခိုက်မှုကို ထွက်ကြည့်ခြင်းနှင့် အိမ်အပြင်ထွက်၍ လေကြောင်းတိုက်ခိုက်မှုကို မှတ်တမ်းတင် ဓာတ်ပုံရိုက်ခြင်းများ လုံးဝမပြုလုပ်သင့်ပါ။
(ဃ) ရဟတ်ယာဉ်နှင့် တိုက်လေယာဉ်များ ပျံသန်းသည့်အသံကြားပါက ချက်ချင်းဗုံးခိုကျင်း၊ ဘန်ကာများအတွင်း ပုန်းရှောင်ကြပါ။ ပေါက်ကွဲ လွင့်စဉ်လာသော ဗုံးအစအနများသည် အထက်ပိုင်းသို့ ပျံတက်လာလေ့ ရှိသောကြောင့် မြေပြင်နှင့် ကပ်နေသော ဇုန်သည် အန္တရာယ် အကင်းဆုံးဟု သတ်မှတ်နိုင်ပါသည်။
(င) မှန်မပါသော နံရံများအနီး ကပ်နေသင့်သော်လည်း နံရံများပေါ် မှီမထားသင့်ပါ။ မြေပြင်တုန်ခါသွားသည့်အချိန်၌ ဖြစ်ပေါ်လာသော ရိုက်ခတ်မှုကြောင့် ကိုယ်တိုင် ဒဏ်ရာအနာတရ ဖြစ်နိုင်ပါသည်။
(စ) ဝပ်နေသည့် အချိန်၌ မျက်နှာကို မြေကြီးနှင့် ကပ်ထားပြီး ခေါင်းအနောက်ဖက်ကို လက်ဖြင့် ယှက်၍ ကာထားပါ။ ပေါက်ကွဲမှုအရှိန်ကြောင့် အဆုတ် ထိခိုက်နိုင်ခြေမှ ကာကွယ်ရန်အတွက် ပါးစပ်ကို အနည်းငယ် ဟထားပါ။
(ဆ) လေကြောင်းပျံသန်းမှုများကို နီးစပ်ရာ တော်လှန်ရေးတပ်ဖွဲ့များနှင့် Telegram Group (t.me/enemyairroute, t.me/nasairscout, t.me/WaiHin) : တဆင့်နားစွင့်နိုင်ပါတယ် တို့ ဖြစ်ကြပါတယ်။
========================
🚩🚩 ၂။ လားရှိုးမြို့မှာ MNDAA တပ်ဖွဲ့ဝင်တွေ ကင်းလှည့်နေပြီး ထိတွေ့တိုက်ပွဲများ ဆက်ရှိနေ
ဇူလိုင်လ ၂၆ ရက်။
Radio NUG
ကိုးကန့်တပ် MNDAA က တိုက်ခိုက်သိမ်းပိုက်ထားပြီး လွတ်မြောက်သွားပြီလို့ ကြေညာထားတဲ့ လားရှိုးမြို့တွင်းမှာ ကိုးကန့်တပ်ဖွဲ့ဝင်တွေ ကင်းလှည့်နေပြီး ပုန်းအောင်းနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ အချို့သောနေရာတွေမှာ ထိတွေ့ တိုက်ပွဲများ ဆက်ရှိနေတယ်လို့ MNDAA ရဲ့ ရှေ့တန်းသတင်းရင်းမြစ်တွေက ပြောပါတယ်။
ကိုးကန့်တပ် MNDAA က လားရှိုးမြို့မှာရှိတဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို ဇူလိုင်လ ၂၅ ရက်နေ့မှာ သိမ်းပိုက်ရရှိခဲ့ပြီလို့ ကြေညာပြီးတဲ့နောက် ဆုတ်ခွာသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲတွေ ဆက်ရှိနေတာလို့ ဆိုပါတယ်။
လားရှိုးမြို့တွင်းမှာ နယ်မြေရှင်းလင်းရေးလုပ်ဆောင်နေတဲ့ MNDAA တပ်ဖွဲ့ဝင်တွေနေရာယူထားပြီး ကင်းလှည့်တာတွေ လုပ်ဆောင်နေတာကြောင့် အနီးကပ်တိုက်ပွဲများ၊ ထိတွေ့တိုက်ပွဲများဆက်ရှိနေတာလို့ သိရပါတယ်။
အခုလို နယ်မြေရှင်းလင်းရေးလုပ်ဆောင်ရာမှာ တိုက်ပွဲများအတွင်း သေဆုံးသွားတဲ့ ရဲနဲ့စစ်သားအလောင်းတွေကို လမ်းမတွေပေါ်မှာတွေ့ရတယ်လို့ MNDAA ရှေ့တန်းသတင်းရင်းမြစ်က ဆိုပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနေနဲ့ အလံဖြူထောင်ပြီး လက်နက်ချဖို့နဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဘက်မှာ ပြည်သူလူထုမရှိတော့တာကြောင့် ပြညသူလူထုဘက် မျက်နှာမူဖို့ MNDAA ရှေ့တန်းသတင်းရင်းမြစ်က သတင်းစကားပါးထား ပါတယ်။
လက်ရှိမှာ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် စစ်ရေးကော်မတီက စစ်ရေးအုပ်ချုပ်မှုကော်မတီ ဖွဲ့စည်းပြီး လားရှိုးမြို့ရဲ့ အုပ်ချုပ်ရေးယန္တရားတွေကို ဆက်ခံလိုက်ပြီလို့ MNDAA က ဇူလိုင် ၂၆ မှာ ကြေညာထားပါတယ်။
========================
🚩🚩 ၃။ ၁၀၂၇ စစ်ဆင်ရေးအပိုင်း (၂)(၃၂)ရက်မြောက် မိုးမိတ်မြို့နှင့် ကျောက်မဲမြို့တွင် တိုက်ပွဲဆက်လက်ဖြစ်ပွား
ဇူလိုင်လ ၂၆ရက်။
RadioNUG
ဇူလိုင်လ ၂၆ရက်နေ့ နံနက်(၈:၂၅)နာရီအချိန် တအာင်းပြည် တပ်မဟာ(၃)နယ်မြေ မိုးမိတ်မြို့ ဒိုးပင်ရွာအနီးတဝိုက်တွင် စစ်အင်အားဖြည့်တင်းလာသော စစ်ကောင်စီတပ်နှင့် ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း TNLAက သတင်းထုတ်ပြန်ပါတယ်။
စစ်ကောင်စီတပ် မိုးမိတ်ဗျူဟာကုန်းတွင်လည်း နေလယ် (၁:၁၅)နာရီချိန်တွင် တအာင်းတပ်မတော် TNLA မှ တိုက်ခိုက်ခဲ့ပြိး တပ်မဟာ(၂)နယ်မြေ ကျောက်မဲမြို့နယ် မွန်းလွဲပိုင်း (၂:၄၅)နာရီအချိန်တွင် စစ်ကောင်စီတပ် တပ်စခန်းဖြစ်သည့် ခမရ (၅၀၁၊ ၅၀၂)တပ်စခန်းကို တအာင်းတပ်မတော် TNLA မှ တိုက်ခိုက်ခဲ့ကာ တာဝါတိုင်အနီးတဝိုက်တွင်လည်း ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ထို့ပြင် နောင်ချိုမြို့နယ် ဘန့်ဘွေးတွင် တပ်စွဲထားသော စစ်ကောင်စီတပ်မှ သဲခေါ်ရွာသို့ ဒရုန်း(၂)စီးဖြင့် ဗုံး(၃)လုံး လာရောက်ကြဲချခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၄။ ပုသိမ်ကြီးမြို့နယ်မှ စစ်ကောင်စီ ဒေါက်တိုင် ပျူဒလန်တဦးကို ပစ်ခတ်ရှင်းလင်းခဲ့
ဇူလိုင်လ ၂၆ ရက်။
Radio NUG
မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ ကင်မွန်ဂျောင်ကျေးရွာက စစ်ကောင်စီ ဒေါက်တိုင် ပျူဒလန် တစ်ဦးကို ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ပုသိမ်ကြီးမြို့နယ် ပကဖ အဖွဲ့က ထုတ်ပြန်ထားပါတယ်။
ဇူလိုင်လ ၂၅ ရက် ည ၁၁ နာရီခွဲခန့်မှာ ကင်မွန်ဂျောင်က ပျူဒလန် မြတ်နိုးဆိုသူကို သွားရောက်ရှင်းလင်းခဲ့ပြီး ၎င်းကိုင်ဆောင်တဲ့ ဓါးရှည် ၁ လက်၊ ဂတ်စ်သေနတ် ၁ လက်၊ ဖုန်း ၁ လုံးကို သိမ်းဆည်း ရရှိခဲ့တယ်လို့ ဆိုပါတယ်။
တဆက်တည်းမှာ တောစုကျေးရွာ အုပ်ကြီးဖြစ်သူကိုလည်း ရှင်းလင်းရန် သွားရောက်ခဲ့ပြီး ၎င်းရဲ့အိမ်မှာ မရှိတာကြောင့် သားဖြစ်သူကို အနည်းငယ် သတိပေးခဲ့ကာ ဆိုင်ကယ် ၃ စီး ၊ ဖုန်း ၃ လုံးကို သိမ်းဆည်းခဲ့တယ်လို့ ဖော်ပြထားပါတယ်။
========================
🚩🚩 ၅။ သပိတ်ကျင်းမြို့နယ် ချောင်းကြီးကျေးရွာအတွင်းရှိ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းနှင့် လူနေအိမ်များကို(၇)ရက်တိုင်တိုင်အကြိမ်ရေ၅၀ ကျော်ဆက်တိုက်ဗုံးကြဲ၍ အရပ်သားထိခိုက်သေဆုံးမှုများရှိ
ဇူလိုင်လ ၂၆ရက်။
Radio NUG
သပိတ်ကျင်းမြို့နယ် ချောင်းကြီးကျေးရွာအတွင်းရှိ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းနှင့် လူနေအိမ်များကို(၇)ရက်တိုင်တိုင်အကြိမ်ရေ၅၀ ကျော်ဆက်တိုက်ဗုံးကြဲ၍အရပ်သားထိခိုက်သေဆုံးမှုများရှိတယ်လို့သိရပါတယ်။
ဇူလိုင်၂၆ရက်မှာ သပိတ်ကျင်းပျောက်ကျားတပ်ဖွဲ့မှဗိုလ်လင်းယုန်ကဆိုထားပါတယ်။
"စစ်ကောင်စီက စစ်ရေးပစ်မှတ်မဟုတ်သည့် သပိတ်ကျင်းမြို့နယ် ချောင်းကြီးကျေးရွာအတွင်းရှိ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းနှင့် လူနေအိမ်များကို (၇)ရက်တိုင်တိုင် Y-12 ဗုံးကျဲလေယာဉ်ဖြင့်(၂၆)ကြိမ်၊ Mi-35 ဖြင့်(၁၄)ကြိမ်၊ Jet Fighter ဖြင့် (၁၁)ကြိမ်ဗုံးကျဲမှုများ ဆက်တိုက်လုပ်ဆောင်နေခဲ့တယ်"လို့ဆိုပါတယ်။
၎င်းဗုံးကျဲတိုက်ခိုက်မှုကြောင့် ချောင်းကြီးကျေးရွာအတွင်းရှိ လူနေအိမ်(၄၈)လုံးနှင့် ဘုန်းကြီးကျောင်း စာသင်ကျောင်း တို့ထိခိုက်ပျက်စီးပြီး အရပ်သားပြည်သူများထိခိုက်သေဆုံးမှုတို့ရှိတယ်လို့သိရပါတယ်။
========================
🚩🚩 ၆။ မူးမြို့နယ်အတွင်း စစ်ကောင်စီ လက်နက်ကြီးကြောင့် ပြည်သူ ၁ ဦး ထိခိုက်ပြီး နေအိမ် ၃ လုံး ပျက်စီးခဲ့
ဇူလိုင်လ ၂၆ ရက်။
Radio NUG
ကရင့်အမျိုးသား အစည်းအရုံး (KNU)၊ ကော်သူးလေ အုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူခရိုင်၊ မူးမြို့နယ်အတွင်း စစ်ကောင်စီရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရပြီး လူနေအိမ် ၃ လုံး ပျက်စီးခဲ့ရတယ်လို့ KNU က သတင်းထုတ်ပြန်ထားပါတယ်။
ဇူလိုင်လ ၂၃ ရက်၊ မနက် ၁၀ နာရီခွဲ အချိန်မှာ စစ်ကောင်စီရဲ့ ခလရ(၆၀)တပ်ရင်းမှ လက်နက်ကြီးများ ပစ်ခတ်ခဲ့ရာ အောင်စိုးမိုး ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။
လက်နက်ကြီး ပေါက်ကွဲမှုကြောင့် အသက် ၅၂ နှစ် အရွယ်ရှိ ဦးမောင်ရက်ဆိုသူ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စောလူးလူ၊ စောဘူ၊ စောအယ်ကေတို့ရဲ့ နေအိမ်များ ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။
========================
🚩🚩 ၇။ လားရှိုးတွင် စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား (၃)ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရ
ဇူလိုင်လ ၂၆ ရက်။
Radio NUG
ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့အခြေစိုက် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ)ကို MNDAA က သိမ်းပိုက်နိုင်ခဲ့ပြီလို့ ကြေညာပြီး နောက်မှာ စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့တာကြောင့် အရပ်သား ၃ ဦး သေဆုံးကာ ၃ ဦး ဒဏ်ရာရခဲ့တယ်လို့ PSLF/TNLA က ထုတ်ပြန်ထားပါတယ်။
ဇူလိုင်လ ၂၅ ရက်နေ့မှာ စစ်ကောင်စီက လေကြောင်းကနေ လာရောက်ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် လားရှိုးမြို့အတွင်းက ဒေသခံ မိသားစုဝင်(၃)ဦး ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
ထို့အပြင် လားရှိုး ရပ်ကွက်(၇)၊ ရပ်ကွက် (၁)နှင့် ရပ်ကွက် (၁၂)တို့မှာလည်း လက်နက်ကြီး ကျရောက် ပေါက်ကွဲမှုကြောင့် အရပ်သား ၃ ဦး ထိမှန် ဒဏ်ရာရခဲ့ကာ ဘုန်းကြီးကျောင်းနဲ့ နေအိမ်တချို့ ပျက်ဆီးခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲကာလ ၁ လအတွင်း လားရှိုးမြို့မှာ စစ်ကောင်စီရဲ့ ရည်ရွယ်ချက်ရှိရှိ အရပ်သားများ တည်ရှိရာကို လက်နက်ကြီးနဲ့ လေကြောင်းကနေ ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူ ၃၈ ဦး သေဆုံးခဲ့ပြီး ၄၈ ဦးအထိ ဒဏ်ရာရခဲ့တယ်လို့ PSLF/TNLA က ထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၈။ CNO/CNDF က ပြုလုပ်တဲ့ အမျိုးသမီးများ ပါဝင်တဲ့ စနိုက်ပါသင်တန်း ပြီးမြောက်
ဇူလိုင်လ ၂၆ ရက်။
Radio NUG
ချင်းအမျိုးသား အဖွဲ့ချုပ် CNO/CNDF က တလခန့်ကြာ ပြုလုပ်ခဲ့တဲ့ အမျိုးသမီးများပါဝင်တဲ့ စနိုက်ပါသင်တန်း အောင်မြင်စွာပြီးမြောက်ကြောင်း ဇူလိုင် ၂၅ ရက်နေ့မှာ CNO/CNDF က ထုတ်ပြန်ထားပါတယ်။
အဆိုပါသင်တန်းကို အထူးစစ်ဆင်ရေး တစ်ခုအတွက် ရည်ရွယ်ကာ မွမ်းမံသင်တန်းအဖြစ် ပြုလုပ်ခဲ့တာဖြစ်ပြီး တက်ရောက်ခဲ့တဲ့ သင်တန်းသား အယောက် ၂၀ မှာ အမျိုးသမီးများလည်း ပါဝင်တယ်လို့ ဆိုပါတယ်။
တက်ရောက်ခဲ့ကြတဲ့ သူများဟာ ယခင်က စနိုက်ပါသင်တန်း တက်ပြီးသူများ ဖြစ်ကြပြီး မွန်းမံသင်တန်း ပြန်ပေးကာ စနိုက်ပါ သီးသန့်တပ်ဖွဲ့အဖြစ် ထားရှိမှာ ဖြစ်တယ်လို့ သိရပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း ကောက်နုတ်ချက်တွေကိုတော့ Radio NUGသတင်းထောက် မင်းသီဟန်၊ ကိုခန့်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့ကပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment