၂၀၂၄ ဇူလိုင်လ ၂၉ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ လားရှိုးအကျဉ်းထောင်မှ လွတ်မြောက်လာသည့် NLD ဗဟိုအလုပ်အမှုဆောင်၊ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်နှင့် မြောက်ပိုင်းမဟာမိတ်တပ်များ အဆက်အသွယ်ရရှိဟု သမီးဖြစ်သူ ဒေါ်မေသင်္ကြန်ဟိန်ပြောသည်ဟု ထုတ်ပြန်
📌 ၂။ ဒေါက်တာမီမီဝင်းဘတ်နဲ့ ဆန်ဖရန်ဘေးဧရိယာမြန်မာမိသားစုများ နွေဦးတော်လှန်ရေး ဆွေးနွေးပွဲ ကျင်းပ
📌 ၃။ "မတ္တရာ စစ်ဘေးရှောင် မိဘပြည်သူများအတွက် အာဟာရအလှူဒုဝန်ကြီးဒေါ်အိသဉ္ဇာမောင်ပါဝင်လှူဒါန်း
📌 ၄။ ၃၆-နှစ်မြောက် ၈၈၈၈ လူထုအရေးတော်ပုံ အထိမ်းအမှတ်နှင့် ပတ္တနိက္ကုဇ္ဇနကံဆောင်သပိတ် ထောက်ခံ ဆန္ဒပြပွဲကိုရီးယားနိုင်ငံဆိုင်ရာNUG ကိုယ်စားလှယ်တက်ရောက်
📌 ၅။ ပြည်သူအားလုံးက ပြည်သူ့တော်လှန်ရေးကြီးကို “တက်စုံဖွင့် ရွက်ကုန်ဖွင့်” ချီတက်ကြရမယ့် အချိန်ဖြစ်တယ်လို့ မန္တလေးလူထုသပိတ်ခေါင်းဆောင်ဒေါက်တာတေဇာဆန်းပြောကြား
📌 ၆။ ၁၀၂၇ စစ်ဆင်ရေး၊ ရှမ်း-မန်းစစ်ဆင်ရေးလှိုင်းတွေကို မန်းလူထုက ဝန်းရံ၊ ထောက်ခံ ကြိုဆိုကြောင်း လှုပ်ရှားမှုပြုလုပ်
📌 ၇။ လားရှိုးမြို့ ရပ်ကွက်(၇)ရှိ စတိုးဆိုင်တစ်ဆိုင်အား လူများက လုယက်နေ၍MNDAAနိုင်ငံရေးဌာန၏ရှေ့တန်းအလုပ်အဖွဲ့က အချိန်မီဟန့်တားခဲ့တယ်လို့ဆို
၂၀၂၄ ခုနှစ် ဇူလိုင်လ ၂၉ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ မိုးကုတ်မြို့နယ်တွင် နယ်မြေဆက်လက်ရှင်းလင်းရာ စစ်ကောင်စီတပ်၏ လက်နက်အချို့ သိမ်းဆည်းရပြီး စစ်သုံ့ပန်း (၂)ဦး ဖမ်းဆီးရမိ
🚩 ၂။ စတားလင့်ခ်(၂)လုံး အရေးပေါ်လိုအပ်၍ BPLA - Ventureကတဆင့် ထောက်ပို့ကူပေးရန်နှိုးဆော်ထား
🚩 ၃။ ကျိုက်ထိုမြို့နယ် ၊ KNU ထိန်းချုပ်နယ်မြေအတွင်းသို့ ဝင်ရောက်လာသော အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းနှင့် ရင်ဆိုင်တိုက်ပွဲတွင်PDFခရမ်းမှရဲဘော်သုံးဦးကျဆုံးခဲ့
🚩 ၄။ တနင်္သာရီမြို့နယ်၊ လယ်သစ်ရွာအနီးတွင် တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ဘက်မှ ၃၀ ကျော် သေဆုံး
🚩 ၅။ မင်းကင်းမြို့၊ပျဉ်းကိုင်းရွာကိုစကစတပ်ကလေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်
🚩 ၆။ ချင်းပြည်နယ်ဟွာလ်းငိုးရမ်း ဒေသအတွင်းရှိ လုံခြုံရေးစစ်ဆေးရေးဂိတ်များတွင် လုံခြုံရေး ကိစ္စရပ်များကြောင့် (ည ၉:၀၀ နာရီ မှ နံနက် ၆:၀၀ နာရီ ) အချိန်အတွင်း ဖြတ်သန်းသွားလာခွင့်မပြု
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ လားရှိုးအကျဉ်းထောင်မှ လွတ်မြောက်လာသည့် NLD ဗဟိုအလုပ်အမှုဆောင်၊ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်နှင့် မြောက်ပိုင်းမဟာမိတ်တပ်များ အဆက်အသွယ်ရရှိဟု သမီးဖြစ်သူ ဒေါ်မေသင်္ကြန်ဟိန်ပြောသည်ဟု ထုတ်ပြန်
ရန်ကုန်၊ ဇူလိုင် ၂၉
လားရှိုးအကျဉ်းထောင်မှ လွတ်မြောက်လာသည့် NLD ဗဟိုအလုပ်အမှုဆောင်၊ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်နှင့် မြောက်ပိုင်းမဟာမိတ်တပ်များ အဆက်အသွယ်ရရှိဟု အသိပေးလာကြောင်း သမီးဖြစ်သူ ဒေါ်မေသင်္ကြန်ဟိန်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောသည်ဟု ထုတ်ပြန်ထားပါတယ်။
ယမန်နေ့တွင် ဖခင်ဖြစ်သူ ဦးထွန်းထွန်းဟိန် အပါအဝင် နိုင်ငံရေးအကျဉ်းသားများ လားရှိုးအကျဉ်းထောင်မှ လွတ်မြောက်သည်ဟု သတင်းရရှိကြောင်း၊ လားရှိုးတွင် ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ပြတ်တောက်နေသဖြင့် အခြေ အနေ တစ်စုံ တစ်ရာ စုံစမ်း မသိရှိရဘဲ အဆက်အသွယ် ပြတ်တောက်နေကြောင်း၊ ယနေ့ နံနက်ပိုင်း BPLA မှ မောင်ဆောင်းခက ဦးထွန်းထွန်းဟိန်နှင့် မဟာမိတ်တပ်များ အဆက်အသွယ်ရရှိထားသည်ဟု အသိပေးလာကြောင်း ဒေါ်မေသင်္ကြန်ဟိန်က ပြောသည်ဟု ဆိုပါတယ်။
"ကိုဆောင်းခကတော့ ကျမကို စိတ်မပူဖို့ အမြဲပြောပါတယ်၊ ကျမ အနေနဲ့က တော့ ဖေဖေ့ အသံကြားရမှသာ စိတ်အေးနိုင်မှာပါ၊ဘေးကင်းလုံခြုံရာမှာရှိနေမယ်လို့လည်း ယုံကြည်ပါတယ်။ အခုလည်းကိုဆောင်းခက မဟာမိတ်တွေဆီမှာ ရှိမရှိသေချာအောင် လုပ်နေပါတယ်" ဟု ဒေါ်မေသင်္ကြန်ဟိန်က ဆိုပါသည်။
NLD ဗဟိုအလုပ်အမှုဆောင်လည်းဖြစ်၊ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ လည်းဖြစ်သူ ဦးထွန်းထွန်းဟိန်ကို စစ်ကောင်စီက ရာဇသတ်ကြီး ပုဒ်မ ၁၃၀ (က) ၊ နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှု ရာဇသတ်ကြီး ပုဒ်မ - ၁၂၂၊ ရာသတ်ကြီးပုဒ်မ - ၅၀၅ (က) ၊ပုဒ်မ - ၅၀၅ (ခ) တို့ဖြင့် စစ်ကောင်စီက ထောင် ဒဏ် ၃၃ နှစ် မတရားချမှတ်ခဲ့ခြင်းဖြစ်သည်။
အသက် ၇၅ နှစ် အရွယ်ရှိနေပြီဖြစ်သည့် ဦးထွန်းထွန်းဟိန်သည် ၂၀၂၀ ရွေး ကောက်ပွဲ တွင် ရှမ်း ပြည်နယ်၊ နောင်ချိုမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်အဖြစ် အနိုင်ရထားသူလည်းဖြစ်သည်။
========================
📌📌 ၂။ ဒေါက်တာမီမီဝင်းဘတ်နဲ့ ဆန်ဖရန်ဘေးဧရိယာမြန်မာမိသားစုများ နွေဦးတော်လှန်ရေး ဆွေးနွေးပွဲ ကျင်းပ
(ဇူလိုင် ၂၉၊ ၂၀၂၄)Radio NUG
ဇူလိုင်လ ၂၈ ရက်နေ့ နေ့လည်ခင်းက ပါမောက္ခဒေါက်တာဒေါ်မီမီဝင်းဘတ် နဲ့ ဆန်ဖရန်စစ္စကိုဗေးဧရိယာအခြေစိုက် မြန်မာမိသားစု ရဲ့ Town Hall Meeting လေးကို မြန်မာကွန်မြူနီတီစင်တာရှေ့ မြက်ခင်းပြင်မှာကျင်းပရာ မြန်မာမိသားစုများ သုံးရာကျော်ခန့် တက်ရောက်ခဲ့ကြပါတယ်။ Tipping point to End point ကို ရောက်လာနေပြီမို့၊ ပိုမိုအားစိုက်ကာ အတူပူးပေါင်းဆောင်ရွက်ကြရင်း ရှေ့ဆက်အောင်ပွဲဆင်ဖို့၊ လူငယ်မျိုးဆက် နဲ့ အမျိုးသမီးများရဲ့ ဦးဆောင်မှုအခန်းကို ပိုမို မြှင့်တင်ဖို့ များကို ပြောကြားသွားပါတယ်။ မေးခွန်းများစွာကိုလည်း စိတ်ရှည်စွာဖြင့် ဖြေကြားခဲ့ပါတယ်။
တိုင်းရင်းသားလက်နှက်ကိုင်အဖွဲ့အစည်းတွေနဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ ပူးပေါင်းတိုက်ခိုက်မှု့ကြောင့် ဒီထက်မကအရှိန်မြင့်အောင်မြင်ဖို့ပဲ ရှိတယ်လို့ ဒေါက်တာမီမီဝင်းဘတ်ကသုံးသပ်လိုက်ပါတယ်။ ဒါ့အပြင်ရှမ်းမြောက်ဒေသ တိုက်ပွဲတွေနဲ့ပတ်သက်လို့ တရုပ်နိုင်ငံနဲ့ပတ်သက်ပြီး ဘယ်လို လုပ်ဆောင်ရမလဲဆိုတာ ရှမ်းမြောက်အဖွဲ့တွေ နားလည်တယ်လို့လည်း ပြောပါတယ်။ နွေဦးတော်လှန်ရေးမှာ ရင်ဆိုင်နေရတဲ့ အခင်းအကျင်းအသစ်တွေ စိန်ခေါ်မှုအသစ်တွေတိုင်းကို ပုံစံဟောင်း အတွေးဟောင်းမျိုးထက် အဲသည်ကနေ ဖောက်ထွက်တွေးပြီး ဆောင်ရွက်ရမယ်လို့လည်း ဆိုပါတယ်။
ဒေါက်တာမီမီဝင်းဘတ်ဟာ စစ်အာဏာရှင် အမြစ်ဖြတ်တွန်းလှန်နေတဲ့တော်လှန်ရေးတွက်ပံ့ပိုးမှုတွေပိုပီးအားကောင်းဖို့ အမေရိကန်ပြည်ထောင်စုတွင်း လူထုတွေဆုံပွဲတွေနဲ့ လိုက်လံစည်းရုံးနေတာဖြစ်ပြီး အမေရိကန်အရှေ့ပိုင်းမှာလည်း လူထုတွေ့ဆုံပွဲတွေ ကျင်းပပြီး လူထုသိလိုတဲ့ အချက်အလက်တွေ ရှင်းလင်းပြောပြသလို လူထုနဲ့ ဆွေးနွေး အမြင်ဖလှယ်တာတွေ လုပ်ခဲ့ကြတာ ဖြစ်ပါတယ်။
ဒေါ်မီမီဝင်းဘတ်နဲ့ မြန်မာပြည်သူတွေ တွေ့ဆုံပွဲမှာ ဆရာမကိုယ်တိုင် ကြည့်ကြပ်နေတဲ့ နွေဦးတော်လှန်ရေးအထောက်အကူပြု လုပ်ငန်းများကို မြန်မာတိုင်းရင်းသားမိသားစုတွေက တယောက်တလက် ကူညီရန်ပုံငွေထည့်ဝင်ကြတာမို့ တွေ့ဆုံပွဲကနေ အလှူငွေ ဒေါ်လာ ၉၇၇၀ နဲ့ အမှတ်တရ လေလံပွဲကနေ ဒေါ်လာ ၁၂,၅၀၀ ရရှိခဲ့တယ်လို့ သိရပါတယ်။ ဆရာမကိုယ်တိုင် လက်မှတ်ထိုးထားတဲ့ အမှတ်တရပို့စ်ကဒ်လေးများကို နွေဦးထောက်ပို့အလှူရှင်တွေကို လက်ဆောင်ပေးခဲ့ပါတယ်။
========================
📌📌 ၃။ "မတ္တရာ စစ်ဘေးရှောင် မိဘပြည်သူများအတွက် အာဟာရအလှူဒုဝန်ကြီးဒေါ်အိသဉ္ဇာမောင်ပါဝင်လှူဒါန်း
ဇူလိုင်၂၉ရက်
"မတ္တရာ စစ်ဘေးရှောင် မိဘပြည်သူများအတွက် အာဟာရအလှူမှာ ဒုဝန်ကြီးဒေါ်အိသဉ္ဇာမောင်ပါဝင်လှူဒါန်းခဲ့တယ်လို့ ဇူလိုင်လအတွင်း ဆိုရှယ်မီဒီယာမှာပြောထားပါတယ်။
"မတ္တရာ စစ်ဘေးရှောင် မိဘပြည်သူများအတွက် အာဟာရအလှူအားဖြင့် ပါဝင်ဖြစ်ပါတယ်။ စစ်ဘေးရှောင် မိဘပြည်သူများကိုလည်း ပြည်သူအချင်းချင်း စောင့်ရှောက်ကူညီကြဖို့ မေတ္တာရပ်ခံပါတယ်"လို့ဆိုပါတယ်။
လက်ရှိမှာ အမျိုးသမီး၊လူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာနသည်စစ်ဘေးရှောင်များကိုကူညီစောင့်ရှောက်ခြင်းအပြင်သက်မွေးပညာကိုပါသင်ကြားပေးလျက်ရှိပါတယ်။
========================
📌📌 ၄။ ၃၆-နှစ်မြောက် ၈၈၈၈ လူထုအရေးတော်ပုံ အထိမ်းအမှတ်နှင့် ပတ္တနိက္ကုဇ္ဇနကံဆောင်သပိတ် ထောက်ခံ ဆန္ဒပြပွဲကိုရီးယားနိုင်ငံဆိုင်ရာNUG ကိုယ်စားလှယ်တက်ရောက်
ဇူလိုင်၂၉ရက်
၃၆-နှစ်မြောက် ၈၈၈၈ လူထုအရေးတော်ပုံ အထိမ်းအမှတ်နှင့် ပတ္တနိက္ကုဇ္ဇနကံဆောင်သပိတ် ထောက်ခံ ဆန္ဒပြပွဲကို ကိုရီးယားနိုင်ငံ အင်ချွန်းမြို့ ဘူဖျောင်းဘူတာရှေ့တွင် ကျင်းပခဲ့တယ်လို့ဇူလိုင်၂၈ရက်မှာ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ကော်မတီ (ကိုရီးယား)ကအသိပေးဖော်ပြပါတယ်။
စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ကော်မတီ (ကိုရီးယား) က ကမကထပြု ကျင်းပသော ဆန္ဒပြပွဲသို့ တော်လှန်ပြည်သူ ၂၀၀ ခန့် ပူးပေါင်းပါဝင်ခဲ့ကြပြီးဆန္ဒပြပွဲတွင် အမျိုးသားညီညွတ်ရေးအစိုးရ၏ ကိုရီးယားနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဦးရန်နိုင်ထွန်း တက်ရောက် မိန့်ခွန်းပြောကြားရာတွင် တော်လှန်ရေးအောင်မြင်သည်အထိ နောက်မဆုတ်တမ်း ရုန်းကန်ကြရန် တိုက်တွန်းပါကြောင်း၊ NUGကိုယ်စားလှယ်ရုံးအနေနှင့် ကိုရီးယားနိုင်ငံရှိ နိုင်ငံသားများအတွက် ကာကွယ် စောင့်ရှောက်မှုကို တတ်နိုင်သမျှ ဆောင်ရွက်ပေးနေပါကြောင်း- ထည့်သွင်း ပြောကြားခဲ့ပါတယ်။
ပူးပေါင်းပါဝင်ကြသည့် အဖြူရောင်မိုးစက်ကလေးများ ပရဟိတအဖွဲ့ (ကိုရီးယား)၊ ကြောက်ခေတ်ကို မှောက်ပစ်မယ် တော်လှန်ရေးအဖွဲ့၊ Chin Youth Organization - South Korea (CYOSK)၊ Global Myanmar Spring Revolution Korea (GMSR) တို့မှ ကိုယ်စားလှယ်များက တော်လှန်စကားများ အသီးသီး ပြောကြားခဲ့ကြပါတယ်။
========================
📌📌 ၅။ ပြည်သူအားလုံးက ပြည်သူ့တော်လှန်ရေးကြီးကို “တက်စုံဖွင့် ရွက်ကုန်ဖွင့်” ချီတက်ကြရမယ့် အချိန်ဖြစ်တယ်လို့ မန္တလေးလူထုသပိတ်ခေါင်းဆောင်ဒေါက်တာတေဇာဆန်းပြောကြား
ဇူလိုင်၂၉ရက်
ပြည်သူအားလုံးက ပြည်သူ့တော်လှန်ရေးကြီးကို “တက်စုံဖွင့် ရွက်ကုန်ဖွင့်” ချီတက်ကြရမယ့် အချိန်ဖြစ်တယ်လို့ မန္တလေးလူထုသပိတ်ခေါင်းဆောင်ဒေါက်တာတေဇာဆန်းက ဇူလိူင်လအတွင်းမှာ ပြောကြားလိုက်ပါတယ်။
"ကျနော်တို့ ရွှေမန်းမြေဟာ အာဏာရှင်စနစ် တိုက်ဖျက်ရေးမှာ ဘယ်တော့မှ အသံမတိတ်ဘူး၊ အလံ မလိပ်ဘူး။ယခု ၁၀၂၇ စစ်ဆင်ရေး၊ ရှမ်း-မန်းစစ်ဆင်ရေးလှိုင်းတွေကို မန်းလူထုက ဝန်းရံ၊ ထောက်ခံ ကြိုဆိုလျက်ရှိကြောင်းကို ဖက်ဆစ်အာဏာရူးတွေ သောင်းကျန်းမင်းမူနေတဲ့ကြားက ရွှေမန်းမြေ အထင်ကရနေရာတွေမှာ ဖော်ဆောင်ခဲ့ကြပါတယ်။အခုလို တော်လှန်လှိုင်းတွေ “တလှိုင်းပြီး တလှိုင်း” အင်အားကောင်းစွာ အရှိန်မပျက် လာနိုင်ဖို့အတွက် လူထုအားကို အများကြီး လိုပါသည်ခင်ဗျား။ပြည်သူအားလုံးက ပြည်သူ့တော်လှန်ရေးကြီးကို “တက်စုံဖွင့် ရွက်ကုန်ဖွင့်” ချီတက်ကြရမယ့် အချိန်ပါ"လို့ဆိုပါတယ်။
ဒါ့အပြင်တိုင်းသူပြည်သား အားလုံး ပါဝင်ဆင်နွှဲနိုင်တဲ့ အထွေထွေ အာဏာဖီဆန်ရေး လူထု “ဘူး” သပိတ်ကြီးကို အပြည့်အဝ ဖော်ဆောင်ကြဖို့လည်းတိုက်တွန်းထားပါတယ်။
========================
📌📌 ၆။ ၁၀၂၇ စစ်ဆင်ရေး၊ ရှမ်း-မန်းစစ်ဆင်ရေးလှိုင်းတွေကို မန်းလူထုက ဝန်းရံ၊ ထောက်ခံ ကြိုဆိုကြောင်း လှုပ်ရှားမှုပြုလုပ်
ဇူလိုင် ၂၉ RadioNUG
ရွှေမန်းမြေဟာ အာဏာရှင်စနစ် တိုက်ဖျက်ရေးမှာ ဘယ်တော့မှ အသံမတိတ်၊ အလံ မလိပ်ဘဲ ၁၀၂၇ စစ်ဆင်ရေး၊ ရှမ်း-မန်းစစ်ဆင်ရေးလှိုင်းတွေကို မန်းလူထုက ဝန်းရံ၊ ထောက်ခံ ကြိုဆိုလျက်ရှိကြောင်းကို ဖက်ဆစ်အာဏာရူးတွေ သောင်းကျန်းမင်းမူနေတဲ့ကြားက ရွှေမန်းမြေ အထင်ကရနေရာတွေမှာ Anti-Junta Forces Coordination Committee - Mandalay က ဖော်ဆောင်ခဲ့ကြပါတယ်။
အခုလို တော်လှန်လှိုင်းတွေ “တလှိုင်းပြီး တလှိုင်း” အင်အားကောင်းစွာ အရှိန်မပျက် လာနိုင်ဖို့အတွက် လူထုအားကို အများကြီး လိုအပ်ပြီး တဖက်မှာ အရှိန်အဟုန်ကောင်းစွာ လာနေတဲ့ စစ်ရေးတိုက်ပွဲ (Arm Resistance) မျက်နှာစာနဲ့အညီ လူထုတိုက်ပွဲလှိုင်းများကိုလည်း အရှိန်မြှင့် ဖော်ဆောင်ကြဖို့ လိုအပ်လာကာ တိုင်းသူပြည်သား အားလုံး ပါဝင်ဆင်နွှဲနိုင်တဲ့ အထွေထွေ အာဏာဖီဆန်ရေး လူထု “ဘူး” သပိတ်ကြီးကို အပြည့်အဝ ဖော်ဆောင်ကြဖို့ တိုက်တွန်းထားပါတယ်။
========================
📌📌 ၇။ လားရှိုးမြို့ ရပ်ကွက်(၇)ရှိ စတိုးဆိုင်တစ်ဆိုင်အား လူများက လုယက်နေ၍MNDAAနိုင်ငံရေးဌာန၏ရှေ့တန်းအလုပ်အဖွဲ့က အချိန်မီဟန့်တားခဲ့တယ်လို့ဆို
ဇူလိုင်၂၉ရက်
လားရှိုးမြို့ ရပ်ကွက်(၇)ရှိ စတိုးဆိုင်တစ်ဆိုင်အား လူများက လုယက်နေ၍MNDAAနိုင်ငံရေးဌာန၏ရှေ့တန်းအလုပ်အဖွဲ့က အချိန်မီဟန့်တားခဲ့တယ်လို့ ဇူလိုင်၂၉ရက် MNDAAကတရားဝင်ထုတ်ပြန်ဖော်ပြပါတယ်။
လားရှိုးမြို့ ရပ်ကွက်(၇)တွင် နိုင်ငံရေးဌာန၏ ရှေ့တန်းအလုပ်အဖွဲ့မှ ကုန်စည်များ သယ်ဆောင်လာသူ အများအပြားကို တွေ့ရှိ၍ ၎င်းတို့၏ အပြုအမူမှာ သံသယဖြစ်ဖွယ်ရှိနေ၍ရှေ့တန်းအလုပ်အဖွဲ့သည် လမ်းတလျှောက် စုံစမ်းစစ်ဆေးမှု ချက်ချင်းလုပ်ဆောင်ခဲ့တယ်လို့ဖော်ပြပါတယ်။
လားရှိုးမြို့ ရပ်ကွက်(၇) ၊ ၁၄ လမ်း ရှိ နေအိမ်တစ်အိမ်၏ တံခါးသော့အား အတင်းအဓမ္မဖောက်ထွင်းထားရာ အိမ်တွင် ကုန်ပစ္စည်း အများအပြားရှိနေသည်ကို တွေ့ရှိရပြီးလမ်းမှာတွေ့ရှိရသော ကုန်ပစ္စည်းသယ်ယူသူ အားလုံးသည် ယင်းအိမ်ပိုင် ကုန်ပစ္စည်း ကိုခိုးယူလုယက်ကြသူဖြစ်ကြ ကာ လမ်းမှာ ကုန်ပစ္စည်းသယ်ယူသူ လူ ဦးရေ (၃၀)ဦးရှိခဲ့တယ်လို့ဆိုပါတယ်။
ရှေ့တန်းအလုပ်အဖွဲ့သည်တရားမဝင် ခိုးယူမှုကို ချက်ချင်းဟန့်တားကာ လုယက်သူများကို မောင်းထုတ်ခဲ့ပြီး ကုန်ပစ္စည်းအမြောက်အမြားကို လမ်းဘေးသို့ ရွှေ့ထားပြီးဖြစ်ကာရှေ့တန်းအလုပ်အဖွဲ့သည် ကုန်ပစ္စည်းများ အိမ်ရှင်သို့ပြန်ပို့ရာအတွက် ကူညီရန် အနီးနားရှိလူများကို ဆင့်ခေါ်ခဲ့တယ်လို့ဆိုပါတယ်။
လက်ရှိတွင် လားရှိုးမြို့တွင်း ကင်းလှည့်မှုများကို မဟာမိတ်လုံခြုံရေးတပ်ဖွဲ့များက တိုးမြှင့်ချထားပြီး ယင်းလုယက်ခိုးယူမှု အပြုအမူကို ထပ်မံတွေ့ရှိပါက ပြင်းထန်စွာ အရေးယူမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ စားနပ်ရိက္ခာပြတ်လပ်မှု၊ ဆေးဝါးထောက်ပံ့မှုစသည်ဖြင့် အခက်အခဲများ ကြုံတွေ့ရပါက MNDAAတပ်များထံ အကူအညီတောင်းခံနိုင်ကြောင်းဆိုထားပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် မင်းသီဟန်၊မင်းနွေဦးနှင့်ခါးရှဲလ်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ မိုးကုတ်မြို့နယ်တွင် နယ်မြေဆက်လက်ရှင်းလင်းရာ စစ်ကောင်စီတပ်၏ လက်နက်အချို့ သိမ်းဆည်းရပြီး စစ်သုံ့ပန်း (၂)ဦး ဖမ်းဆီးရမိ
ဇူလိုင် ၂၈ RadioNUG
ဇူလိုင်လ ၂၈ရက် ညနေ (၅:၀၀)နာရီအချိန်တွင် တပ်မဟာ (၂)နယ်မြေ မိုးကုတ်မြို့တွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA မှ နယ်မြေရှင်းလင်းရာ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့နှင့် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်၏ သေနတ်(၄)လက်၊ လက်ပစ်ဗုံး၊ RPG နှင့် ငါးကျင်းမြှီးစသည့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိသည့်အပြင် စစ်သုံးပန်း (၂) ဦး ဖမ်းဆီးရမိထားကြောင်း TNLAက သတင်းထုတ်ပြန်ပါတယ်။
တအာင်းပြည်၊ တပ်မဟာ(၃) နယ်မြေ၊ မိုးမိတ်မြို့ ဗျူဟာကုန်း၌ မနက် (၇:၃၀) နာရီအချိန်တွင်လည်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် စစ်ကောင်စီတပ် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ(၂၁) လက်အောက်ခံ ခလရ (၃၄၈)တို့ တိုက်ပွဲဖြစ်ပွားပြီ စစ်ကောင်စီထံ လက်နက်(၄) လက် သိမ်းဆည်းရမိတယ်လို့ ဖော်ပြထားပါတယ်။
အလားတူ ညနေ (၅:၂၀) နာရီအချိန်တွင် မိုးမိတ်မြို့ စကခ (၂၁)လက်အောက်ခံ ခလရ (၂၇၆)တပ်ရင်းတိုက်ပွဲဖြစ်ပွားပြီး ညနေ (၅:၂၀)နာရီအချိန်တွင် ညောင်ပင်ဆောက်စခန်းရှိ စကခ(၂၁)လက်အောက်ခံ ခလရ(၂၂၃)နှင့်လည်း တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ထို့အပြင် တပ်မဟာ (၂) နယ်မြေ၊ ကျောက်မဲမြို့၊ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ(၁) လက်အောက်ခံ ခမရ (၅၀၁၊ ၅၀၂)တပ်ရင်းတို့နှင့် လွယ်ခွန်တောင်နှင့် တာဝါတိုင်စခန်း စသည့် နေရာများ၌ မနက် (၇:၄၅)နာရီအချိန်တွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၂။ စတားလင့်ခ်(၂)လုံး အရေးပေါ်လိုအပ်၍ BPLA - Ventureကတဆင့် ထောက်ပို့ကူပေးရန်နှိုးဆော်ထား
ဇူလိုင်၂၉ရက်
စတားလင့်ခ်(၂)လုံး အရေးပေါ်လိုအပ်၍ BPLA - Ventureကတဆင့် ထောက်ပို့ကူပေးရန် ဇူလိုင်နောက်ဆုံးပတ်မှာBPLAမှကွပ်ကဲရေးမှူးမောင်ဆောင်းခက ၎င်း၏ဆိုရှယ်မီဒီယာမှတစ်ဆင့် နှိုးဆော်ထားပါတယ်။
"စတားလင့်ခ်(၂)လုံး အရေးပေါ်လိုနေလို့ BPLA - Ventureကတဆင့် ထောက်ပို့ကူပေးပါဦးခင်ဗျ"လို့ဆိုထားပါတယ်။
လားရှိုးရှိ ခလရ ၆၈ ကို မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)၊ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)နှင့် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) တို့ ပူးပေါင်း၍ ဇူလိူင် ၂၇ ည ၆ နာရီဝန်းကျင်တွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။
========================
🚩🚩 ၃။ ကျိုက်ထိုမြို့နယ် ၊ KNU ထိန်းချုပ်နယ်မြေအတွင်းသို့ ဝင်ရောက်လာသော အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းနှင့် ရင်ဆိုင်တိုက်ပွဲတွင်PDFခရမ်းမှရဲဘော်သုံးဦးကျဆုံးခဲ့
ဇူလိုင်၂၉ရက်
ကျိုက်ထိုမြို့နယ် ၊ KNU ထိန်းချုပ်နယ်မြေအတွင်းသို့ ဝင်ရောက်လာသော အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းနှင့် ရင်ဆိုင်တိုက်ပွဲတွင်PDFခရမ်းမှရဲဘော်သုံးဦးကျဆုံးခဲ့ကြောင်းကို ဇူလိုင်၂၉ရက်မှာ PDFခရမ်းကအသိပေးဖော်ပြပါတယ်။
၂၀၂၄ ခုနှစ် ၊ ဇူလိုင် (၂၃) ရင်နေ့တွင် ကျိုက်ထိုမြို့နယ် ၊ KNU ထိန်းချုပ်နယ်မြေအတွင်းသို့ ဝင်ရောက်လာသော အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းနှင့် ရင်ဆိုင်တိုက်ပွဲတွင် သူရဲကောင်းပီသစွာ ကျဆုံးခဲ့ရသောကိုထွန်းမင်းလတ် (ခ) ရဲဘော် လရောင် - အသက် (၂၁) နှစ်၊ကိုဟိန်းထက်အောင် (ခ) ရဲဘော် သာဒင် - အသက် (၁၉) နှစ်၊ကိုတာရာမင်းဝေ (ခ) ရဲဘော် မီးတောက် - အသက် (၂၅) နှစ်တို့အား နွေဦးတော်လှန်ရေး သူရဲကောင်းစစ်သည်များ အဖြစ် လေးမြတ်စွာ အသိအမှတ်ပြုပါကြောင်းနှင် မိသားစုနှင့်ထပ်တူ ဝမ်းနည်းဂုဏ်ယူမိပါကြောင်း ထုတ်ပြန်ကြေညာအပ်တယ်လို့ဖော်ပြပါတယ်။
ထို့အတူ မပြီးဆုံးသေးသော တော်လှန်ရေးတာဝန်များကို ဦးလှည့်မသုန် ဆက်လက်ထမ်းဆောင်သွားမယ်လို့PDFခရမ်းကဆိုပါတယ်။
========================
🚩🚩 ၄။ တနင်္သာရီမြို့နယ်၊ လယ်သစ်ရွာအနီးတွင် တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ဘက်မှ ၃၀ ကျော် သေဆုံး
ဇူလိုင် ၂၉ RadioNUG
တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ လယ်သစ်ရွာအနီးတွင် တိုက်ပွဲပြင်းထန်နေပြီး အကြမ်းဖက်စစ် ကောင်စီတပ်သား ၃၀ ကျော်သေဆုံးခဲ့ကြောင်း မြိတ်ခရိုင်ပူးပေါင်းစစ်ကြောင်း( ၂ )မှ သတင်းထုတ်ပြန်ပါတယ်။
ဇူလိုင်လ ၁၈ ရက်နေ့ အကြမ်းဖက်စစ်သား အင်အား ၂၀၀ ခန့်ဖြင့် ကျွန်းစုမြို့နယ်ဘက်မှ စစ် ကြောင်း ထိုးဝင်လာသော စစ်တပ်ကို မြိတ်ခရိုင်ပူးပေါင်းစစ်ကြောင်း ၂ တပ်ဖွဲ့ များ က ခုခံတိုက်ခိုက်ခဲ့ရာ ဇူလိုင်လ ၂၈ ရက်နေ့အထိ ၁၀ ရက်အတွင်း အပြင်းအထန်ထိတွေ့တိုက်ပွဲ ၆ ကြိမ်ဖြစ်ပွားခဲ့ကြောင်း၊ ယင်းတိုက်ပွဲများအတွင်း အကြမ်းဖက်စစ်သား ၃၀ ကျော်သေဆုံးကာ အများ အပြားဒဏ်ရာရရှိခဲ့ကြောင်း၊ ဇူလိုင်လ ၂၈ ရက်နေ့ တိုက်ပွဲပိုမိုပြင်းထန်ခဲ့ပြီး အကြမ်းဖက်စစ်သားများက လယ်သစ်ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲထားကြောင်း သိရပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဖက်မှ ရဲဘော်တစ်ဦးလည်း ထိခိုက်ဒါဏ်ရာရရှိခဲ့ကြောင်း ဖော်ပြထားပါတယ်။
ထို့သို့ အကြမ်းဖက်စစ်ကောင်စီတပ်သားများ စစ်ကြောင်းထိုးဝင်ရောက်လာမှုကြောင့် ဒေသနေ ပြည်သူအမြောက်အများ ထွက်ပြေးတိမ်းရှောင်နေရပြီး အကြမ်းဖက်စစ်ကောင်စီ၏ လက်နက်ကြီး ၊လေကြောင်းနှင့် ရေကြီးမှု ကပ်ဘေးပါ ခံစားနေရသဖြင့် စား၊ဝတ်၊ နေရေး အခက်အခဲဖြစ်ပေါ်လျက်ရှိ ကြောင်း ထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၅။ မင်းကင်းမြို့၊ပျဉ်းကိုင်းရွာကိုစကစတပ်ကလေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်
ဇူလိုင်၂၉
စစ်ကိုင်းတိုင်း၊မင်းကင်းမြို့၊ပျဉ်းကိုင်းရွာကိုစကစတပ်ကလေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဇူလိုင်လ ၂၈ ရက်ညပိုင်းမှာ ဒေသခံသတင်းအရင်းအမြစ်တွေကတစ်ဆင့်သိရပါတယ်။
လူနေအိမ်တချို့ထိခိုက်ပျက်စီးကာလူတချို့သေဆုံးခဲ့တယ်လို့သိရပါတယ်။
အဆိုပါတိုက်ခိုက်မှုဟာအရပ်သားများနေထိုင်ရာကိုဦးတည်ခဲ့ခြင်းဖြစ်ပြီးတော့ ရွာထဲမှာတိုက်ပွဲ ဖြစ်ပွားတာမရှိဘူးလို့သိရပါတယ်။
========================
🚩🚩 ၆။ ချင်းပြည်နယ်ဟွာလ်းငိုးရမ်း ဒေသအတွင်းရှိ လုံခြုံရေးစစ်ဆေးရေးဂိတ်များတွင် လုံခြုံရေး ကိစ္စရပ်များကြောင့် (ည ၉:၀၀ နာရီ မှ နံနက် ၆:၀၀ နာရီ ) အချိန်အတွင်း ဖြတ်သန်းသွားလာခွင့်မပြု
ဇူလိုင်လ ၂၈ ရက်
ချင်းပြည်နယ် ဟွာလ်းငိုးရမ်း ဒေသအတွင်းရှိ လုံခြုံရေးစစ်ဆေးရေးဂိတ်များတွင် လုံခြုံရေး ကိစ္စရပ်များကြောင့် (ည ၉:၀၀ နာရီ မှ နံနက် ၆:၀၀ နာရီ ) အချိန်အတွင်း ဖြတ်သန်းသွားလာခွင့်မပြုကြောင်း CDF-Hualngoram ကကြေညာပါတယ်။
အရေးပေါ်ကိစ္စ ရပ်များရှိပါကသက်ဆိုင်ရာ စစ်ဆေးရေးဂိတ်တာဝန်ရှိသူများထံ သတင်းပို့ ခွင့် တောင်းပြီးမှသာ ဖြတ်သန်းသွားလာခွင့်ရှိမှာဖြစ်တယ်လို့ဆိုပါတယ်။
ဟွာလ်းငိုးရမ်းဒေသအတွင်း ပြေးဆွဲသွားလာနေသော ယာဉ်မောင်းများအနေဖြင့် ဟွာလ်းငိုးဒေသ အတွင်းရှိ လုံခြုံရေးစစ်ဆေးရေး ဂိတ်များဖြတ်သန်းမည့်အချိန်တွင် မိမိတို့ကားများအား လုံး၀(လုံးဝ) မိုးကာ အုပ်မိုးခြင်း မပြုရန်နှင့်ခရီးသည်တင်ကားများအနေဖြင့် စစ်ဆေးရေးဂိတ်များတွင် မိမိတို့၏ ခရီးသည်များ၏ ကိုယ်ရေး အချက်အလက်များ၊ မှတ်ပုံတင်နံပါတ်များ အား သေချာစီစစ်သတင်းပို့ရန်၊ လုံခြုံရေးအရ ရှောင်တခင်စစ်ဆေးမှုပြုလုပ်ရန် လိုအပ်လာပါက ခရီးသွားမိဘပြည်သူများ အနေ ဖြင့် ကြည်ဖြူစွာ စစ်ဆေးမှုခံယူကြရန်၊ကြိုတင်သတင်းပို့ခြင်း၊ခွင့်ပြုချက်မရှိပဲ လုံခြုံရေးဂိတ်များတွင် လက်နက်ကိုင်ဆောင်၍ ဖြတ်သန်း ခွင့်မရှိဘူးလိူ့ဖော်ပြပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းသီးဟန်၊မင်းနွေဦးနဲ့ ခါးရှဲလ်တို့မှ ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment