၂၀၂၄ ဇူလိုင်လ ၃၁ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ တော်လှန်ရေးနိူင်ပြီးတဲ့နောက် မြန်မာနိူင်ငံအုပ်ချုပ်ရေးယန္တရား မယိမ်းယိုင်သွားအောင် ဆက်လက်စီမံဆောင်ရွက်ရမယ့် အခြေအနေတွေကို နိူင်ငံတကာကစိတ်ဝင်စားနေကြပြီလို့ဆို
📌 ၂။ ရှစ်လေးလုံးအထိမ်းအမှတ်နဲ့အတူအလံတင်အခမ်းအနားကုလသမ္ဂသံအမတ်ကြီး ဦးကျော်မိုးထွန်းနှင့်အတူ NUG ဝန်ကြီးများလည်း ပါဝင်တက်ရောက်ကြမည်
📌 ၃။ စစ်တပ်၏တရားမဝင်အုပ်ချုပ်မှုကိုခုခံတွန်းလှန်နေသောမြန်မာပြည်သူများ၏အသံနှင့်ဆန္ဒများကို လေးစားပေးရန် တရုတ်သမ္မတရှီကျင့်ဖျင်ထံအိတ်ဖွင့်ပေးစာပေးပို့
📌 ၄။ အမေရိကန်ပြည်ထောင်စု နယူးယောက်စီးတီးရှိ ကုလသမဂ္ဂဆိုင်ရာ တရုတ်အမြဲတမ်းကိုယ်စားလှယ်ရုံး (China Mission) ရှေ့ တရုတ်အစိုးရအား ကန့်ကွက်ရှုံ့ချပွဲကျင်းပ
📌 ၅။ ဆိပ်ဖြူမြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ကံစမ်းမဲလက်မှတ်တွေ ရောင်းဖို့ခက်ခဲနေ၍ ပြည်သူလူထုကဝန်းရံပေးရန်မေတ္တာရပ်ခံ
📌 ၆။ မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ (၄၄) ဦး အပါအဝင် (၁၂၁) ဦးမှာ စစ်အုပ်စုရဲ့မျက်ကွယ်ပြစ်ဒဏ် ချမှတ်ခံထားရ
၂၀၂၄ ခုနှစ် ဇူလိုင်လ ၃၁ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ လားရှိုးမြို့ ၆၂၆ ထောက်ပို့စကစတပ်က ဆီသိုလှောင်ရုံပေါ် လက်နက်ကြီးကျပြီး မီးလောင်
🚩 ၂။ ပုလောမြို့နယ်မှာ စစ်တပ်စခန်းကုန်းနဲ့ ရဲစခန်းကို တော်လှန်ရေးပူးပေါင်းအဖွဲ့ ဗုံးကြဲတိုက်ခိုက်
🚩 ၃။ ရေစကြိုနယ်မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေကြား တိုက်ပွဲဖြစ်ပြီး ပျူစောထီး ၄ ဦးသေဆုံးကာ ခဲယမ်းများ သိမ်းဆည်းရရှိ
🚩 ၄။ မြင်းခြံနယ်က စစ်တပ်တပ်စွဲရာ လေးရွာဆုံပျူရွာကို ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်မှု တဦးသေပြီး ၃ဦး ဒဏ်ရာရ
🚩 ၅။ ဖြူး ညောင်ပင်သာရဲစခန်းကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ရဲတဦးသေဆုံး
🚩 ၆။ ပုလောကုန်းစစ်စခန်းကိုရှင်းလင်းရာမှ လက်နက်ခဲယမ်းများနှင့် စစ်အသုံးအဆောင်များသိမ်းဆည်းရရှိ
🚩 ၇။ လွိုင်ကော်မြို့ကို ထိုးစစ်ဆင်နေတဲ့ စစ်ကောင်စီတပ်က တပ်သားတဦး လက်နက်ခဲယမ်းများနဲ့အတူ အလင်းဝင်
🚩 ၈။ တောင်သာနဲ့ ရေစကြိုမှာ စစ်ကောင်စီတပ်သား ၂ ဦး လက်နက်နဲ့တကွအလင်းဝင်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ တော်လှန်ရေးနိူင်ပြီးတဲ့နောက် မြန်မာနိူင်ငံအုပ်ချုပ်ရေးယန္တရား မယိမ်းယိုင်သွားအောင် ဆက်လက်စီမံဆောင်ရွက်ရမယ့် အခြေအနေတွေကို နိူင်ငံတကာကစိတ်ဝင်စားနေကြပြီလို့ဆို
ဇူလိုင်၃၁ရက်
တော်လှန်ရေးနိူင်ပြီးတဲ့နောက် မြန်မာနိူင်ငံအုပ်ချုပ်ရေးယန္တရား မယိမ်းယိုင် သွားအောင် ဆက်လက်စီမံဆောင်ရွက်ရမယ့် အခြေအနေတွေကိုနိူင်ငံတကာကစိတ်ဝင်စားနေကြပြီလို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ဇူလိုင်လ ၃၀ရက် အမျိုးသားညီညွတ်ရေးအစိုးရ၏ ၂၁/၂၀၂၄ အစိုးရအဖွဲ့အစည်းဝေးမှာ ဆိုပါတယ်။
"ကျွန်တော်တို့ခုခံတော်လှန်စစ် စတင်ခဲ့စဥ်တုန်းက ဖြစ်နိုင်ပါ့မလားထင် ခဲ့ကြတဲ့ နိုင်ငံတကာကလည်း ခုဆိုရင် နိုင်ပြီးတဲ့နောက် တိုင်းပြည်ရဲ့ အုပ်ချုပ်ရေးယန္တရား မယိမ်းယိုင် သွားအောင် ဆက်လက်စီမံဆောင်ရွက်ရမယ့် အခြေအနေတွေကို ပိုမိုစိတ်ဝင်စားလာကြ ပြီ ဖြစ်ပါတယ်။ ဒါကြောင့် ဒီနှစ်အတွင်းမှာဆိုရင် အုပ်ချုပ်ရေးဆိုင်ရာ အကောင်အထည်ဖော်မှု ကဏ္ဍတွေဘက်ကို အလေးပေးဆွေးနွေးလာကြတာကို တွေ့ရပါတယ်"လို့ဝန်ကြီးချုပ်ကဆိုပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ၂၁/၂၀၂၄ အစိုးရအဖွဲ့အစည်းအဝေးကို ဇူလိုင် ၃၀ ရက်နေ့ကကျင်းပခဲ့ပြီး အစည်းအဝေးကို ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့အပါအဝင် ပြည်ထောင်စုဝန်ကြီးတွေ၊ ဒုဝန်ကြီးတွေ တက်ရောက် ခဲ့ကြပါတယ်။
========================
📌📌 ၂။ ရှစ်လေးလုံးအထိမ်းအမှတ်နဲ့အတူအလံတင်အခမ်းအနားကုလသမ္ဂသံအမတ်ကြီး ဦးကျော်မိုးထွန်းနှင့်အတူ NUG ဝန်ကြီးများလည်း ပါဝင်တက်ရောက်ကြမည်
ဇူလိုင်၃၁ရက်
ရှစ်လေးလုံးအထိမ်းအမှတ်နဲ့အတူအလံတင်အခမ်းအနားကုလသမ္ဂသံအမတ်ကြီး ဦးကျော်မိုးထွန်းနှင့်အတူ NUG ဝန်ကြီးများလည်း ပါဝင်တက်ရောက်ကြမည်လို့ သတင်းရရှိပါတယ်။
လာမယ့်စနေနေ့၊ သြဂုတ်လ ၃ ရက်နေ့မှာ... မြန်မာပြည်အာဏာရှင်အဆက်ဆက်ကို ဆန့်ကျင်တော်လှန်ရာမှာ လူမျိုး ဘာသာမခွဲခြားဘဲ ကျောင်းသားလူငယ်တွေ အစဥ်အဆက်ကိုင်စွဲတိုက်ပွဲဝင်ခဲ့ကြတဲ့ ခွပ်ဒေါင်းအလံကိုအမေရိကန်နိူင်ငံဘတ်ဖလိုး မြို့တော်ခမ်းမရှေ့မှာ တရားဝင်လွှင့်တင်မှာဖြစ်ပါတယ်။
အလံတင်အခမ်းအနားကို ကုလသမ္ဂသံအမတ်ကြီး ဦးကျော်မိုးထွန်းနှင့်အတူ NUG ဝန်ကြီးများလည်း ပါဝင်တက်ရောက်ကြမှာဖြစ်ပြီး မြို့တော်ခမ်းမရှေ့မှာ မနက် ၉ နာရီမှ ၁၁ နာရီအထိကျင်းပမှာဖြစ်တယ်လို့သတင်းရရှိပါတယ်။
မြန်မာပြည်ဒီမိုကရေစီရရှိရေးနှင့် လွှတ်လပ်ခွင့်တွေအတွက် တိုက်ပွဲဝင်ရာမှာ အသက် သွေး ချွေးတွေ ပေးဆပ်ခဲ့ကြတဲ့ မြန်မာပြည်ဖွားတိုင်းရင်းသားလူမျိုးများအားလုံးကို အမှတ်တရ လေးစားဂုဏ်ပြုသောအားဖြင့် ရှစ်လေးလုံးအထိမ်းအမှတ်နဲ့အတူ နှစ်စဥ် သြဂုတ်လရောက်တိုင်း သက်ဆိုင်ရာအစိုးရရဲ့ခွင့်ပြုချက်နဲ့ဘတ်ဖလိုးမြို့မှာ ခွပ်ဒေါင်းအလံကို တရားဝင်လွှင့်တင်ခဲ့တာဟာ ၂၀၂၄ မှာတော့ ၁၅ နှစ်ပြည့်မြောက်ပြီဖြစ်ပါတယ်။
========================
📌📌 ၃။ စစ်တပ်၏တရားမဝင်အုပ်ချုပ်မှုကိုခုခံတွန်းလှန်နေသောမြန်မာပြည်သူများ၏အသံနှင့်ဆန္ဒများကို လေးစားပေးရန် တရုတ်သမ္မတရှီကျင့်ဖျင်ထံအိတ်ဖွင့်ပေးစာပေးပို့
ဇူလိုင်၃၁ရက်
စစ်တပ်၏တရားမဝင်အုပ်ချုပ်မှုကိုခုခံတွန်းလှန်နေသောမြန်မာပြည်သူများ၏အသံနှင့်ဆန္ဒများကို လေးစားပေးရန် တရုတ်သမ္မတရှီကျင့်ဖျင်ထံအိတ်ဖွင့်ပေးစာပေးပို့ခဲ့တယ်လို့သိရပါတယ်။
ဇူလိုင်လအတွင်းအိတ်ဖွင့်ပေးစာကိုတရုတ်သမ္မတထံပေးပို့ကြောင်း အမေရိကန်ပြည်ထောင်စုရှိ မြန်မာဒေသခံများကိုယ်စား မြန်မာ့ဒီမိုကရေစီမဟာမိတ်အဖွဲ့ကအသိပေးဖော်ပြပါတယ်။
အိတ်ဖွင့်ပေးစာအရတရုတ်အစိုးရအနေနဲ့မြန်မာနိူင်ငံရှိစစ်တပ်အားထောက်ခံအားပေးနေမှုကို ရပ်တန့်ပေးရန်တောင်းဆိုထားပြီး တရုတ်နိူင်ငံ၏ လက်ရှိချဥ်းကပ်မှုကို ပြန်လည်စဥ်းစားပေးရန် တိုက်တွန်းထားပါတယ်။
ဒါ့အပြင် မြန်မာပြည်သူများဟာ တရုတ်နိူင်ငံနှင့်သဟဇာတဖြစ်ပြီး အပြန်အလှန်အကျိုးဖြစ်ထွန်းသော ဆက်ဆံရေးကိုမျှော်လင့်ကြတယ်လို့ဖော်ပြပါရှိပါတယ်။
========================
📌📌 ၄။ အမေရိကန်ပြည်ထောင်စု နယူးယောက်စီးတီးရှိ ကုလသမဂ္ဂဆိုင်ရာ တရုတ်အမြဲတမ်းကိုယ်စားလှယ်ရုံး (China Mission) ရှေ့ တရုတ်အစိုးရအား ကန့်ကွက်ရှုံ့ချပွဲကျင်းပ
ဇူလိုင်၃၁ရက်
အမေရိကန်ပြည်ထောင်စု နယူးယောက်စီးတီးရှိ ကုလသမဂ္ဂဆိုင်ရာ တရုတ်အမြဲတမ်းကိုယ်စားလှယ်ရုံး (China Mission) ရှေ့တွင် မြန်မာ့နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ပြည်သူများက မြန်မာ့နွေဦးတော်လှန်ရေးအား မြန်မာ့နွေဦးတော်လှန်ရေးအား နည်းလမ်းမျိုးစုံဖြင့် နှောက်ယှက်ဟန့်တားနေသော တရုတ်အစိုးရအား ကန့်ကွက်ရှုံ့ချပွဲကို ဒေသစံတော်ချိန် ဇူလိုင်လ ၃၀ ရက် ညနေ၄နာရီခန့်က ကျင်းပခဲ့တယ်လို့ NYCBCကဖော်ပြပါတယ်။
အဆိုပါ ကန့်ကွက်ရှုံချ ဆန္ဒပြပွဲတွင် ကိုယ်အိမ်ကိုယ်ပြန်တဲ့လမ်း ဘယ်သူမှ တားဆီးခွင့်မရှိ တို့နိုင်ငံအနာဂတ် ပြည်သူတွေ ကိုယ်တိုင် ဆုံးဖြတ်မယ်ပြည်သူ့တော်လှန်ရေး ဘယ်ပွဲစားမှ ကြေးဖြတ်ခွင့်မရှိ အရာရာဟာ ပြည်သူ့သဘောထားအတိုင်း ဖြစ်ရမယ်
Our way back home is unstoppable.
The future of our nation is in our hands.
The people's revolution is not for sale.
The people's will shall prevail.
စသည့်ကြွေးကြော်သံများ ဟစ်ကြွေးကာ ဆန္ဒပြသခဲ့ကြတယ်လို့သိရပါတယ်။
ထို့နောက် တရုတ်မစ်ရှင်ရုံးနဲ့တကွ သက်ဆိုင်သည့်ဌာနများအား အိတ်ဖွင့်ပေးစာများ ပေးပို့ခဲ့ကြောင်းသိရပါတယ်။
========================
📌📌 ၅။ ဆိပ်ဖြူမြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ကံစမ်းမဲလက်မှတ်တွေ ရောင်းဖို့ခက်ခဲနေ၍ ပြည်သူလူထုကဝန်းရံပေးရန်မေတ္တာရပ်ခံ
ဇူလိုင်၃၁ရက်
ဇူလိုင်၃၁ရက်မှာ ဆိပ်ဖြူမြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြည်သူလူထုက ဝန်းရံပေးရန် အခုလိုမေတ္တာရပ်ခံထားပါတယ်။
"ဆိပ်ဖြူမြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ကံစမ်းမဲလက်မှတ်တွေက ရောင်းဖို့ တအားခက်ခဲတယ်။ကျွန်တော်တို့တပ်ဖွဲ့မှာ လူမသိသူမသိနဲ့ missionဖော်ဆောင်မှုတွင် အသက်ပေးဆပ်ခဲ့ရတဲ့ အညတရ အာဇာနည် ခြောက်ဦးရှိခဲ့ပြီဖြစ်ပါတယ်။သူတို့ဘာလို့ ပေးဆပ်သွားရတာလဲဆိုတော့ ပြန်ပြီးခုခံနိုင်ဖို့ ထင်းချောင်းမလုံလောက်လို့ ထင်းချောင်းလိုအပ်ချက်ကြောင့် ပေးဆပ်ခဲ့ရတာ ဒါကြောင့် ကျွန်တော်တို့ အလက်တအားလိုချင်မိပါတယ်။တကယ်ကို လိုအပ်လွန်းလို့ ပထမဆုံးအကြိမ် လုပ်တဲ့ campaignလေးကို ပါ၀င်ကူညီပေးကြပါအုန်းဗျာ"လို့ဖော်ပြပါတယ်။
လက်နက်ဝယ်ယူရန်အတွက် ဆိပ်ဖြူမြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ကံစမ်းမဲလက်မှတ်တွေကိုတစောင်ကျပ်ငါးထောင်နှင့်စောင်ရေတသောင်းအထိရောင်းချမည်ဖြစ်ပြီးစက်တင်ဘာ၃ရက်နေ့မှာငွေသားဆုနှင့်အတူကံစမ်းမဲပစ္စည်းများကိုမဲဖောက်ပေးမှာဖြစ်ပါတယ်။
========================
📌📌 ၆။ မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ (၄၄) ဦး အပါအဝင် (၁၂၁) ဦးမှာ စစ်အုပ်စုရဲ့မျက်ကွယ်ပြစ်ဒဏ် ချမှတ်ခံထားရ
ဇူလိုင်၃၁ရက်
ဇူလိုင်လ ၃၀ ရက်၊ ၂၀၂၄ ခုနှစ်အထိ နွေဦးတော်လှန်ရေးနှင့်ဆက်စပ်၍ သေဒဏ်ချမှတ်ခံထားရပြီး အကျဉ်းထောင်များ တွင် ထိန်းသိမ်းခံနေရသူ စုစုပေါင်း (၁၂၄) ဦး ရှိပြီဖြစ်တယ်လို့AAPPကဖော်ပြပါတယ်။
မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ (၄၄) ဦး အပါအဝင် (၁၂၁) ဦးမှာ မျက်ကွယ်ပြစ်ဒဏ် ချမှတ်ခံထားရကာသေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၁၆၈) ဦး ရှိပြီ ဖြစ်ပါတယ်။
ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၇၁၁၇) ဦးရှိပြီး ထိုအထဲမှ (၂၀၈၀၂) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၉၃၆၆) ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် မင်းသီဟန်နှင့်ကိုခန့်တို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ လားရှိုးမြို့ ၆၂၆ ထောက်ပို့စကစတပ်က ဆီသိုလှောင်ရုံပေါ် လက်နက်ကြီးကျပြီး မီးလောင်
ဇူလိုင်၃၁ရက်
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ ၆၂၆ ထောက်ပို့စကစတပ်က ဆီသိုလှောင်ရုံပေါ် လက်နက်ကြီးကျပြီး မီးလောင်ခဲ့တယ်လို့ဇူလိုင်၃၁ရက်မှာ ဒေသခံ သတင်းအရင်းအမြစ်များထံကတဆင့်သိရပါတယ်။
"လားရှိုးမြို့ အထွက် ရပါတယ်။ အဝင် မရသေးပါ။မြို့တွင်း မြို့ပြင် ၄-၅ မိုင်ခန့်က တွေ့ရတဲ့ မီးခိုးလုံးကြီးဆိုတာ ၆၂၆ ထောက်ပို့တပ်က ဆီသိုလှောင်ရုံပေါ် လက်နက်ကြီးကျပြီး မီးလောင်နေတာဖြစ်ကြောင်းသိရပါတယ်။
ဘူတာဘက် မနေ့ကလိုပဲ သွားမရပါ။ ပိတ်ထားဆဲပါ။ လားရှိုးကြီးဘက်လဲ သွားမရပါ။ မနက်ပိုင်း ဈေးဝယ်ချိန်ပြီးရင် လူတွေ အပြင်ကို သိပ်မထွက်ကြတော့ပါ"လို့ဒေသခံတဦးကဆိုထားပါတယ်။
လားရှို့မြို့ရဲ့အဓိကအစိတ်အပိုင်းများကိုထိန်းချုပ်ထားနိူင်ပြီဖြစ်ကြောင်းMNDAAတပ်ကသတင်းထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၂။ ပုလောမြို့နယ်မှာ စစ်တပ်စခန်းကုန်းနဲ့ ရဲစခန်းကို တော်လှန်ရေးပူးပေါင်းအဖွဲ့ ဗုံးကြဲတိုက်ခိုက်
တနင်္သာရီတိုင်း ပုလောမြို့နယ်ထဲက စစ်ကောင်စီလက်အောက်ခံရဲစခန်းနဲ့ စစ်တပ်အထိုင်စခန်းကုန်းတခုကို ဒရုန်းတွေသုံးပြီး ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ ပုလော-ပကဖ က ပြောပါတယ်။
ပုလောမြို့နယ်ထဲက ပလမြို့ ရဲစခန်းနဲ့ တိုတောင် တာဝါတိုင်စခန်းကုန်းကို ပုလော-ပကဖ ဒရုန်းတပ်စိတ် Shadow Squad အဖွဲ့နဲ့ မြိတ်ခရိုင် PDF အမှတ်-၁ တပ်ရင်းတို့ပူးပေါင်းပြီး ဇူလိုင် ၃၀ ရက် နေ့လယ် ၃ နာရီ ၄၅ မိနစ်ခန့်မှာ ဒရုန်းဗုံးသီး ၆ ကြိမ် ကြဲချတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
စစ်ကောင်စီတပ်သားအများစုရှိနေတဲ့ စခန်းဝင်းထဲက အဆောင်တွေနဲ့ ဘန်ကာတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်သေဆုံးမှုရှိနိုင်ပေမယ့် အတိအကျမသိရသေးဘူးလို့ ပုလော-ပကဖ က အသိပေးထားပါတယ်။
တိုတောင် စခန်းကုန်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၂၀ကျော်ရှိပြီး ပလရဲစခန်းမှာ အင်အား ၄၀ ဝန်းကျင်ရှိကာ တောင်တက်လမ်းတွေမှာ မိုင်းတွေထောင်ထားတဲ့အတွက် ဒေသခံတွေ မကြာခဏ ထိခိုက်မှုတွေရှိခဲ့တယ်လို့ သိရပါတယ်။
ပုလော-ပကဖ ရဲ့ ဒရုန်းတပ်စိတ်-Shadow Squad နဲ့ ပူးပေါင်းအဖွဲ့တွေဟာ ဇူလိုင်လ ၁ ရက်နေ့ကစပြီး ပုလောမြို့နယ်ထဲက စစ်ကောင်စီစခန်းတွေဖြစ်တဲ့ ခလရ-၂၈၅၊ ပလရဲစခန်း၊ ပုလောရဲစခန်း၊ မီးလောင်ချောင်းဂိတ်စခန်းနဲ့ တာဝါတိုင်စခန်းကုန်း တွေကိုလည်း ဒရုန်းစစ်ဆင်ရေးတွေ လုပ်ဆောင်ခဲ့ပါတယ်။
ပုလော-ပကဖ အနေနဲ့ ပုလောမြို့နယ်အတွင်းက အကြမ်းဖက်စစ်ကောင်စီတပ်စွဲနေတဲ့ ဂိတ်စခန်းတွေကို ဆက်လက် တိုက်ခိုက်သွားမယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၃။ ရေစကြိုနယ်မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေကြား တိုက်ပွဲဖြစ်ပြီး ပျူစောထီး ၄ ဦးသေဆုံးကာ ခဲယမ်းများ သိမ်းဆည်းရရှိ
မကွေးတိုင်း ရေစကြိုမြို့နယ်ထဲက ကိုရင့်ကျေးရွာနဲ့ကိုရင့်ကျွန်းကြားမှာ ၃ နာရီခန့်ကြာ တိုက်ပွဲဖြစ်ခဲ့ရာမှာ ပျူစောထီး ၄ ဦးသေဆုံးသွားခဲ့ပြီး ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောပါတယ်။
ပခုက္ကူမြို့အခြေစိုက် တပ်မ ၁၀၁ က အကြမ်းဖက်စစ်သားတွေနဲ့ ရေကြိုမြို့နယ် ဟင်္သာကျေးရွာက ပျူစောထီးတွေပါတဲ့ ပူးပေါင်းအင်အား ၆၀ ခန့်ရှိတဲ့စစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့တွေက ဇူလိုင် ၃၀ ရက် မနက် ၈ နာရီခွဲခန့်အချိန်မှာ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။
တိုက်ပွဲဖြစ်ပြီးချိန်မှာ စစ်အုပ်စုဟာ ရှေ့ဆက်တက်မလာတော့ဘဲ ဟင်္သာရွာထဲပြန်ဝင်သွားတယ်လို့လည်း ပြောပါတယ်။
ဒီတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်တပ် စစ်ကြောင်းက ပျူစောထီး ၄ ဦးသေဆုံးကာ ၄ ဦး ပြင်းထန်ဒဏ်ရာရပြီး ပြန် ဆုတ်သွားတာကြောင့် တိုက်ပွဲဖြစ်နေရာကို နယ်မြေရှင်းလင်းချိန်မှာ ကာဘိုင်ကျည် အတောင့် ၂၀၀ ၊ ကာဘိုင်ကျည်ဘောက် ၂ ခု၊ ၄၀ မမဗုံးသီးတလုံး၊ G3 ကျည်ဘောက်တခု၊ Ak ကျည် ၂ ဘောက်နဲ့ ၇ ပွိုင့် ၆၂ မမ ကျည် အတောင့် ၂၀ သိမ်းဆည်းရရှိ ခဲ့တယ်လို့လည်း အသိပေးထားပါတယ်။
အဆိုပါတိုက်ခိုက်မှုကို ရေစကြိမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ရဲဘော်တွေ တိုက်ခိုက်ခဲ့တာဖြစ်ပြီး ပြည်သူ့ကာကွယ် ရေး တပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိခဲ့ဘူးလို့ သိရပါတယ်။
========================
🚩🚩 ၄။ မြင်းခြံနယ်က စစ်တပ်တပ်စွဲရာ လေးရွာဆုံပျူရွာကို ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်မှု တဦးသေပြီး ၃ဦး ဒဏ်ရာရ
မန္တလေးတိုင်း မြင်းခြံမြို့နယ်ထဲက စစ်ကောင်စီတပ်စွဲရာ လေးရွာဆုံရွာက ပျူစောထီးစခန်းကို ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်ခဲ့ရာမှာ တဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရသွားတယ်လို့ Anyar Federal Task Force တပ်ဖွဲ့ထံကနေ သိရပါတယ်။
လေးရွာဆုံရွာက ပျူစောထီးစခန်းကို ဇူလိုင် ၂၈ရက် မနက်ပိုင်းမှာ တော်လှန်ရေးပူးပေါင်းအဖွဲ့က ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
တော်လှန်ရေးအဖွဲ့တွေက ဒရုန်းနဲ့ ဗုံးသီး ၆ လုံးချ တိုက်ခိုက်ခဲ့တာကြောင့် စစ်အုပ်စုဘက်က ထိခိုက်သေဆုံးမှုတွေရှိခဲ့တာ ဖြစ်ပါတယ်။
စစ်အုပ်ဘက်က ၆၀ မမ နဲ့ ၄ ချက် ပြန်လည်ပစ်ခက်ခဲ့ပေမဲ့ တော်လှန်ရေးရဲဘော်တွေ ထိခိုက်မှုမရှိခဲ့ဘူးလို့ သိရပါတယ်။
လေးရွာဆုံပျူစောထီးရွာက ပျူစောထီးတွေဟာ စစ်ကောင်စီတပ်နဲ့ပေါင်းပြီး စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးတာ၊ ဒေသခံ ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေ ပြုလုပ်လေ့ရှိရာ ဇူလိုင် ၁၀ ရက်ကလည်း စစ်ကောင်စီတပ်နဲ့အတူ လက်ဝဲမြင်းနီ ရွာကို မီးရှို့ဖျက်ဆီးခဲ့တဲ့အတွက် ရွာလုံးကျွတ်ပြာကျပြီး သက်ကြီးရွယ်အိုတွေအပါအဝင် ဒေသခံ ၆ ဦးထက်မနည်း သေဆုံး ခဲ့တယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။
ဒီစစ်ဆင်ရေးကို Anyar Federal Task Force၊ Freedom Fighter Guerrilla Force (FFGF) နဲ့ 8 Stars စတဲ့အဖွဲ့တွေက Shar Htoo Waw နည်းပညာ Fixed Wings ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
========================
🚩🚩 ၅။ ဖြူး ညောင်ပင်သာရဲစခန်းကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ရဲတဦးသေဆုံး
ပဲခူးတိုင်း တောင်ငူခရိုင် ဖြူးမြို့နယ်ထဲမှာရှိတဲ့ ညောင်ပင်သာရဲစခန်းကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာမှာ ရဲတဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရသွားတယ်လို့ ဖြူးမြို့နယ် ပကဖ က အသိပေးထားပါတယ်။
ဇူလိုင်လ ၃၀ ရက်နေ့ ညနေ ၄ နာရီ ၁၅ မိနစ်ခန့်အချိန်မှာ ညောင်ပင်သာရဲစခန်းကို ဖြူးမြို့နယ် ပကဖ ရဲ့ ဒရုန်းအဖွဲ့က ဒရုန်းတွေသုံးပြီး ဗုံးသီး ၂ ကြိမ် ကြဲချတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
အင်အား ၂ဝ ခန့်ရှိတဲ့ အဲဒီရဲစခန်းကို ပထမအကြိမ် ဗုံးသီးချခဲ့ချိန်မှာ ဗုံးသီးမကွဲတာကြောင့် ဒုတိယအကြိမ်ထပ်ချခဲ့ရတယ်လို့ လည်း သိရပါတယ်။
ဒရုန်းနဲ့ဗုံးသီးချတိုက်ခိုက်ချိန်မှာ ရဲတပ်ဖွဲ့ဝင်တွေဘက်က ပြန်လည်ပစ်ခတ်တာမျိုးမရှိပေမယ့် စခန်းအပြင်ဘက်ထွက်လာတဲ့ တပ်ဖွဲ့ဝင်တွေကို မိုင်းခွဲတိုက်ခိုက်ချိန်မှာတော့ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်တာမျိုးရှိခဲ့တယ်လို့ ဖြူးမြို့နယ် ပကဖ တာဝန်ရှိသူတဦးက ဒေသတွင်းသတင်းတွေကို ပြောထားပါတယ်။
ဒေသခံပြည်သူတွေကို ဒုက္ခမျိုးစုံပေးနေတဲ့အပြင် တော်လှန်ရေးရဲဘော်တွေသတင်းကို ထောက်လှမ်းနေတဲ့ ညောင်ပင်သာ ရဲစခန်းက ဒုတပ်ကြပ် လင်းလင်း လည်း ဖြူးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့-Phyu PDO အဖွဲ့တွေက ဇူလိုင် ၂၁ ရက်မှာ ပစ်ခတ်ရှင်းလင်းခဲ့ပါသေးတယ်။
========================
🚩🚩 ၆။ ပုလောကုန်းစစ်စခန်းကိုရှင်းလင်းရာမှ လက်နက်ခဲယမ်းများနှင့် စစ်အသုံးအဆောင်များသိမ်းဆည်းရရှိ
တနင်္သာရီတိုင်း ပုလောမြို့နယ်မှာရှိတဲ့ ပုလောကုန်းစစ်စခန်းကိုရှင်းလင်းရာကနေ လက်နက်ခဲယမ်းတွေနဲ့ စစ်အသုံး အဆောင်တွေ သိမ်းဆည်းရရှိခဲ့တယ်လို့ KNU ဗဟိုက ဒီနေ့ ဇူလိုင် ၃၁ မှာ ထုတ်ပြန်ပါတယ်။
စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့စစ်တွေ ဇူလိုင်လ ၂၉ ရက်မှာ စွန့်ခွာထွက်ပြေးသွားတာကြောင့် ပုလောကုန်းကျေးရွာကို ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့-KNDO တပ်ရင်း-၇ တပ်ခွဲ ၅ က တပ်ဖွဲ့ဝင်တွေ ပြန်လည်ထိန်းချုပ်ပြီး နယ်မြေရှင်းလင်းရေးရာကနေ လက်နက်ခဲယမ်းတွေနဲ့ စစ်အသုံးအဆောင်တွေ သိမ်းဆည်းရရှိ ခဲ့တာဖြစ်ပါတယ်။
အကြမ်းဖက်စစ်ကောင်စီတပ်တွေဟာ ၂၀၂၁ ခုနှစ်ကတည်းက ပုလောကုန်းကျေးရွ မှာ အခြေချတပ်စွဲပြီး ပြည်သူလူထုကို ငွေညှစ်တာ အကြောင်းမဲ့ဖမ်းဆီးတာတွေ မကြာခဏပြုလုပ်ခဲ့သလို ပြည်သူ့စစ်အဖွဲ့တွေကလည်း လမ်းသွားလမ်းလာ ပြည်သူတွေကို အနှောင့်အယှက်ပေးခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်စခန်းမစွန်မီအချိန်က အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ကရင်အမျိုးသားကာကွယ်ရေး KNDO တပ်ဖွဲ့တို့ကြား ထိတွေ့တိုက်ပွဲတွေ မကြာခဏဖြစ်တယ်လို့လည်း သိရပါတယ်။
စစ်ကောင်စီတပ်ဖွဲ့အတွက် အဓိကကျတဲ့ လက်နက်ရိက္ခာလမ်းကြောင်းတွေကို KNDO တပ်ဖွဲ့တွေက ပိတ်ဆို့တားဆီးနိုင်ခဲ့ တာကြောင့်လည်း စစ်အုပ်စုဟာ အခုလို စခန်းစွန့်ခွာထွက်ပြေးသွားတာဖြစ်ပါတယ်။
လက်ရှိမှာ ပုလောကုန်းကျေးရွာကို ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ -KNDO က ထိန်းချုပ်ထားပြီး နယ်မြေရှင်းလင်း ရေးလုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့လည်း KNU ဗဟိုက အသိပေးထားပါတယ်။
========================
🚩🚩 ၇။ လွိုင်ကော်မြို့ကို ထိုးစစ်ဆင်နေတဲ့ စစ်ကောင်စီတပ်က တပ်သားတဦး လက်နက်ခဲယမ်းများနဲ့အတူ အလင်းဝင်
ကရင်နီပြည် လွိုင်ကော်မြို့ကို ထိုးစစ်ဆင်နေတဲ့ စစ်ကောင်စီတပ်က တပ်သားတဦး ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ် လို့ Loikaw Local PDF က ထုတ်ပြန်ထားပါတယ်။
လွိုင်ကော်မြို့နယ် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ထံ အလင်းဝင်လာသူဟာ မိုင်းနောင်အခြေစိုက် ခလရ- ၉ တပ်ရင်းက စစ်ကောင်စီတပ်သား ဇော်မင်းနိုင် ဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါ စစ်ကောင်စီတပ်သားဟာ ဇူလိုင် ၂၅ ရက်က လွိုင်ကော်မြို့တွင်းမှာရှိတဲ့ စစ်ကောင်စီတပ်ကနေ ထွက်ပြေးလွတ် မြောက်လာခဲ့တာလို့လည်း အသိပေးထားပါတယ်။
စစ်ကြောင်းထိုးချိန် ထွက်ပြေးလွတ်မြောက်လာတဲ့ တပ်သား ဇော်မင်းနိုင်ဟာ ကျည်၊ ခဲယမ်းနဲ့လက်ပစ်ဗုံးတွေယူဆောင်လာ နိုင်ခဲ့တယ်လို့ Loikaw Local PDF က ဆိုပါတယ်။
စစ်ကောင်စီတပ်မှာ ကျနော့်လို ထွက်လာချင်တဲ့သူတွေရှိတယ်။ မြေပြင်သတင်းတွေကို အမှောင်ချထားသလို တပ်တွင်းမှာ ကျန်နေခဲ့တဲ့ မိသားစုနဲ့အကြပ်ကိုင် ခြိမ်းခြောက်ထားတာတွေရှိတယ်လို့ တပ်သား ဇော်မင်းနိုင်က ပြောပါတယ်။
လက်ရှိမှာ အလင်းဝင်လာတဲ့စစ်သားကို လုံခြုံတဲ့နေရာ ပို့ဆောင်ထားပြီး စုံစမ်းစစ်ဆေးမှုတွေ ဆက်လုပ်နေတယ်လို့ Loikaw Local PDF က ထုတ်ပြန်ထားပါတယ်။
ထပ်မံဝင်ရောက်ပူးပေါင်းလာမယ့် စစ်ကောင်စီတပ်က အရာရှိတွေနဲ့အခြားအဆင့် တပ်ဖွဲ့ဝင်တွေကိုလည်း ကြိုဆိုနေမှာ ဖြစ်ပြီး လုံခြုံတဲ့နေရာတွေ ဖန်တီးပေးသွားမယ်လို့ လွိုင်ကော်မြို့နယ် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်က အသိပေးထား ပါတယ်။
========================
🚩🚩 ၈။ တောင်သာနဲ့ ရေစကြိုမှာ စစ်ကောင်စီတပ်သား ၂ ဦး လက်နက်နဲ့တကွအလင်းဝင်
မန္တလေးတိုင်း တောင်သာမြို့နယ်နဲ့ မကွေးတိုင်းရေစကြိုမြို့နယ်တို့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင် တဦးစီ လက်နက်နဲ့တကွ အလင်းဝင်လာတဲ့အတွက် ဆုကြေးငွေတွေ ချီးမြင့်ပေးခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။
မန္တလေးတိုင်း တောင်သာမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်သားတဦးဟာ ဇူလိုင်လ ၂၈ ရက်နေ့က G-3 သေနတ် တလက်နဲ့အတူ အလင်းဝင်လာတာကြောင့် ကျပ်သိန်း ၅၀ ချီးမြှင့်ခဲ့ပြီး နွေးထွေးစွာကြိုဆိုခဲ့တယ်လို့ Scorpions People Defense Force အဖွဲ့က အသိပေးထားပါတယ်။
မိမိနဲ့ မိမိမိသားစုရဲ့ တန်ဖိုးရှိတဲ့ ဘ၀တွေ အသက်တွေကို ကိုယ်ကျိုးစီးပွားပဲကြည့်တဲ့ လက်တဆုပ်စာ စစ်ဗိုလ်ချုပ်ကြီးတွေအတွက် ပေးဆပ်ဖို့မလိုတာကြောင့် ဂုဏ်သိက္ခာရှိစွာနဲ့ ပြည်သူ့ရင်ခွင်ခိုလှုံကြဖို့လည်း စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့ဝင်တွေကို တိုက်တွန်းထားပါတယ်။
CDM လုပ်ပြီး ပြည်သူ့ဘက်ကို ပြောင်းလာမယ့် တပ်မတော်သား၊ ရဲ တွေအနေနဲ့ တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့ကို လုံခြုံစိတ်ချစွာနဲ့ဆက်သွယ်နိုင်ပါတယ်လို့လည်း အသိပေးထားပါတယ်။
ထို့အတူ မကွေးတိုင်း ရေစကြိုမြို့နယ်မှာလည်း စစ်ကောင်စီတပ်သားတဦး လက်နက်ခဲယမ်းတွေ ယူဆောင်လာပြီး အလင်းဝင်လာတယ်လို့ Royal Eagle PDF အဖွဲ့ထံကနေ သိရပါတယ်။
ရေစကြိုမြို့နယ်မှာ တာဝန်ထမ်းနေတဲ့ ရတဖ ၁၉ မှ ရဲတပ်ကြပ် အောင်မြတ်သူဟာ M-16 တလက်နှင့်၅ ပွိုင့် ၅၆ ကျည် ၂၀၀ တောင့် ယူဆောင်လာပြီး ဇူလိုင်လ ၃၀ ရက်နေ့မှာ Royal Eagle - PDF ထံ အလင်းဝင်လာတာကြောင့် ကျပ်သိန်း ၃၀ ချီးမြှင့်ပေးခဲ့ပြီး လွတ်မြောက်နယ်မြေကို ပို့ဆောင်ပေးခဲ့တယ်လို့ အသိပေးထားပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းသီးဟန်နှင့်ကိုခန့်တို့မှ ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment