၂၀၂၄ ဇူလိုင်လ ၄ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရ နိူင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် နှင့် Perth မြို့ လူထုတွေ့ဆုံပွဲကျင်းပမည်
📌 ၂။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ပုံတူပန်းချီကားကို သြစတြေးလျဒေါ်လာ ၄၂၀၀ နဲ့အမျိုးသမီးတဦးဝယ်ယူ
📌 ၃။ မကွေးထောင်သို့ ထောင်အပြောင်းဖြင့်ရောက်ရှိလာသည့် နိုင်ငံရေးအကျဉ်းသားများကို အကျဉ်းဦးစီး ဝန်ထမ်း သုံးပွင့်အရာရှိ ဦးစီးမှူး မင်းလွင်ဦး နှင့် ဝန်ထမ်း ဌေးဝင်းလှိုင်တို့ ဦးဆောင်၍ ရိုက်နှက်
📌 ၄။ သာယာဝတီအကျဥ်းထောင်တွင် နိူင်ငံရေးအကျဥ်းသားများကို အခြားအမှုနှစ်ကြီးသမားများကရိုက်နှက်နှိပ်စက်သည့်အပြင် ထောင်အာဏာပိုင်များကပါ တိုက်ပိတ်မှုများတရားလက်လွတ်လုပ်ဆောင်နေ
📌 ၅။ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၅၃၅၁) ဦး ရှိခဲ့ပြီဖြစ်
📌 ၆။ TheKeyပရော့ဂျက်ကရရှိငွေကြေးများကို တော်လှန်ရေးထံ အမြန်ဖြန့်ကျက်ဖို့ကိစ္စအလျင်အမြန် ဆောင်ရွက်နေ
၂၀၂၄ ခုနှစ် ဇူလိုင်လ ၄ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ တလအတွင်း စစ်တပ်ဘက်က ဗိုလ်မှူးတဦးအပါအဝင် စစ်သားနဲ့ ရဲ ၄၀ ကျော်အလင်းဝင်
🚩 ၂။ လားရှိုးမြို့မှာ တိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီး လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သား သေဆုံးမှုများရှိ
🚩 ၃။ သံတွဲမှာ စစ်တပ်က လေကြောင်းကနေ ပစ်ခတ်တာကြောင့် အမျိုးသမီး ၅ ဦး ဒဏ်ရာရ
🚩 ၄။ စဉ့်ကူးမြို့နယ် အရှေ့တောင်ခြမ်း တနေရာနှင့် မတ္တရာမြို့နယ် မြောက်ခြမ်း တနေရာသို့စကစတပ်ကလေကြောင်းတိုက်ခိုက်မှုများပြုလုပ်
🚩 ၅။ စဉ့်ကူးနယ် လက်ပံလှကျေးရွာတဝိုက်ကို စစ်တပ်ကလေကြောင်းတိုက်ခိုက်
🚩 ၆။ ဝမ်းတွင်းနဲ့ မြစ်သားမြို့နယ်က ရဲစခန်းတွေနဲ့ တာဝါတိုင်စောင့် စစ်သားတွေကို တိုက်ခိုက်မှု စစ်အုပ်စုဘက်က ၄ ဦးသေဆုံး
🚩 ၇။ ရှမ်းမြောက်တကြော့ပြန်တိုက်ပွဲ စစ်ရှုံးနေချိန်မှာ ဝါသဝနဲ့ပျူစောထီးအဖွဲ့ ကန့်ဘလူမြို့ပေါ် လှည့်လည်အင်အားပြ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရ နိူင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် နှင့် Perth မြို့ လူထုတွေ့ဆုံပွဲကျင်းပမည်
ဇူလိုင်၄ရက်
အမျိုးသားညီညွတ်ရေးအစိုးရ နိူင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် နှင့် သြစတြေးလျနိူင်ငံPerth မြို့ လူထုတွေ့ဆုံပွဲကျင်းပမယ်လို့သတင်းရရှိပါတယ်။
ဇူလိုင်၆ရက်တွင် အမျိုးသားညီညွတ်ရေးအစိုးရ၏ နိူင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် နှင့် Perth မြို့ လူထုတွေ့ဆုံပွဲတွင်အစားအသောက်နှင့်ပစ္စည်းများကို အမျိုးသားညီညွတ်ရေးအစိုးရရံပုံငွေအတွက် လှူဒါန်းရောင်းချပေးသွားမှာလည်းဖြစ်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ နိူင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ဟာတွေ့ဆုံပွဲတွင်တော်လှန်ရေးအခြေအနေများနဲ့ပတ်သက်လို့ရှင်းလင်းပြောကြားသွားမှာလည်းဖြစ်ပါတယ်။
အစားအသောက်များကို နေ့လည် ၁၂ နာရီ မှ ၂ နာရီအတွင်းလူထုအစည်းအဝေးမတိုင်ခင်ရောင်းချပေးမှာဖြစ်တယ်လို့သိရပြီး မြန်မာအစားအစာများလည်းပါဝင်မှာဖြစပါတယ်။
========================
📌📌 ၂။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ပုံတူပန်းချီကားကို သြစတြေးလျဒေါ်လာ ၄၂၀၀ နဲ့အမျိုးသမီးတဦးဝယ်ယူ
ဇူလိုင်၄ရက်
ဒေါ်အောင်ဆန်းစုကြည်ရဲ့ပုံတူပန်းချီကားကို NUGနိူင်ငံခြားရေးဝန်ကြီး၏လူထုတွေ့ဆုံပွဲမှာ သြစတြေးလျဒေါ်လာ ၄၂၀၀ နဲ့အမျိုးသမီးတဦးဝယ်ယူသွားခဲ့ပါတယ်။
သြစတြေးလျနိူင်ငံမဲလ်ဘန်းမြို့မှာ ကျင်းပခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ လူထုတွေ့ဆုံပွဲမှာ အစီအစဉ်တစ်ရပ်အနေနဲ့ ပန်းချီကားတစ်ချပ်ကို အမှတ်တရ လေလံတင်ပွဲ ပြုလုပ်ခဲ့တယ်လို့သတင်းရရှိပါတယ်။
ဒီပန်းချီကားဟာ ပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံရိပ်ဖြစ်ကာ ပန်းချီကားဟာ လွန်ခဲ့တဲ့ ၂၀၀၂ ခုနှစ်က ရေးဆွဲခဲ့တာဖြစ်ပြီး ပန်းချီဆရာမှာ ကိုပေါ်ဦးမှ ရေးဆွဲခဲ့တာ ဖြစ်ပါတယ်။
ပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ပုံရိပ် ပန်းချီကားကို မစု (နီလာဒန်ပေါက်) မှနေပြီး သြစတြေးလျဒေါ်လာ 4200 နဲ့ လက်ဝယ်ပိုင်ဆိုင်သွားခဲ့ပါတယ်။
ပန်းချီကား လက်ဝယ်ပိုင်ဆိုင်သွားတဲ့ မစု (နီလာဒန်ပေါက်) ကို ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်မှပေးအပ်ခဲ့တယ်လို့သိရပါတယ်။
========================
📌📌 ၃။ မကွေးထောင်သို့ ထောင်အပြောင်းဖြင့်ရောက်ရှိလာသည့် နိုင်ငံရေးအကျဉ်းသားများကို အကျဉ်းဦးစီး ဝန်ထမ်း သုံးပွင့်အရာရှိ ဦးစီးမှူး မင်းလွင်ဦး နှင့် ဝန်ထမ်း ဌေးဝင်းလှိုင်တို့ ဦးဆောင်၍ ရိုက်နှက်
ဇူလိုင်၄ရက်
မကွေးထောင်သို့ ထောင်အပြောင်းဖြင့်ရောက်ရှိလာသည့် နိုင်ငံရေးအကျဉ်းသားများကို အကျဉ်းဦးစီး ဝန်ထမ်း သုံးပွင့်အရာရှိ ဦးစီးမှူး မင်းလွင်ဦး နှင့် ဝန်ထမ်း ဌေးဝင်းလှိုင်တို့ ဦးဆောင်၍ ရိုက်နှက်ခဲ့တယ်လို့ ဇူလိုင်၄ရက်မှာ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)ကအသိပေးဖော်ပြပါတယ်။
ဇွန်လ(၁၅)ရက်နေ့တွင် မန္တလေးအိုးဘိုအကျဉ်းထောင်မှ မကွေးအကျဉ်းထောင်သို့ ထောင်ပြောင်းဖြင့် ရောက်ရှိလာသည့် နိုင်ငံရေးအကျဉ်းသားများကို မကွေးအကျဉ်းထောင်တာဝန်ခံများမှ ရိုက်နှက်မှုများရှိခဲ့ပြီး ထောင်တွင်း ဖိနှိပ်မှုများကို ဆက်တိုက်ဆိုသလို ပြုလုပ်လျက်ရှိနေတယ်လို့ဖော်ပြပါတယ်။
ထောင်ပြောင်းဖြင့် ရောက်ရှိလာသည့် နိုင်ငံရေးအကျဉ်းသားအပါအဝင်အကျဉ်းသား(၄၀)ကျော်ကို ဇွန်လ(၁၆)ရက်နေ့တွင် Main Jail သို့ ခေါ်ဆောင်၍ နိုင်ငံရေးအကျဉ်းသားများကို ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့ပြီး ထောင်ပြောင်းဖြင့်ရောက်ရှိလာသည့်နိုင်ငံရေးအကျဉ်းသားများအား ခြေကျင်းဒေါက်များကို(၁၄)ရက်အထိ ခတ်ထားခဲ့သည်ကို တွေ့ရှိရတယ်လို့ဆိုပါတယ်။
ဒေါက်ခတ်ခံထားရစဉ် ရေချိုးချိန်၌လည်း ပုံစံခွက်ဖြင့်သာချိုးရပြီး ပုံမှန်ရေချိုးခွက်ဖြင့်စုစုပေါင်း (၁၅)ခွက်သာ ချိုးခွင့်ပေးပြီးဇွန်လ(၁၆)ရက်မှ ဇွန်လကုန်အထိ အကျဉ်းဦးစီး ဝန်ထမ်း သုံးပွင့်အရာရှိ ဦးစီးမှူး မင်းလွင်ဦး နှင့် ဝန်ထမ်း ဌေးဝင်းလှိုင်တို့ ဦးဆောင်၍ နိုင်ကျဉ်းများကိုဖိနှိပ်ရိုက်နှက်မှုများကို နေ့စဉ်ပြုလုပ်ခဲ့တယ်လို့အတည်ပြုဖော်ပြပါတယ်။
အဆောင်မှ နေ့စဉ်ခေါ်ထုတ်ရိုက်နှက်မှုကိုခံနေကြရသည့်နိုင်ငံရေးအကျဉ်းသားများမှ ရိုက်နှက်မှုပြုလုပ်ခဲ့သည့်အကျဉ်းဦးစီးဝန်ထမ်းများကို မည်သည့်အတွက် ယခုကဲ့သို့ နိုင်ငံရေးအကျဉ်းသားများကို ရိုက်နှက်သနည်းဟုမေးမြန်းခဲ့ကြသည့်အတွက် မေးမြန်းခဲ့သည့် နိုင်ငံရေးအကျဉ်းသားများထဲမှ ဦးဆောင်သူဟု အကျဉ်းဦးစီးမှ ယူဆထားသည့် နိုင်ငံရေးအကျဥ်းသား(၁၀)ဦးကို ထပ်မံရိုက်နှက်၍ တိုက်ပိတ်ခဲ့တယ်လို့သတင်းရရှိပါတယ်။
========================
📌📌 ၄။ သာယာဝတီအကျဥ်းထောင်တွင် နိူင်ငံရေးအကျဥ်းသားများကို အခြားအမှုနှစ်ကြီးသမားများကရိုက်နှက်နှိပ်စက်သည့်အပြင် ထောင်အာဏာပိုင်များကပါ တိုက်ပိတ်မှုများတရားလက်လွတ်လုပ်ဆောင်နေ
ဇူလိုင်၄ရက်
သာယာဝတီအကျဥ်းထောင်တွင် နိူင်ငံရေးအကျဥ်းသားများကို အခြားအမှုနှစ်ကြီးသမားများကရိုက်နှက်နှိပ်စက်သည့်အပြင် ထောင်အာဏာပိုင်များကပါ တိုက်ပိတ်မှုများတရားလက်လွတ်လုပ်ဆောင်နေတယ်လို့ Radio NUGကသတင်းရရှိပါတယ်။
ထောင်အတွင်း စည်းကမ်းထိန်း မျိုးဝင်းကျော်ကနိူင်ငံရေးအကျဥ်းသားများအား ကွမ်းမဝယ်မနေရဝယ်ယူခိုင်းပြီး မဝယ်သည့်သူများကိုရိုက်နှက်နှိပ်စက်ကြောင်း၊အခန်းသူကြီး အကျဥ်းသားတင်လှိုင်ကလည်း နိူင်ငံရေးအကျဥ်းသားများကို အကြောင်းမရှိအကြောင်းရှာနှိပ်စက်ရိုက်နှက်တယ်လို့ သိရပါတယ်။
ထို့အပြင် အကျဥ်းသား ထိန်လင်းဦး မိုးကုတ်၊အောင်မြတ်သူ၊ကျော်ကြီးဆိုသူ အကျဥ်းသားသုံးဦးက ထောင်ပိုင်လေးဖြိုးဝေဦးကို ပိုက်ဆံပေးနေရာယူထားပြီး ကျိုက်မရောမှနိူင်ငံရေးအကျဥ်းသားများထောင်ပြောင်းလာစဥ် ဝင်ရောက်ရိုက်နှက်မှုများကျူးလွန်ခဲ့တယ်လို့သိရပါတယ်။
ထောင်အာဏာပိုင်များကလည်း Covid ကာကွယ်ဆေးအကြောင်းမေးမြန်းသည့် နိူင်ငံရေးအကျဥ်းသား ကိုစောချစ်နှင့်အောင်ထူးသွင်ကို ရိုက်နှက်ကာ တိုက်ပိတ်ခဲ့တယ်လို့သတင်းရရှိပါတယ်။
ကျိုက်မရောထောင်မှထောင်ပြောင်းလာသည့်နိူင်ငံရေးအကျဥ်းသားများထဲမှယခင်ထောင်တွင်းအစာငတ်ခံဆန္ဒပြသူများကို တိုက်ပိတ်ခဲ့ပြီးယခုသာယာဝတီအကျဥ်းထောင်တွင်းမှာလည်းဆက်လက်တိုက်ပိတ်ကာ ခြေကျင်းများခတ်ထားတယ်လို့သိရပါတယ်။
အဆိုပါ ကျိုက်မရောထောင်မှထောင်ပြောင်းလာသည့် နိူင်ငံရေးအကျဥ်းသားများကို မိုးရွာထဲပုံစံမောင်းကာ ဖျားနာသူများကိုလည်းဆေးကုသမှုမပေးဘူးလို့ခိုင်လုံစွာသိရှိရပါတယ်။
အကျဥ်းဦးစီးတပ်သားကျော်ဝင်းမှလည်း နိူင်ကျဥ်းအမျိုးသမီးတဦးကို ထိကပါးရိကပါးပြောဆိုမှုတွေရှိခဲ့တယ်လို့ Radio NUGကသတင်းရရှိပါတယ်။
========================
📌📌 ၅။ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၅၃၅၁) ဦး ရှိခဲ့ပြီဖြစ်
ဇူလိုင်၄ရက်
အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေ စီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၅၃၅၁) ဦး ရှိခဲ့ပြီဖြစ်တယ်လို့AAPPကဖော်ပြပါတယ်။
ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ ဇူလိုင်လ ၃ ရက်၊ ၂၀၂၄ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေ စီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၅၃၅၁) ဦး ရှိခဲ့ပြီဖြစ်တယ်လို့ဖော်ပြပါတယ်။
အေအေပီပီအနေဖြင့် အတည်ပြုရန် လိုအပ် နေသည့် အမည်စုံစမ်းဆဲ သတ်ဖြတ်ခံရသူ (၂၀၀၀) ဝန်းကျင်စာရင်းကိုလည်း သီးခြားပြုစု ထားတယ်လို့ဆိုပါတယ်။
ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၆၉၇၄) ဦးရှိပြီး ထိုအထဲမှ (၂၀၆၈၈) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၉၂၅၅) ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရရပါတယ်။
========================
📌📌 ၆။ TheKeyပရော့ဂျက်ကရရှိငွေကြေးများကို တော်လှန်ရေးထံ အမြန်ဖြန့်ကျက်ဖို့ကိစ္စအလျင်အမြန် ဆောင်ရွက်နေ
ဇူလိုင်၄ရက်
TheKeyပရော့ဂျက်ကရရှိငွေကြေးများကို တော်လှန်ရေးထံ အမြန်ဖြန့်ကျက်ဖို့ကိစ္စအလျင်အမြန် ဆောင်ရွက်နေတယ်လို့ ဇူလိုင်၄ရက်မှာ မမများနဲ့ပွဲကမယ်ကနေ အသိပေးဖော်ပြပါတယ်။
"TheKey ကအရှိန်လဲရနေတာမို့ ခုတစ်လ ဆက်ရောင်းကြပါဦးမယ်။လက်ရှိထိ Ticket ပုံမှန်အရောင်းနဲ့ ကလစ်ကာဖက်ကအားတွေပေါင်းရင် ပြီးခဲ့တဲ့လမှာတင် ဒေါ်လာ (၅) သိန်း၊ သိန်းပေါင်း (၂၀,၀၀၀) ကျော်ရရှိခဲ့ပါတယ်။လက်ရှိရရှိပြီးတဲ့ ဘဏ္ဍာငွေတွေကို အမြန်ဖြန့်ကျက်ဖို့ကိစ္စတွေ အလျင်အမြန် ဆောင်ရွက်နေရလို့ ပို့စ်တင်ကြဲနေရင်လည်း TheKey အတွက် ပို့စ်တွေက ပြည်သူတွေက ကိုယ်စားတင်ပေးကြ၊ လှုံ့ဆော်ပေးကြပါ"လို့ဆိုထားပါတယ်။
ရှမ်းပြည်နယ်ကဒေါ်လာနှစ်မီလီယံတန်ဖိုးရှိ ဟိုတယ်တစ်လုံးကို တော်လှန်ရေးရံပုံငွေအတွက် ရောင်းချတဲ့ ပရောဂျက်တစ်ခုကို ဇွန်လ ၁ ရက်နေ့ကစတင်ပြီး “မမများနဲ့ပွဲကမယ်”က ဦးဆောင်ခဲ့ပါတယ်။
ပရောဂျက်ကို The Key လို့အမည်ပေးထားပြီး လက်မှတ်တစ်စောင်ကို အမေရိကန် ဒေါ်လာ ၁၀၀နဲ့ရောင်းချပေးနေတာဖြစ်ပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် မင်းသီဟန်နှင့်ကိုခန့်တို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ တလအတွင်း စစ်တပ်ဘက်က ဗိုလ်မှူးတဦးအပါအဝင် စစ်သားနဲ့ ရဲ ၄၀ ကျော်အလင်းဝင်
ပြီးခဲ့တဲ့ဇွန်လအတွင်းမှာ စစ်ကောင်စီတပ်ဘက်က ဗိုလ်မှူးတဦးအပါအဝင် စစ်သားနဲ့ရဲ ၄၃ ဦး အလင်းဝင်လာတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ-NUG ကာကွယ်ရေးဝန်ကြီးဌာနက ဇူလိုင် ၃ ရက်နေညပိုင်းမှာ ထုတ်ပြန်ပါတယ်။
ဇွန်လတလအတွင်းမှာ စစ်တပ်ဘက်က ဗိုလ်မှူးတဦး၊ ဗိုလ်ကြီး၂ဦးနဲ့ ဒုရဲမှူးတဦး အပါအဝင် စစ်သားနဲ့ ရဲ ၄၃ ဦး ပြည်သူ့ ဘက်သို့ ကူးပြောင်းလာတာဖြစ်တယ်လို့ NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။
ပြည်သူ့ဘက်ကိုကူးပြောင်းလာသူတွေဟာ NUG ရဲ့ ပြည်သူ့ရင်ခွင်အကောင်အထည်ဖော်ဆောင်မှုဗဟိုကော်မတီနဲ့ ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်မှာရှိတဲ့ PDF တပ်ရင်းများ၊ ပကဖများထံဆက်သွယ်ပြီး အလင်းဝင်လာခဲ့ကြတာ လို့လည်း အသိပေးထားပါတယ်။
အခုလို အလင်းဝင်လာသူ ၄၃ ဦးထဲမှာ လက်နက်နဲ့တကွ ဝင်ရောက်လာသူတွေလည်းရှိတဲ့အတွက် လက်နက်မျိုးစုံ ၁၈ လက် နဲ့ခဲယမ်းမီးကျောက်တွေရရှိခဲ့တဲ့အတွက် သတ်မှတ်ထားတဲ့အတိုင်း လက်နက်တန်ဖိုးအလိုက် ဂုဏ်ပြုချီးမြှင့်ငွေတွေ ပေးအပ် ခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အာဏာသိမ်းစစ်တပ်ရဲံ စစ်မှုထမ်းအမိန့်ကြေညာချက်တွေကြောင့် အတင်းအဓမ္မ လူသစ်စုဆောင်းခံရသူတွေနဲ့ ပြည်သူ့ဘက် ရပ်တည်လိုတဲ့ စစ်သားနဲ့ရဲတွေအနေနဲ့ ပြည်သူ့ရင်ခွင် တယ်လီဂရမ် @MyanmarPeople ဒါမှမဟုတ် နီးစပ်ရာ PDF၊ ပကဖ တွေနဲ့ မဟာမိတ် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေကို ဆက်သွယ်ချိတ်ဆက်ပြီး ပြည်သူ့ရင်ခွင် ခိုလှုံကြဖို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက တိုက်တွန်းထားပါတယ်။
========================
🚩🚩 ၂။ လားရှိုးမြို့မှာ တိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီး လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သား သေဆုံးမှုများရှိ
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ ပတ်ပတ်လည်မှာ ဒုတိယမြောက်အနေ့အဖြစ် တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သားပြည်သူသေဆုံးမှုတွေ ထပ်ရှိနေတယ်လို့ ဒေသတွင်း သတင်းတွေအရ သိရပါတယ်။
မနေ့ ဇူလိုင်လ ၃ ရက်နေ့က လားရှိုးမြို့နယ်ပတ်ဝန်းကျင်မှာရှိတဲ့ မိုင်းတင်စစ်တပ်စခန်း၊ နောင်မွန်းစခန်း၊ မန်စံရေကျတပ် စခန်း၊ နမ့်ပေါင်တပ်စခန်း၊ ညောင်ကုန်းတပ်စခန်း တို့ကို မြောက်ပိုင်းမဟာမိတ်တွေပါတဲ့ တော်လှန်ရေးတပ်တွေက စတင် တိုက်ခိုက်ခဲ့ပြီး ဒီနေ့ ဇူလိုင် ၄ ရက်မနက်မှာတော့ ရပ်ကွက် ၁၂ အရှေ့ဘက်က မန်းနားကုန်းမှာ တိုက်ပွဲတွေထပ်ဖြစ်နေတာ လို့ စစ်ရေး သတင်းရင်းမြစ်တွေက ဆိုပါတယ်။
ကိုးကန့်တပ် -MNDAA ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား လက်နက်ကြီးတွေနဲ့ အပြန်အလှန် ပစ်ခတ်နေတာကြောင့် မြို့ပေါ်ရပ်ကွက်တွေထဲ လက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲပြီး အရပ်သား တွေ ထိခိုက်သေဆုံးနေတာဖြစ်ပါတယ်။
ဒီနေ့မနက်ပိုင်းမှာ အမှတ် ၁၁ ရပ်ကွက် ပညာရေးကောလိပ်အနောက်ဘက် အုတ်ကွင်းထဲကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး အမျိုးသား ၃ ဦးသေဆုံးခဲသလို လားရှိုးမြို့ ရပ်ကွက် ၉ နယ်မြေ ၃ မှာလည်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် သားအမိ ၂ ဦး သေဆုံးသွားခဲ့တယ်ဆိုတဲ့ သတင်းတွေလဲ ထွက်ပေါ်နေပါတယ်။
လက်ရှိမှာ လားရှိုးမြို့အနီးမှာရှိတဲ့ နမ့်ပေါင်တပ်စခန်း ကျသွားပြီဆိုတဲ့ သတင်းတွေထွက်နေပေမယ့် ဒီနေ့ ဇူလိုင်လ ၄ ရက် မွန်းတဲ့ ၁၂ နာရီအထိ တော်လှန်ရေးတပ်တွေဘက်က စခန်းသိမ်းနိုင်တဲ့အကြောင်း ထုတ်ပြန်တာမရှိသေးပါဘူး။
မနေ့ ဇူလိုင်လ ၃ ရက်ကဖြစ်တဲ့တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်တွေရဲ့ ပစ်ခတ်မှုကြောင့် အရပ်သား ၇ ဦးသေဆုံးခဲ့တယ် လို့ မြောက်ပိုင်းမဟာမိတ်အဖွဲ့မှာပါတဲ့ တအာင်းတပ်မတော်-TNLA က ထုတ်ပြန်ထားပါတယ်။
လားရှိုးမြို့က စစ်ဘေးရှောင်လိုကြတဲ့ မြို့ခံပြည်သူတွေအနေနဲ့လည်း လမ်းတွေပိတ်ထားတာကြောင့် မြို့တွင်းမှာပိတ်မိနေ ကြတယ်လို့ သိရပါတယ်။
========================
🚩🚩 ၃။ သံတွဲမှာ စစ်တပ်က လေကြောင်းကနေ ပစ်ခတ်တာကြောင့် အမျိုးသမီး ၅ ဦး ဒဏ်ရာရ
ရခိုင်ပြည် သံတွဲမြို့မှာ စစ်တပ်က လေကြောင်းကနေ ပစ်ခတ်တဲ့အပြင် ဗုံးကြဲခဲ့တာကြောင့် အမျိုးသမီး ၅ ဦး ဒဏ်ရာ ရသွားတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။
သံတွဲမြို့နယ်ထဲက အရပ်သားပြည်သူတွေနေထိုင်ရာ မြုံပြင်ကျေးရွာကို အကြမ်းဖက်စစ်တပ်က ဇူလိုင်လ ၂ ရက် နေ့ မွန်းလွဲ ၁ နာရီခန့်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီးတွေ ဒဏ်ရာရသွားတာလို့ Western News က ဖော်ပြပါတယ်။
ဒဏ်ရာရတဲ့သူတွေဟာ အသက် ၁၄ နှစ်ကနေ ၇၆ နှစ်ကြားရှိတဲ့ အမျိုးသမီးတွေ ဖြစ်တယ်လို့လည်း အသိပေးထားပါတယ်။
မြုံပြင်ကျေးရွာအနီးတဝိုက်မှာ တိုက်ပွဲဖြစ်တာမရှိဘဲ စစ်တပ်က လာရောက်တိုက်ခိုက်ခဲ့တာလို့ သံတွဲမြို့နယ်အတွင်းက စစ်ဘေးရှောင်တွေကို ကူညီပေးနေသူတွေကလည်း ပြောပါတယ်။
သံတွဲမြို့နယ်မှာ အင်တာနက်နဲ့ဖုန်းလိုင်းတွေ ပြတ်တောက်နေတာကြောင့် အမျိုးသမီး ၅ ဦး သေဆုံးခဲ့တယ်လို့ ကနဦးမှာ သတင်းတွေ ထွက်ပေါ်နေခဲ့ပေမယ့် သေဆုံးသူမရှိဘဲ ဒဏ်ရာရသူတွေသာရှိတယ်လို့ စစ်ဘေးရှောင်တွေကို ကူညီပေးနေသူ တွေနဲ့ စစ်ဘေးရှောင်တွေက အတည်ပြုပြောဆိုထားပါတယ်။
သံတွဲမှာ ပြည်သူဆေးရုံဖွင့်ထားပေမယ့် ဆရာဝန်တွေမရှိဘဲ သူနာပြုတွေနဲ့သာ ဖွင့်လှစ်ထားတာကြောင့် သူနာပြုတွေနဲ့သာ ဒဏ်ရာရ အမျိုးသမီးတွေကို ကုသပေးနေရတယ်လို့လည်း သိရပါတယ်။
သံတွဲနဲ့ ငပလီမြို့တွေမှာ စစ်ကောင်စီတပ်တွေနဲ့ ရခိုင့်တပ်တော်တို့ကြား ဇွန်လကုန်ပိုင်းက တိုက်ပွဲတွေ ပြင်းထန်စွာဖြစ်ခဲ့ရာ စစ်တပ်ဘက်က ကြည်း ရေ လေ ပူးပေါင်းတပ်တွေနဲ့ ခုခံတိုက်ခိုက်ခဲ့ပါတယ်။
လက်ရှိမှာ ရခိုင့်တပ်တော် AA ဟာ ရခိုင်ပြည်က မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်နဲ့ ရမ်းဗြဲမြို့တို့ကို တိုက်ခိုက်သိမ်းပိုက်ထားပြီး မောင်တော၊ စစ်တွေ၊ အမ်း၊ ကျောက်ဖြူ၊ သံတွဲ၊ တောင်ကုတ်၊ ဂွ နဲ့ မာန်အောင်မြို့တို့ကို ဆက်လက်သိမ်းပိုက်ဖို့ကျန်ရှိနေသေးတာကြောင့် မောင်တော၊ သံတွဲ၊ တောင်ကုတ်နဲ့ ကျောက်ဖြူမြို့တို့မှာ စစ်ရေးပြင်းထန်နေဆဲလို့ သိရပါတယ်။
========================
🚩🚩 ၄။ စဉ့်ကူးမြို့နယ် အရှေ့တောင်ခြမ်း တနေရာနှင့် မတ္တရာမြို့နယ် မြောက်ခြမ်း တနေရာသို့စကစတပ်ကလေကြောင်းတိုက်ခိုက်မှုများပြုလုပ်
ဇူလိုင်၄ရက်
စဉ့်ကူးမြို့နယ် အရှေ့တောင်ခြမ်း တနေရာနှင့် မတ္တရာမြို့နယ် မြောက်ခြမ်း တနေရာသို့စကစတပ်ကလေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့တယ်လို့ ဇူလိုင်၄ရက်မှာ wetletinformationalnetworkကအတည်ပြုဖော်ပြပါတယ်။
စဉ့်ကူးမြို့နယ် အရှေ့တောင်ခြမ်း တနေရာသို့ ပြင်ဦးလွင်တက် Mi-35 တစ်စီးဖြင့်(10:13AM)အချိန်တွင် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင် သတင်းရရှိထားတယ်လို့ဖော်ပြပါတယ်။
အလားတူမတ္တရာမြို့နယ် မြောက်ခြမ်း တနေရာသို့ တံတားဦးတက် J-fighter 1စီးဖြင့်(9:23AM)အချိန်တွင် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်။
အကြမ်းဖက်စကစဟာ ၂၀၂၁မှ၂၀၂၄ မေလအထိလေကြောင်းတိုက်ခိုက်မှုပေါင်း ၁၁၀၃ရှိခဲ့ပါတယ်။
========================
🚩🚩 ၅။ စဉ့်ကူးနယ် လက်ပံလှကျေးရွာတဝိုက်ကို စစ်တပ်ကလေကြောင်းတိုက်ခိုက်
မန္တလေးတိုင်း စဥ့်ကူးမြို့နယ် လက်ပန်လှကျေးရွာ တဝိုက်ကို အကြမ်းဖက်စစ်တပ်က Mi 35 တစင်းနဲ့ ဒီနေ ဇူလိုင်လ ၄ ရက် မနက် ၈ နာရီခွဲဝန်းကျင်မှာ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်သွားတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။
စဉ့်ကူးမြို့နယ် လက်ပံလှရွာအနီးတဝိုက်ကို ပြင်ဦးလွင်အနီးစခန်းက တက်လာတဲ့ Mi-35 တစင်းက မနက် ၈ နာရီ ၃ဝ မိနစ် အချိန်မှာ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာလို့ Wetlet informational network ကလည်း အသိပေးထားပါတယ်။
ထို့အပြင် ရွှေဘိုနယ်ထဲမှာရှိတဲ့ ကျောက်မြောင်းမြို့မှာရှိတဲ့ ခမရ ၁၂ တပ်ကလည်း မနက် ၉ နာရီ ဝန်းကျင်ခန့်ကစပြီး ဟောင်ဝှစ်ဇာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာကြောင့် စဉ့်ကူးမြို့နယ်အောက်ပိုင်းမှာရှိတဲ့ပြည်သူတွေ သတိထားနေထိုင် ကြဖို့ တိုက်တွန်းထားပါတယ်။
စဥ့်ကူးမြို့နယ် လက်ပန်လှကျေးရွာအုပ်စု ရုံးပင်ကုန်းကျေးရွာကို မနေ့ ဇူလိုင် ၃ ရက်နေ့ မွန်းတည့် ၁၂ နာရီခန့်ကနေ ၁ နာရီ ခန့်အတွင်း လေကြောင်းကနေ ၇ ကြိမ် လာရောက်တိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သားတွေထိခိုက်သေဆုံးခဲ့ရတယ်လို့ ဒေသတွင်းသတင်းတွေအရ သိရပါတယ်။
အကြမ်းဖက်စစ်တပ်က ရဲစခန်းအနောက်ဘက်က လူနေရပ်ကွက်ထဲကို ပစ်ခတ်တာကြောင့် ဇူလိုင် ၃ ရက်နေ့ တရက်တည်း မှာ အရပ်သား ၁၅ ဦး သေဆုံးသွားခဲ့တယ်လို့ မြို့ခံအချို့နဲ့ စဉ့်ကူးမြို့မှာရှိတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးရဲ့ ပြောဆို ချက်ကို ကိုးကားပြီး People’s Spring မှာ ဖော်ပြထားပါတယ်။
စဉ့်ကူးနယ်မှာ မနေ့ ဇူလိုင်လ ၃ ရက် မနက် ၄ နာရီခန့်ကနေ ညနေ ၄ နာရီခန့်အထိတိုက်ပွဲဖြစ်ခဲ့တာရှိပြီး နွယ်ရုံရဲစခန်းကို ပြည်သူ့ကာကွယ်ရေးရဲဘော်တွေ တိုက်ခိုက်သိမ်းပိုက်ထားချိန်မှာ စစ်ကောင်စီက ရဲစခန်းအနီးက လူနေ ရပ်ကွက်တွေထဲကို ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သားတွေ ထိခိုက်သေဆုံးခဲ့ရတာဖြစ်ပါတယ်။
စဉ့်ကူးမြို့နယ်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေကို မန္တလေး PDF ဦးဆောင်တဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ယခုရက်ပိုင်းအတွင်း တိုက်ခိုက်နေရာ ဒိုးနွယ်ရွာတပ်စခန်း၊ နမ့်ဟပ်ရွာတပ်စခန်း၊ မာလဲဆည်ရှင်းလင်းဆောင်တပ်စခန်း၊ ရွှေမာလဲစေတီတပ်ခစန်း ၊ ရွာတော်လေးတပ်စခန်းနှင့် နွယ်ရုံရဲစခန်းတို့ကို သိမ်းပိုက်ထားနိုင်ပြီလို့ မန္တလေး PDF က ဇူလိုင် ၃ ရက် ညက ထုတ်ပြန် ထားပါတယ်။
လက်ရှိမှာ စဥ့်ကူးမြို့နယ်ထဲ ထုံးကြီးရွာ စစ်ကောင်စီစခန်း၊ မြို့မရဲစခန်းနဲ့ လက်ပန်းလှစခန်း စတဲ့ စစ်ရေးပစ်မှတ်တွေသာ ကျန်ရှိတော့တဲ့အတွက် မန္တလေး PDF နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိပါတယ်။
========================
🚩🚩 ၆။ ဝမ်းတွင်းနဲ့ မြစ်သားမြို့နယ်က ရဲစခန်းတွေနဲ့ တာဝါတိုင်စောင့် စစ်သားတွေကို တိုက်ခိုက်မှု စစ်အုပ်စုဘက်က ၄ ဦးသေဆုံး
မန္တလေးတိုင်း ဝမ်းတွင်းမြို့နယ်က ရွှေတောင်ရဲစခန်း၊ မြစ်သားမြို့နယ်က ရစ်ကန်ကျေးရွာရဲစခန်းနဲ့ တာဝါတိုင်စောင့် စစ်သား တွေကို ပြည်သူ့ကာကွယ်ရေးရဲဘော်တွေက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦး နဲ့ ရဲ ၂ ဦး သေဆုံးသွားတယ်လို့ နွားထိုးကြီး -PDF က ထုတ်ပြန်ထားပါတယ်။
မြစ်သားမြို့နယ်က ရစ်ကန်ကျေးရွာရဲစခန်းနဲ့ တာဝါတိုင်စောင့် စစ်သားတွေကို ဇူလိူင်လ ၂ ရက်နေ့ မနက် ၈နာရီခန့်အချိန်မှာ မြင်းခြံခရိုင် အမှတ် ၄ တပ်ရင်း နွားထိုးကြီး- PDF က ဒရုန်းနဲ့ ဗုံးသီး ၃ လုံး ကြခြျတိုက်ခိုက်ခဲ့ရာမှာ စစ်သား ၂ ဦးနဲ့ ရဲ ၂ ဦး သေဆုံးသွားတာလို့ ဆိုပါတယ်။
ထို့အတူ ဇူလိုင်လ ၁ ရက်နေ့ ညနေ ၄ နာရီခန့်ကလည်း ဝမ်းတွင်းမြို့နယ်ထဲက ရွှေတောင်ရဲစခန်းကို ဒရုန်းနဲ့ ဗုံးသီး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့တာရှိပေမယ့် ထိခိုက်သေဆုံးမှုအခြေအနေ စုံစမ်းနေဆဲလို့ အသိပေးထားပါတယ်။
========================
🚩🚩 ၇။ ရှမ်းမြောက်တကြော့ပြန်တိုက်ပွဲ စစ်ရှုံးနေချိန်မှာ ဝါသဝနဲ့ပျူစောထီးအဖွဲ့ ကန့်ဘလူမြို့ပေါ် လှည့်လည်အင်အားပြ
ရှမ်းပြည်နယ်မြောက်ပိုင်းက တကြော့ပြန်တိုက်ပွဲမှာ စစ်ရှုံးနေချိန် ဝါသဝ ဦးဆောင်တဲ့ ပျူစောထီးအဖွဲ့တွေ ကန့်ဘလူမြို့ပေါ် လှည့်လည်ပြီး အင်အားပြနေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။
၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းမှာTNLA နဲ့ မဟာမိတ်တပ်တွေရဲ့ ထိုးစစ်ကြောင့် စစ်စခန်းတွေဆုံးရှုံးနေချိန် စစ်ကိုင်းတိုင်း အထက်ပိုင်းက ပျူစောထီးအားကောင်းရာ ကန့်ဘလူမြို့ပေါ်မှာ ဒီနေ့ ဇူလိုင် ၄ ရက် မနက် ၇ နာရီခန့်ကစပြီး အင်အား ၅၀၀ ခန့်နဲ့ လှည့်လည်အင်အားပြနေတယ်လို့ ဒေသအခြေစိုက် Infinity Group ကလည်း အသိပေးထားပါတယ်။
G3 နဲ့ MA 1 လို လက်နက်ကောင်းတွေအနည်းငယ်သာပါဝင်ပြီး ကာဘိုင်သေနတ်တွေ အများဆုံးကိုင်ဆောင်ထားတဲ့ အင်အား ၅၀၀ ခန့်ပါ သင်တန်းဆင်းပျူစောထီးတွေကို ကန့်ဘလူမြို့ အမှတ် ၆၀၀၆ တင့်ကားတပ်ရင်းကနေ မြို့ထဲလမ်းမ တွေပေါ် ခြေလျင်လျှောက်ခိုင်းကာ ဝါသဝ က လော်စပီကာနဲ့ ဝင့်ကြွားအော်ဟစ်ကာ တမြို့လုံးလှည့်ပတ်အင်အားပြနေတာ လို့ သိရပါတယ်။
ဝါသဝနဲ့သူ့ကောင်တွေ ဒီနေ့မနက် တမြို့လုံးပတ်ပီး အင်အားပြနေတာ။ ခြေလျင်ရော ကားတွေဆိုင်ကယ်တွေနဲ့ဆိုရင် ၅၀၀ လောက်ရှိမယ်။လက်နက်ကြီးတင်တဲ့ကားရယ် ဒရုန်းတွေပါတဲ့ကားရယ် အဲ့ဒါတွေလဲမြင်တယ် မြို့ခံတဦးက ပြောပါတယ်။
၂၀၂၃ ခုနှစ်က ရှမ်းပြည်နယ်မြောက်ပိုင်းမှာစတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ ပြည်သူ့ကာကွယ်ရေးတပ်တွေ ဟန်ချက်ညီ သိမ်းပိုင်းနိုင်ခဲ့တဲ့ ကောလင်းမြို့ကို ပြန်လည်သိမ်းယူမယ်ဆိုပြီး အင်အား ၃၀၀ ခန့်နဲ့ ချီတက်သွားတဲ့ ဝါသဝ ရဲ့ ပျူစောထီး စစ်ကြောင်းဟာ တော်လှန်ရေးတပ်တွေရဲ့ ကြားဖြတ်တိုက်ခိုက်မှုကြောင့် ၁၀၀ ဝန်းကျင်သေဆုံးသွားခဲ့ပြီး ဖရိုဖရဲနဲ့ တပ်ဆုတ်ပြေးခဲ့ရဘူးပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းသီဟန်နှင့်ကိုခန့်တို့မှပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment