၂၀၂၄ သြဂုတ်လ ၁၄ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်/ဖက်ဒရယ်ယူနစ်များအကြား ပူးပေါင်းဆောင်ရွက်ရေးကော်မရှင် (FSCC)နှင့် ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC)တွေ့ဆုံအစည်းအဝေး ယာယီသမ္မတနှင့်ပြည်ထောင်စုဝန်ကြီးချုပ်တို့တက်ရောက်
📌 ၂။ မကွေးဖက်ဒရယ်ယူနစ်လွှတ်တော်နှင့် စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်တို့ တွေ့ဆုံဆွေးနွေးခဲ့
📌 ၃။ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်နှင့် ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများတွေ့ဆုံမယ်
📌 ၄။ နွေဦးတော်လှန်ရေး အောင်ပွဲတွေက တလှမ်းချင်းဆီလာနေပြီလို့ ချက်သမ္မတနိူင်ငံ NUGကိုယ်စားလှယ်ဆို
📌 ၅။ မြင်းခြံမြို့ရှိ သဘာဝဓာတ်အားပေးစက်ရုံ ၂ခုတို့ အရေးပေါ် ရပ်တန့်လိုက်တာကြောင့် ယာယီဓာတ်အား ပြတ်တောက်မှုတွေ ရှိနိုင်
📌 ၆။ စစ်တပ်က ရက်စက်ကြမ်းကြုတ်သော စစ်ရာဇ၀တ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများကို ပိုမိုပြင်းထန်စွာ ကျူးလွန်နေသော အထောက်အထား အများအပြားကိုစုဆောင်းရရှိတယ်လို့မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားကထုတ်ပြန်
📌 ၇။ ရန်ကုန်မြို့နေ ပြည်သူတရပ်လုံးသို့ စစ်ရှောင်များကို ကူညီပံ့ပိုးပေးရန် ရန်ကုန်အခြေစိုက် တော်လှန်ရေးအင်အားစုများက တိုက်တွန်းနှိုးဆော်
📌 ၈။ စစ်ကောင်စီရဲ့လေယာဥ်ဆီ ဖြတ်တောက်ရေးလှုပ်ရှားမှုအတွက် လက်ကမ်းစာစောင်များ ထိုင်းနိူင်ငံဘန်ကောက်မြို့တွင် မြန်မာအင်အားစုများဖြန့်ဝေ
📌 ၉။ ဩဂုတ်လ ၁ ရက်နေ့မှ ၁၃ ရက်နေ့အထိ နိုင်ငံတဝန်းအကြမ်းဖက်စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုကြောင့်(၁၀)ဦး သေဆုံးခဲ့ပြီး အသက် ၁၈ နှစ်အောက် ကလေးငယ် (၂) ဦး ပါဝင်
၂၀၂၄ ခုနှစ် သြဂုတ်လ ၁၄ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ “Operation Rung” Keivangzuan စခန်းသိမ်း တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၁၀ ဦး သေဆုံးခဲ့
🚩 ၂။ ပွဲခင်းရွာမ ပျူရွာကို ဝင်ရောက်ပစ်ခတ် ရှင်းလင်းခဲ့ရာ ပျူ ၆ ဦး သေဆုံးပြီး လက်နက် ၃ လက် သိမ်းပိုက်ရရှိ
🚩 ၃။ ဘီးလင်းမြို့အဝင် ၂၀၀ တန်ဂိတ်ကို ပစ်ခတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၃ ဦးသေဆုံး
🚩 ၄။ မုံရွာအဝင် မအူဂိတ် စစ်ကောင်စီတပ်ဖွဲ့မှ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပြည်သူ (၂၁)ဦး ထိမှန်ပြီး (၁၁)ဦးသေဆုံး
🚩 ၅။ နမ့်ဆန်မြို့တွင်းကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၁ ဦး သေဆုံး
🚩 ၆။ TNLA နဲ့ တိုက်ပွဲဖြစ်ပွားနေတဲ့ နောင်ချို၊ သီပေါနဲ့ မန်တုံမြို့နယ်တို့တွင် စစ်ကောင်စီက တရက်အတွင်း ၂၆ ကြိမ် လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်/ဖက်ဒရယ်ယူနစ်များအကြား ပူးပေါင်းဆောင်ရွက်ရေးကော်မရှင် (FSCC)နှင့် ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC)တွေ့ဆုံအစည်းအဝေး ယာယီသမ္မတနှင့်ပြည်ထောင်စုဝန်ကြီးချုပ်တို့တက်ရောက်
သြဂုတ်လ ၁၃ရက်။
Radio NUG
အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်/ဖက်ဒရယ်ယူနစ်များအကြား ပူးပေါင်းဆောင်ရွက်ရေးကော်မရှင် (FSCC)နှင့် ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC)တွေ့ဆုံအစည်းအဝေး ယာယီသမ္မတနှင့်ပြည်ထောင်စုဝန်ကြီးချုပ်တို့တက်ရောက်ခဲ့တယ်လို့သတင်းရရှိပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်/ဖက်ဒရယ်ယူနစ်များအကြား ပူးပေါင်းဆောင်ရွက်ရေးကော်မရှင် (FSCC)နှင့် ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ(ICNCC)တွေ့ဆုံအစည်းအဝေးကို ၂၀၂၄ ခုနှစ် သြဂုတ်လ (၁၃)ရက်နေ့ မွန်းလွဲ (၁း၀၀) နာရီတွင် အွန်လိုင်းမှတဆင့် ကျင်းပခဲ့ပါတယ်။
အစည်းအဝေးတွင် FSCC ၏ ဥက္ကဋ္ဌ ယာယီသမ္မတ ဒူဝါလရှီးလ၊ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ FSCC အဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးများနှင့် FSCC အတွင်းရေးမှူးအဖွဲ့ဝင်များ ပါဝင်တက်ရောက်ခဲ့ကြပြီး ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ(ICNCC)မှ အလှည့်ကျသဘာပတိ Dr. Kenton Linn နှင့် အဖွဲ့ဝင်များ ပါဝင်တက်ရောက်ခဲ့ကြပါတယ်။
FSCC နှင့် ICNCC မှ တာဝန်ရှိသူများက သက်ဆိုင်ရာ အဖွဲ့အစည်း၏ ရည်ရွယ်ချက်နှင့် လုပ်ငန်းဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြကြပြီး အပြန်အလှန် မေးမြန်းဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီးနောက် ရှေ့ဆက်တွေ့ဆုံမှု၊ ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ကြရန် သဘောထားစုစည်းခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။
========================
📌📌 ၂။ မကွေးဖက်ဒရယ်ယူနစ်လွှတ်တော်နှင့် စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်တို့ တွေ့ဆုံဆွေးနွေးခဲ့
သြဂုတ်လ ၁၃ရက်။
Radio NUG
မကွေးဖက်ဒရယ်ယူနစ်လွှတ်တော်နှင့် စစ်ကိုင်းဖက်ဒရယ်ယူနစ် လွှတ်တော်တို့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သတင်းရရှိပါတယ်။
မကွေးဖက်ဒရယ်ယူနစ်လွှတ်တော်နှင့် စစ်ကိုင်းဖက်ဒရယ်ယူနစ် လွှတ်တော်တို့ တွေ့ဆုံဆွေးနွေးပွဲကို ဩဂုတ်လ ၁၃ ရက်၊ အင်္ဂါနေ့ (၁၅:၀၀)နာရီအချိန်တွင် ကျင်းပခဲ့ပါတယ်။
အခမ်းအနားသို့ လွှတ်တော်၂ရပ်မှ လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများနှင့် လွှတ်တော်ရေးရာကော်မတီများမှ တာဝန်ရှိ လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါတယ်။
ထို့နောက် ကြားကာလဖက်ဒရယ်ယူနစ်ဆိုင်ရာ လုပ်ငန်းစဉ်များနှင့် လွှတ်တော်ရေးရာလုပ်ငန်းစဉ်များအား အပြန်အလှန် ဆွေးနွေးအကြံပြုခြင်းများ လုပ်ဆောင်ခဲ့ပြီး(၁၇:ဝ၀)နာရီအချိန်တွင် တွေ့ဆုံဆွေးနွေးပွဲအား အောင်မြင်စွာ ရုပ်သိမ်းခဲ့တယ်လို့ စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်ကတဆင့်သတင်းရရှိပါတယ်။
========================
📌📌 ၃။ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်နှင့် ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများတွေ့ဆုံမယ်
သြဂုတ်လ ၁၃ရက်။
Radio NUG
ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်နှင့် ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများ တွေ့ဆုံမယ်လို့သတင်းရရှိပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ စီမံကိန်း၊ ဘဏ္ဍာရေးနှင့်ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်သည် ဂျပန်နိုင်ငံသို့ ရောက်ရှိနေစဉ်အတွင်း ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများအား ရင်းရင်းနှီးနှီး တွေ့ဆုံသွားမယ်လို့ အမျိုးသား ညီညွတ်ရေး အစိုးရဂျပန်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးကဖော်ပြပါတယ်။
သြဂုတ်လ၁၈ရက်တွင် အိုဆာကာမြို့နှင့် ၂၄ရက်တွင် တိုကျိုမြို့တို့မှာ အစီအစဉ်အတိုင်း လူထုတွေ့ဆုံပွဲများ ကျင်းပသွားမှာဖြစ်ပါတယ်။
ပွဲစီစဉ်နေချိန်အတွင်း လုံခြုံရေးအရ စီမံဆောင်ရွက်ထားမှုများအပေါ် ပူးပေါင်းဆောင်ရွက်ပေးကြဖို့လည်းအသိပေးဆိုထားပါတယ်။
========================
📌📌 ၄။ နွေဦးတော်လှန်ရေး အောင်ပွဲတွေက တလှမ်းချင်းဆီလာနေပြီလို့ ချက်သမ္မတနိူင်ငံ NUGကိုယ်စားလှယ်ဆို
သြဂုတ်လ ၁၃ရက်။
Radio NUG
နွေဦးတော်လှန်ရေး အောင်ပွဲတွေက တလှမ်းချင်းဆီလာနေပြီလို့ ချက်သမ္မတနိူင်ငံ NUGကိုယ်စားလှယ် ဦးလင်းသန့်ကဆိုပါတယ်။
သြဂုတ်လ၁၃ရက် ဆိုရှယ်မီဒီယာမှာ ချက်သမ္မတနိူင်ငံNUGကိုယ်စားလှယ် ဦးလင်းသန့်ကဆိုထားပါတယ်။
"နိုင်ငံရေးဆိုတာ စွန့်စားမှု အကြီးဆုံး ဂိမ်းတခုပဲ၊ ကောင်းမွန်တဲ့ နိုင်ငံရေး ၀န်းကျင်တခုကို တည်ဆောက်နိုင်ဖို့ မျိုးဆက်အလိုက် အသက်တွေ၊ ဘ၀တွေ၊ စည်းစိမ်တွေနဲ့ ရင်းနှီးကြရတာ။
ခရီးမဆုံးခင် ဘ၀ဆုံးသွားသူတွေ၊ အသက်ဆုံးသွားသူတွေ၊ စည်းစိမ်ဆုံးရှုံးသွားသူတွေနဲ့ ပေးဆပ်ရင်းနှီးနေကြရတာ။ ခရီးဆုံးထိ ဆက်သွားနေသူတွေလည်း ဒုနဲ့ ဒေး၊ ဒါကြောင့် အောင်ပွဲတွေက တလှမ်းချင်း ကိုယ့်ဆီ လာနေပြီ။ တခုပဲ ညီညွတ်ရေးသည်သာ ပဓာန"လို့ဆိုပါတယ်။
လက်ရှိမှာ တော်လှန်ရေးအင်အားစုများဟာမြို့သိမ်းတိုက်ပွဲများကို ဆက်တိုက်ဆင်နွှဲလျက်ရှိနေပါတယ်။
========================
📌📌 ၅။ မြင်းခြံမြို့ရှိ သဘာဝဓာတ်အားပေးစက်ရုံ ၂ခုတို့ အရေးပေါ် ရပ်တန့်လိုက်တာကြောင့် ယာယီဓာတ်အား ပြတ်တောက်မှုတွေ ရှိနိုင်
ဩဂုတ်လ ၁၃ရက်။
RadioNUG
မန္တလေးတိုင်း မြင်းခြံမှာ တော်လှန်ရေးအင်အားစုတွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်လာချိန် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုနဲ့ လည်ပတ်နေတဲ့ V-Power သဘာဝဓာတ်အားပေးစက်ရုံနဲ့ Sembcorp သဘာဝဓာတ်အားပေးစက်ရုံတို့ သြဂုတ် ၁၂ ရက်က တပြိုင်တည်း အရေးပေါ် ရပ်တန့်လိုက်တာကြောင့် ယာယီဓာတ်အားပြတ်တောက်မှုတွေ ရှိနိုင်တယ်လို့ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း (YESC)က ကြေညာထားပါတယ်။
စက်ရုံ ၂ ရုံ အရေးပေါ် ရပ်တန့်ခဲ့ရတဲ့အတွက် ဓာတ်အားစနစ် ထုတ်လုပ်ပို့လွှတ်မှု ၄,၉၂၀ မဂ္ဂါဝပ်နာရီနီးပါး လျော့နည်းသွားတယ်လို့ YESC ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်တချို့မှာ သုံးစွဲဝန်အားထက် လျှော့ချပြီး ဓာတ်အား ဖြန့်ဖြူးပေးတာ၊ စက်မှုဇုန်တွေကို ညပိုင်းမှာ ဓာတ်အားလျှော့ချ ဖြန့်ဖြူးပေးတာတွေကို ဆောင်ရွက်နေသလို ယာယီဓာတ်အားပြတ်တောက်မှုတွေ ရှိနိုင်မယ်ဆိုပြီး အသိပေးထားပါတယ်။
စင်ကာပူကုမ္ပဏီ Sembcorp Industries က လျှပ်စစ်ဓာတ်အား ၂၂၅ မီဂါဝပ် ထုတ်လုပ်နေတဲ့ သဘာဝဓာတ်ငွေ့သုံး စက်ရုံလုပ်ငန်းတွေကို နယ်မြေလုံခြုံရေး အခြေအနေအရ ဆိုင်းငံ့လိုက်ပြီး လုံခြုံမှုရှိပြီး သင့်တော်တဲ့ အချိန်မှာ ပြန်လည်ပတ်မှာဖြစ်ကြောင်း ကြေညာချက် ထုတ်ခဲ့ပါတယ်။
========================
📌📌 ၆။ စစ်တပ်က ရက်စက်ကြမ်းကြုတ်သော စစ်ရာဇ၀တ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများကို ပိုမိုပြင်းထန်စွာ ကျူးလွန်နေသော အထောက်အထား အများအပြားကိုစုဆောင်းရရှိတယ်လို့မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားကထုတ်ပြန်
သြဂုတ်လ ၁၃ရက်။
Radio NUG
စစ်တပ်က ရက်စက်ကြမ်းကြုတ်သော စစ်ရာဇ၀တ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများကို ပိုမိုပြင်းထန်စွာ ကျူးလွန်နေသော အထောက်အထား အများအပြားကိုစုဆောင်းရရှိတယ်လို့မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားကထုတ်ပြန်ပါတယ်။
သြဂုတ်လ၁၃ရက်မှာ IIMM ၏ ဆဌမမြောက်နှစ်ပတ်လည် အစီရင်ခံစာကိုထုတ်ပြန်ဖော်ပြပါတယ်။
ပိုမိုပြင်းထန်ကြမ်းကြုတ်သော စစ်ရာဇ၀တ်မှုများ ကျူးလွန်သည့် အထောက်အထား အများအပြားကိုယန္တရားက စုဆောင်းခဲ့တယ်လို့ဖော်ပြပါတယ်။
ယင်းတို့အနက် စစ်ဘက်ဆိုင်ရာပစ်မှတ် မရှိသော စာသင်ကျောင်းများ၊ ဘာသာရေးအဆောက်အအုံများနှင့် ဆေးရုံများကို လေကြောင်းမှ တိုက်ခိုက်မှုများ၊ ခေါင်းဖြတ်ခြင်း၊ ရုပ်ပျက်ဆင်းပျက်ဖြစ်နေသော ရုပ်အလောင်းများနှင့် လိင်အင်္ဂါဖြတ်ထားသော ရုပ်အလောင်း များကို လူမြင်ကွင်းတွင်ပြသခြင်းအပါအဝင် လက်နက်ကိုင် ပဋိပက္ခများအတွင်း ထိန်းသိမ်းခံထားရသူများ၏ ကိုယ်အင်္ဂါဖြတ်တောက်မှုများ ပါဝင်တယ်လို့အစီရင်ခံစာအရသိရပါတယ်။
“မြန်မာနိုင်ငံတဝှမ်း ကြောက်မက်ဖွယ် ရက်စက်ကြမ်းကြုတ်မှုတွေနဲ့ လူမဆန်တဲ့ အကြမ်းဖက်မှုတွေကို ဖော်ပြနေတဲ့ အထောက်အထား အများအပြားကို ကျွန်တော်တို့ စုဆောင်းထားပါတယ်။ အရပ်သား ပြည်သူတွေကို အပြစ်ပေးဖို့နဲ့ ကြောက်လန့်စေဖို့ ရည်ရွယ်ပြီး ဒီရာဇ၀တ်မှုတွေကို ကျူးလွန်တာဖြစ်ပါတယ်”လို့ယန္တရား၏အကြီးအကဲ နီကိုလက်စ်ခွန်ဂျန်ကဆိုထားပါတယ်။
အစီရင်ခံစာပါတွေ့ရှိချက်များဟာမျက်မြင်သက်သေများ၏ ထွက်ဆိုချက် ၄၀၀ ကျော် အပါအဝင် သတင်းရင်းမြစ် ၉၀၀ ကျော်ထံမှ စုဆောင်းရရှိသော အချက်အလက်နှင့် အထောက်အထားများကို အခြေခံထားခြင်း ဖြစ်ပြီး၄င်းတို့အနက် ဓာတ်ပုံများ၊ ဗီဒီယိုများ၊ အသံဖိုင်များ၊ စာရွက်စာတမ်းများ၊ မြေပုံများ၊ ဂြိုလ်တုပုံရိပ်များ၊ ဆိုရှယ်မီဒီယာပို့စ်များနှင့် မှုခင်းဆေးပညာဆိုင်ရာ အထောက်အထားများ ပါဝင်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားကဖော်ပြပါတယ်။
========================
📌📌 ၇။ ရန်ကုန်မြို့နေ ပြည်သူတရပ်လုံးသို့ စစ်ရှောင်များကို ကူညီပံ့ပိုးပေးရန် ရန်ကုန်အခြေစိုက် တော်လှန်ရေးအင်အားစုများက တိုက်တွန်းနှိုးဆော်
သြဂုတ်လ ၁၃ရက်။
Radio NUG
ရန်ကုန်မြို့နေ ပြည်သူတရပ်လုံးသို့ စစ်ရှောင်များကို ကူညီပံ့ပိုးပေးရန် ရန်ကုန်အခြေစိုက် တော်လှန်ရေးအင်အားစုများက တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။
သြဂုတ်လ၁၃ရက်မှာ ရန်ကုန်အခြေစိုက်တော်လှန်ရေးအင်အားစုများကထုတ်ပြန်ကြေညာပါတယ်။
ရန်ကုန်မြို့တွင် နေထိုင်လျက်ရှိသည့် တော်လှန်ပြည်သူအပေါင်းတို့ ခင်ဗျား ဒီအချိန် ဒီကာလဟာ စစ်အာဏာရှင်ဆန့်ကျင်ရေး တော်လှန်စစ်ပွဲကြီးကို တတိုင်းပြည်လုံးအတိုင်းအတာနဲ့ ဆင်နွှဲနေကြချိန်ဖြစ်ပါတယ်။ မင်းအောင်လှိုင်ဦးဆောင်တဲ့ အကြမ်းဖက်စစ်ကောင်စီဟာ တော်လှန်ရေးအင်အားစုများရဲ့ လက်နက်ကိုင် ခုခံထိုးစစ်များကြောင့် ဆက်တိုက်ရှုံးနိမ့်နေလျက်ရှိပြီး တမြို့ပြီးတမြို့ လက်လွှတ်ဆုံးရှုံးနေရပါပြီ။ စစ်ရှုံးစစ်ကောင်စီဟာ ဒင်းတို့ရဲ့ ရှုံးနိမ့်မှုတွေကြောင့် သွေးရူးသွေးတန်းဖြစ်နေပြီး အရပ်သားပြည်သူများကို ပစ်မှတ်ထားတဲ့ ဗုံးကြဲခြင်းအပါအ၀င် လေကြောင်းတိုက်ခိုက်မှုတွေလိုမျိုး စစ်ရာဇ၀တ်မှုတွေကို အရှက်မဲ့စွာ ဆက်တိုက်ကျူးလွန်လာပါတယ်။ ဒါကြောင့် စစ်ဖြစ်ပွားရာဒေသများရှိ ပြည်သူများဟာ မိမိတို့ နေအိမ်၊ရပ်ရွာ၊မြို့များကို စွန့်ခွာပြီး တော်လှန်စစ်ပွဲတွေ အရှိန် ပြင်းထန်ခြင်းမရှိသေးတဲ့ ရန်ကုန်မြို့၊ မန္တလေးမြို့ အပါအဝင် စစ်ပွဲလွတ်ရာဒေသများကို ခက်ခက်ခဲခဲနဲ့ စစ်ရှောင်နေကြရပါတယ်လို့ဖော်ပြပါတယ်။
ရန်ကုန်ပြည်သူလူထုအနေနဲ့လည်း ရန်ကုန်မြို့ကို ရောက်ရှိလာတဲ့ ညီနောင်သားချင်း စစ်ဘေးရှောင်ပြည်သူများကို အကောင်းဆုံး ဝိုင်း၀န်းကူညီဖေးမစောင့်ရှောက်ကြဖို့ နှိုးဆော်ချင်တယ်လို့ဆိုပါတယ်။
ရန်ကုန်မြို့ရှိရပ်ကွက် မြို့နယ်များအတွင်းသို့ အိမ်နီးချင်းများအဖြစ် ပြောင်းရွှေ့နေထိုင်လာတဲ့ စစ်ဘေးရှောင်ပြည်သူများကို - နွေးထွေးပျူငှာစွာကြိုဆိုဆက်ဆံပေးခြင်း၊အိမ်ငှားခများ၊ အဆောင်ငှားရမ်းခများကို ဈေးနှုန်းလျှော့၍ ငှားရမ်းပေးခြင်း၊ မတန်တဆ စျေးနှုန်း မြှင့်တင်ခြင်းများကို ကန့်ကွက်ရှံ့ချခြင်းစသဖြင့် ပါဝင်လုပ်ဆောင်ပေးရန်ဆိုထားပါတယ်။
========================
📌📌 ၈။ စစ်ကောင်စီရဲ့လေယာဥ်ဆီ ဖြတ်တောက်ရေးလှုပ်ရှားမှုအတွက် လက်ကမ်းစာစောင်များ ထိုင်းနိူင်ငံဘန်ကောက်မြို့တွင် မြန်မာအင်အားစုများဖြန့်ဝေ
သြဂုတ်လ ၁၃ရက်။
Radio NUG
စစ်ကောင်စီရဲ့လေယာဥ်ဆီဖြတ်တောက်ရေးလှုပ်ရှားမှုအတွက် လက်ကမ်းစာစောင်များ ထိုင်းနိူင်ငံဘန်ကောက်မြို့တွင် မြန်မာအင်အားစုများ ဖြန့်ဝေခဲ့ပါတယ်။
သြဂုတ်လ၁၃ရက်မှာ သွေးစွန်းငွေဖြတ်တောက်ရေးကမ်းပိန်းအဖွဲ့ကဖော်ပြပါတယ်။
ဘန်ကောက်မြို့တွင် အပြည်ပြည်ဆိုင်ရာ ပဲခူးတိုင်းအသင်း (Thailand)မှ ကျင်းပသော တော်လှန်ရေးအသိပညာပေးနှင့် စာပေဟောပြောပွဲတွင် လေယာဉ်ဆီ ဖြတ်တောက်ရေးလှုပ်ရှားမှု တစ်ခုဖြစ်သော online လက်မှတ်ထိုးလှုပ်ရှားမှုအား လူအများပါဝင်နိုင်ရန် လက်ကမ်းစာဆောင်များကို တော်လှန်ရေးအင်အားစုမှ ရောက်ရှိလာသူများအား မျှဝေခဲ့တယ်လို့ဆိုပါတယ်။
မြေပြင်တွင် တိုက်တိုင်းရှုံးအထိနာနေသော စစ်အုပ်စုဟာ လေကြောင်းတိုက်ခိုက်မှုတခုကိုသာ အားပြုနေရချိန်ဖြစ်ပါတယ်။
========================
📌📌 ၉။ ဩဂုတ်လ ၁ ရက်နေ့မှ ၁၃ ရက်နေ့အထိ နိုင်ငံတဝန်းအကြမ်းဖက်စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုကြောင့်(၁၀)ဦး သေဆုံးခဲ့ပြီး အသက် ၁၈ နှစ်အောက် ကလေးငယ် (၂) ဦး ပါဝင်
သြဂုတ်လ ၁၃ရက်။
Radio NUG
ဩဂုတ်လ ၁ ရက်နေ့မှ ၁၃ ရက်နေ့အထိ နိုင်ငံတဝန်းအကြမ်းဖက်စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုကြောင့်(၁၀)ဦး သေဆုံးခဲ့ပြီး အသက် ၁၈ နှစ်အောက် ကလေးငယ် (၂)ဦး ပါဝင်တယ်လို့သိရပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသော သတင်းအချက်အလက်များအရ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၁ ရက်နေ့မှ ၁၃ ရက်နေ့အထိ နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီး (၃)ဦးနှင့် အမျိုးသား (၇)ဦး စုစုပေါင်း (၁၀)ဦး သေဆုံးခဲ့သည်ကို အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့ပြီး ထိုအရေအတွက်တွင် အသက် ၁၈ နှစ်အောက် ကလေးငယ် (၂)ဦး ပါဝင်တယ်လို့ဖော်ပြပါတယ်။
အဆိုပါ (၁၀)ဦးအနက် ရခိုင်ပြည်နယ်မှာ (၆)ဦးဖြင့် သေဆုံးမှု အများဆုံးဒေသဖြစ်တယ်လို့သိရပါတယ်။
ဩဂုတ်လ ၁၀ ရက်နေ့၊မွန်းလွဲ ၁၂ နာရီခွဲခန့်အချိန်တွင် ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့သို့ အကြမ်းဖက်စစ်အုပ်စုက လေယာဉ်ဖြင့် ဗုံးကြဲချတိုက်ခိုက်ခဲ့သောကြောင့် အလယ်ဈေးရပ်ကွက်အတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး မြောက်ဦးဒေသခံများဖြစ်သည့် ဦးမောင်မြသန်း၊ ကိုထိန်ဝင်းထွန်း၊ မစိုးစိုးနိုင်နှင့် မင်းပြားမြို့နယ် ဒေသခံများဖြစ်သည့် ကိုအောင်ဝင်းရွှေ၊ ဦးအောင်ကျော်ဆန်းနှင့် အသက် ၈ နှစ်အရွယ် မောင်ခိုင်ကျော်ဆန်းတို့သည် ဗုံးစထိမှန်၍ နေရာတွင်ပင် သေဆုံးခဲ့ရပါတယ်။
အခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ “Operation Rung” Keivangzuan စခန်းသိမ်း တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၁၀ ဦး သေဆုံးခဲ့
ဩဂုတ်လ ၁၃ ရက်။
Radio NUG
“Operation Rung” အမည်ဖြင့် စစ်ကောင်စီရဲ့ ‘Keivangzuan’ တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၁၀ ဦး သေဆုံးခဲ့ပြီး လက်နက်ခဲ့ယမ်းများ သိမ်းပိုက်ရရှိခဲ့တယ်လို့ Chinland Defense Force - Hakha မှ သတင်း ထုတ်ပြန်ထားပါတယ်။
သြဂုတ်လ ၁၂ရက်နေ့က Chinland Defense Force - Hakha နှင့် Chin National Army တို့ ပူးပေါင်းဖော်ဆောင်ခဲ့တဲ့ အဆိုပါ စခန်းသိမ်း တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၁၀ ဦးခန့် သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
ထို့ပြင် အဆိုပါ တိုက်ပွဲအတွင်း 60 mm တစ်လက်၊ MA 2 လေးလက်၊ MA 3 နှစ်လက်၊ Machine gun တစ်လက်၊ ကျည်ဘောက် ၂၅ ခု၊ မိုင်းနှင့် ခဲယမ်းများကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
========================
🚩🚩 ၂။ ပွဲခင်းရွာမ ပျူရွာကို ဝင်ရောက်ပစ်ခတ် ရှင်းလင်းခဲ့ရာ ပျူ ၆ ဦး သေဆုံးပြီး လက်နက် ၃ လက် သိမ်းပိုက်ရရှိ
ဩဂုတ်လ ၁၃ ရက်။
Radio NUG
မကွေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်၊ ပွေးကျစ်တိုက်နယ်၊ ပွဲခင်းရွာမ ပျူစောထီးကျေးရွာကို ဝင်ရောက် ပစ်ခတ် ရှင်းလင်းခဲ့ရာ ပျူစောထီး ၆ ဦး သေဆုံးခဲ့တယ်လို့ Bagan Bo Cho PDF က ထုတ်ပြန်ထားပါတယ်။
ဩဂုတ်လ၊ ၁၂ ရက် နေ့လည် ၂ နာရီခွဲ အချိန်မှာ ပွဲခင်းရွာမ ပျူရွာကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်ပစ်ခတ် ရှင်းလင်းခဲ့တာဖြစ်ပြီး ပျူစောထီး ၆ ဦး မျက်မြင်သေဆုံး ခဲ့တယ်လို့ ဆိုပါတယ်။
ထို့အပြင် တိုက်ပွဲအတွင်း ကာဘိုင်သေနတ် ၂ လက်၊ တတောင့်ထိုး ရှော့ဂန်း ၁ လက်၊ ကာဘိုင်ကျည် ၉၈ တောင့်၊ ကာဘိုင်ကျည်ဘောက် ၃ ခုနဲ့ လက်ပစ်ဗုံး ၁ လုံးတို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ တိုက်ခိုက်မှုကို Bagan Bo Cho PDF ၊ မကွေးခရိုင်(ပကဖ)အထူးတိုက်ခိုက်ရေး တပ်ဖွဲ့ ၊ မကွေးတိုင်း ပကဖ ၊ အာဠာဝက မြို့ပြပျောက်ကြား တပ်ဖွဲ့ ၊ Oak Awe UG မြို့ပြပျောက်ကျား တပ်ဖွဲ့ ၊ Chauk Revolution Army ၊ ချောက်ပကဖ ၊ ပခုက္ကူမြို့နယ်ပကဖ ၊ Kyaukpadaung Special Defense Force ၊ Chauk Guerrilla Force ၊ Y.R.F ပေါက် ပကဖ ၊ တောဇီးကွက် မြို့ပြပျောက်ကြား တပ်ဖွဲ့ ၊ People Defence Force သခင်ဖိုးလှကြီး တပ်ခွဲ Chauk ၊ မြိုင်ပကဖတို့က ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။
တိုက်ပွဲကြာချိန် ၁ နာရီခန့် ကြာမြင့်ခဲ့ပြီး ပြည်သူကာကွယ်ရေးရဲဘော် ၂ ဦး မစိုးရိမ်ရ ဒဏ်ရာအနည်းငယ် ရရှိခဲ့ကာ ကျန်ရဲဘော်များ အထိခိုက် မရှိ ပြန်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။
========================
🚩🚩 ၃။ ဘီးလင်းမြို့အဝင် ၂၀၀ တန်ဂိတ်ကို ပစ်ခတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၃ ဦးသေဆုံး
ဩဂုတ်လ ၁၃ရက်။
RadioNUG
ဩဂုတ်လ ၁၂ ရက်နေ့ ညနေ ၆ နာရီ ၂၇ မိနစ်ခန့်တွင် မွန်ပြည်နယ်၊ ဘီးလင်းမြို့အဝင်ရှိ အကြမ်းဖက် စစ်တပ် လက်အောက်ခံ ရဲနှင့် ပျူစောထီးများ ငွေကြေး အဆမတန် တောင်းခံနေသော ၂၀၀ တန်ဂိတ်ကို ပစ်ခတ် တိုက်ခိုက်ရာ အပြန်လှန် ပစ်ခတ်မှူများ ဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီတပ်သား ၃ ဦး နေရာတွင် ပွဲချင်းပြီးသေဆုံးကာ ၅ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း PDF ၊ တပ်ရင်း - ၇၈၀၅ ၊ တပ်ခွဲ - ၄ ၊ UG အဖွဲ့မှ သတင်းထုတ်ပြန်ပါတယ်။
အဆိုပါ ဂိတ်သည် စစ်အာဏာသိမ်းပြီးနောက် စည်ပင်ဝန်ထမ်းများမှ မနေရဲဘဲ အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံ ရဲများနှင့် ပျူစောထီးအဖွဲ့များက ပူးပေါင်း၍ မိသားစုလိုက် လေလံယူကာ ဂိတ်ကြေးများကို အဆမတန် အတောင်းကြမ်းနေသော ဂိတ်တစ်ခုဖြစ်တယ်လို့ သိရပါတယ်။
ယင်းတိုက်ခိုက်မှုအတွင်း ဂိတ်စခန်းအနီးရှိ ဈေးဆိုင်တစ်ခုမှ အမျိုးသမီး ၁ ဦးလည်း နှစ်ဖက် အပြန်လှန်ပစ်ခတ်မှုကြောင့် မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း၊ တော်လှန်ရေး တပ်ဖွဲ့များ အထိခိုက်မရှိ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ ထောက်တိုင်များ လည်ပတ်နေသော ဂိတ်စခန်း၊ လောင်းကစားဝိုင်းများနှင့် ပတ်သက်မှုရှိသော နေရာဒေသများကို ရှောင်ရှား သွားလာကြရန် ထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၄။ မုံရွာအဝင် မအူဂိတ် စစ်ကောင်စီတပ်ဖွဲ့မှ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပြည်သူ (၂၁)ဦး ထိမှန်ပြီး (၁၁)ဦးသေဆုံး
ဩဂုတ်လ ၁၃ရက်။
RadioNUG
ဩဂုတ်လ(၁၃)ရက်နေ့ နံနက်(၁၀)နာရီအချိန်ခန့်တွင် မုံရွာမြို့အဝင် မအူဂိတ်မှ(၆၀)မမ လက်နက်ကြီးတစ်လုံး ပစ်ခတ်မှုကြောင့် မုံရွာ-အမြင့်လမ်းဘေး ထနောင်းတောတောင်ရွာရှိ စျေးတန်းအလယ်သို့ ကျရောက်ခဲ့ပြီး ပြည်သူ ကျား(၅)ဦး၊ မ(၁၆)ဦး ပေါင်း (၂၁)ဦး လက်နက်ကြီးအစများ ထိမှန်ခဲ့ကြောင်း မုံရွာ-အမြင့်လမ်း သတင်းမှန်ပြန်ကြားရေးက သတင်းထုတ်ပြန်ပါတယ်။
အဆိုပါ လက်နက်ကြီးဒဏ်ကြောင့် (ကျား၃)ဦး၊ မ(၈)ဦး ပေါင်း(၁၁)ဦး အစုလိုက်အပြုံလိုက် သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။
နေ့လယ်(၁၂)နာရီခန့်တွင်လည်း လယ်တော်ကျေးရွာဘက်သို့ မအူဂိတ်မှ ပစ်လွှတ်လိုက်သော လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ပြည်သူ(၂)ဦး ထိခိုက်ဒါဏ်ရာရခဲ့ပြီး နွားတစ်ကောင် သေဆုံးခဲ့ရကြောင်း ဖော်ပြထားပါတယ်။
ဩဂုတ်လ(၁၀)ရက်နေ့နှင့် (၁၁)ရက်နေ့တွင်လည်း မအူစခဂိတ်မှ လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူ(၁၀)ဦး ထိမှန်ခဲ့ပြီး(၂)ဦး သေဆုံးခဲ့ပါတယ်။
========================
🚩🚩 ၅။ နမ့်ဆန်မြို့တွင်းကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၁ ဦး သေဆုံး
ဩဂုတ်လ ၁၃ ရက်။
Radio NUG
ရှမ်းပြည်နယ်မြောက်ပိုင်း၊ TNLA တပ်မဟာ(၂)က ထိန်းချုပ်ထားတဲ့ နမ့်ဆန်မြို့နယ်ကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၁ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရခဲ့တယ်လို့ PSLF / TNLA က သတင်းထုတ်ပြန် ထားပါတယ်။
ဩဂုတ်လ ၁၂ ရက်မှာ စစ်ကောင်စီက နမ့်ဆန်မြို့ရှိ အရပ်သား ပြည်သူများကို ဦးတည်ပြီး ည ၁၁ နာရီ ၃၁ မိနစ်မှာ ၁ ကြိမ်၊ ၁၁ နာရီ ၄၅ မိနစ်မှာ ၁ ကြိမ်၊ ၁၁ နာရီ ၅၁ မိနစ်မှာ ၁ ကြိမ် စုစုပေါင်း ၃ကြိမ် လာရောက်ပြီး ဗုံး ၆ လုံး ကြဲချခဲ့တာလို့ ဆိုပါတယ်။
ထိုသို့ ဗုံးကြဲချ တိုက်ခိုက်မှုကြောင့် နမ့်ဆန်မြို့၊ မြို့လယ်ရပ်ကွက်က EPC ရုံးဝင်း အတွင်းကို ကျရောက် ပေါက်ကွဲခဲ့ပြီး အသက် ၃၀ အရွယ် အမျိုးသား ၁ ဦး သေဆုံးခဲ့ကာ ၁ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
ထို့အပြင် EPC ရုံးဝန်းအတွင်းက ထရန်စဖော်မာ စက်များ ထိခိုက်ပျက်စီးသွားပြီး အနီးပတ်ဝန်းကျင်ရှိ မြို့မ ဂိုဏ်းချုပ်ကျောင်းနဲ့ ဒေသခံ နေအိမ် ၅ လုံးလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လ ၆ ရက်နေ့ကလည်း PSLF/TNLA အုပ်ချုပ်တဲ့ ကွတ်ခိုင်မြို့ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၆ ဦး သေဆုံးကာ ၁၀ ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး နေအိမ်နှင့် ဆိုင်ခန်းပေါင်း ၄၀၀ ကျော် မီးလောင်ပျက်စီခဲ့ပါသေးတယ်။
========================
🚩🚩 ၆။ TNLA နဲ့ တိုက်ပွဲဖြစ်ပွားနေတဲ့ နောင်ချို၊ သီပေါနဲ့ မန်တုံမြို့နယ်တို့တွင် စစ်ကောင်စီက တရက်အတွင်း ၂၆ ကြိမ် လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့
ဩဂုတ်လ ၁၃ ရက်။
Radio NUG
‘၁၀၂၇ စစ်ဆင်ရေး အပိုင်း (၂)’ရက် ၅၀ မြောက် ဩဂုတ်လ ၁၃ ရက်နေ့မှာ ရှမ်းပြည်နယ် မြောက်ပိုင်း နောင်ချိုနဲ့ သီပေါ မြို့နယ်များမှာ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီက တရက်အတွင်း (၂၆)ကြိမ် လေကြောင်းသုံး တိုက်ခိုက်ခဲ့တယ်လို့ PSLF / TNLA က သတင်းထုတ်ပြန်ထားပါတယ်။
TNLA တပ်မဟာ (၂)နယ်မြေ၊ နောင်ချိုမြို့နယ်၊ နောင်လင်ကျေးရွာ အနီးမှာ စစ်ကောင်စီရဲ့ တပ်မ (၉၉) လက်အောက်ခံ ခမရ (၃၀၂)၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် လက်အောက်ခံ ခမရ (၃၂၅)နဲ့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် ( လက်အောက်ခံ ခမရ (၃၀၆)တို့နဲ့ တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ TNLA က ဆိုပါတယ်။
အဆိုပါ တိုက်ပွဲများအတွင်းကို စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ၁ ကြိမ်၊ Y-12 ဖြင့် ၁၀ ကြိမ် စုစုပေါင်း ဗုံးသီး ၈၅ လုံးထိ လာရောက်ကြဲချခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အလားတူ သီပေါမြို့အခြေစိုက် ခလရ (၂၃) တပ်စခန်း နေရာမှာလည်း တိုက်ပွဲဆက်လက် ဖြစ်ပွားနေပြီး စစ်ကောင်စီက Jet Fighter ဖြင့် ၁ ကြိမ် Y-12 ဖြင့် ၈ ကြိမ် စုစုပေါင်း ဗုံးသီး ၄၄ လုံး လာရောက်ကြဲချခဲ့တယ်လို့ သိရပါတယ်။
ထို့အပြင် တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ မန်တုံမြို့နယ် မန်ဆာကျေးရွာကိုလည်း စစ်ကောင်စီက Jet Fighter ဖြင့် ဖျက်အားပြင်း ပေါင် ၅၀၀ ဗုံးသီး ၁ လုံး အပါအဝင် ဗုံး (၅)လုံး အရပ်သား ပြည်သူများကို ဦးတည်ပြီး ကြဲချ တိုက်ခိုက်ခဲ့သေးတယ်လို့ TNLA က ဖော်ပြထားပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း ကောက်နုတ်ချက်တွေကိုတော့ Radio NUGသတင်းထောက် မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့ကပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment